ပုစဉ်းအော်သံနှင့်အမျိုးအမည်မသိအကောင်မျိုးစုံတို့၏ အော်သံမှတစ်ပါးတိတ်ဆိတ်ခြင်းကအမှောင်ညကိုဖုံးလွှမ်းထားသည်။ဧပြီလဖြစ်လင့်ကစား တောထဲတွင်သစ်ပင်ကြီးများ၏အရိပ်အာဝါသကြောင့် အေးစိမ့်နေပြီးသစ်ရွက်ခြောက်တို့ အောက်မှ မြေကြီးကစိုစွတ်နေသည်။ ဘေးဘီတွင်သစ်ပင်ကြီးတွေကိုချည်နှောင်ကာထားသည့်ကြိုးပုခက်များရှိသည်။ထိုပုခက်ပေါ်တွင်တော့လူများကအိပ်မောကျနေသည်။
ထိုအချိန်တိတ်ဆိတ်သောညကို ဖောက်ထွင်းကာနှိုးစက် ပေးထားသောဖုန်းဟန်းဆက်မှတီးလုံးသံကကျယ်လောင်စွာ ပေါ်ထွက်လာသည်။နာရီကြည့်လိုက်တော့ည၁၁နာရီခွဲ။နာရီနှိုးစက်သံကြားသည်နှင့်ကြိုးပုခက်အိပ်စင်များထဲမှလူများဆင်းလာကြသည်။ပြီးနောက်မီးဖိုငယ်များဖိုကြသည်။ မှောင်မိုက် သောပတ်ဝန်းကျင်တွင်မီးဖိုငယ်လေးများမှအလင်းရောင်ကထွန်းလင်းလာကြတော့သည်။
မီးဖိုကစုစုပေါင်းသုံးခု။မီးဖို၏အလင်းရောင်က မှောင်မိုက် ခြင်းကိုအန်မတုနိုင်။မီးဖိုတစ်ဝိုက်တွင်သာအလင်းရောင် ဖြန့်ကျက်ထားနိုင်ပြီးကျန်သည့်နေရာတွင်အမှောင်ထုကနက်ရှိုင်းလှသည်။အကောင်မျိုးစုံတို့၏အသံများနေရာတွင်လူများ၏စကားပြောသံ၊လှုပ်ရှားသံတို့ကအစားထိုးဝင်ရောက်လာကြသည်။
မီးဖို၏အလင်းရောင်ခပ်မှိန်မှိန်ကြားတွင်ထိုလူတို့၏လူပ်ရှားနေကြပုံများကိုခပ်ဝါးဝါး မြင်တွေ့ရသည်။မီးဖိုများပေါ်တွင်အရွက်များ၊သစ်မြစ်များနှင့် ရေအပြည့်ထည့်ထားသည့်ဒန်အိုးများက နေရာယူထားသည်။ခဏကြာတော့တချို့ကပွက်ပွက်ဆူ လေပြီ။တချို့ကဆူပွက်ရန်အရှိန်ယူနေဆဲ။
ပွက်ပွက်ဆူနေသောဒန်အိုးတစ်လုံးကိုလူတစ်စုက မြေကြီးပေါ်သို့ချလိုက်သည်။ပြီးနောက်ထိုလူစုထဲမှလူတစ်ယောက်ကဒန်အိုးထဲမှပွက်ပွက်ဆူနေသော ရေနွေးများကိုဝါးဆစ်ခွက် လေးနှင့်ခပ်ကာတဖူးဖူးမှုတ်သောက်နေသည်။ နောက်တစ် ယောက်ကပန်းကန်ပြားတစ်ချပ်နှင့် ရေနွေးကိုခပ်ယူလိုက်ပြီးခဏကြာမျှအအေးခံလိုက်သည်။
ပြီးလျှင်ယင်းရေနွေးများကို ခေါင်းပေါ်မှ လောင်းချလိုက်သည်။အငွေ့များပင်တထောင်းထောင်းထသွားသည်။ကျန်သည့်လူများလည်းထိုနည်းတူဆူပြီးသားရေနွေးများကိုခပ်ယူကာအအေးခံလိုက်၊ သောက်လိုက်၊ ခေါင်းပေါ်မှ လောင်းချလိုက်နှင့် အေးစိမ့်သောရာသီဥတုဒဏ်၊ ရေနွေးပူဒဏ်တို့ကြောင့်ညည်းတွားသံများနှင့်ညကအသက်ဝင်လာတော့သည်။
ဒီနေရာ၊ဒီမြင်ကွင်းတွေကတော့တနင်္သာရီသစ်တောကြိုးဝိုင်းအတွင်းရှိ တောတွင်းနေရာတစ်ခုတွင် ဖြစ်ပါသည်။တိတိကျကျပြောရလျှင်တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်ခရိုင်၊ မေတ္တာမြို့နယ်၊တနင်္သာရီသစ်တောကြိုးဝိုင်းထဲရှိ မောဒိုပလာတောင်ခါးပန်းတွင်ရှိသော တောတွင်းစခန်းတစ်ခုတွင် ဖြစ်သည်။
အခုလိုသစ်ရွက်နှင့်သစ်မြစ်တို့ကိုကျိုချက်ပြီး သောက်သုံးကြ၊ ရေချိုးနေကြခြင်းမှာကရင်တိုင်းရင်းသားတို့၏ရိုးရာဆေး သောက်ပွဲ ပြုလုပ်နေခြင်းပင်ဖြစ်သည်။ယင်းရိုးရာဆေးသောက်ပွဲမှာနှစ်စဉ်တန်ခူးလရောက်သည်နှင့် ဆေးဆရာများကရိုးရာ ဆေးပင်၊ ဆေးမြစ်တို့ကို ဆေးပင်များပေါက်ရောက်ရာ ဆေး တောင်တွင်ရှာဖွေနုတ်ယူပြီးထိုနေရာအနီးတစ်ဝိုက်၌ပင်ကျိုချက်ကာ သောက်သုံးကြ၊ လောင်းချိုးကြရခြင်း ဖြစ်သည်။
သူတို့ယုံကြည်မှုအရရိုးရာဆေးပင်များကိုသုံးနှစ်ဆက်တိုက်၊ခုနစ်နှစ်ဆက်တိုက်စသဖြင့် သောက်သုံးကြသူများမှာအနာရောဂါကင်းရှင်းကာကျန်းမာသန်စွမ်းကြသည်ဟု ဒေသခံကရင်တိုင်းရင်းသားများကဆိုသည်။
ကျွန်တော်ရန်ကုန်တွင်သတင်းစာသင်တန်းတစ်ခုတက် နေရင်းထားဝယ်မှ ဒေသခံသတင်းသမားကိုတင့်လွင်ကထို ဆေးသောက်ပွဲအကြောင်းကို ပြောပြသဖြင့်စိတ်ဝင်စားမိကာ ဆောင်းပါးတစ်ပုဒ် ရေးသားနိုင်ရန်လိုက်ပါခဲ့ခြင်းဖြစ်ပါသည်။
ခရီးစဉ်စတင်ခြင်း
ရန်ကုန်ကထွက်တော့ဧပြီ၉ရက်။သင်္ကြန်ရုံးပိတ်ရက်ရှည် ဖြစ်သောကြောင့်ရန်ကုန်တွင်အလုပ်လာလုပ်ကြသည့်နယ်မှလူများစွာမိမိဒေသသို့ ပြန်သည့်အချိန်လည်းဖြစ်သဖြင့်ကားလက်မှတ်ရဖို့ခက်ခဲသည်။သို့သော်ကိုတင့်လွင်ကသူ့မိတ်ဆွေကားပိုင်ရှင်တစ်ယောက်ထံမှတစ်ယောက်စာခုံတစ်ခုံအကူအညီ တောင်းပေးသဖြင့်အဆင်ပြေသွားသည်။
ရန်ကုန်မှထားဝယ်သို့သွားမည့် ရွှေလီရတနာကားသည်မွန်းလွဲနှစ်နာရီတွင် အောင်မင်္ဂလာအဝေးပြေးဝင်းမှစတင်ထွက်လာခဲ့သည်။ကျွန်တော်သည်သီချင်းနားထောင်လိုက်၊အိပ်လိုက် ဖြင့်လိုက်ပါလာခဲ့တော့သည်။ကားကမြို့တွေတစ်မြို့ပြီးတစ်မြို့ ဖြတ်လာသည်။ နောက်တစ်ရက်မနက်လေးနာရီထိုးသည့်အချိန်မှာတော့ကားသည်ထားဝယ်မြို့သို့ဆိုက်ရောက်သည်။ရန်ကုန်မှထားဝယ်မြို့အထိစုစုပေါင်း၁၄နာရီကားစီးလိုက်ရသည်။
ထားဝယ်သည်မိုးများသောဒေသဖြစ်သည့်အားလျော်စွာ နွေရာသီဖြစ်လင့်ကစားမိုးကခပ်ဖွဲဖွဲလေးကျနေသည်။ကားပေါ်ကဆင်းသည်နှင့်ကိုတင့်လွင်ဆီဖုန်းဆက်ရသည်။ ရောက်သည်နှင့်ဖုန်းဆက်ရန် ပြောထားသောကြောင့်ဖြစ်သည်။
ကိုတင့်လွင်သည်ကျွန်တော့်ကိုဆိုင်ကယ်နှင့်လာကြိုပါသည်။ကားဂိတ်နှင့်ကိုတင့်လွင်နေထိုင်သည့်ရပ်ကွက်မှာဆိုင်ကယ်ဖြင့်၁၅မိနစ်ခန့်မောင်းရသည်။အိမ်ရောက်တော့ခရီးပန်းလာသည်နှင့်တစ်ရေးတစ်မောအိပ်လိုက်သည်။
အိပ်ရာနိုးတော့ကိုးနာရီထိုးပြီ။ ဆေးသောက်ပွဲသွားဖို့အတွက် ပြင်ဆင်ရသည်။ကိုတင့်လွင်ကတော့စားစရာများ၊ တောထဲတွင်အိပ်လို့ရမည့်ကြိုးပုခက်၊ ဆေးကျိုရန်ဒယ်အိုးစသဖြင့်ပြင်ဆင်ထားသည်။ကျွန်တော့်ကိုလည်း တောထဲသွားရမည်ဖြစ်သောကြောင့်လိုအပ်သည့်အဝတ်အစားနှင့်အသုံးအဆောင်လောက်သာကျစ်ကျစ်လျစ်လျစ်ထည့်ဖို့မှာသည်။
ထို့ကြောင့်ပါလာသမျှအဝတ်အစားတွေထဲက ပေါ့ပေါ့ပါးပါးဝတ်လို့ရမည့်အဝတ်အစားကို ပြန်ရွေးကာ ကျောပိုးအိတ်တစ်လုံးနှင့်ဆံ့အောင် ပြန်ထည့်သည်။ တောဆိုလျှင်ကျိုက်ထီးရိုးဘုရားတောင်လောက်သာတက်ဖူးတာကြောင့်ယခုလို တောထဲသွားရမည်ဆိုသည့်အခါရင်တော့ခုန်မိသည်။
တောထဲတွင်မည်သို့နေထိုင်စားသောက်မည်နည်း။ တော ကောင်များအန္တရာယ်ပြုလေမည်လား၊ရုပ်ရှင်တွေ၊စာအုပ်တွေထဲကလို တောခြောက်ခြင်း၊ တောမှောက်ခြင်းတွေကိုရောကြုံ တွေ့ရလေမည်လားဟူသောအတွေးနှင့်စိတ်လှုပ်ရှားနေမိသည်။အတွေ့အကြုံသစ်တစ်ခုရမည်ဖြစ်သောကြောင့်စိတ်ထဲတွင်လည်း ပျော်မိသည်။
ခြေလျင်ခရီးစတင်ပြီ
ကိုတင့်လွင်က တောထဲက ဆေးသောက်ပွဲအကြောင်းကိုအကြမ်းဖျင်းပြောပြထားသဖြင့်သိရသည်။သူကလည်းဒီနှစ်မှ ဆေးသောက်ပွဲကိုပထမဦးဆုံးအကြိမ်လိုက်ခဲ့ခြင်းဖြစ်သည်။ဧပြီ၁၁မှ၁၃ရက်အထိ တောထဲတွင်သုံးရက်နေရမည်။ကျွန်တော် ရောက်သည့်နေ့ကဧပြီ၁ဝရက်။ထိုနေ့ညနေမှာပင် ဆေးသွား သောက်မည့်တောနှင့်နီးသောထားဝယ်မြို့အရှေ့ဘက်က မေတ္တာမြို့နယ်ရှိသပြုချောင်းရွာတွင်ညသွားအိပ်ရမည်ဟုကိုတင့်လွင်က ပြောပြသည်။
ထိုရွာတွင်ကိုတင့်လွင်၏မိတ်ဆွေကရင်အမျိုးသားကြီးဦးစောကဲဒို၏အိမ်ရှိပြီးထိုအိမ်တွင်ညအိပ်ရမည်။ကျွန်တော်တို့နှစ်ယောက်ဆိုင်ကယ်ဖြင့်ထားဝယ်မြို့ပေါ်မှညနေ၄နာရီ လောက်ထွက်လာခဲ့သည်။ တောင်များကို ကွေ့ဝိုက်ကာ ဖောက်ထားသည့်ထားဝယ်-မေတ္တာလမ်းအတိုင်း မောင်းလာကြသည်။လမ်းတွင်ကိုတင့်လွင်ကသတ္တုတွင်းလုပ်ကွက်များကို ညွှန်ပြရင်းသတ္တုတွင်းများကြောင့်သဘာဝပတ်ဝန်းကျင်ပျက်စီးမှုနှင့် ဒေသခံတို့ထိခိုက်မှုအကြောင်းကိုရှင်းပြပါသည်။
စကားတပြောပြောနှင့်နှစ်နာရီလောက်ဆိုင်ကယ်စီးပြီး နောက်ကားလမ်းမကြီးဘေးမှ ကျောက်ခင်းလမ်းဘက်သို့ ကွေ့ဆင်းလိုက်သည်။ ကျောက်မဲတောင်အနားမှ ဖြစ်သည်။ ကျောက်လမ်းမှနာရီဝက်ခန့်ဆက်မောင်းသွားသည့်အခါဦးစောကဲဒိုအိမ်သို့ ရောက်ပါသည်။အချိန်ကညနေစောင်း ခြောက်နာရီခွဲ။အမှောင်ထုကလွှမ်းခြုံစပြုနေပြီ။အိမ်ထဲတွင်တော့ဆိုလာမီးအလင်းရောင်ဖြင့်လင်းနေသည်။ ကျေးရွာတွင်မီးမရရှိသေး။
ဦးစောကဲဒို၏အိမ်ထဲတွင် ဆေးသောက်ပွဲသို့လိုက်မည့်ထားဝယ်မြို့ပေါ်မှဧည့်သည်သုံး၊ လေးယောက်ကိုလည်း တွေ့ရသည်။ခင်ရာမင်ရာမိတ်ဆွေအဆက်အသွယ်ဖြင့်လာရောက်ကြ ခြင်းဖြစ်သည်။
နဂိုကဆိုလျှင်ထိုဆေးသောက်ပွဲကအသက်လေးဆယ် ကျော်လူကြီးပိုင်းတွေနှင့် ဆေးဆရာများက တောထဲသွားကာလျှို့ဝှက်စွာ သောက်ကြခြင်းဖြစ်သည်။လူစိမ်းများကို ခေါ်လေ့မရှိ။ယနေ့မှာတော့အသက်၁၈နှစ်ပြည့်လျှင်စတင်သောက်ခွင့်ရပါသည်။ယနေ့အထိလည်း ဆွေမျိုးနီးစပ်နှင့်လူရင်းမိတ်ဆွေများသာ ခေါ်သည်ဟုဦးစောကဲဒိုက ပြောပြပါသည်။ကျွန်တော်ကတော့ကိုတင့်လွင်ကြောင့် ဆေးသောက်ပွဲသို့လိုက်ခွင့်ရခဲ့သည်။
ကိုတင့်လွင်ကဦးစောကဲဒိုနှင့်မိတ်ဆက်ပေးသည်။ဦးစောကဲဒိုကခမောင်းသွယ်ဒေသ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၏အတွင်းရေးမှူးလည်းဖြစ်သည်။ (တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်ခရိုင်၊ မေတ္တာမြို့နယ်ကိုခမောင်းသွယ်ဒေသဟုလည်း ခေါ်ပါသည်။ကျွန်တော်တို့ရောက်ရှိနေသောသပြုချောင်း ကျေးရွာအပါအဝင် ကျေးရွာပေါင်းဆယ့်နှစ်ရွာရှိသော ဒေသတစ်ခုဖြစ်သည်။)
ခမောင်းသွယ်ဒေသစတင်ဖြစ်ပေါ်လာသည်မှာလွန်ခဲ့ သောနှစ်ပေါင်း၁၅ဝကျော်ခန့်ကကရင်အမျိုးသား တောလိုက်မုဆိုးတစ်ဦးကအမဲလိုက်ရင်းရှာဖွေတွေ့ရှိရာကအစပြုကာ နေထိုင်ခဲ့သည်ဟုခမောင်းသွယ်ချောင်းအတွင်းရှင်သန်နေထိုင်ကြ သောငါးမျိုးစိတ်များအကြောင်းကိုသုတေသနပြုလုပ်ထားသော ‘ကျေးလက်ဗဟုသုတခြေပြုသုတေသန’စာအုပ်တွင် ဖော်ပြထားပါသည်။
ဦးစောကဲဒိုနှင့် ဆေးသောက်ပွဲလိုက်ဖူးသူတစ်ဦးကလည်းအရင်က ဆေးသောက်ပွဲအကြောင်းတွေ ပြောပြကြသည်။စကားဝိုင်းတွင်စကားလုံးအများစုကိုကျွန်တော်နားမလည်။ကရင်ဘာသာစကားနှင့်ထားဝယ်စကားသာပြောကြသောကြောင့် ဖြစ်သည်။သို့ပေမဲ့အမူအရာနှင့် ပြောဆိုပုံများကိုကြည့်ပြီးဘာ ပြောနေကြသည်ကိုတော့အကြမ်းဖျင်းရိပ်မိပါသည်။ကိုတင့်လွင်ကလည်းတစ်ခါတလေဘာသာပြန်ပေးသည်။
ကျွန်တော်တို့စကားပြောပြီးသည်နှင့်ထမင်းစားဖို့ပြင်ကြသည်။ထမင်းကပူပူ၊ဟင်းရည်များများနှင့်ငရုတ်သီးစပ်စပ်ကလေးချက်ထားသည့်ကြက်သားကရင်ချက်ကလည်းအငွေ့တထောင်းထောင်း၊ငါးပိထောင်းစပ်စပ်နှင့်တို့စရာအဖြစ်ခရမ်းကဆော့သီးတို့ကိုတို့ကာမြှုပ်ကာစားရသည်မှာစားလို့မြိန်လှပါဘိ။
ဦးစောကဲဒို၏ဇနီးကတော့ကျွန်တော်တို့စားသောက်နေကြပုံကိုတပြုံးပြုံးနှင့် ဘေးကကြည့်နေသည်။သူချက်ထားသောထမင်းဟင်းများကိုကျွန်တော်တို့အားပါးတရစားသောက်နေပုံကိုသဘောကျနေခြင်းပင်ဖြစ်သည်။လူဆယ့်လေးငါးဦးစာချက် ပြုတ်ရသော်လည်း မောပန်းသည့်ဟန်မရှိ။ထမင်းဝိုင်းဘေးမှလိုအပ်သည်များကိုထပ်ကာထည့်ပေးနေတော့သည်။ရိုးသားသည့်တိုင်းရင်းသားတို့၏ စေတနာကို လေးစားမိပါသည်။
တောထဲက မော်ဒယ်လ်ရှိုးပွဲ
ထမင်းစားသောက်ပြီးသောအခါဦးစောကဲဒိုက မော်ဒယ်လ်ရှိုးပွဲသွားကြည့်ကြမည်ဟုပြောပါသည်။ မော်ဒယ်လ်ရှိုးဟုဆိုသောကြောင့်စိတ်ထဲအံ့သြသွားမိသည်။ ကျေးရွာကလျှပ်စစ်မီးမရှိ။ဆက်သွယ်ရေးကလက်လှမ်းမမီ။ထိုနေရာမျိုးမှာမည်သို့ မော်ဒယ်လ်ရှိုးလုပ်မည်နည်း။ကိုတင့်လွင်ကို မေးကြည့်တော့လက်ရှိသပြုချောင်းရွာနှင့်တစ်ရွာကျော်တွင်ရှိသည့် ညောင်တုန်းရွာတွင်ဘုရားရှိခိုးကျောင်းအသစ်ဆောက်ရန်အတွက်ရန်ပုံငွေပွဲဟုသိရသည်။
ကျွန်တော်တို့အဖွဲ့လည်းဆိုင်ကယ်များနှင့်ပွဲသို့ထွက်ခဲ့ကြသည်။ ကျေးရွာလမ်းတစ်လျှောက်တွင်ဆိုင်ကယ်မီးရောင်မှအပအခြားအလင်းရောင်မရှိ။နာရီဝက်ခန့်ဆိုင်ကယ်မောင်းပြီးသောအခါ ညောင်တုန်းရွာဘုရားကျောင်းပွဲသို့ ရောက်ပါသည်။ဘုရား ကျောင်းထဲတွင်တော့မီးစက်မီးရောင်ဖြင့်ထိန်လင်းနေသည်။
အဝင်ဝတွင်ဆိုင်ကယ်များ၊လူများက ပြည့်ကျပ်နေသည်။ပွဲသို့လာသူမှာလူငယ်အများစု ဖြစ်ကြသည်။လုံခြုံရေးအဖြစ် သေနတ်များနှင့်တပ်မဟာ (၄) KNU(Karen National Union -ကရင်အမျိုးသားအစည်းအရုံး) တိုင်းရင်းသားလက်နက်ကိုင်များကို တွေ့ရပါသည်။ဒီဒေသကတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့၏နယ်မြေဖြစ်သည်။
ဘုရားကျောင်းအဝင်ဝတွင်ဝင်ကြေးအဖြစ်လူနှစ်ဦးကပိုက်ဆံကောက်ပါသည်။လူတစ်ယောက်တစ်ထောင်ကျပ် ဖြစ်သည်။ကိုတင့်လွင်ကနှစ်ယောက်စာပေးလိုက်ပြီးဝင်လိုက်သည်။ဘုရားကျောင်းက ဆောက်လက်စ။ထိုဆောက်လက်စအဆောက်အအုံများရှိခန်းမတစ်ခုထဲတွင်ပွဲပြုလုပ်ခြင်းဖြစ်သည်။
စတိတ်စင်ကနှစ်ပေသာသာခန့်အမြင့်ရှိသည်။စတိတ်စင်ကိုဆလိုက်မီးများနှင့်တန်ဆာဆင်ထားသည်။စင်ပေါ်ကြည့်လိုက်တော့အဆိုတော်Rဇာနည်၏စုံတွဲသီချင်းတစ်ပုဒ်ကိုစုံတွဲတစ်တွဲက တေးသရုပ်ဖော်နေကြသည်ကို တွေ့ရသည်။သရုပ် ဆောင်နေရင်းတစ်ခါတစ်ရံသီချင်းသံကရပ်သွားတတ်သေးသည်။သို့သော်ကိစ္စမရှိ။လက်ခုပ်သံကတဖြောင်းဖြောင်း။ဒီလို နေရာမျိုးမှာဒီလိုပွဲတစ်ခုစီစဉ်နိုင်ဖို့ကလွယ်သည်မဟုတ်။ရတဲ့နည်းနှင့် ဖြစ်အောင်လုပ်ကြသောစိတ်ဓာတ်များကိုအသိအမှတ် ပြုရမည်ဖြစ်သည်။
အစီအစဉ်တင်ဆက်သူကသီချင်းသုံး၊ လေးပုဒ်ခန့်ကိုတင်ဆက်ပေးပြီးတစ်စုံတစ်ခုကိုကရင်ဘာသာစကားနှင့် အော်ပြောလိုက်သည်။လက်ခုပ်သံများတစ်ခန်းလုံးဟိန်းသွားပါသည်။ မော်ဒယ်လ်ရှိုးပွဲစမည်ကို ကြေညာခြင်းဖြစ်ကြောင်းမကြာခင်သိလိုက်ရသည်။ ကြေညာပြီးသည်နှင့်ကလေးငယ်နှစ်ဦးကလိုက်ကာကို ဘေးတစ်ဖက်တစ်ချက်စီမှအလယ်သို့ဆွဲလာကာစတိတ်စင်ကိုပိတ်လိုက်ပါသည်။ကြိုးမလို။လူနှင့်ဆွဲလိုက်သည်။
ငါးမိနစ်လောက်နေတော့ကလေးနှစ်ယောက်ကလိုက်ကာကို ပြေးကာဖွင့်လိုက်သည်။လိုက်ကာဖွင့်သည်နှင့်စင်ပေါ်သို့တက်လာသည်ကကရင်လှပျိုဖြူလေးတစ်ဦး။ဆင်မယဉ်သာ ခြေလှမ်းမျိုးနှင့်တရွေ့ရွေ့စင်ပေါ်သို့တက်လာသည်။မိတ်ကပ်ကအဖွေးသား။အဝါရောင်ဝမ်းဆက်လေးနှင့်။အသက်က၁၆နှစ် ပြည့်မည်မထင်။
သူလေးကစင်ပေါ်ကိုကိုယ်ဟန်ပြကာတစ်ပတ်ပတ် လျှောက်ပြီးသတ်မှတ်ထားသည့်နေရာမှာရပ်လိုက်သည်။ကာလသားတို့၏လက်ခေါက်မှုတ်သံ၊လက်ခုပ်သံ၊တဟေးဟေး အော်ဟစ်သံတို့ထွက်လာသည်။ပြီးနောက်တစ်ယောက်ပြီးတစ်ယောက်၊ကိုယ်ဟန်ပြလမ်းလျှောက်ကြသည်။အဖွဲ့လိုက်လမ်းလျှောက်ကြသည်။တချို့မိန်းကလေးများကရှက်ရွံ့နေသည့်ဟန်၊ပြုံးတုံတုံ့နှင့်။အရိုးခံအလှတရားများပေတည်း။
ပြီးနောက် မော်ဒယ်လ်ဘွိုင်းများအလှည့်။ဘွတ်ဖိနပ်၊ဂျင်းဘောင်းဘီအတို၊အရှည်တို့နှင့်ဂိုက်ပေးကြမ်းကြပြန်ပါသည်။လက်ခုပ်သံများကလည်းတဖြောင်းဖြောင်း။အားလုံး၏မျက်နှာများတွင် ပျော်ရွှင်မှုများကအထင်းသား။ကြည့်နေသည့်ကျွန် တော့်ရင်ထဲပင်အပျော်ဓာတ်များစီးဝင်လာကာတပြုံးပြုံးဖြစ်ရပါသည်။
အမှတ်ပေးဒိုင်နှစ်ယောက်ကလည်းစင်ရှေ့မှာအမှတ်ပေးစာရွက်ကို ဘောလ်ပင်နှင့် ရေးခြစ်နေသည်။သူတို့ ခေါင်းခဲနေသည့်ဟန်။ကျွန်တော်တို့လည်းဆုပေးပွဲကြည့်ချင်သေးပေမယ့်မနက်တောထဲဝင်ရမည်မို့ စောစောအိပ်ရန်လိုအပ်သောကြောင့် မော်ဒယ်လ်ရှိုးပွဲပြီးသည်နှင့် ပြန်လာခဲ့ကြသည်။အိမ်ရောက် တော့မနက်၇နာရီအိမ်မှထွက်ရန်နှိုးဆော်ကြပြီးအိပ်ရာဝင်ကြပါသည်။

