စစ်အုပ်ချုပ်ရေးအောက်က နန်းကျနယ်မြေ

စစ်အုပ်ချုပ်ရေးအောက်က နန်းကျနယ်မြေ

စက်တင်ဘာလထုတ်-၂၀၁၅၊မော်ကွန်းမဂ္ဂဇင်း အမှတ်(၂၇)မှ သတင်းဆောင်းပါးဖြစ်ပါသည်။

ကျော်မျိုးထွန်း ရေးသည်။

နံနက်ခင်း၏ ရှေ့ပြေးအလင်းရောင်တို့အောက်ဝယ်  စိမ်းညို့ ညို့တောင်စွယ်တောင်တန်းများမှာ မြူမင်းလွင်တို့၏ လွှမ်းခြုံအုပ်မိုးခြင်းကို ခံနေ ရသည်။

ထိုတောင်စွယ်တောင်တန်းတို့အလယ်တွင် အခိုင်အမာ ဆောက်လုပ်ထားသည့် နေအိမ်တိုက်တာများ၊ ဈေးဆိုင်ခန်းများ၊ ကွန်ကရစ်လမ်းများ၊ အဝေးမှပင် လှမ်းမြင်နိုင်သည့် ဟိုတယ်ကြီးများ၊ဟိုတစ်စု ဒီတစ်စုထိုးထိုးထောင်ထောင် ထွက်နေသည့် ဆောက်လက်စ အထပ်မြင့်အဆောက်အအုံများသည်လည်း မြူခိုးများကြားဝယ် ငြိမ်ကုပ်နေကြသည်။

       ဧရိယာစတုရန်းမိုင် ၃,၉ဝဝ ခန့်ကျယ်ဝန်းသော ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ မြို့တော်ဖြစ်သည့် လောက်ကိုင်မြို့ အပါအဝင် နေရာအတော်များများသည် ယခုနှစ်အစောပိုင်းက ယခင်ကိုးကန့်ခေါင်းဆောင်ဟောင်း ဦးဖုန်ကြားရှင်ဦးဆောင် သည့် မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (Myanmar National Democratic Alliance Army- MNDAA)နှင့် မြန်မာတပ်မတော်တို့ တစ်ကျော့ပြန်တိုက်ပွဲများ ဖြစ်ပွားခဲ့ရာတွင် စစ်တလင်းဖြစ်ခဲ့ရသည်။

       တိုက်ပွဲများကြောင့် သောင်းနှင့်ချီသော ဒေသခံ ကိုးကန့် လူမျိုးများမှာ တရုတ်နယ်စပ်တစ်လျှောက် ထွက်ပြေးခိုလှုံခဲ့ရပြီး အနယ်နယ်အရပ်ရပ်မှ ထောင်ပေါင်းများစွာသော ရွှေ့ပြောင်း လုပ်သားများမှာလည်း စစ်ဘေးလွတ်ရာ ပြည်တွင်းဒေသများသို့ တိမ်းရှောင်ခဲ့ရသည်။

       တိုက်ပွဲကာလအတွင်း အစိုးရအုပ်ချုပ်ရေးယ္တရားများ ရပ်ဆိုင်းသွားပြီး ထွက်ပြေးတိမ်းရှောင်သွားသည့် ဒေသခံစစ် ရှောင်များ၏ နေအိမ်တိုက်တာအဆောက်အအုံ အားလုံးနီးပါး မှာလည်း ဖောက်ထွင်းခံခဲ့ရသည်ဟု ဒေသခံများက မော်ကွန်းကို ပြောပြသည်။

       တစ်ချိန်က တရုတ်လောပန် (သူဌေး) တို့ ကျင်လည်ရာ    နိုင်ငံတကာအဆင့်မီဟိုတယ်ကြီးများ၊ လောင်းကစားရုံကြီးများ၊ အနှိပ်ခန်းများ၊ စားသောက်ဆိုင်များ၊ ဈေးဆိုင်များ၊ ပျားပန်းခပ်မျှ လှုပ်ရှားသွားလာနေသည့် ခရီးသွားများ၊ အနယ်နယ်အရပ်ရပ်မှ လာရောက်လုပ်ကိုင်နေသည့် ရွှေ့ပြောင်းလုပ်သားများဖြင့် ဂုဏ် ယူဝင့်ကြွားလောက်စရာ အခြေအနေများ ပိုင်ဆိုင်ခဲ့ဖူးသည့် ကိုး ကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မြို့တော်လောက်ကိုင်သည် ယခုအခါ နန်းချခံလိုက်ရသော ဘုရင်တစ်ပါးလိုပင်။

စစ်အုပ်ချုပ်ရေးအောက်က မြို့

       ပြီးခဲ့သည့် ဇွန် ၁ဝ ရက်က MNDAA မှ တစ်ဖက်သတ် အပစ်အခတ်ရပ်စဲကြောင်း ထုတ်ပြန်ကြေညာခဲ့သော်လည်း ကုန်းကြမ်းမြို့နယ်နှင့် မော်ထိုက်မြို့ (ယခင်မော်ထိုက်မြို့နယ်ခွဲ)တို့တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိပြီး ကိုးကန့် ဒုက္ခ သည် ရှစ်ထောင်ခန့်မှာ တရုတ်နယ်စပ်၌ တိမ်းရှောင်ခိုလှုံနေရဆဲ ဖြစ်သည်။

       အဆိုပါဒေသများရှိ အစိုးရရုံးများ၊ စာသင်ကျောင်းများ၊ ဆေးရုံများ၊ ကျေးလက်ကျန်းမာရေးဌာနများမှာ ယခုအချိန်အထိ  ပြန်လည်ဖွင့်လှစ်နိုင်ခြင်းမရှိသလို ကယ်ဆယ်ရေးလုပ်ငန်းများ လည်း ဝင်ရောက်လုပ်ကိုင်နိုင်ခြင်း မရှိသေးပေ။

       ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့သည့် ဖေဖော်ဝါရီ ၁၇ ရက်၌ ရက်ပေါင်း ၉ဝ သက်တမ်းရှိသည့် စစ်အုပ်ချုပ်ရေးအမိန့်ကို စတင်ထုတ်ပြန်ခဲ့ ပြီး မေလ၌ ယင်းအမိန့်ကို ရက်ပေါင်း ၉ဝ သက်တမ်း ထပ်တိုး    ခဲ့သည်။

       ပြီးခဲ့သည့် သြဂုတ် ၁၇ ရက်တွင် ဒေသတွင်းအခြေအနေ မတည်ငြိမ်သေးသဖြင့် တတိယအကြိမ် စစ်အုပ်ချုပ်ရေး ရက် ပေါင်း ၉ဝ ထပ်မံတိုးမြှင့်ခဲ့ပြန်သည်။ ယခုတိုးမြှင့်လိုက်သည့် စစ် အုပ်ချုပ်ရေးကာလမှာ နိုဝင်ဘာလ ၁၆ ရက်အထိ အကျုံးဝင်မည် ဖြစ်ရာ လာမည့် အထွေထွေရွေးကောက်ပွဲကို ယင်းစစ်အုပ်ချုပ် ရေးကာလအတွင်း ကျင်းပရတော့မည်ဖြစ်သည်။

       ကိုးကန့်ဒေသတွင် ယခင်ကိုးကန့်ခေါင်းဆောင်များ ဖြစ် ကြသည့် ဦးယန်မိုးလျံနှင့် ဦးဖုန်ကြားရှင်တို့အကြားဖြစ်ပွားခဲ့ သည့် ပဋိပက္ခ၊ ဦးဖုန်ကြားရှင်နှင့် အစိုးရ၊ လက်ရှိခေါင်းဆောင် ဦးပယ်စောက်ချိန်တို့အကြား ဖြစ်ပွားခဲ့သည့် ပဋိပက္ခများအပါ အဝင်   ပဋိပက္ခငါးကြိမ်ခန့် ဖြစ်ပေါ်ခဲ့သော်လည်း ယခုနှစ်တိုက်ပွဲ မှာအပြင်းထန်ဆုံးနှင့် အထိအခိုက် အပျက်အစီး အများဆုံး ဖြစ်သည်။

       ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌ ယခုကဲ့သို့ တပ်မ တော်မှ စစ်အုပ်ချုပ်ရေးဖြင့် အုပ်ချုပ်ခြင်းသည်လည်း ပထမဆုံး အကြိမ် ပင်ဖြစ်သည်။

       တိုက်ပွဲများ ရပ်စဲသွားပြီးနောက် တရုတ်နယ်စပ်၌ ခိုလှုံနေ သည့် စစ်ရှောင်ကိုးကန့်လူမျိုးများ၊ ပြည်တွင်းဒေသအသီးသီးမှ ရွှေ့ပြောင်းလုပ်သားများ၊ တစ်ပိုင်တစ်နိုင်လုပ်ငန်းရှင်များနှင့် တရုတ်နိုင်ငံသားလုပ်ငန်းရှင်အချို့ ဝင်ရောက်လာသဖြင့် အနည်း ငယ် ပြန်လည်စည်ကားနေပြီဖြစ်သော်လည်း လောက်ကိုင်မြို့၏ လက်ရှိလုံခြုံရေးအခြေအနေမှာ စိုးရိမ်နေရဆဲပင် ဖြစ်သည်။

       လမ်းဆုံလမ်းခွများတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ လုံခြုံရေး ရယူထားပြီး မြို့အဝင် အထွက်နေရာများ၌လည်း စစ်ဆေးရေး ဂိတ်များ ချထားသည်ကို တွေ့ရသည်။ တပ်မတော်မှ မော်တော် ယာဉ်များဖြင့် မြို့အနှံ့ ကင်းလှည့်လေ့ရှိသလို အစိုးရရုံးများ၊ ဟိုတယ်များနှင့် ဆောက်လက်စ အထပ်မြင့်အဆောက်အအုံ များ၏ ခေါင်မိုးများပေါ်တွင်လည်း အသင့်နေရာယူထားသည့် မြန်မာ့တပ်မတော်မှ လက်ဖြောင့်တပ်သား(စနိုက်ပါ)များကို တွေ့ မြင်ရသည်။

       ကိုးကန့်တပ်ဖွဲ့က လောက်ကိုင်ကို ဝင်ရောက်တိုက်ခိုက်မည် ဆိုသည့် မကြာခဏထွက်ပေါ်နေသော ကောလာဟလများ ကြောင့် စိုးရိမ်ထိတ်လန့်နေရသည်ဟု မြို့ခံများက ပြောပြသည်။

”မကြာခဏသတင်းတွေ ထွက်နေပေမယ့် ကျွန်တော်တို့ဘက်ကတော့ မပေါ့ဆပါဘူး။ အဲဒီကောလာဟလက တကယ် ဟုတ်ဟုတ်၊ မဟုတ်ဟုတ် လုံခြုံရေးနဲ့ပတ်သက်ရင် ဂရုတစိုက် လုပ်နေပါ တယ်” ဟု လောက်ကိုင်ခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ အမည်မဖော်လိုသူ ရဲအရာကြီးတစ်ဦးက ရှင်းပြသည်။

       ပြီးခဲ့သည့် ဇူလိုင် ၂၇ ရက်က လောက်ကိုင်မြို့ကို ကိုးကန့် တပ်ဖွဲ့မှ လာရောက်တိုက်ခိုက်မည်ဆိုသည့် ကောလာဟလများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာပြီး ယင်းနေ့ ညနေပိုင်းတွင် မြို့တွင်း လမ်းများပေါ်၌ လူသူမရှိသလောက်နီးပါး တိတ်ဆိတ် ခြောက်ကပ်သွားသည်ကို မော်ကွန်းက တွေ့မြင်ခဲ့ရသည်။

       လောက်ကိုင်ခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးကျော် ဆွေက ”လုံခြုံရေးအရ အခုတော့ အညိုရောင်လောက်ပဲ ရှိဦး မယ်။ လုံးဝအဖြူဆွတ်ဆွတ်ကြီးတော့ မဟုတ်ဘူး။ သူတို့ ယူနီ ဖောင်းလဲပြီး ဒီထဲရောက်လာရင် ဘာမှန်းမသိတော့ဘူးလေ။ လူတွေ ရောရောထွေးထွေးဖြစ်နေတာပေါ့” ဟု ပြောပြသည်။

       နယ်မြေတည်ငြိမ်အေးချမ်းရေးလုပ်ဆောင်ရာတွင် အိမ်နီး ချင်းတရုတ်နိုင်ငံ၏ ပူးပေါင်းဆောင်ရွက်မှုမှာ အလွန်အရေးပါ ကြောင်း၊ ၄င်းတို့၏ ပူးပေါင်းဆောင်ရွက်မှုမရှိဘဲ လုံခြုံရေးလုပ် ငန်းများ ဆောင်ရွက်ရန် မလွယ်ကူကြောင်း ၄င်းက ဆက်လက် ပြောပြသည်။

       ”အမှောင်ထဲကလူက အလင်းထဲကလူထက် အားသာတာ ပေါ့။ အလင်းထဲကလူ ဘယ်လိုနေနေတာလဲဆိုတာကို မြင်နေရ တော့ အားနည်းချက်ရှိတယ်လေ” ဟု ရှင်းပြသည်။

       ကုန်းကြမ်းနှင့် မော်ထိုက်မြို့ကြားရှိ စစ်သူကြီးတောင်ကုန်း တွင် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိပြီး ကိုးကန့်တပ်ဖွဲ့များ စခန်းချ တပ်စွဲထားသည့်နေရာနှင့် နီးကပ်နေသည့် ဟုံအိုင်နယ်စပ်ကုန် သွယ်ရေးဂိတ်ကို ပိတ်ထားရသည်။

       လုံခြုံရေးစိတ်မချရသဖြင့် ယင်းဒေသရှိ ဒုက္ခသည်များကို ကယ်ဆယ်ရေးပစ္စည်းများ သွားရောက်ထောက်ပံ့ပေးနိုင်ခြင်း မရှိသေးကြောင်းလည်း လောက်ကိုင်မြို့အခြေစိုက် ကယ်ဆယ် ရေးလုပ်ကိုင်နေသူများက ပြောသည်။

မလုံခြုံသေးသည့်ဘဝများ

       သံချေးတက်နေသည့် သွပ်ပြားဟောင်းများ၊ ဝါးကပ်များ၊ တာပေါ်လင်စများဖြင့် ဆောက်လုပ်ထားသည့် လူတစ်ရပ် အမြင့် ပင် မရှိသော မြေစိုက်တဲအိမ်ငယ်လေးများမှာ တရုတ်နယ်စပ် အဝေးပြေးလမ်းတစ်လျှောက် တွေ့မြင်ခဲ့ရသော ခေတ်မီတိုက် တာ အဆောက်အအုံများနှင့် သိသိသာသာ ကွဲပြားခြားနားနေသည်။

       လောက်ကိုင်မြို့နယ်၊ ခုတ်ထန်ကျေးရွာသူ အသက် ၂ဝ ဝန်းကျင်ရှိ မရှောက်ကော်သည် တိုက်ပွဲများကြောင့် အိုးအိမ်စွန့် ခွာပြီး တရုတ်နိုင်ငံထဲသို့ ထွက်ပြေးဝင်ရောက်လာကြသည့် စစ် ရှောင်ဒုက္ခသည် ထောင်ပေါင်းများစွာထဲမှ တစ်ယောက် ဖြစ်သည်။

       မရှောက်ကော်နှင့် အခြားသော ခုတ်ထန်ကျေးရွာသူ၊ ကျေးရွာသား ၂ဝဝ ခန့်သည် နယ်မြေချင်း ထိစပ်နေသော တရုတ် နိုင်ငံ၊ လင်ချန်းခရိုင်၊ နန်ဆန်-မုန်တိန်ကားလမ်းဘေးရှိ ရှန်ချွန် ချင်းဒေသ၌ ယာယီတဲများထိုးပြီး လာရောက် ခိုလှုံနေကြသည်မှာ ခြောက်လခန့်ပင် ရှိပြီဖြစ်သည်။

       ”ဒကစမှူး(ဒေသကွပ်ကဲရေးမှူး)ကိုယ်တိုင်က မပြန်ခိုင်း ဘူးဆိုတော့ မပြန်ရဲဘူးလေ။ ပြန်တော့ ပြန်ချင်ပြီ။ နည်းနည်းပါ လာတဲ့ ပိုက်ဆံတွေလည်း စားလို့ကုန်ပြီ”ဟု ပြည့်ဖြိုးသော ခန္ဓာ ကိုယ်ပေါ်တွင် ပန်းရောင်ဖျော့ဖျော့တီရှပ်နှင့် ဘောင်းဘီတိုဝတ် ဆင်ထားသော မရှောက်ကော်က ပြောပြသည်။

       မရှောက်ကော်တို့သည် တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည့် ဖေ ဖော်ဝါရီလဆန်းမှစ၍ ထွက်ပြေးလာခဲ့ခြင်းဖြစ်ပြီး တရုတ်အစိုးရ က တစ်အိမ်ထောင်လျှင် ဆန်တစ်ထုပ်နှုန်း ထောက်ပံ့မှုကလွဲ၍ မြန်မာအစိုးရအပါအဝင် အခြားသောအဖွဲ့အစည်းများမှ လာ ရောက်ထောက်ပံ့ကူညီမှုများ မရှိသေးဟုဆိုသည်။

       ကျန်းမာရေးနှင့်ပတ်သက်လျှင်တော့ သူတို့ကို တရုတ် ကျန်းမာရေးဝန်ထမ်းများက တစ်လတစ်ကြိမ် လာရောက် ဆေး ကုသပေးလျက်ရှိသည်ဟု မရှောက်ကော်က ဆိုသည်။

       တရုတ်-မြန်မာနယ်စပ်မျဉ်းနှင့်  ကိုက်အနည်းငယ်သာ ကွာ ဝေးသည့် မာလုအိုက်ဖန်ကျေးရွာသည်လည်း လုံခြုံရေးစိတ်မချရ သဖြင့် ချင်းရွှေဟော်မြို့အနီးသို့ ပြောင်းရွှေ့နေရာချထားပေးမည် ဖြစ်ကြောင်း ချင်းရွှေဟော်မြို့ အထွေထွေအုပ်ချုပ်ရေးမှူး ဦးပြည့် ဖြိုးမောင်က ပြောပြသည်။

       အိမ်ထောင်စု ၁၄ စု၊ လူဦးရေ ၇ဝ ကျော်ရှိပြီး ရာဘာ အဓိကစိုက်ပျိုးသည့် ယင်းကိုးကန့်ကျေးရွာသည် ချင်းရွှေဟော်မြို့ နှင့် တစ်မိုင်ခန့်သာကွာဝေးသည်။ စစ်ပွဲကာလအတွင်း သူတို့ရွာ တွင် တိုက်ပွဲများ လုံးဝဖြစ်ပွားခဲ့ခြင်းမရှိပါဘဲ ရွှေ့ပြောင်းလာခဲ့ရ ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောပြသည်။

       မာလုအိုက်ဖန်ကျေးရွာ၏ သူကြီး ဦးလော်လောက်ဝူးက   ”ဘာပြဿနာမှမဖြစ်ဘဲနဲ့  ရွာလုံးကျွတ်ရွှေ့ခိုင်းတာကို စဉ်းစား လို့ မရဘူး။ ဘယ်လို ပြန်တင်ပြရမှန်းကို မသိဘူး။ လောလော ဆယ် နေဖို့ မရှိ၊ စားဖို့တောင် မရှိလို့  အားလုံးစိတ်မချမ်းသာဘူး”ဟု စကားပြန်မှတစ်ဆင့် မော်ကွန်းကို ပြောပြသည်။

 

Photo: Kyaw Myo Htun     တရုတ်နိုင်ငံ၊ လင်ချန်းခရိုင်၊ နန်ဆန်း-မုန်တိန် ကားလမ်းဘေးရှိ ကိုးကန့် စစ်ရှောင်ဒုက္ခသည် ယာယီတဲများ

ရပ်တည်ဖို့ ခက်ခဲ

       တိုက်ပွဲကာလအတွင်း တရုတ်နယ်စပ်ရှိ ဒုက္ခသည်စခန်း များတွင် သွားရောက်နေထိုင်ခြင်းမရှိဘဲ နန်ဆန်မြို့ပေါ်၌ အခန်း ငှား နေထိုင်ကြသူများမှာ တရုတ်အစိုးရ၏ ထောက်ပံ့ကူညီမှုများ မရရှိခဲ့ကြပေ။ လောက်ကိုင်မြို့နယ်တွင် လက်ရှိ တိုက်ပွဲများ ရပ်စဲ သွားပြီဖြစ်သဖြင့် နန်ဆန်ရှိ ကိုးကန့်စစ်ရှောင်ဒုက္ခသည် အများစု မှာ လောက်ကိုင်သို့ ပြန်သွားကြပြီး ဒုက္ခသည် အနည်းငယ်သာ ကျန်ရှိတော့သည်။

       နန်ဆန်မြို့သို့ တိမ်းရှောင်လာသည်မှာ ငါးလခန့်ရှိပြီဖြစ်ပြီး ပန်းရံလုပ်ကိုင်သည့် အကြီးဆုံးသားဖြစ်သူ၏ ဝင်ငွေဖြင့် မိသားစု စားဝတ်နေရေးကို ဖြေရှင်းနေရကြောင်း အသက် ၅၅ နှစ်အရွယ် ကလေးသုံးယောက်မိခင် ဒေါ်ရှောင်ဟွားက စကားပြန်ကတစ် ဆင့် မော်ကွန်းကို ပြောသည်။

       လောက်ကိုင်မြို့၊ အမှတ် ၁ ရပ်ကွက်၊ တုံချိန်မှ ကိုးကန့်စစ် ရှောင် ဦးရန်စွင့်က တိုက်ပွဲများကြောင့် နန်ဆန်သို့ နေအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်လာရသဖြင့် နေအိမ်ရှိ အသုံးအဆောင် ပစ္စည်း အားလုံးနီးပါးမှာ ဖောက်ထွင်းခိုးယူခြင်းခံခဲ့ရကြောင်း ပြောသည်။

       ”ပစ္စည်းတွေအားလုံးက အသစ်ပြန်ဝယ်ရမယ်။ ဘဝလည်း အသစ်က ပြန်စရမယ်။ အဲဒါကြောင့် ဒီမှာအလုပ်လုပ်ပြီး ပိုက်ဆံစု နေရတာ။ ဒီလကုန်လောက်ဆိုရင် လောက်ကိုင်ပြန်မယ်”ဟု ¤င်းက ရှင်းပြသည်။

       မော်ကွန်းက တွေ့ဆုံမေးမြန်းခဲ့သည့် လောက်ကိုင်မြို့ခံများ နှင့် စစ်ရှောင်ဒုက္ခသည်များ အားလုံးနီးပါးမှာလည်း ဦးရန်စွင့်လို ပင် နေအိမ်ဖောက်ထွင်းခံခဲ့ကြရသည်။ ကိုးကန့်စစ်ရှောင်အချို့မှာ တရုတ်နယ်စပ်ရှိ နန်ဆန်မြို့ ၌သာမက အနီးရှိ မုန်တိန်မြို့ ၌လည်း သွားရောက်တိမ်းရှောင်ခိုလှုံခဲ့ကြသည်။

       မုန်တိန်မြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းတစ်ခု၌ ပန်းရန် အလုပ်သမားအဖြစ် ဝင်ရောက်လုပ်ကိုင်ရာတွင် နေ့စားခ ယွမ် ၆ဝ (ကျပ် ၁၂,ဝဝဝ ခန့်) သာရရှိသဖြင့် စားဝတ်နေရေး အခက် အခဲများ ကြုံတွေ့နေရသည်ဟု ကိုးကန့်စစ်ရှောင်ဒုက္ခသည် ဒေါ်ရန်ရှောင်ဟွေးက  ပြောသည်။

       ”လောက်ကိုင်က သူဌေးက အရင်လစာထက် နည်းနည်း လျှော့ပေးပြီး ပြန်ခေါ်နေပြီ။ မသွားရဲသေးလို့ ဒီမှာပဲဆက်လုပ်နေ ရတာ”ဟု သူက ဆိုသည်။

ပြန်ခေါ်မည့်အစီအစဉ်

       တရုတ်နိုင်ငံအတွင်း၌ နယ်စပ်မျဉ်းတစ်လျှောက် တိမ်း ရှောင်ခိုလှုံနေသည့် ကိုးကန့်ဒုက္ခသည် ရှစ်ထောင်ကျော်ကို ယခု လအတွင်း လောက်ကိုင်သို့ ပြန်လည်ခေါ်ယူရန် အစိုးရအာဏာ ပိုင်များက စီစဉ်နေပြီဖြစ်သည်။

       ယင်းဒုက္ခသည်များကို လောက်ကိုင်မြို့မှ ကိုးကန့်မြို့မိမြို့ဖများမှတစ်ဆင့် ပြန်လည်ခေါ်ယူရန် လုပ်ဆောင်နေခြင်းဖြစ်ပြီး မြို့ပေါ်၌ ဒုက္ခသည်စခန်း သုံးခုဖွင့်လှစ်ကာ လက်ခံသွားမည်ဖြစ် ကြောင်း လောက်ကိုင်ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေက ပြောပြသည်။

       ”တရုတ်ဘက်ကလည်း ပြန်ခေါ်ခိုင်းနေပြီ။ လူ့ရဲ့သဘော သဘာဝအရတော့ ကိုယ့်အိမ်ပဲ ကိုယ်ပြန်ချင်တာပေါ့။ ဒါပေမဲ့ တချို့တိုက်ပွဲနေရာကျတော့ ကျွန်တော်တို့ပေးလွှတ်လို့ မရဘူး”ဟု ၄င်းက ရှင်းပြသည်။

       စစ်ပွဲကာလအတွင်း လက်နက်ကျည်ဆန်များ ထိမှန်မှု၊ မီး လောင်မှုများကြောင့် ပျက်စီးသွားသော ဒေသကွပ်ကဲရေးစစ်ဌာန ချုပ်အနီးရှိ မန်ချူးကျေးရွာကို လောက်ကိုင်မြို့အဝင် တုံချိန်သို့ ရွှေ့ပြောင်းပြီး တန်ဖိုးကျပ်သိန်း ၅ဝ တန် လူနေအိမ်အသစ် အလုံး ၆ဝ  ပြန်ဆောက်ပေးသွားမည်ဟုလည်း ဦးကျော်ဆွေက ပြော ပြသည်။

       ”ရွာက ဘာမှကို မရှိတော့ဘူး။ ကျည်ဆန်ရာတွေချည်း ပဲ”ဟု ၄င်းက ဆိုသည်။

       တပ်နှင့် နီးကပ်နေသဖြင့် တိုက်ပွဲအတွင်း ကျည်ဆန်များ၊ ဗုံးဆန်များ ထိမှန်ပျက်စီးခဲ့သည့် အခြားသော ပတ်ဝန်းကျင်ကျေး ရွာများမှ နေအိမ်အလုံး ၁၄ဝ ကိုလည်း လောက်ကိုင်မြို့သို့ ပြောင်းရွှေ့ပြီး တန်ဖိုးကျပ် ၃၅ သိန်းတန် လူနေအိမ်အသစ်များ ပြန်လည်တည်ဆောက်ပေးသွားမည်ဟု ဦးကျော်ဆွေက ပြောသည်။

       ထို့ပြင် အစိုးရက ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့ဝင်အဖြစ် ပါဝင်လုပ်ကိုင်နေသူများကို လက်နက်မပါဘဲ အလင်းဝင်မည်ဆို ပါက ဥပဒေအရ အရေးယူမည်မဟုတ်ဟု တရုတ်အင်တာနက်လူ မှုကွန်ရက်တစ်ခုဖြစ်သည့် ဝီချက်(We Chat)ထဲ၌ သတင်းတင် ထားသည်ဟု လောက်ကိုင်ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေက ဆိုသည်။

       ကိုးကန့်ဒေသပြင်ပမှ လာရောက်လုပ်ကိုင်နေသည့် ရွှေ့ပြောင်းလုပ်သား(အထူးသဖြင့်ကြံခုတ်လုပ်သား)အချို့မှာ စစ်ပွဲ ကာလအတွင်း ကိုးကန့်တပ်ဖွဲ့ကဖမ်းဆီးခေါ်ဆောင်သွားသလို တချို့မှာ ကိုးကန့်တပ်ဖွဲ့မှ လစာပေးသဖြင့် ကြေးစားအဖြစ် ဝင် ရောက်သွားသူများလည်းရှိကြောင်း လောက်ကိုင်အခြေစိုက် မြန်မာရွှေ့ပြောင်းလုပ်သားများက မော်ကွန်းကို ရှင်းပြသည်။

       ”ကြံခုတ်သမားတွေက တောထဲမှာပဲ နေရတာဆိုတော့ သူတို့(ကိုးကန့်လက်နက်ကိုင်အဖွဲ့ )က လုပ်ချင်ရာ လုပ်လို့ရတယ်။ မလိုက်လည်း သတ်မှာဆိုတော့ ပါသွားကြတာ တော်တော်များ များရှိတယ်”ဟု လောက်ကိုင်မြို့မှ မြန်မာစီးပွားရေးလုပ်ငန်းရှင် တစ်ဦးက ပြောသည်။

       ဦးကျော်ဆွေကလည်း ယခုလိုပြောသည်။

       ”တစ်ဖက်(ကိုးကန့်တပ်ဖွဲ့)က ခြိမ်းခြောက်ပြီး ခေါ်သွား တာတွေရှိတယ်။ ယွမ် ၆ဝဝ (ကျပ် ၁၂ဝ,ဝဝဝ ခန့်)၊ သေနတ်နဲ့ မူး ယစ်ဆေးဝါးပေးတာတွေရှိတယ်လို့တော့ ကျွန်တော်တို့ ကြားရ ပါတယ်”

       ချင်းရွှေဟော်မြို့တွင် တိုက်ပွဲများ ရပ်ဆိုင်းသွားပြီးနောက် အနယ်နယ်အရပ်ရပ်မှ ပြန်လည်ဝင်ရောက်လာသည့် ပြည်တွင်း ရွှေ့ပြောင်းလုပ်သားများကို လုံခြုံရေးအခြေအနေအရ အလုပ် သမားလုံခြုံမှုစိစစ်ရေးကတ်ပြားများ ထုတ်ပေးလျက်ရှိသည်။ လက်ရှိ ချင်းရွှေဟော်ရှိ အလုပ်သမား ၂,ဝဝဝ ကျော်တွင် အလုပ် သမားစိစစ်ရေးကတ်ပြား ၅ဝဝ ခန့် ထုတ်ပေးပြီး ဖြစ်သည်ဟု ချင်းရွှေဟော်မြို့ အထွေထွေအုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုးမောင်က ပြောပြသည်။

       ထိုသို့လုပ်ရသည်မှာ ”တစ်ဖက်က အရေးကြီးတဲ့ အဆောက် အအုံတို့၊ လူပုဂ္ဂိုလ်တို့ကို ပစ်မှတ်ထားပြီး လုပ်ဆောင်မယ်လို့ သတင်းတွေ ကြားနေရတယ်။ ဒါကြောင့်လည်း နဂိုကတည်းက ရောထွေးနေတဲ့ ကာလမှာ ထပ်ပြီးမရောအောင် ကန့်တဲ့သဘော နဲ့ လုပ်တာပါ”ဟု သူက ပြောသည်။

       ချင်းရွှေဟော်မှာ နယ်စပ်မြို့ဖြစ်သဖြင့် ဒုစရိုက်သမားများ အချိန်မရွေး စိမ့်ဝင်လာပြီး နည်းမျိုးစုံဖြင့် အဖျက်အမှောင့် လုပ် ငန်းများ လုပ်ဆောင်နိုင်သောကြောင့် လုံခြုံရေးတင်းကျပ်ထား ခြင်းဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောပြသည်။

       တိုက်ပွဲများကြောင့် ထိခိုက်ပျက်စီးသွားသည့်အထဲတွင် ပညာရေးလည်း ပါဝင်သည်။

       ဒေသကွပ်ကဲရေးစစ်ဌာနချုပ်အနီးရှိ လောက်ကိုင်မြို့နယ်ပညာရေးမှူးရုံးမှာလည်း တိုက်ပွဲအတွင်း ကျည်ဆန်များ၊ အမြောက်ဆန်များ ထိမှန်ထားသည်။ အုတ်နံရံ၊ ခေါင်မိုးများ၌ လက်နက်ထိမှန်ထားသည့် အပေါက်ရာများကို တွေ့ရသည်။

       ကိုးကန့်ဒေသတွင် နယ်မြေအေးချမ်းမှု အထိုက်အလျောက် ရှိနေပြီဖြစ်သည့် လောက်ကိုင်မြို့နယ်တွင်ပင် စာသင်ကျောင်း ပေါင်း ၁ဝ၉ ကျောင်းရှိသည့်အနက် လက်ရှိ ၃၉ ကျောင်းသာ ဖွင့်လှစ်ထားသည်။ လုံခြုံရေးအခြေအနေ မကောင်းသဖြင့် မြို့ နယ်၏ အစွန်အဖျားဒေသရှိ ကျောင်းအများစုမှာ မဖွင့်လှစ်နိုင် သေးဟု လောက်ကိုင်မြို့နယ် ပညာရေးမှူး ဦးသန်းဝင်းက ပြောသည်။

       လောက်ကိုင်မြို့ အခြေစိုက် ရွှေ့ပြောင်းလုပ်သားများမှာ တိုက်ပွဲများကြောင့် ပြည်တွင်းဒေသများသို့ ပြန်လည်ပြောင်းရွှေ့ ကြရာ ၄င်းတို့၏ သားသမီးများမှာလည်း လိုက်ပါပြောင်းရွှေ့သွား ကြသည်။

       လောက်ကိုင်မြို့တွင် အထက်တန်းကျောင်းနှစ်ကျောင်းရှိ ပြီး ယမန်နှစ်က ကျောင်းသူ၊ ကျောင်းသား ၁,၅ဝဝ ခန့် တက် ရောက်ခဲ့ကြသော်လည်း ယခုနှစ်တွင် ထက်ဝက်ခန့်သာရှိတော့ သည်ဟု လောက်ကိုင်ပညာရေးမှူး ဦးသန်းဝင်းက ဆိုသည်။

       စာသင်ကျောင်း ၉ဝ ရှိသော ကုန်းကြမ်းမြို့နယ်တွင်လည်း လုံခြုံရေးအခြေအနေအရ ရှစ်ကျောင်းသာ ဖွင့်နိုင်သေးသည်။ လက်ရှိတိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည့် မော်ထိုက်မြို့ တွင်မူ ကျောင်းများလုံးဝဖွင့်လှစ်နိုင်ခြင်း မရှိသေးပေ။

       နယ်မြေတည်ငြိမ်မှု မရှိသေးသည့် ကိုးကန့်ဒေသ၏ လက်ရှိ လုံခြုံရေး အခြေအနေများအရ ပိတ်ထားရသည့် ကျောင်းများ၊ ဆေးရုံများကို ပြန်ဖွင့်လှစ်လိုပါက ဒေသကွပ်ကဲရေးမှူး (ဒကစမှူး)ထံတင်ပြပြီး ခွင့်ပြုချက်ရမှသာ ဖွင့်လှစ်နိုင်ကြောင်း ဌာန ဆိုင်ရာအရာရှိများက မော်ကွန်းကို ရှင်းပြသည်။

       လောက်ကိုင်မြို့နယ် ပညာရေးမှူး ဦးသန်းဝင်းက ”အေး ချမ်းမှုက ၁ဝဝ ရာခိုင်နှုန်း အပြည့်မရသေးဘူးလေ။ အခုလည်း နောက်ထပ် ငါးကျောင်းဖွင့်ချင်တယ်လို့ ဒကစမှူး(ဒေသကွပ်ကဲ ရေးမှူး)ကို တင်ပြထားတယ်။ ခွင့်ပြုချက်ရမှ ဖွင့်ပေးနိုင်မယ်”ဟု ပြောပြသည်။

 

စီးပွားရေးတွေ ထိခိုက်

       ချင်းရွှေဟော်-လောက်ကိုင်-ရန်လုံကျိုင်း ကားလမ်းဘေး တစ်လျှောက် စိုက်ပျိုးထားသည့် ကြံခင်းများ၊ စပါးခင်းများနှင့် ရာ ဘာစိုက်ခင်းများက စိမ်းစို၍နေသည်။ တရုတ်နိုင်ငံလုပ် ထွန် စက်များဖြင့် ထွန်ရက်နေသူများ၊ ပျိုးကြဲနေသူများကိုလည်း တွေ့ မြင်ရသည်။

       ယခင်ကိုးကန့်ခေါင်းဆောင် ဦးဖုန်ကြားရှင်လက်ထက်က တည်းက ဘိန်းအစားထိုးသီးနှံအဖြစ် စိုက်ပျိုးခဲ့သည့်ကြံမှာ ဝင် ငွေ အများဆုံးရသည့် သီးနှံတစ်မျိုးဖြစ်ပြီး နှစ်စဉ်ကြံတန်ချိန်       ခြောက်သိန်းခန့် ထွက်ရှိသည်ဟုဆိုသည်။

       (လောက်ကိုင်ခရိုင်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ စာရင်း ဇယားများ အဆိုအရ စိုက်ပျိုးမြေ ၇၅,ဝဝဝ ဧကကျော်ရှိပြီး ပြောင်း ၂၅,ဝဝဝ ဧက၊ ကြံ ၂ဝ,ဝဝဝ ဧက၊ စပါး ၁၄,ဝဝဝ ဧက၊ လယ် ၇,၃ဝဝ ဧက၊ လက်ဖက် ၆,၉ဝဝ ဧကနှင့် ရာဘာ ၂,၆ဝဝ ဧကစိုက်ပျိုးသည်ဟုဆိုသည်။)

       ထွက်ရှိလာသည့်ကြံများကို တရုတ်အစိုးရပိုင်နန်ဝါနှင့် ခမ်းဖုန်းကုမ္ပဏီတို့က ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီး အဖွဲ့နှင့် စာချုပ်ချုပ်ဆို၍ နှစ်စဉ်ဝယ်ယူသည်။ ပြီးခဲ့သည့်နှစ်က ကြံတန်ချိန် ခြောက်သိန်းခန့်ကို ယင်းတရုတ်ကုမ္ပဏီများသို့ တင် ပို့ရောင်းချခဲ့သည်ဟု လောက်ကိုင်ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဦးစိုင်းသန်းအောင်က ပြောပြသည်။ ကြံတစ်တန်လျှင် ယွမ် ၄ဝဝ ခန့် ပေါက်ဈေးရှိရာ တန်ချိန်ခြောက်သိန်းဆိုလျှင် ယွမ်သန်း ၂၄ဝ ကျော် ဝင်ငွေရရှိသည့် သဘောဖြစ်သည်။

       တိုက်ပွဲမဖြစ်မီ ဇန်နဝါရီလအတွင်း ကြံခုတ်ခွင့်ရခဲ့ကြသော် လည်း တိုက်ပွဲများဖြစ်ပေါ်လာသည့် ဖေဖော်ဝါရီလဆန်းမှ မတ် လနောက်ဆုံးပတ်အထိ ကြံခုတ်မှုရပ်ဆိုင်းခဲ့ရကြောင်း၊ ကြံ တောင်သူများ မနစ်နာစေရန် ဒကစမှူးကိုတင်ပြပြီး မတ်လ ကုန်မှ ဇွန်လအလယ်အထိ ကြံခုတ်ယူခဲ့ရာ တန်ချိန် နှစ်သိန်းခွဲခန့် ခုတ်ယူရရှိခဲ့ကြောင်း လောက်ကိုင်ခရိုင် စိုက်ပျိုးရေးဦးစီးမှူး ဦးစိုင်းသန်းအောင်က ပြောပြသည်။

       ”တိုက်ပွဲဖြစ်နေတဲ့နေရာဆို ကားနဲ့ ဘယ်လိုသွားသယ် မလဲ။ အထူးသဖြင့် မြောက်ဘက်အခြမ်းက ကုန်းကြမ်းမြို့နယ်နဲ့ မော်ထိုက်ဘက်မှာ တချို့ကျန်သွားတာတွေရှိတယ်”ဟု ၄င်းက ရှင်းပြသည်။

       တိုက်ပွဲအတွင်း လက်နက်ကြီးများ ကျရောက်ပေါက်ကွဲ သဖြင့် ကြံခင်းအချို့ မီးလောင်ပျက်စီးသွားပြီး တောင်သူများ ထွက်ပြေးတိမ်းရှောင်နေရ၍ လုံးဝမခုတ်လိုက်ရသည့် ကြံခင်း များလည်း ရှိသည်ဟု လောက်ကိုင်မြို့နယ်၊ ခုတ်ထန်ရွာမှ ကြံ တောင်သူများက ပြောသည်။

       ကြံ ၆ဝ ဧကစိုက်ပျိုးထားသည့် ဒေသခံကိုးကန့်တောင်သူ မရှောက်ကော်က ”ဒီနှစ် ကြံမခုတ်လိုက်ရဘူး။ အကုန်မီးရှို့ခံရလို့ ပျက်ကုန်ပြီ။ ရွာပြန်လို့ရရင်တောင် ပြန်စိုက်ဖို့ အရင်းအနှီး မရှိ တော့ဘူး”ဟု ညည်းတွားသည်။

       သို့ဖြစ်ရာ ယခုနှစ်တွင် ကြံတန်ချိန် ၃၈ဝ,ဝဝဝ ခန့်သာ တင်ပို့နိုင်ခဲ့သဖြင့် ယမန်နှစ်က စံချိန်တင်ထွက်ရှိခဲ့သည့် ကြံတန် ချိန် ခြောက်သိန်း၏ ၇ဝ ရာခိုင်နှုန်းသာရှိကြောင်း ခရိုင် စိုက်ပျိုး ရေးရုံးက ဆိုသည်။

       လုံခြုံရေးအခြေအနေအရ ပြန် မဝင်လာကြသေးသည့် ကိုး ကန့်တောင်သူအချို့ရှိနေသေးကြောင်း၊ အချိန်မီပြန်လည်ဝင် ရောက်ပြီး ဂရုတစိုက်လုပ်ကိုင်ခြင်းမရှိပါက လာမည့်နှစ်၌လည်း ကြံအထွက်လျော့သွားနိုင်ကြောင်း ဦးစိုင်းသန်းအောင်က ရှင်း ပြသည်။

       တိုက်ပွဲကာလအတွင်း ရိတ်သိမ်းခူးဆွတ်ရမည့် အချိန်နှင့် တိုက်ဆိုင်နေသည့် ကြံနှင့် လက်ဖက်မှလွဲ၍ ကျန်သီးနှံများမှာ စိုက်ပျိုးချိန်မဟုတ်သဖြင့် ပျက်စီးဆုံးရှုံးခြင်းမရှိကြောင်း သိရသည်။

       တိုက်ပွဲအတွင်း နစ်နာဆုံးရှုံးခဲ့သည့် ကြံစိုက်တောင်သူများ ကို တရုတ်ကုမ္ပဏီက ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး အစိုးရမှ လည်း စိုက်ပျိုးရေးကဏ္ဍထောက်ပံ့ရေးအတွက် ပြန်လည်ဝင် ရောက်လာသည့် ဒေသခံအိမ်ထောင်စုများ၏ စာရင်းအချက် အလက်များ ကောက်ယူနေပြီဖြစ်ကြောင်း လောက်ကိုင်ခရိုင် အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေက ပြောသည်။

လုံခြုံမှုအပေါ် သံသယရှိကြဆဲ

       မြို့လယ်ကောင်ရှိ ဟိုတယ်၊ တည်းခိုခန်းအချို့မှာ ပိတ်ထား ပြီး စီးပွားရေးလုပ်ငန်းအများစုမှာလည်း လုပ်ငန်းများရပ်ဆိုင်း ထားကြသည်။ ပိတ်ထားသည့် ဈေးဆိုင်ခန်းအချို့ ပြန်ဖွင့်ရန် ပြင်ဆင်မွမ်းမံနေပြီဖြစ်သော်လည်း ဆိုင်ခန်းအများစုမှာမူ ကာလ ကြာရှည် ပိတ်ထားဆဲပင်ဖြစ်သည်။

       လောက်ကိုင်မြို့၊ အမှတ် ၂ ရပ်ကွက်မှ ကုန်သည်ဒေါ်ခင်ဝင်း ရီက ”အခုလို တိုက်ပွဲတွေ ဖြစ်သွားတော့ အရောင်းအဝယ်က မရှိတော့ဘူးလေ။ စားဖို့ပဲ ရတာပေါ့။ အိမ်တွေ မပျက်စီးအောင်၊ မီးရှို့မခံရအောင်သာ ဒီလိုနေနေကြရတာ”ဟု ပြောပြသည်။

       လောက်ကိုင်မြို့ရှိ အလှကုန်ပစ္စည်းအရောင်းဆိုင်တစ်ဆိုင် မှ အရောင်းဝန်ထမ်း မထွာကြာထွန်သည်လည်း တိုက်ပွဲ မဖြစ်ခင် က တစ်လလျှင် ယွမ်၂,၈ဝဝ (ကျပ် ၅၆ဝ,ဝဝဝ ခန့်) ရခဲ့သော် လည်း ”အခု ဆိုင်ပြန်ဖွင့်တော့ မာရှယ်လော (စစ်အုပ်ချုပ်ရေး) ကြောင့် အရင်ထက် အလုပ်ချိန်နည်းသွားလို့ ဆိုပြီး လစာက ယွမ် ၂,ဝဝဝ (ကျပ်လေးသိန်းခန့်) ပဲ ရတော့တယ်”ဟု ဆိုသည်။

       ‘ကောင်းထက်သာ’လက်ဖက်ရည်ဆိုင်ပိုင်ရှင် ကိုငယ်လေး သည် ဈေးဆိုင်ခန်းနှင့် အိပ်ခန်းများပါဝင်သည့် နေအိမ်ခြံဝင်း တစ်ခုကို စစ်မဖြစ်ခင်က တစ်နှစ်လျှင် ယွမ် ၈ဝ,ဝဝဝ (ကျပ်သိန်း ၁၆ဝ နီးပါး)ဖြင့် ငှားရမ်းပြီး ရွှေ့ပြောင်းလုပ်သားများကို ထပ်ဆင့် ငှားရမ်းခဲ့သည်။

       ယခုအခါ ရွှေ့ပြောင်းလုပ်သားများပြန်သွားကြသဖြင့် ငှား ရမ်းမည့်သူ မရှိတော့ဟု သူက ဆိုသည်။ ကိုငယ်လေးသည် ၂ဝဝ၉ ခုနှစ်တွင် ကိုးကန့်တပ်ဖွဲ့နှင့် မြန်မာတပ်မတော်အကြား ဖြစ်ပွား သော တိုက်ပွဲကို သိမီခဲ့သူဖြစ်သည်။ ထိုစဉ်ကလည်း စီးပွားရေး ထိခိုက်ခဲ့ရသည်ဟုဆိုသည်။

       လောက်ကိုင်မြို့ပေါ်တွင် အထပ်မြင့် အဆောက်အအုံကြီး များ အပါအဝင် ဆောက်လုပ်ရေးလုပ်ငန်း ၂ဝ ခန့်ရှိပြီး လက်ရှိ တွင် လုပ်ငန်းအားလုံးနီးပါး ရပ်ဆိုင်းထားကြောင်း ရွှေ့ပြောင်း ပန်းရန်လုပ်သားများက မော်ကွန်းကို ပြောသည်။

       ”ဒီလကုန် လုပ်ငန်းတွေ ပြန်စကြမယ်လို့တော့ ပြောသံ ကြားတာပဲ။ အခုလောလောဆယ် ကျွန်တော်တို့ရဲ့ တရုတ်လော ပန်နှစ်ယောက်တော့ လောက်ကိုင်ကို ပြန်ရောက်နေပြီ။ အရမ်း ကြောက်တဲ့ လောပန်တွေတော့ ပြန်မလာကြသေးဘူး”ဟု လုပ် သက်ငါးနှစ်ရှိ ပန်းရန်လုပ်သား ကိုကျော်ကျော်က ပြောသည်။

       စစ်မဖြစ်မီက လောက်ကိုင်မြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်း များ၌ လာရောက်လုပ်ကိုင်နေသည့် အနယ်နယ်အရပ်ရပ်မှ ရွှေ့ ပြောင်းပန်းရန်လုပ်သား ၃,ဝဝဝ ကျော်ရှိခဲ့သည်ဟု သိရသည်။

သက်ဝင်လှုပ်ရှား လောင်းကစားဝိုင်းများ

       အချို့စီးပွားရေးလုပ်ငန်းများကတော့ ပြန်လည်စည်ပင်စ ပြုလာပြီဖြစ်သည်။ ယင်းတို့ထဲတွင် လောင်းကစားဝိုင်းများလည်း ပါဝင်သည်။

       Myanmar Police အမှတ်တံဆိပ်ပါ အပြာရောင်ယူနီ ဖောင်းဝတ်ဆင်ထားသည့် ကိုးကန့်ရဲနှစ်ဦးက ခန်းမထဲဝင်လာသူ များကို စေ့စေ့စပ်စပ်ကြည့်ရှုနေသည်။ ခါးကြားတွင်တော့ နက် မှောင်တောက်ပြောင်နေသည့် ပစ္စတိုတစ်လက်စီ ချိတ်ဆွဲထားသည်။

       ခန်းမကျယ်ကြီးထဲဝင်သွားသည့်အခါ အနက်ရောင်ဝမ်း ဆက် လက်စကကုတ်အင်္ကျီနှင့် စကတ်အတိုကို သပ်သပ်ရပ်ရပ် ဝတ်ဆင်ထားသည့် ကိုးကန့်အမျိုးသမီးလေးများက ‘ရှင်’ ‘စွမ်း’ဆိုသည့် ကိုးကန့်တရုတ်စကားသံကို သံပြိုင်ရွတ်ဆိုနေရင်း ဖဲချပ် များကို စားပွဲဝိုင်းပေါ်တွင် ကျွမ်းကျင်ပိုင်နိုင်စွာ ဝေနေကြသည်။ အနီရောင်ဖဲချပ်များကို နှစ်ပုံပုံ၍ခွဲဝေပြီး ထိုးသားက ကြိုက် နှစ်သက်ရာဘက်မှ လောင်းနိုင်သည့် ဖဲကစားနည်းဖြစ်သည်။

       စားပွဲဝိုင်းတိုင်းတွင် ဝန်ထမ်းအမျိုးသမီးငယ် သုံးဦးစီရှိပြီး လောင်းကစားသူ ငါးဦးမှ ဆယ်ဦးခန့်အထိရှိသည်။ ယင်းလောင်း ကစားရုံတွင် စားပွဲဝိုင်းပေါင်း ၂၃ ဝိုင်းရှိရာ လာရောက်ကစားနေ သူနှင့် ဝန်ထမ်းစုစုပေါင်း လူ  ၂ဝဝ  ကျော်ရှိသည်။

       လောက်ကိုင်မြို့၏ အဓိကစီးပွားရေးလုပ်ငန်းတစ်ခုဖြစ် သည့် လောင်းကစားရုံများမှာ စစ်အုပ်ချုပ်ရေးစတင်ပြီး နှစ်လခန့် အကြာ ပြီးခဲ့သည့် ဇွန်လမှစ၍ ပြန်လည်ဖွင့်လှစ်နေကြပြီဖြစ်သည်။  ဖူလီလိုက်၊ လောက်ပယ်စင်း၊ စင်းပယ်စင်း၊ ဝမ်ကြယ်၊ ဟွေးတူ၊ ထိန်လုံ၊ သီးပေါက်စသည့် လောင်းကစားရုံများမှာ ဝန်ထမ်းရာချီ ရှိပြီး လာရောက်ကစားကြသူများဖြင့် အထူးစည်ကားလျက်  ရှိသည်။

       စစ်မဖြစ်ခင်က ဝန်ထမ်းတစ်ဦးလျှင် တစ်လယွမ် ၂,၅ဝဝ မှ ၃,ဝဝဝ ခန့်သာရရှိခဲ့သော်လည်း စစ်ဖြစ်ပြီးနောက်တွင် နေ့စားခ အဖြစ် တစ်ရက်လျှင် ယွမ် ၁၅ဝ နှုန်း (ကျပ်သုံးသောင်း) အထိ တိုးပေးခဲ့ကြောင်း အမှတ်၂ ရပ်ကွက်မှ အမျိုးသမီး လောင်းကစား သမားတစ်ဦးက ပြောသည်။

       လောက်ကိုင်မြို့၏ အဓိကစီးပွားရေးလုပ်ငန်းကြီးများ၌ တရုတ်နိုင်ငံသားလုပ်ငန်းရှင်များက ရင်းနှီးမြှုပ်နှံထားခြင်းဖြစ် ပြီး တိုက်ပွဲကြောင့် ယင်းလုပ်ငန်းရှင်များ ပြည်မသို့ ပြန်သွား သဖြင့် ဆောက်လုပ်ရေးလုပ်ငန်းအပါအဝင် လုပ်ငန်းအချို့ ရပ် ဆိုင်းသွားခဲ့သည်။

       ‘ဟွေ့ထုံ’ဟိုတယ်ပိုင်ရှင် ဦးဟွာအဲက တိုက်ပွဲများဖြစ်ပွား ပြီးနောက် လောက်ကိုင်သို့ လာရောက်လည်ပတ်သည့် ခရီးသွား များမှာ သိသိသာသာနည်းပါးသွားပြီး ယခင်ထက် သုံးပုံတစ်ပုံ လောက်သာ ရှိတော့ကြောင်း မော်ကွန်းကို ရှင်းပြသည်။

       ”ဟိုဘက်က တရုတ်လောပန်တွေက နည်းနည်းပါးပါးပဲ ပြန်ဝင်လာသေးတယ်။ သူတို့လည်း အခြေအနေ စောင့်ကြည့်နေ ကြတာ” ဟု ၄င်းက ဆိုသည်။

ရွေးကောက်ပွဲရှုခင်း ဘယ်လိုဖြစ်မလဲ

       ကိုးကန့်ဒေသရှိ မဲရုံ ၅၈ ရုံအနက် တိုက်ပွဲများဖြစ်ပွားနေ သည့် မော်ထိုက်မြို့ (ယခင်မော်ထိုက်မြို့နယ်ခွဲ) အစွန်အဖျား ဒေသရှိ မဲရုံခြောက်ရုံခန့်မှာ ရွေးကောက်ပွဲကျင်းပနိုင်ရန် မသေ ချာသေးကြောင်း ရှမ်းပြည်နယ်မြောက်ပိုင်း၊ ရွေးကောက်ပွဲကော် မရှင်အဖွဲ့ခွဲတာဝန်ခံ ဦးနှစ်ဆန်းဦးက ရှင်းလင်းပြောဆိုသည်။

       ”ရွေးကောက်ပွဲလုပ်ဖို့ သုံးလလောက် အချိန်ကျန်သေး တာဆိုတော့ ကြားကာလထဲမှာ အေးချမ်းသွားနိုင်ပါတယ်။ ဒါပေမဲ့ ရွေးကောက်ပွဲနီးတဲ့အထိ အဲဒီနေရာတွေမှာ လုံခြုံရေး စိတ်မချရရင် တခြားလုံခြုံရေးစိတ်ချရတဲ့နေရာမှာ မဲရုံတစ်ရုံ ထားပြီး မဲပေးနိုင်ဖို့ စီစဉ်သွားမှာပါ”ဟု ၄င်းက ဆိုသည်။

       တစ်နိုင်ငံလုံးတွင် အသက် ၁၈ နှစ်အထက်ရှိသူ ၃၃ သန်း ကျော်ရှိသည့်အနက် ရွေးကောက်ပွဲ၌ မဲပေးခွင့်ရှိသူ ၃၂ သန်း ကျော်ရှိသည်။ ၂ဝ၁၄ ပြည်လုံးကျွတ် သန်းခေါင်စာရင်းအရ ကိုးကန့်ဒေသတွင် အသက် ၁၈ နှစ်အထက်ရှိသူ ကိုးသောင်း ကျော်ရှိသော်လည်း ရှမ်းပြည်နယ်မြောက်ပိုင်း၊ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ ခွဲက ထုတ်ပြန်ထားသည့် မဲပေးခွင့်ရှိသူဦးရေမှာ လေးသောင်းနီးပါးသာရှိသည်ကို တွေ့ရသည်။

       ၂ဝ၁၅ အထွေထွေရွေးကောက်ပွဲတွင် ကိုးကန့်ဒေသ၌ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် လေးနေရာ၊ ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် နှစ်နေရာနှင့် အမျိုးသားလွှတ်တော်ကိုယ် စားလှယ် တစ်နေရာတို့အတွက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် ရှမ်းပြည် ကိုးကန့်ဒီမိုကရက်တစ်ပါတီတို့မှ ကိုယ်စားလှယ်လောင်း ၁၄ ဦး ဝင်ရောက်ယှဉ်ပြိုင်ကြမည် ဖြစ်သည်။

 

ငြိမ်းချမ်းရေး ဝေဝါးနေဆဲ

       အစိုးရအနေဖြင့် ဦးဖုန်ကြားရှင်ဦးဆောင်သည့် ကိုးကန့် လက်နက်ကိုင်အဖွဲ့နှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် အစီအစဉ် လုံးဝ မရှိကြောင်း သမ္မတ၏ ပြောခွင့်ရပုဂ္ဂိုလ် ပြန်ကြားရေးဝန်ကြီး ဦးရဲ ထွဋ်က ပြီးခဲ့သည့် ဧပြီလက ပြောကြားခဲ့သည်။

       အစိုးရက တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ် (Nationwide Ceasefire Agreement – NCA) လက်မှတ်ထိုးရန် လက်နက် ကိုင် အဖွဲ့ ၁၅ ဖွဲ့ကိုသာ ဖိတ်ခေါ်ထားပြီးMNDAA ၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ ရခိုင်တပ်မ တော် (AA)၊ ‘ဝ’အမျိုးသားအဖွဲ့ချုပ် (WNO)၊ ရခိုင်အမျိုးသား ကောင်စီ (ANC)နှင့် လားဟူ ဒီမိုကရက်တစ်အစည်းအရုံး (LDU) တို့ကို ဖိတ်ခေါ်မထားပေ။

       ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ကျင်းပခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ ထိပ်သီးအစည်းအဝေး၌ NCA တွင် MNDAA အပါအဝင်လက်နက်ကိုင်အဖွဲ့အားလုံးပါဝင်လက်မှတ်ထိုးရေးမူကိုကိုင်စွဲပြီးသမ္မတဦးသိန်းစိန်နှင့်ဆက် လက်ဆွေးနွေးညှိနှိုင်းသွားမည်ဖြစ်ကြောင်း သြဂုတ် ၂၃ ရက်က ဆုံးဖြတ်ခဲ့ကြသည်။

       တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က NCA လက်မှတ်ရေးထိုးရာတွင် MNDAA၊ TNLA၊ AA အဖွဲ သုံးဖွဲ့အနေဖြင့် လက်နက်စွန့်ရမည်ဖြစ်ကြောင်း သြဂုတ်၂၅ ရက်က စာနယ်ဇင်းကောင်စီ(ယာယီ)နှင့် တွေ့ဆုံရာ ပြောဆိုခဲ့သည်ဟု မြဝတီသတင်းစာတွင် ဖော်ပြထားသည်။

       ယင်းအခြေအနေများကြောင့် NCA လက်မှတ်ထိုးရေးမှာ ယခုအစိုးရသက်တမ်းအတွင်း မသေချာတော့ကြောင်း ကျွမ်း ကျင်သူများက သုံးသပ်ထားကြသည်။

       ဘယ်အချိန် ငြိမ်းချမ်အးမည်ကို မသိရသေးသည့်နည်းတူ တိုက်ပွဲများဖြစ်ပွားနေသော နေရာအချို့သို့ ကယ်ဆယ်ရေးအဖွဲ့ များ သွားရောက်ရန်မှာလည်း အကန့်အသတ်များရှိနေသည်။ ထို့ကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများကို လောက်ကိုင်မြို့နယ် အတွင်း၌သာ လုပ်ကိုင်နေရသည်ဟု ကယ်ဆယ်ရေးလုပ်ဆောင် နေသည့် အဖွဲ့အစည်းများက ဆိုသည်။

       လောက်ကိုင်တွင် မြန်မာနိုင်ငံ ကိုးကန့်လူမှုရေး ကယ်ဆယ် ရေး ကူညီစောင့်ရှောက်မှုအသင်း၊ မြန်မာနိုင်ငံကိုးကန့် ဘဏ္ဍာ ရေးအဖွဲ့၊  မြန်မာနိုင်ငံ ကိုးကန့်လူမှုဖွံ့ဖြိုးရေးအသင်း၊ မြန်မာနိုင်ငံ ကိုးကန့်လူငယ်ယဉ်ကျေးမှုအဖွဲ့၊ မြန်မာနိုင်ငံ ကိုးကန့်လူမှုကယ် ဆယ်ရေးအဖွဲ့နှင့် ဝေဠုကျော်ဖောင်ဒေးရှင်းလူမှုကယ်ဆယ်ရေးအဖွဲ့တို့ အခြေစိုက်ထားကြပြီး ကယ်ဆယ်ထောက်ပံ့ရေးလုပ်ငန်း များ လုပ်ကိုင်လျက်ရှိသည်။

       ဝေဠုကျော်ဖောင်ဒေးရှင်း လူမှုကယ်ဆယ်ရေးအဖွဲ့မှ ကိုစောသိန်းထိုက်အောင်(ခ)အောင်အောင်က ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်ရာတွင် သွားလိုသည့်နေရာကို ခရိုင် အုပ်ချုပ်ရေးမှူးနှင့် ဒေသကွပ်ကဲရေးစစ်ဌာနချုပ်တို့ကို တင်ပြပြီး ၄င်းတို့သဘောတူခွင့်ပြုမှသာ သွားရောက်လုပ်ကိုင်နိုင်သည်ဟုဆိုသည်။

       ”လမ်းကြောင်းအခြေအနေကတော့ ကောင်းပါတယ်။ သူ တို့စိတ်ချရတဲ့နေရာကိုပဲ ပေးလွှတ်တယ်” ဟု ကိုစောသိန်းထိုက် အောင်က ရှင်းပြသည်။

       လုံခြုံရေးအခြေအနေအရ ကုန်းကြမ်းနှင့် မော်ထိုက်ဘက် သို့ ကယ်ဆယ်ရေးအဖွဲ့များ မဝင်နိုင်သေးကြောင်း မြန်မာနိုင်ငံ ကိုးကန့်လူမှုကယ်ဆယ်ရေးအဖွဲ့မှ ဆေးမှူး ကိုမိုးမြင့်ကျော်က ပြောပြသည်။

       စားနပ်ရိက္ခာများ ပြတ်လပ်နေပြီး ငှက်ပျောအူများ၊ တော ထဲမှ အသီးအရွက်များကို ပြုတ်စားနေရသည်ဟု တိုက်ပွဲများဖြစ် ပွားနေသည့် မော်ထိုက်မှ ဒေသခံအချို့၏ တယ်လီဖုန်းဖြင့် ပြော ကြားချက်ကို ကိုးကား၍ ကိုမိုးမြင့်ကျော်က ပြောပြသည်။

       တိုက်ပွဲကာလအတွင်း ကျေးလက်ဒေသများသို့ ကယ် ဆယ်ရေးလုပ်ငန်းများ သွားရောက်လုပ်ကိုင်ရာတွင် လမ်းများ၊ ကြံခင်းများတွင် မပေါက်ကွဲသေးသည့် အာရ်ပီဂျီဗုံးသီး၊ လက်ပစ် ဗုံးနှင့် မြေမြုပ်မိုင်းအချို့ တွေ့ခဲ့ရသဖြင့် လက်ရှိအခြေအနေတွင် လုံခြုံဘေးကင်းရေးအတွက် သတိထားလုပ်ဆောင်နေရကြောင်း ကယ်ဆယ်ရေးလုပ်သားတစ်ဦးက ပြောသည်။

       ထို့အတူ တိုက်ပွဲများ ဖြစ်ပွားပြီးနောက် လောက်ကိုင်မြို့  ၌ လုံခြုံရေးအရ စစ်ဆေးမေးမြန်းမှုများရှိသဖြင့် ကျေးလက်ဒေသမှ အချို့လူနာများမှာ ဆေးဝါးကုသရန် မလာရောက်ရဲတော့ကြောင်း ဒေသခံများက မော်ကွန်းကို ပြောကြသည်။

ပုံမှန်ပြန်ဖြစ်ဖို့ အချိန်ကြာနိုင်

       လွန်ခဲ့သော ခြောက်နှစ်က ဖြစ်ပွားခဲ့သော တိုက်ပွဲကာလ ကို သိမီသူများ သုံးသပ်သည်ကတော့ သူတို့ဒေသ ပုံမှန်ပြန်ဖြစ်ဖို့ အချိန်ယူရလိမ့်ဦးမည်ဟူ၍ ဖြစ်သည်။

       ၂ဝဝ၉ ခုနှစ်က ကိုးကန့်ခေါင်းဆောင်ဟောင်း ဦးဖုန်ကြား ရှင်ဦးဆောင်သည့် ကိုးကန့်တပ်ဖွဲ့နှင့် တပ်မတော်တို့အကြား သုံးရက်ကြာ တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ ဒေသခံကိုးကန့်လူမျိုး ၃ဝ,ဝဝဝ ခန့် တရုတ်နိုင်ငံထဲသို့ ထွက်ပြေးခိုလှုံခဲ့ကြရသည်။ လွန် ခဲ့သော ခြောက်နှစ်ခန့်က ကြုံတွေ့ ခဲ့ရသည့် ထိုအဖြစ်အပျက်ကို ကိုးကန့်ဒေသခံတို့ မမေ့နိုင်ကြသေး။

       ထိုစဉ်က တိုက်ပွဲကြာချိန်မှာ နှစ်ရက်၊ သုံးရက်ခန့်သာ ကြာသည်။ သို့သော် ပြန်လည်ထူရေးလုပ်ငန်းများဆောင်ရွက်ရာ တွင် မြို့ကို မူလအတိုင်းပြန်ဖြစ်ဖို့အတွက် အချိန်တစ်နှစ်ကြာ ယူခဲ့ရသည်။

       ယခုအခါမှာတော့ မြို့ကို မူလအတိုင်း ပြန်ဖြစ်ရန်အတွက်  ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို တစ်နှစ်ခွဲ၊ နှစ်နှစ်ကြာ အချိန်ယူရဖွယ်ရှိသည်ဟု လောက်ကိုင်မြို့ ၌အခြေချပြီး စီး ပွားရေးလုပ်ကိုင်နေသည်မှာ ၁၇ နှစ်ကြာရှိပြီဖြစ်သော  ‘ကောင်း ထက်သာ’လက်ဖက်ရည်ဆိုင်ပိုင်ရှင် ကိုငယ်လေးက ခန့်မှန်း ပြောဆိုသည်။

       ကိုငယ်လေးကဲ့သို့ပင် လောက်ကိုင်ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာဇင်ကိုကိုအောင်ကလည်း လောက်ကိုင်ဒေသတစ်ခုလုံး ပြန်လည်ထူထောင်ဖို့အတွက် အချိန်ကာလတစ်ခုအထိ စောင့်ရ လိမ့်ဦးမည်ဟုဆိုသည်။ သို့သော် သူ စိုးရိမ်နေတာ တစ်ခုတော့ရှိ သည်။ ယင်းမှာ…

       ”ကြားထဲမှာ စစ်ပြန်ဖြစ်ရင်တော့ ကြာမှာပေါ့” ။    ။

အမျိုးအစား - သတင်းဆောင်းပါး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."