ဝုတ်နိုင်အောင် ကြိုးစားကြမည်

ဝုတ်နိုင်အောင် ကြိုးစားကြမည်

စက်တင်ဘာလထုတ်-၂၀၁၃၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၈) မှ သရော်စာ ဆောင်းပါးဖြစ်ပါသည်။

ဇူးလူး ရေးသည်။

ကျွနု်ပ်တို့၏ ဆရာ့ဆရာကြီးများအဆိုအရ ကျွနု်ပ်တို့ သတင်းသမားများသည် ဟောင်ရမည့် ခွေးများဖြစ်ကြ၏။ အဘယ်ကြောင့်ပါနည်း။ အကျွနု်ပ်တို့လို သတင်းသမားများကို (ကြီးကြီးကျယ်ကျယ် ပြောရမည်ဆိုလျှင်ဖြင့်) စတုတ္ထမဏ္ဍိုင် ဘာ ညာဟုဆိုကြပေချိမ့်၊ အနောက်တိုင်းသတင်းစာ သင်ရိုးများတွင် ရင်းဂလိပ်လို (English ကို ငါးပိသံနှင့်ပြောခြင်းဖြစ်သည်)Watch Dog(စောင့်ကြည့်ခွေး) ဟု ဆိုထားလေသောကြောင့်ပင်။

၎င်းစကားရပ်ကို ကျွနု်ပ်အဟောင်တော် ဇူးလူးတစ် ယောက် လွန်စွာသဘောကျနှစ်ခြိုက်လေ၏။ မည်သို့နည်း။

အဓိပ္ပာယ်မူကား အိမ်ရှင်နှင့်တူသော တိုင်းသူပြည်သား များ လုံလုံခြုံခြုံ စိတ်လက်ချမ်းသာ နေနိုင်ဖို့ရာ  Watchdog  များက အန္တရာယ်ပြုမည့်သူများအား စောင့်ကြည့်ကာ ပြည်သူ များ သတိပြုမိစေရန် ဟောင်ရမည့် တာဝန်ရှိသည်ဟူ၏။ သို့ပေ သော်ငြား ကျွနု်ပ်တို့မှာကား လွတ်လပ်စွာ ဟောင်နိုင်ရေးအတွက် တိုက်ပွဲများ ဝင်နေရသေးပေသည်။ လွတ်လပ်ရေးရပြီးနောက် နှစ်ပေါင်းတစ်ဒါဇင်ခန့် လွတ်လပ်စွာဟောင်နိုင်ခဲ့ကြသော်လည်း ထိုစဉ်က ဟောင်သူများကို နိုင်ငံရေးသမားများနှင့် အဖွဲ့အစည်း များက ဇက်ကြိုးဆွဲထားလေ၏။

တိုင်းပြည် ချောက်ထဲကျမှာ စိုးရိမ်သည်ဟုဆိုသူကြီးက တိုင်းပြည်၏တာဝန်အရပ်ရပ်ကို မလွှဲမရှောင်သာ (မလွှဲမရှောင် သာ ပစ်ခတ်သတ်ဖြတ်ခဲ့ရခြင်း ဆိုလိုဟန်တူ၏) ဟုပြောပြီး လက် လွှဲယူလိုက်သည့်အချိန်ကစပြီး ကျွနု်ပ်တို့ ဟောင်သောခွေးများ လည်း လွတ်လပ်စွာ ဟောင်ခွင့်မရတော့ချေ။  ကျွနု်ပ်တို့နိုင်ငံတွင် ခွေးသင်တန်းကျောင်းများ မရှိသလို ခွေးအသစ်များသည်လည်း မည်သို့ဟောင်ရမည်ကို မသိဖြစ်ခဲ့ကြ၏။ ဟောင်ရန်ကြိုးစားသော ခွေးများကိုလည်း သွားများ ကျွတ်ထွက်သည်အထိ ရိုက်နှက်နှိပ် စက်တတ်ပြီး အချို့ကို သံတိုင်များနောက်သို့ ပို့လိုက်ကြပေတော့ သည်။ ကျွနု်ပ်တို့ထံမှ ‘ဝုတ်…ဝုတ်’ဟူသော အသံအစား ‘ကိန်… ကိန်’ဟူ၍သာ နှာနုအထုခံရသော အသံသာ ထွက်နိုင်လေ တော့၏။

(‘ဝုတ်…ဝုတ်’ဟူသည်မှာ လူဆိုးသူခိုးကြမ်းပိုးများ တွေ့ သောအခါ အောင်မြင်စွာဖြင့် ဟောင်သောအသံ၊ ‘ကိန်…ကိန်’ ဆိုသည်မှာထိုသူများက နှာနုပိတ်ထု၍ မရှုမလှဖြစ်ကာ ထွက်လာ သောအသံ၊ ‘အူ…ဝု…အူ…ဝု’ ဆိုသည်မှာ ခွေးများ အဖွဲ့တောင့်၍ ဘယ်သူက ဘယ်လိုစ၍ အူမှန်းမသိဘဲ ဝိုင်းရောယောင်ကာ အူကြသောအသံဖြစ်ပေသည်။ ဤကား စကားချပ်တည်း။)

ထို့နောက် ဟောင်သံမှတ်ပုံတင်ရေးနှင့် စိစစ်စောင့်ကြည့် ရေးအဖွဲ့ကို ထားရှိကာ ဟောင်သံများကို နားထောင်လေတော့ သည်။ ဟောင်သံများကို ထိန်းချုပ်မည့် ဥပဒေများကိုလည်း တစ်ခုပြီး တစ်ခု ထုတ်ပြန်လေတော့သည်။ အင်တာနက်ပင့်ကူ အိမ်ပေါ် တက်ဟောင်သူများကို အရေးယူရန် ဥပဒေများ၊ အီ လက်ထရောနစ်ပစ္စည်းများကို အသုံးပြုကာ ဟောင်မည့်သူများ အတွက် ဥပဒေများကို ပြဋ္ဌာန်းကာ (၎င်းတို့ အိပ်ရေးမပျက်စေရန်) ဟောင်သူများကို အပြင်းအထန်ပင် နှာနုထုလေတော့၏။

လွန်ခဲ့သော နှစ်နှစ်ခွဲခန့်အချိန်ကစ၍ ဇူးလူးတို့နိုင်ငံ၌ အပြောင်းအလဲ(ယူနီဖောင်းပြောင်းခြင်းကို ဆိုဟန်တူ၏) ဆိုသည့် စကားရပ်များ ခေတ်စားခဲ့သလို ပြုပြင်ပြောင်းလဲရေး (တရား မဝင်မှုများ တရားဝင်ဖြစ်စေရန်) ဆိုသည့်စကားရပ်များလည်း ခေတ်စားခဲ့ပေသည်။ လွန်ခဲ့သည့် ၂ဝ၁၂၊ သြဂုတ်မှစကာ ဟောင်သံမှတ်ပုံတင်ရေးနှင့် စိစစ်စောင့်ကြည့်ရေးအဖွဲ့ထံတွင် တကယ်မဟောင်ခင် အစမ်းဟောင်ပြနေရခြင်းကို ရုတ်သိမ်း လိုက်လေတော့သည်။ ဟောင်သူများ ပျော်လိုက်ရသည့်ဖြစ်ခြင်း။ (ယခု မော်ကွန်းမှ ဟောင်သူများပင်လျှင် ၎င်းအဖွဲ့မှ စိစစ်ခြင်းရပ် ဆိုင်းပြီး လေးရက်အကြာတွင် ထဟောင် ခြင်းဖြစ်ပေသည်။ ဤ ကား စကားချပ်တည်း။)

၎င်းအချိန်တွင် အပျော်လွန်၍ ဟောင်သံနှင့် အူသံပင် မကွဲ တော့ဘဲ မည်သူက မည်သို့ စတင်သည်မသိဘဲ ထထအူသူများ လည်း အများအပြားပင်။

တစ်ခါသားကာလတုန်းက အထက်အညာ ဝမ်းတွင်းဒေသ ဖွား ရန်ကုန်မှာ ကြီးပွားနေသူ သူဌေးတစ်ဦးက ဗုဒ္ဓဘာသာထုံး တမ်းအရ ရှင်သာမဏေပြုဖို့ရာ ငွေကြေးအင်အားအရ အား မထုတ်နိုင်ရှာသူ ချက်မြှုပ်ဇာတိနေ သာမဏေပေါင်း တစ်ရာ့သုံး ဆယ်ကျော်ကို   နိဗ္ဗာန်ရည်မျှော်ပြီး အလှူကြီးတစ်ခု ပြုလုပ်ဖို့ရာ ကြုံကြိုက်ရပေသည်။ ၎င်းသူဌေးနှင့် ခင်မင်သူ  ကျွနု်ပ် အဟောင် တော် ဇူးလူး၏ အဆွေတော် ဝဝဖိုင့်ဖိုင့် အဟောင်ကောင်းသူ တစ်ဦးက ဖိတ်မန္တကပြုသဖြင့် ဝမ်းတွင်းဒေသသို့ ရောက်ရပေ သည်။ ဝမ်းတွင်းသို့ရောက်လတ်သော် ရုပ်သံဖြင့် ဟောင်သော ဌာနာတစ်ခုမှ အဟောင်တော် မမနှစ်ယောက်နှင့်အတူ ကင်မရာ မင်း နှစ်ယောက်တို့ကို တွေ့ဆုံရပေသည်။ ထိုထိုသူများအတွက် အလှူ့ဒါယိကာ သူဌေးမှ လမ်းစရိတ်နှင့်အတူ ဝမ်းတွင်းဒေသ တွင် နေထိုင်မည့်ရက်များအတွက် စားစရိတ်ကိုပါ ပေးရသည်ဟူ ၏။ ထို့ပြင်တဝ အလှူမှတ်တမ်းကို အချိန်မီ ရိုက်ကူးတင်ဆက်နိုင် ရန် ရုပ်သံဖြင့် ဟောင်သောရုံးမှ ကိုယ်ပိုင်ကင်မရာများ မအား သော်ငြား ငှားရမ်းလာသော ကင်မရာငှားခများကိုလည်း အလှူ့ ဒါယိကာမှ နိဗ္ဗာန်ရည်မျှော် အလှူတော်မင်္ဂလာကြီးကို အများ တကာ ကြည့်ရှုသာဓုခေါ်စိမ့်သောငှာ ကြည်ဖြူစွာ ပေးရလေ တော့၏။

ဤသည်ကိုပင် ရုပ်သံဖြင့်ဟောင်သော မမများက ငါတို့ကို ဖိတ်ခေါ်သူတွေကတောင် ပြန်ပြီး မ,စရတယ်၊ နင်တို့လို သံသေး သံကြောင် ဟောင်ကောင်တွေလောက်တော့ သနား၏ဟူသော အဓိပ္ပာယ်ရသည့် မျက်လုံးများဖြင့် တရစပ် ပစ်ခတ်သွားပေသည်။ အကျွနု်ပ်အနေဖြင့် ပြောရမည်ဆိုလျှင် မည်သို့ဝုတ်ရမည်ဆိုသည် မသိ ဖြစ်နေခြင်းကို ၎င်းတို့ကိုယ်တိုင် မသိဟူ၍ပင်။ မှတ်ချက်ပြုရ မည်ဆိုလျှင်ကား ထန်းလျက်ခဲကျွေးသူကို တအီအီ တအူအူ ပြု လုပ်နေခြင်းဟုသာ ဆိုရပေခြိမ့်။

ကျွနု်ပ်တို့တိုင်းပြည်တွင် ကပ်ဦးထုပ်နှင့် သံခမောက် ဆောင်းသူများက ခေါင်းပေါင်းများ ပြောင်းလဲဝတ်ဆင်ပြီးနောက် ပိုင်း ယခင်က ဆော်ပလော်တီးနေကြသော တစ်အူထုံဆင်း ညီ အစ်ကိုရင်းများလည်း အချင်းချင်းစုရုံးကာ ပိစ်တော့ခ်ခေါ် ငြိမ်း ချုပ်ရေးစကားဝိုင်း…အဲ…အဲ…ငြိမ်းချမ်းရေးစကားဝိုင်းများ ပြုလုပ်လာကြလတ်သော် ၎င်းတို့၏ပြောဆိုမှုများအား အများ ပြည်သူကြားစေလိုသည်ရှိသော် ပွဲကမကထပြုသူများက ကျွနု်ပ် တို့လို ဟောင်မည့်သူများကို စရိတ်စက အကုန်ခံကာ ဆောင်ယူ သွားသည့် ဓလေ့ ထွန်းကားလာပေ၏။ ကျွနု်ပ်တို့လို ဟောင်သူ များကလည်း အမဲရိုးနှင့် ထန်းလျက်ခဲ လွေးရသည်ရှိသော် ပျော် ပျော်ကြီး လိုက်ဟောင်ပေးကြလေသည်။ သို့သော် ကျွနု်ပ် မြင်မိ သည်ကား အမဲရိုးနှင့် ထန်းလျက်ခဲ ကျွေးသူတို့နှင့် ပတ်သက်၍ သော်လည်းကောင်း၊  အများသိသင့်သည့် အချက်အလက်များ ကိုသော်လည်းကောင်း၊ ဖော်ထုတ်ဖွင့်ချရမည့် ခြင်းရာများကို သော်လည်းကောင်း စိုးစဉ်းမျှဟောင်သည်ကို မတွေ့ရှိရပေ။ အဘယ်သို့ဆိုသော် ထိုထိုသူတို့ကျွေးသော အဆီအဆိမ့်များက လည်ပင်းတွင်ပင် ရှိသေးသည်က တစ်ကြောင်း၊ နောက်တစ်ကြိမ် မလွေးရမည် စိုးမိသည်က တစ်ကြောင်းတည်း။

ဤသည်ကိုပင် သတိမမူမိကြသေးဘဲ အနှီကဲ့သို့သော တွေ့ ဆုံပွဲမျိုးကို ကမကထပြုသူများက ဖိတ်မန္တကမပြုလျှင် မရေးဟူ၍ တစ်နည်း၊ သွားလာရေးမှ တာဝန်မယူတာ ဘယ်လိုလုပ် ဟောင် မလဲ ဟူ၍တစ်ဖုံ စားမြုံ့ပြန်ကြလေတော့၏။ မိမိတို့၏ မူလဘူတ ဝတ္တရားများကိုပင် မေ့လျော့လျက်ရှိကုန်ကြ၏။  ထိုသို့သော အကြောင်းများကြောင့်ပင် တချို့က လေးချောင်းထောက်တွေကို ထန်းလျက်ခဲကျွေးလိုက်ရင်ဖြင့် ဟောင်ဖို့မေ့ပြီး ငြိမ်နေကြတော့ တာပဲ ဟူ၍တည်း။

စင်စစ်မူကား ကျွနု်ပ်တို့လို အဟောင်တော်များတွင်လည်း မည်သို့ဟောင်ရမည်ကို စည်းကမ်းကျင့်ဝတ်များ ရှိနှင့်နေလတ် သော်လည်း သူများအမဲရိုးကို ခပ်တည်တည်ဖြင့် ကိုယ့်အမဲရိုးလုပ် ပစ်သူများလည်း ရှိနေပေသည်။ သို့လေသောကြောင့် ကျွနု်ပ်တို့ လေးချောင်းထောက်ဟောင်သော ခွေးများကို ကြည့်မရသူများ လည်းရှိတတ်ပေသည်။ အဘယ်ကြောင့်ဆိုသော် တချို့က အူ သည်ထက်အဆင့်တက်ကာ ကိုက်သည့်အဆင့်အထိပါ ရောက်ခဲ့ သည်ကို တွေ့မြင်ခဲ့ရပြီဖြစ်လေသည်။ ခပ်တည်တည်နှင့် သူများ ရှာဖွေထားသော အမဲရိုးကို ဝင်ဆွဲ၏။ ပိုင်ရှင်သိသွားသောအခါ ခပ်တည်တည်နှင့်ပင် ပြန်ကိုက်ရန်ကြိုးစား၏။ ထို့နောက် အဖွဲ့ လိုက်စုကာ ပတ်ဝန်းကျင်နားမခံသာအောင် အူကြလေတော့၏။ ထို့ပြင်တဝ ¤င်းအကြောင်းများကိုကား မျက်ခွက်ဘုတ်အုပ်ဟု ခေါ်သော လူမှုကွန်ရက်ပေါ်တွင် တင်ဆောင်က အပြန်အလှန် ဟောင်ကြချေလေ၏။

တချို့အဟောင်တော်များကလည်း အုပ်စုဖွဲ့ကာ မျက်ခွက် ဘုတ်အုပ်ပေါ်တွင် ကျယ်ကျယ်လောင်လောင် အူကြလေ၏။ မျက်ခွက်ဘုတ်အုပ်ဆိုသည်ကားလည်း သူများအမဲရိုးများကို အလွယ်တကူပင် ခိုးယူချင်စရာကောင်းလောက်အောင်ပင် စုံ လင်လှပေ၏။ သို့ပေသော်ငြား အဟောင်တော်များအတွက် အရေးကြီးသည့် တိကျသေချာခြင်းဆိုသည့် အရည်အသွေးနှင့် ကိုက်ညီရန်ကား ရှားပါးလှပေသည်။ သို့ပေသောကြောင့် တချို့အဟောင်တော်များသည်လည်း မျက်ခွက်ဘုတ်အုပ်ပေါ်မှ သူများအမဲရိုးများကို ခပ်တည်တည်နှင့် ဝင်ဝင်ကိုက်ကြလေ သည်။ ထိုသို့ ခပ်တည်တည်ဖြင့် ဝင်ကိုက်ကြသူများတွင် ဂျူနီယာ များသာမက တချို့ လုပ်သက်ရင့် အဟောင်တော်များပင် ပါနေ ချေသေးသည်။

ကျွနု်ပ်တို့၏ နိုင်ငံတွင် အများတကာရေပန်းစားအောင် ပြောနေကြဘိသကဲ့သို့ အလုပ်အကိုင်၊ အခွင့်အလမ်း ရှားပါးမှု ကြောင့်သော်လည်းကောင်း၊ တချို့ကလည်း အဟောင်တော် ဆိုတာ ဟိုစပ်စပ်သည်စပ်စပ် သွားရ၊ လာရ၍သော်လည်းကောင်း၊ ကိုယ့်ကိုရန်ထောင်လျှင် လွှတ်ဟောင်လိုက်ရန် အသင့်ရှိ၍သော် လည်းကောင်း အဟောင်တော်လုပ်ငန်းများကို ဝင်ရောက်လုပ် ကိုင်လတ်သည်ရှိသော် ထိုထိုသူများမှာ ဟောင်သည်ထက်တိုး၍ ကိုက်ခဲမည့်သူများပင် ကျွနု်ပ်တို့၏ အဟောင်လုပ်ငန်းများတွင် ပါဝင်လာကုန်လေတော့၏။ ထိုသူများကလည်း အဟောင်ပညာ ရပ်ကို ဆည်းပူးချင်စိတ်ထက် အကိုက်ပညာရပ်များကိုသာ ဆည်းပူးလိုသည်ကိုလည်း တွေ့မြင်ရပေတော့သည်။

ကျွနု်ပ်တို့ပြည်တွင်းအခြေစိုက် အဟောင်တော်များ အတွက် ယခင်က အဟောင်တော်သင်တန်းများ မရှိသော်ငြား ယခုခေတ်ကာလတွင်တော့ ဟိုနေရာတွင်တစ်မျိုး၊ သည်နေရာ တွင် တစ်ဖုံ ခေါင်းစဉ်မျိုးစုံဖြင့် အဟောင်တော်သင်တန်းများကို နိုင်ငံရပ်ခြား တိုင်းတစ်ပါးသားတို့၏ အကူအညီများဖြင့် မြင်တွေ့ ရပြီဖြစ်သည်။ သို့ပေသော်ငြား ယခင်က သင်တန်းများမရှိဟု တအီအီ တအူအူ ပြုမူခဲ့ကြသည့် ပြည်တွင်းအဟောင်တော်များ သည် ပြည်တွင်းသင်တန်းများထက် ပြည်ပသင်တန်းများသို့ စိတ် အာရုံအများဆုံး ကျက်စားကြပေ၏။ တစ်ခါသားသော် အဟောင် တော်များ နိုင်ငံတကာဝင်ဆံ့နိုင်ရန်သော်လည်းကောင်း၊ နိုင်ငံ တကာရေးရာများကို ကိုယ်တိုင်ဖတ်ရှုဆည်းပူးစိမ့်သောငှာ လည်းကောင်း အဟောင်တော်များအတွက် အကျွနု်ပ်တို့အား ကိုလိုနီကျွန်ပြုခဲ့သည့် တိုင်းပြည်မှ ဘာသာဗေဒ ဆရာငယ်တစ်ဦး အား ပင့်ဖိတ်ကာ ပညာဒါနအနေဖြင့် ရင်းဂလိပ်စာသင်တန်း ဖွင့်ရန် အားထုတ်ကြလတ်သော် ယခင်က ရင်းဂလိပ်စာသင်ချင်၍ ဘယ်မှာသင်ရမည်မသိ ညည်းညူပူပင်နေသော အဟောင်တော် အပေါင်းတို့သည် မည်သည့်နေရာသို့ ရောက်ရှိနေသည်မသိ။ လေး၊ ငါးကောင်သော အဟောင်တော်များသာ ရောက်ရှိလာ သောကြောင့် သင်တန်းပျက်မတတ် ဖြစ်ခဲ့လေတော့သည်။

ထိုသို့ ရှုပ်ထွေးလေသောကြောင့်လည်းကောင်း၊ ဟောင်သံ ထက် အူသံပိုကျယ်သောကြောင့်လည်းကောင်း ခေါင်းပေါင်း ပြောင်းဆောင်းထားသော အဟောင်ရေးရာဝန်မင်းများကလည်း ငါတို့မှမကယ်လျှင်ဖြင့် တိုင်းပြည်ပျက်ရချည့်ဟု အကြောင်းပြုပြီး သကာလ ဥပဒေမျိုးစုံနှင့် ဆွေ့ဆွေ့ခုန်အောင် အားထုတ်လေ တော့သည်။ အပြောင်းအလဲများလုပ်ဆောင်နေပြီဟု ထပ်တလဲ လဲဆိုနေသောကြောင့် ဟောင်သံမှတ်ပုံတင်ရေးနှင့် စိစစ်စောင့် ကြည့်ရေးအဖွဲ့ကဲ့သို့ အဖွဲ့များဖြင့် စောင့်ကြည့်ရန်မှာ အများကြား မကောင်းသည်ကို သိရှိပြီးဖြစ်သည့်အားလျော်စွာ ဥပဒေဟူသော ကြိုးအမျိုးမျိုးဖြင့် နဖားကြိုးထိုးရန် အားထုတ်ရပေတော့သည်။

ထို့ပြင်တဝ လေးချောင်းထောက်ပိုင်ရှင်သူဌေးများနှင့် ဟောင်သံထုတ်လုပ်သူအများစုမှာ ယခင်အတီတေကာကလ အစိုးရနှင့် နီးစပ်လေသော ခရိုနီမည်သော လူ့မလိုင်များနှင့် အာ ဏာပိုင်အဖွဲ့အစည်းများနှင့် နီးစပ်သူများ ဖြစ်လေရကား  အဟောင်တော်အဆွေအပေါင်းတို့သည်လည်း လွတ်လွတ်လပ် လပ်ဟောင်ရန် အခက်အခဲများ တွေ့ရှိရပေသည်။ မကောင်းတာ တွေတွေ့ရင် ဟောင်ဖို့ ထူထောင်ထားတာ ဟောင်ကြ။ သို့ပေ သော်ငြား ငါ့ကိုတော့ ပြန်မဟောင်ကြလေနှင့်။ နှာနုထုလိုက်လို့ ကိန်ထွက်သွားမည်ဆိုသည့် ဟောင်သံထုတ်လုပ်သူများလည်း ရှိပေသည်။ ပွင့်လင်းလာသည့်ခေတ်ဟု ခေတ်စားခေါ်ဆိုနေကြ သော ယနေ့ခေတ်ကာလတွင် နိုင်ငံရေးအရ လူထုကို လွှမ်းမိုးလို သူများကလည်း ဟောင်သံတော်များ ထုတ်လုပ်လာသည်ကို တွေ့မြင်လာရပေသည်။

များမကြာမီကာလကပင် နေ့စဉ်ဟောင်သံတစ်စောင်မှ အဟောင်တော်အပေါင်းသည် အမဲရိုးကျွေးနောက်ကျသဖြင့် အမဲကျွေးပါရန်ပူဆာရာမှ ထုတ်လုပ်သူ ဘဝင်တော်မကျလေ သောကြောင့် နှာနုကို ကျောက်ကန်ကာ အဟောင်တော်တာဝန်မှ ရပ်စဲလေတော့သည်။ ထိုသို့နောက်ပိုင်း စိတ်မထိန်းနိုင်သော ဟောင်သူများက ၎င်းတို့၏ သူဌေးဆိုသူက ၎င်းတို့ကို မည်သို့ နှာနုထုသည့်အကြောင်း အသံဖိုင်တစ်ခု မျက်ခွက်ဘုတ်အုတ် များပေါ်တွင် ပျံ့နှံ့လေတော့၏။ ၎င်းအသံဖိုင် နားထောင်မိသူ များက အဟောင်တော်များ အလုပ်မှ ရပ်စဲခံရခြင်းကို အကြောင်း ပြု၍ ဝမ်းနည်းရမည့်အစား ငိုအားထက် ရယ်အားသန်သည့် အဖြစ်သို့ ရောက်ကြကုန်၏။ အဘယ်သို့ရှိသော် လေးချောင်း ထောက် အဟောင်တော်များအပြင် အခြားသောနယ်ပယ်မှ အိုကြီးအိုမများ၏ ငယ်ကျိုးငယ်နာများကိုပါ ‘ဂီး…ဂီး…ဂဲ…ဂဲ’အသံများဖြင့် တိုင်းထွာထားသည်ကို နားဆင်လိုက်ရသော ကြောင့်ပင်တည်း။ နောက်ဆက်တွဲအနေဖြင့် အခြားအဟောင် တော်များကလည်း အဟောင်လောကကို ထိရင် ဟောင်ပစ်လိုက် မဟဲ့ဟုဆိုကာ ဟောင်ကြလေတော့သည်။ သို့သော် နည်းစနစ် တကျ မဟောင်ကြသဖြင့် ‘ဝုတ်…ဝုတ် ‘ဟု ထွက်မလာဘဲ ‘အူဝု …အူဝု’ဟူသော အူသံများသာ ထွက်လာလေသည်။

အဟောင်တော်များနှင့် ထုတ်ဝေသူတို့ နှစ်ဖက်ရန်ငြှိုးကြီး သည်ရှိသော် အလုပ်သမားရေးရာဝန်မင်းများ (တစ်ခါသားမျှ အလုပ်ကောင်းကောင်းမလုပ်ခဲ့သူများ) ရှေ့မှောက် ပြဿနာများ ဆောင်ယူကာ ရှင်းရ၊ လင်းရလေတော့၏။ ပြဿ နာမှာ မတင် မကျဖြင့် ဇာတ်ရှည်သည်ရှိလတ်သော် အကြွင်းအနေဖြင့် လတ် တလော လောလောဆယ်တွင်မူကား အလုပ်ရပ်စဲခံရသော အဟောင်တော်များ အမဲရိုးကိုက်ရန်မရှိ၍ ဝမ်းဟာနေခြင်းပင် တည်း။ ၎င်းတို့ထံမှ ‘ဝုတ်…ဝုတ်’ ဟု အသံထွက်ရမည့်အစား တအီအီ တအူအူဖြင့် ‘ကိန်…ကိန်’ဟူသော နှာနုထုခံရသော အသံများသာ ထွက်ပေါ်လာပေတော့သည်။

တစ်ခါသားဝယ် ကျွနု်ပ်တို့နိုင်ငံမှ ဗာရာဏသီသို့ ရောက် လတ်သည်။ အုပ်ချုပ်သူမဟုတ်သော အဖွဲ့အစည်းများနှင့် လွှတ် တော်တိုက်အတွင်းမှ အမတ်မင်းများ တွေ့ဆုံကာ ဥပဒေရေးရာ အချို့ ပြင်ဆင်ရန် ဆွေးနွေးကြကုန်၏။ ၎င်းတွေ့ဆုံပွဲတွင် အရွယ်ငယ်ငယ် တက်တက်ကြွကြွ အဟောင်တော်တစ်ယောက် သည်လည်း ဟောင်နိုင်ရန်အလို့ငှာ ကုန်ကြမ်းလာရောက်ရှာ ဖွေလေသည်။ ၎င်းအဟောင်တော်သည် ဆံပင်နီကြောင်ကြောင် ဆိုးထားသော်ငြား ရိုးရာအဝတ်တန်ဆာများကို ပိရိသေသပ်စွာ ဝတ်ဆင်ထားသည်ကို မြင်တွေ့ရ၏။ အမတ်မင်းများနှင့် ဆွေးနွေး နေစဉ်အခိုက် ၎င်း၏ အိတ်ထောင်ထဲတွင် ထိုးထည့်ထားသော မျက်နှာပြင်ပွတ်တိုက်ရသည့် ဆက်သွယ်ရေးကိရိယာ ခပ်ပြား ပြားလေးများမှ အသံမျိုးစုံမှာ မကြာမကြာထွက်ပေါ်လာလေ သည်ကို ကြားရပေတော့သည်။ ထိုသို့ အသံများထွက်သည်ရှိသော် ဆံနီကြောင်နှင့် အဟောင်တော်မှာ ၎င်းကိရိယာအပြားလေး များဖြင့် ဆက်သွယ်ပြောဆိုမှုများ ပြုလုပ်လေတော့သည်။ ၎င်း အသံကြောင့် ဘေးနားမှ ဆွေးနွေးနားထောင်သူများ တချို့ တလေက ငဲ့စောင်းကြည့်ကြကုန်သော်လည်း ထိုအဟောင်တော် မှာ ခပ် တည်တည်ပင် ပြုမူလေ၏။

ဆွေးနွေးပွဲပြီးလတ်သော် တက်ရောက်လာသော အမျိုး သမီးအမတ်မင်းတစ်ဦးကို ၎င်းက ‘အမေ’ဟု နာမ်စားသုံးနှုန်း လိုက်သည်ကို ကြားမိသည်ရှိလတ်သော် သြော်… အမတ်မင်း တစ်ဦးရဲ့သားဆိုတော့လည်း အတင့်ရဲပေမပေါ့ဟု ယူဆမိလေ သည်။ ထိုသို့ ထင်မြင်ချက်သည် တက်တက်စင်အောင် လွဲချော် မှန်း မကြာမတင်မီပင် သိရှိရလေတော့သည်။ အဘယ်သို့နည်း။ ဆွေးနွေးပွဲခန်းမ အပြင်ဘက်ရောက်သည်ရှိသော် ပွဲတက်ရောက် လာသော မြင်မြင်သမျှ အမျိုးသမီးအမတ်မင်းများကိုလည်း  ‘အမေ’ဟူသော နာမ်စားသုံးနှုန်းကာ ပြောဆိုနေသောကြောင့်ပင် တည်း။ အကျွနု်ပ်အဟောင်တော် ဇူးလူးတစ်ယောက်လည်း အလွန်တရာမှ စိတ်ဝင်စားသွားကာ ၎င်းအဟောင်တော်ကို လေ့လာနေမိသည်ရှိ၏။ အနှီအဟောင်တော်သည် အမျိုးသမီး အမတ်မင်းများကို ‘အမေ’ဟုသုံးနှုန်းဆက်ဆံသည့်နည်းတူ အမျိုးသားအမတ်မင်းများကိုလည်း ‘အဘ’ဟူသည့်နာမ်စား သုံးနှုန်းကြောင်း အံ့သြဘနန်း တွေ့မြင်ရပေသည်။ ၎င်းခေါ်ဆို သော ‘အဘ’ဆိုသူများသည်လည်း ယူနီဖောင်းနှင့် ခေါင်းပေါင်းပြောင်းဆောင်းထားသူများမှာ အများစုပင် ဖြစ်ပေတော့သည်။

ကျွနု်ပ်တို့နိုင်ငံတွင်လည်း ‘အမေ’နှင့် ‘အဘ’ရောဂါများ ကင်ဆာကဲ့သို့ အမြစ်တွယ်နေကြောင်းကိုလည်း ထိုနေရာတွင်ပင် လေ့လာသိရှိရပေသည်။ ၎င်းအမတ်မင်းများ တလွဲတချော် ပြုမူ သည်ရှိသော် ရှေ့က ဒေါက်တိုင်တွေ ယိုင်ရင် ဟောင်မဟဲ့ ဆိုသည့် လေးချောင်းထောက်အဟောင်တော်များ မည်သို့ဟောင်ကြမည် နည်း။ ၎င်းတို့ အတိတ်က လွဲခဲ့သမျှကို မည်သို့တူးဆွဟောင်ကြ ရပါ့မည်နည်း။ ၎င်းအဟောင်တော် တာဝန်ယူထမ်းဆောင်သည့် အပတ်စဉ်အဟောင်တော်မှာ ကျွနု်ပ်တို့၏ ရန်အပေါင်းကုန်စင် သော မြို့အား ယခင်က ယူနီဖောင်းစိမ်းစိမ်းကြီးဖြင့် ငြိမ်ဝပ်ပိပြား စေခဲ့သူကြီးတစ်ဦး၏ သမီးက ထုတ်ဝေဖြန့်ချိနေခြင်းပင်ဖြစ်၏။

ထိုသို့သော ကောင်းကောင်းမဝုတ်တတ်သူများကြောင့် သော်လည်းကောင်း၊ စီးပွားတွက်တွက်၍သော်လည်းကောင်း၊ အရှိန်အဝါကြီးချင်လို၍သော်လည်းကောင်း၊ လွှမ်းမိုးခြယ်လှယ်လို၍သော်လည်းကောင်း  ဟောင်နည်းကျင့်ဝတ်များကို ချိုး ဖောက်ကာ အဟောင်လောကထဲ ဝင်ရောက်နေသူများ ရှိနေ သည်ကို အဟောင်တော်များ သတိပြုရပေမည်။ အဟောင်တော် များကလည်း မိမိတို့၏ ဟောင်နည်းစနစ်များ နိုင်ငံတကာနှင့် ရင်ပေါင်တန်းဟောင်နိုင်ရန် ကြိုးစားရပေဦးမည်။

ထိုထိုသောအကြောင်းများကြောင့် ကျွနု်ပ်တို့နိုင်ငံ၏ လေး ချောင်းထောက်နယ်ပယ်ကို အားမလိုအားမရ ဖြစ်နေသူများ လည်း ရှိသည်။ အတိတ်က စိမ်းစိမ်းကြီးများ၏ အနိုင်ကျင့်မှုများ၊ လက်ဝါးကြီးအုပ်ထားမှုများကို လူထုက ဖော်ထုတ်ဟောင်စေလို ကြ၏။ ကျွနု်ပ်တို့တွင်လည်း ထုတ်ဝေသူများ မျက်နှာတော်ညို သည့်ကိစ္စများနှင့် အာဏာပိုင်များနှင့် အမတ်မင်းများ စိတ်တော် ညိုမည့်ကိစ္စများကိုလည်း သတိထားနေရပေ၏။ သို့ပေသော်ငြား လူထုဆန္ဒနှင့် အမှန်တရားအတွက် ကျွနု်ပ်တို့ အဟောင်တော်များ ‘ကိန်’နေကြမည့်အစား ‘ဝုတ်’နိုင်အောင် အားထုတ်ကြပါစို့။

ဝုတ်…ဝုတ်…ဝုတ်…။      ။

အမျိုးအစား - သရော်စာ

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."