သဘာဝဘေးများ ဝန်းရံနေသော ကျွန်ုပ်တို့နိုင်ငံ အပိုင်း(၂)

သဘာဝဘေးများ ဝန်းရံနေသော ကျွန်ုပ်တို့နိုင်ငံ အပိုင်း(၂)

၂၀၁၄၊ ဇူလိုင်-သြဂတ်လထုတ်၊မော်ကွန်းမဂ္ဂဇင်း အမှတ်(၁၅)မှ မျက်နှာဖုံး ဆောင်းပါးဖြစ်ပါသည်။

သက်ဦးမွန်၊ဉာဏ်လင်း ရေးသည်။ ခင်မောင်မြင့် ပံ့ပိုးသည်။

ကြိုတွေးသင့်သော ငလျင်ဘေး

အထက်တစ်နေရာတွင် ဖော်ပြထားသည့်အတိုင်း ငလျင် အန္တရာယ်ကလည်း အချိန်မရွေးကျရောက်နိုင်သည့် အခြေအနေ တွင်ရှိရာ ငလျင်ဒဏ်ခံနိုင်သည့် အဆောက်အအုံများ တည် ဆောက်ကြရေးနှင့် ငလျင်ဖြစ်လာလျှင် အန္တရာယ်မကျရောက် အောင် မည်သို့ပြုမူလှုပ်ရှားရမည်ကိုကျယ်ကျယ်ပြန့်ပြန့် ပညာ ပေးမှုများပြုလုပ်သင့်သည်ဟု ပညာရှင်များက ထောက်ပြပါသည်။

မြန်မာနိုင်ငံအနေနှင့်မူ တကယ်တမ်းငလျင်လှုပ်လာပါက နိုင်ငံတွင်းရှိအဆောက်အအုံများမှာ စိုးရိမ်ဖွယ်ရာအနေအထားတွင်ရှိသည်ဟု မြန်မာနိုင်ငံမြေငလျင်ကော်မတီမှ ဦးစိုးသူရထွန်း က ဆိုပါသည်။

”အထူးသဖြင့်တို့တစ်တွေ စိုးရိမ်တာက ၁၉၉ဝ နဲ့ ၂ဝဝဝ ကြားမှာဆောက်တဲ့အဆောက်အအုံတွေပေါ့။ ဘာလို့လဲဆိုတော့ စစ်အစိုးရတက်ပြီးတဲ့နောက်မှာ ကန်ထရိုက်တိုက်တွေ အကြီး အကျယ်ပေါ်လာတယ်။ အဲဒီအချိန်မှာ အင်ဂျင်နီယာပိုင်းရော ကန်ထရိုက်ပိုင်းရော အကုန်လုံးအားနည်းတယ်”ဟု ၎င်းက ထောက်ပြသည်။

”အဲဒီဆယ်နှစ်အတွင်းမှာ ဆောက်ခဲ့တဲ့တိုက်တွေကလည်း မနည်းဘူး။ ရန်ကုန်မြို့(မှာ) လူဦးရေတော်တော်များများကလည်း နေနေကြတယ်ဆိုတော့ အဲဒါတွေကိုစနစ်တကျပြန်စစ်ဆေးဖို့က တို့က အပြင်ပန်းကြည့်ရုံနဲ့ မသိနိုင်ဘူး”ဟု ဦးစိုးသူရထွန်းက ပြောပါသည်။

လတ်တလော မြန်မာနိုင်ငံ မြေငလျင်ကော်မတီ၏ တိုင်း တာမှုများအရ အန္တရာယ်အကြီးဆုံးပြတ်ရွေ့မှာ စစ်ကိုင်းပြတ်ရွေ့ ဖြစ်ပြီး ရန်ကုန်-ပဲခူး အပိုင်းဆိုလျှင် (၁၉၃ဝ ခုနှစ်နှောင်းပိုင်း) လှုပ်ရှားမှုမရှိတာ ယခုဆိုလျှင် နှစ်ပေါင်း ၈၅ နှစ်ကျော်လာပြီဖြစ် သည်ဟုဆိုသည်။

ငလျင်၏ သဘောအရ နှစ်တစ်ရာလျှင် တစ်ကြိမ်ပြန်လှုပ် တတ်သောကြောင့် နောက်ထပ် ၁၅ နှစ်လောက်ဆိုလျှင် ပြန် လှုပ်နိုင်ခြေရှိသည်ဟု ဦးစိုးသူရထွန်းက သတိပေးပါသည်။

”အခုဆိုရင် အလွယ်ပြောရမယ်ဆိုရင်တော့ နောက်ထပ် ၁၅ နှစ်၊ အနှစ်နှစ်ဆယ်အတွင်းမှာ လှုပ်မယ်ဆိုရင်တော့ (ရစ်ချ် တာစကေး) ၇ ဒသမ ၅ တို့၊ ၇ ဒသမ ၃ တို့ဖြစ်နိုင်တယ်ပေါ့။ အဲဒီ လိုပြောလို့ အခုမလှုပ်ဘူးလို့မဟုတ်ဘူး။ အခုလှုပ်မယ်ဆိုရင်တော့ အဲဒီလောက်ပမာဏ မကြီးဘူးပေါ့။ ပြောရမယ်ဆိုရင်တော့ ငလျင်က နှစ်တွေကြာလာလေလေ၊ ငလျင်ကပိုကြီးလေလေ ပေါ့”ဟု ၎င်းက ဖြည့်စွက်ပြောသည်။

မှတ်တမ်းများအရ မြန်မာနိုင်ငံတွင် ၁၉၁၂ ခုနှစ် ရစ်ချ်တာ စကေး ၈ အထိရှိသော ငလျင်သည် ရှမ်းပြည်အနောက်ပိုင်း နောင်ချို၊ ရပ်စောက်ဘက်တွင် လှုပ်ခတ်ခဲ့ပြီး ထိုစဉ်ကတော့ လူဦးရေနှင့် အဆောက်အအုံများ ပျက်စီးမှုသိပ်မများခဲ့ ပေ။

နောက်တစ်ကြိမ် ၁၉၃ဝ ပဲခူး ငလျင်လှုပ်သည့်အခါတွင် တော့ ပဲခူးတွင် လူ ငါးရာကျော် အသေအပျောက်ရှိခဲ့ပြီး ရန် ကုန်တွင် လူ ၅ဝ ဝန်းကျင်သေဆုံးခဲ့သည်ဟု ဆိုပါသည်။

”အဲဒီတုန်းက ဗမာနိုင်ငံမှာ တစ်နိုင်ငံလုံးရဲ့ လူဦးရေက ၁၂ သန်းလောက်ပဲရှိသေးတယ်။ အခုက ရန်ကုန်တစ်မြို့တည်းတင် ခြောက်သန်းကျော်နေပြီဆိုတော့ အခုအချိန်မှာဖြစ်ရင် အကြီး အကျယ်ဖြစ်မယ့်သဘောရှိနေပြီပေါ့”ဟုလည်း ဦးစိုးသူရထွန်းက သတိပေးပြောဆိုသည်။

”နောက်တစ်ခါ အဆောက်အအုံဖွံ့ဖြိုးမှုတွေကလည်း အရမ်းကွာသွားပြီ။ ဟိုတုန်းကတော့ သစ်သားအိမ်တွေပဲ များ တာကိုး။ အခုက အကုန်လုံးက အုတ်တွေ၊ တိုက်တွေနဲ့ ဖြစ်ကုန်ကြ ပြီ။ တကယ့်တကယ်စဉ်းစားကြည့်မယ်ဆိုရင် အင်မတန် ကြောက်ဖို့ကောင်းတယ်”

အထပ်မြင့်အဆောက်အအုံတည်ဆောက်ရေး စီမံကိန်း များ ကြီးကြပ်စစ်ဆေးရေးပညာရှင်အဖွဲ့မှ ဥက္ကဋ္ဌ ဦးသန်းမြင့်က လည်း အစိုးရပိုင်းအနေနှင့် အဆောက်အအုံပိုင်းဆိုင်ရာနှင့် မြေ ငလျင်ဒဏ်ကာကွယ်ရေးကို အလေးထားဆောင်ရွက်သင့် ကြောင်း ပြောပါသည်။

”မြေငလျင်ဒဏ်ကို ကာကွယ်ရေး(အဆင့်)တောင်မဟုတ် ဘူး။လျော့နည်းရေးပဲရှိသေးတယ်။ အကုန်လုံး၊ ပြည်သူရော၊ အစိုးရရော၊ အတတ်ပညာပိုင်းရော အကုန်လုံးပေါင်းပြီးတော့ လုပ်မှရမယ်”ဟု ၎င်းက ဆိုသည်။

”မြေငလျင်ဒဏ်ကာကွယ်ရေးကို အစိုးရပိုင်းကလည်း အလေးထားရမယ်။ အတတ်ပညာပိုင်းကလည်း ဖွံ့ဖြိုးရမယ်။ ငွေ ရေးကြေးရေးပိုင်းကလည်းရှိရမယ်”

(အထပ်မြင့်အဆောက်အအုံတည်ဆောက်ရေးစီမံကိန်း များ ကြီးကြပ်စစ်ဆေးရေးပညာရှင်အဖွဲ့ကို နိုင်ငံတော်က အထပ် မြင့်အဆောက်အအုံစီမံကိန်းများ စတင်ဆောင်ရွက်ချိန် ၂ဝဝ၃ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး အထပ်မြင့်အဆောက်အအုံ များ၏ ဒီဇိုင်းပိုင်းဆိုင်ရာ ငလျင်ဒဏ်ခံနိုင်ရည် စစ်ဆေးမှု၊ အကြံ ပြုမှု၊ ထောက်ခံမှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ဖွဲ့စည်း ခဲ့ခြင်းဖြစ်ပါသည်။)

အဆောက်အအုံသစ်များတွင်တော့ ငလျင်ဒဏ်ခံမှု ရှိ၊ မရှိ ကို တိုင်းတာစစ်ဆေးမှုရှိသော်လည်း အဆောက်အအုံဟောင်း များကိုလည်း စစ်ဆေးတွက်ချက်ရမည်ဖြစ်သည်ဟု ဦးသန်းမြင့် ကဆိုသည်။

ယခင်စဆောက်တုန်းက သေသေသပ်သပ် ဆောက်လုပ်ခဲ့ မည်ဆိုပါက အလယ်အလတ်အဆင့် ငလျင်ဒဏ်ကို ခံနိုင်မည်ဖြစ် ပြီး စနစ်တကျ တိုင်းတာဆောက်လုပ်ခဲ့ခြင်းမရှိပါက စိုးရိမ်ဖွယ် ရာရှိသည်ဟု သူကဆိုပါသည်။

၂ဝ၁၁၊ မတ်အတွင်းက ရှမ်းပြည်နယ်တောင်ပိုင်း၊ တာချီ လိတ်မြို့နယ်အတွင်းရှိ၊ တာလေမြို့နယ်ခွဲကို ဗဟိုပြုပြီး အင်အား ၆ ဒသမ ၈ရစ်ချ်တာစကေးပြင်းအားရှိ ငလျင်တစ်ခုလှုပ်ခတ်ခဲ့ပါ သည်။ လူပေါင်း ၇၄ ဦးသေဆုံးပြီး သုံးထောင်ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်သွားခဲ့သည့် အဆိုပါသဘာဝဘေးတွင် ပြိုကျခဲ့သော အဆောက်အအုံအများစုမှာ လှုပ်နိုင်ခြေရှိသော ငလျင်ပြင်းအား ကို ထည့်သွင်းတွက်ချက်ခြင်းမရှိဘဲ ဖြစ်ကတတ်ဆန်းတည် ဆောက်ခဲ့ကြသောကြောင့် ထိုကဲ့သို့ အထိအခိုက်၊ အသေ အပျောက်များရသည်ဟု ပညာရှင်များက သုံးသပ်ကြပါသည်။

ဘာတွေ ပြင်ဆင်ထားလဲ

သဘာဘေးကြိုတင်ကာကွယ်ရေးလုပ်ဆောင်နေသော ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများကတော့ ၎င်းတို့အနေနှင့် တတ်စွမ်းသမျှလုပ်ဆောင်နေကြောင်းနှင့် တိုးတက်မှုများလည်း ရှိလာသည်ဟုဆိုပါသည်။

သဘာဝဘေးကြိုတင်ပြင်ဆင်ရေးနှင့် ပတ်သက်လာလျှင် လွန်ခဲ့သော ခြောက်နှစ်ကျော်ကာလနှင့်ယှဉ်လျှင်တော့ သိသိ သာသာ တိုးတက်မှုများရှိလာသည်ဟု ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီ အစဉ် (UN Development Programme-UNDP) မှ ဌာနေ ကိုယ်စားလှယ်အပါအဝင် သဘာဝဘေးအ္တနရာယ် ကြိုတင်ကာ ကွယ်ရေးပညာရှင်များက သုံးသပ်ကြသည်။

”နာဂစ်တုန်းက ခါးသီးတဲ့အတွေ့အကြုံတွေကနေ သင် ခန်းစာယူပြီး အစိုးရနဲ့ လူထုဟာ ဘေးအ္တရာယ်အတွက် ကြိုတင် ပြင်ဆင်တာတွေ လုပ်လာကြတယ်” ဟု UNDP ဌာနေကိုယ်စား လှယ် တွိုင်လီကာဘန်နော့ဗ်က ဆိုသည်။

”အထူးသဖြင့် မိုးလေဝသသတင်းခန့်မှန်းချက်တွေ၊ သတိ ပေးမှုတွေ ကြိုတင်ပံ့ပိုးပေးပြီး ပြင်ဆင်လို့ရတဲ့ ဆိုင်ကလုန်းမုန် တိုင်းလိုဟာမျိုးအတွက် (တော်တော်လေး ပြင်ဆင်လာကြ တယ်)”ဟု သူက ဖြည့်စွက်ပြောပြသည်။

ထိုသို့ပြင်ဆင်လာကြခြင်းဖြင့် နောက်တစ်ကြိမ်မုန်တိုင်း လာလျှင် ယခင်ကလောက် အပျက်အစီးများလိမ့်မည်မဟုတ်ဟု ADPC ၏ Project Associate ဒေါ်သန်းသန်းမြင့်ကလည်း ပြောပြပါသည်။

”နောက်တစ်ကြိမ် အားပြင်းတဲ့မုန်တိုင်းကို ရင်ဆိုင်ဖို့ လုံးဝ အသင့်ဖြစ်ပြီလားဆိုရင် ၁ဝဝ ရာခိုင်နှုန်း ကျိန်းသေပြောဖို့ ခက် တယ်။ ဒါပေမဲ့ သေချာတာတစ်ခုကတော့ နာဂစ်ဆိုင်ကလုန်း တုန်းကလို အသေအပျောက်မျိုးအထိတော့ မဖြစ်နိုင်ဘူး”ဟု သူ က ပြောပြပါသည်။

ပညာရှင်များ အဓိကထောက်ပြသည့် ကြိုတင်ပြင်ဆင်နိုင် မှုများကတော့ ၂ဝ၁ဝ၊ အောက်တိုဘာ ၂၂ ရက်တွင် ရခိုင်ပြည် နယ်ရှိ မြို့နယ်အချို့ကို တိုက်ခတ်ခဲ့သော ဂီရိမုန်တိုင်းနှင့် မြန်မာ့ ကမ်းရိုးတန်းဆီကို ဦးတည်လာပြီးမှ ဘင်္ဂလားဒေရှ်နှင့် အိန္ဒိယ နိုင်ငံဘက်ဆီသို့ ရွေ့လျားသွားသော မဟာဆင်မုန်တိုင်းကာလ တို့၌ ပြင်ဆင်ခဲ့မှုများကိုကြည့်လျှင် သိနိုင်သည်ဟုဆိုသည်။

လေတိုက်နှုန်း တစ်နာရီ မိုင် ၁၅ဝ ဝန်းကျင်အထိ တိုက် ခတ်သွားခဲ့သော ဂီရိမုန်တိုင်း ရခိုင်ကမ်းရိုးတန်းဘက်ကို ဦးတည် လာချိန်ကစပြီး မိုးဇလက မုန်တိုင်းသတင်းများကို အချိန်မီထုတ် ပြန်နိုင်ခြင်း၊ ကြိုတင်သတိပေးနိုင်ခြင်းနှင့် ပြင်ဆင်နိုင်ခြင်းတို့ ကြောင့် နာဂစ်တုန်းကလောက် အသေအပျောက်မများခဲ့ကြောင်း ပညာရှင်များက ထောက်ပြပါသည်။ (အစိုးရထုတ်ပြန်သောကိန်း ဂဏန်းအရ ဂီရိမုန်တိုင်း၌ လူ၄၅ ဦးသာ သေဆုံးခဲ့သည်ဟုဆို သည်။ အဖွဲ့အစည်းအချို့က ထိုအရေအတွက်ထက် များနိုင်သည် ဟု ခန့်မှန်းကြသည်။)

ထို့ပြင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကိုလည်း နာဂစ် တုန်းကနှင့်ယှဉ်လျှင် ပိုမိုလျင်မြန်သွက်လက်စွာ ဆောင်ရွက်ခဲ့ကြ သည်ဟု ဂီရိလေဘေးသင့်သူများက ပြောပြပါသည်။

မုန်တိုင်းသတင်းကြိုတင်ရထားသည့်အတွက် တဲအိမ်၊ ဝါး အိမ်တို့တွင် နေထိုင်သူအများစုသည် လေကွယ်ရာအရပ်၊ သို့ မဟုတ် မုန်တိုင်းဒဏ်ကို အတော်အတန်ခံနိုင်ရည်ရှိသည့် ဘုန်း ကြီးကျောင်းအဆောက်အအုံများဆီ အချိန်မီထွက်ပြေးလိုက်နိုင် သဖြင့် သေကံမရောက်၊ အသက်မပျောက်ရသည့်အကြောင်းကို လည်း ဒေသခံများက ပြောပြကြပါသည်။

၂ဝ၁၃ ခုနှစ် မေထဲတွင် မဟာဆင်မုန်တိုင်း မြန်မာ့ကမ်းရိုး တန်းဘက်သို့ ဦးတည်လာတုန်းကလည်း ရေဒီယို၊ ရုပ်မြင်သံ ကြား၊ သတင်းစာတို့မှတစ်ဆင့် သတိပေးချက်များထုတ်ပြန်ခြင်း၊ ဒေသခံများအား ဘေးလွတ်ရာသို့ အချိန်မီ ရွှေ့ပြောင်းပေးခြင်း များကို ကြိုတင်လုပ်ဆောင်ခဲ့ကြသည်ကို တွေ့ကြရသည်။

ထိုသို့ပြင်ဆင်မှုများကို ကြည့်ပြီး ယင်းတို့မှာ တိုးတက် မှုများပင်ဖြစ်သည်ဟု ပညာရှင်များက ထောက်ပြကြသည်။

ADPC တွင် ကာလအတန်ကြာ တာဝန်ထမ်းဆောင်ခဲ့ သည့် သဘာဝဘေးအ္တနရာယ် လျှော့ချရေးပညာရှင် မစ္စတာဆူဒီ ယာကုမာကလည်း မြန်မာနိုင်ငံ၏ သဘာဝဘေးကြိုတင်ပြင်ဆင်မှု များအပေါ် အသိအမှတ်ပြုသည်ကို တွေ့ရသည်။

”လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကနဲ့စာရင်ကိုပဲ မြန်မာနိုင်ငံဟာ တော်တော်လေး ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားတာကို တွေ့ရ တယ်”ဟု သူက ဆိုသည်။

Photo : Zayar Hlaing     လှည်းကူးမြို့နယ်မှ ရေနစ်မြုပ်နေသော ကျွန်းကလေးကျေးရွာ

သဘာဝဘေးပြင်ဆင်ရေးခရီးရှည်

သို့သော်လည်း အပြည့်အဝအဆင်သင့်ဖြစ်နေပြီဟုတော့ မပြောနိုင်ကြောင်း ဆုဒါကုမာက ဆိုသည်။

”ဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေးနဲ့ အန္တရာယ်လျှော့ချ ရေးလုပ်ငန်းတွေက ရေရှည်လုပ်ရတာ။ နှစ်အများကြီး၊ ဆယ်စု နှစ်နဲ့ ချီပြီးကြာနိုင်တယ်”ဟု သူက ထပ်ပြောပါသည်။

”ဖွံ့ဖြိုးပြီးနိုင်ငံတချို့ဆိုရင်တောင် မကြာသေးခင်ကအထိ (သဘာဝဘေးကို) ဆိုးဆိုးရွားရွားခံခဲ့ရတာတွေရှိတယ်”

လူဦးရေ သန်း ၆ဝ နီးပါးရှိပြီး အရှေ့တောင်အာရှတွင် အကြီးဆုံးကုန်းမြေဧရိယာကို ပိုင်ဆိုင်ထားသည့် ဖွံ့ဖြိုးစမြန်မာ နိုင်ငံအနေနှင့် လေဘေးအ္တနရာယ်၊ ရေဘေးအ္တနရာယ်အပါအဝင် သဘာဝဘေးအ္တနရာယ်အသွယ်သွယ် ဖြစ်လာလျှင် အထိအခိုက် အသေအပျောက် နည်းနိုင်သမျှနည်းအောင် ပြီးပြည့်စုံသော ကြို တင်သတိပေးမှုနှင့် ပြင်ဆင်မှုများရရှိဖို့ရန်မှာ စိန်ခေါ်ချက်များ စွာရှိနေသေးသည်ဟု ဆုဒါကုမာအပါအဝင် ပညာရှင်များက ထောက်ပြပါသည်။

ရင်တမမ ရှိနေကြတုန်း

လောလောဆယ်တွင်တော့ နောက်တစ်ကြိမ် မုန်တိုင်းလာ လျှင် နာဂစ်တုန်းကလောက် အထိအခိုက်အသေအပျောက် မများရလေအောင် သတင်းအချက်အလက် စောလျင်စွာရရှိရေး ဆောင်ရွက်နေကြသည့်နည်းတူ မုန်တိုင်းဒဏ်ခံအဆောက်အအုံ များနှင့် အသက်ကယ်ကုန်းများကိုလည်း လေဘေးသင့်ဒေသတစ် ကြောတွင် အစိုးရနှင့် ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများ၊ ပုဂ္ဂလိက အလှူရှင်များက ဆောက်လုပ်နေကြပါသည်။

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရချထားရေး(လူမှုဝန်ထမ်း)ဝန်ကြီးဌာနမှ ရရှိသော စာရင်းဇယားအရ ယနေ့ အထိ မုန်တိုင်းဒဏ်ခံအဆောက်အအုံ ၅၄ လုံးနှင့် အသက်ကယ် ကုန်း ၄၄ကုန်း ဆောက်လုပ်ပေးပြီးဖြစ်ကြောင်းနှင့် နောက်ထပ် ၄၅ လုံးကိုလည်း ထပ်မံဆောက်လုပ်ရန် လိုအပ်ဦးမည်ဟု ဆိုပါသည်။

ဆောက်လုပ်ပြီး မုန်တိုင်းဒဏ်ခံအဆောက်အအုံများတွင် နေထိုင်နိုင်သည့် လူဦးရေကတော့ နှစ်သောင်းကျော်မျှသာ နေနိုင်ရာ ထိုအရေအတွက်သည် ‘မဖြစ်စလောက်အရေအတွက်’ သာဖြစ်သည်ဟု ပညာရှင်များက ဝေဖန်ကြသည်။

ဦးမြင့်ကြည် အုပ်ချုပ်ရသည့် ကျေးရွာ ၁၄ ရွာမှာကိုပဲ လူဦး ရေက နှစ်သောင်းကျော်ရှိနေပါသည်။ သို့သော် ထိုရွာများအတွက် မုန်တိုင်းဒဏ်ခံအဆောက်အအုံက နှစ်လုံးသာရှိပါသည်။ ထိုနှစ် လုံးပေါင်းပါမှ ဝင်ဆံ့နိုင်သည့်လူဦးရေက တစ်ထောင်ဝန်းကျင်သာ ရှိရာ ရွာသားနှစ်ဆယ်လျှင် တစ်ယောက်သာ မုန်တိုင်းဒဏ်ခံ အဆောက်အအုံထဲတွင် ခိုလှုံခွင့်ရမည့် သဘောဖြစ်သည်။

သို့ဖြစ်ရာ ဒီရွာတွေမှာနေထိုင်သူအများစုက အရေး အကြောင်းဆိုလျှင် ရွာရှိ အိမ်ကြီးအိမ်ကောင်းများနှင့် ဘုန်းကြီး ကျောင်းများကိုသာ အားကိုးကြရုံသာရှိသည်ဟု ပြောပြကြသည်။

”မုန်တိုင်းအသံကြားရင်တော့ ပိုက်ဆံရှိတဲ့လူတွေကတော့ သင်္ဘောတွေနဲ့ရွှေ့သွားကြတယ်။ ပိုက်ဆံမတတ်နိုင်တဲ့သူကျတော့ ဖြစ်လာရင် အိမ်ကြီးအိမ်ကောင်းတွေဆီမှာ စုနေကြတယ်”ဟု ချောင်းဝရွာနှင့် တစ်ဆက်တည်းရှိနေသော ဘုန်းကြီးသောင် ကျေးရွာမှ အသက် ၅၁ နှစ်အရွယ် ဒေါ်အေးသန်းက ပြောပြပါ သည်။

မုန်တိုင်းဒဏ်ခံအဆောက်အအုံ လုံလုံလောက်လောက် ဆောက်ပေးထားသည်ပဲထားဦးတော့၊ အရေးကြုံလာလျှင် အဆောက်အအုံရှိရာနေရာကိုအချိန်မီ သွားရောက်နိုင်ရေး လမ်း ပန်းဆက်သွယ်ရေးကောင်းမွန်ရန် လိုအပ်သည်ဟု ဦးမြင့်ကြည် က ဆို ပါသည်။

ဝေဟင်မှကြည့်လျှင် သစ်ပင်အမြစ်များသဏ္ဌာန်မြင်တွေ့ရသည့် မြစ်ချောင်းပေါင်းများစွာဖြင့် ဖွဲ့တည်ထားသော ဧရာ ဝတီမြစ်ဝကျွန်းပေါ်က ကျေးရွာများတွင် နေထိုင်ကြသူအများစု သည် သူတို့၏သွားရေးလာရေးအတွက် ရေကြောင်းခရီးကိုပဲ အများဆုံး အားကိုးကြရသည်။

သို့ဖြစ်သောကြောင့် မုန်တိုင်းသတင်း အရလည်း နောက် ကျမည်၊ အနီးအနားတွင်လည်း မုန်တိုင်းဒဏ်ခံအဆောက်အအုံ လည်းမရှိ ဖြစ်မည်ဆိုပါက လှိုင်းထန်၊ လေထန်ခရီးကြမ်းသည် ၎င်းတို့အတွက် အ္တနရာယ်အလွန်များလှသည်ဟု ပညာရှင်များ က ထောက်ပြကြခြင်းဖြစ်သည်။

ဖျာပုံမြို့နယ်တွင် မုန်တိုင်းအန္တရာယ်အတွက် ကြိုတင်ကာ ကွယ်ရေးနှင့် ပညာပေးလုပ်ငန်းများ လုပ်ဆောင်နေသော အဖွဲ့တစ်ဖွဲ့ဖြစ်သည့် Network Activities Group (NAG) မှ စီမံကိန်းညှိနှိုင်းရေးမှူး ဦးလှမြင့်ကလည်း လမ်းပန်းဆက်သွယ် ရေး မကောင်းသည့်အချက်ကို ထောက်ပြပါသည်။

”အရေးပေါ်ဖြစ်လာရင် ထပြေးလို့မလွတ်နိုင်ဘူး။ အဓိက က ကြိုတင်သတင်းရမှ အဆင်ပြေမယ်”ဟု သူက ဆိုသည်။

ပင်လယ်ကြီးနှင့်ကျောခြင်းကပ်နေရသော ကုလားထိပ် ကျေးရွာမှ အသက် ၆၄ နှစ်အရွယ် ဒေါ်သန်းမြင့်ကတော့ သူတို့ ဘဝမှာ နေ့စဉ်နှင့်အမျှ စိုးရိမ်ထိတ်လန့်နေရသည်ဟုဆိုသည်။

”မိုးရိပ်၊ လေရိပ်ကြည့်ပြီးတော့နေရတာ၊ ညဘက်တွေ အိပ်မပျော်ဘူး။ လှိုင်းတွေက တဝုန်းဝုန်းနဲ့ ကြောက်လန့်နေရ တယ်”ဟု သူက ဆိုသည်။

လောလောဆယ် အစိုးရနှင့် ပြည်တွင်းပြည်ပအဖွဲ့အစည်းများဘက်က ပြင်ဆင်ထားသည့် အနေအထားတွေကိုကြည့်ပြီး နာဂစ်လိုမျိုးသဘာဝဘေးအန္တရာယ် နောက်တစ်ကြိမ် ကြုံတွေ့ရ ပါက မည်သို့ဖြစ်မည်ကို ဒေါက်တာထွန်းလွင်က ယခုလိုပွင့်ပွင့် လင်းလင်းပြောသည်။

”သေဦးမှာပဲ၊ ငါပြောရဲတယ်” ။       ။    အပိုင်း(၁)သို့

အမျိုးအစား - သတင်းဆောင်းပါး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."