ဇွန်လိုင်၊-၂၀၁၃ ၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၆)မှ သတင်းဆောင်းပါး ဖြစ်ပါသည်။
ဝင်းဇော်လတ်၊ ခင်မောင်မြင့် နှင့် နှင်းကို ရေးသည်။
ပင်လယ်နှင့် နှစ်မိုင်ခန့်သာ ဝေးသည့် မိန်းမလှကျွန်းတစ်ဖက်ကမ်းမှ ပဒဲကော ရွာတွင် မုန်တိုင်းဒဏ်ခံ အဆောက်အအုံမရှိသေးပါ။ ဒေသခံများအဆိုအရ ထိုရွာသည် နာဂစ်မုန်တိုင်း တိုက်စဉ်က ဘိုကလေးမြို့နယ်အတွင်း ကြိမ်ချောင်းကြီးကျေးရွာပြီးလျှင် ဒုတိယ လူအသေအပျောက် အများဆုံး ကျေးရွာဖြစ်သည်။
”တကယ်လို့ နာဂစ်လို မုန်တိုင်းမျိုး နောက်တစ်ကြိမ်လာခဲ့ရင် ကျုပ်တို့ ဘယ် သွားနေရမလဲ”ဟု ပဒဲကောကျေးရွာမှ အသက် ၃၉ နှစ်အရွယ် လယ်သမား ကိုကျော် လွင်က အသံတုန်တုန်ဖြင့် မေးခွန်းထုတ်သည်။
လွန်ခဲ့သည့် ငါးနှစ်၊ ၂ဝဝ၈၊ မေ ၂ ရက်နှင့် ၃ ရက်နေ့တို့တွင် ရန်ကုန်တိုင်း ဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်အချို့ကို တစ်နာရီ မိုင် ၁၃ဝ ပြင်းအားရှိ နာဂစ်ဆိုင်ကလုန်းမုန် တိုင်း တိုက်ခတ်ခဲ့သောကြောင့် လူပေါင်း ၁၄ဝ,ဝဝဝ ကျော် သေကျေပျောက်ဆုံး ကာ လူနှစ်သန်းကျော် ဒုက္ခရောက်ခဲ့ကြ ရသည်ဟု ကုလသမဂ္ဂမှ ထုတ်ပြန်သည့် စာရင်းဇယားများက ဆိုပါသည်။
နာဂစ်မုန်တိုင်းတိုက်သည့် မေ ၂ ရက်နေ့ညက ဇနီး၊ သားတစ်ဦး၊ သမီးတစ် ဦးနှင့် ယောက္ခမနှစ်ဦးတို့ကို ဆုံးရှုံးခဲ့ရ သည့် ကိုကျော်လွင်၏ စိတ်ထဲမှာ နာဂစ်၏ သွေးပျက်ဖွယ်ညကို မေ့၍မရသေးပါ။ ထို ညက သမဲ့ပင်တစ်ပင်ကို ဖက်တွယ်ထား ခဲ့မိ၍သာ အသက်ရှင်ကျန်ခဲ့ခြင်းဖြစ်သည်။ ယောကျ်ားတစ်ယောက်၏ လက် မောင်းလုံးလောက်သာရှိသည့် အဆိုပါ သမဲ့ပင်ကလေးက ကိုကျော်လွင်နှင့် သမီး ကလေး၊ ခယ်မဖြစ်သူနှင့် ၎င်း၏ သား ကလေးတို့အသက်ကို ကယ်ခဲ့သည်။
မိုးဦးကျ လယ်ထွန်ရင်း မိုးရိပ်မိုး သားများ အုံ့မှိုင်းနေသော ကောင်းကင် ပြင်ကျယ်ကို ကြည့်မိတိုင်း ကိုကျော်လွင် သည် ရင်တွေတုန်လျက်ရှိသည်။ မုန်တိုင်း နတ်ဆိုးသည် သူ၏ ခေလှသည့် ကံကြမ္မာ ကို နောက်တစ်ကြိမ် လှုပ်ယမ်းပစ်ဦးမည် လား။ စိုးရိမ်သည်။ ကြောက်သည်။ လန့် သည်။ ထိုသို့ သူက ပြောပြသည်။
”မုန်တိုင်းကြီးကြီးမားမား နောက် ထပ်လာခဲ့မယ်ဆိုရင် အချိန်မီရင် မြို့ကို ပြေးမယ်။ မမီဘူးဆိုရင်လည်း သစ်ပင်ပဲ အားကိုးရမယ်။ ကျုပ်တို့ရွာမှာ မုန်တိုင်း ဒဏ်ခံ အဆောက်အအုံမှ မရှိတာကိုး”ဟု သူက စိတ်လှုပ်ရှားသည့် အသံဖြင့် ပြောသည်။
ပဒဲကောရွာသည် ဘိုကလေးမြို့ အောက်ဘက်ခြမ်း ပင်လယ်ဝအနီးမှ ရွာ ကလေးဖြစ်ပြီး ကြိမ်ချောင်းကြီး ကျေးရွာ အုပ်စုအတွင်းတွင်ရှိသည်။ ထိုရွာမှ နာရီ ဝက်သာသာခန့် စက်လှေဖြင့် မောင်းလျှင် ရောက်နိုင်သည့် သဗ္ဗေကုန်း၊ တွင်းပေါက် ကျေးရွာဘက်တွင် လူသုံးရာကျော်ဆံ့ မုန် တိုင်းဒဏ်ခံအဆောက်အအုံတစ်လုံးရှိ သည်။ သို့သော် လူဦးရေတစ်ထောင်ခန့် ရှိသည့် ပဒဲကောရွာအတွက်မူ အားကိုး အားထားပြုစရာ အခြေအနေတွင်မရှိပါ။
နာဂစ်ဒဏ်ကို ခံစားခဲ့ရသည့် မြစ်ဝ ကျွန်းပေါ်ရှိ ဒေသခံအများအတွက် မုန် တိုင်းနှင့်ပတ်သက်၍ ယခုအခါ အသင့် အနေအထားဖြင့် သတိရှိနေကြပြီဖြစ် သည်။ သို့သော် အချိန်မရွေး ကျရောက် လာဖွယ်ရှိသည့် သဘာဝဘေးအန္တရာယ် များအတွက် ခိုလှုံစရာ အဆောက်အအုံ အရေအတွက်မှာ ရှိသင့်သည်ထက် နည်း နေသေးသည်ဟု သူက ပြောသည်။
ရှိထားပြီးဖြစ်သည့် အဆောက် အအုံများတွင် ခုံလှုံနိုင်မည့် လူဦးရေမှာ လည်း အကန့်အသတ်ရှိသည်။ ကျေးရွာ တစ်ရွာတွင် အနည်းဆုံး လူဦးရေ ၅ဝဝ နီးပါး ရှိကြသည်ဖြစ်ရာ ဒေသခံများက မိမိတို့ကျေးရွာ သု့ိမဟုတ် ဒေသရှိ လူဦး ရေအလျောက် လုံလောက်စွာ ခိုလှုံနိုင် မည့်အဆောက်အအုံများ ရှိလာရေးကို မျှော်လင့်နေကြသည်။
ဘိုကလေး အောက်ဘက်ခြမ်းကျေး ရွာများရှိ မုန်တိုင်းဒဏ်ခံ အဆောက်အအုံ များအနက် ကဒုံကနိကျေးရွာရှိ အဆောက်အအုံမှာ အကောင်းဆုံးဟု ဒေသခံများက ပြောကြသည်။
ကဒုံကနိရွာက ပင်လယ်ဝတွင် ရှိ သည်။ သို့သော် ကဒုံကနိနှင့် ဆယ်မိုင်ခန့် ဝေးသည့် ပဒဲကောကျေးရွာရှိ ဒေသခံများ အဖို့ မုန်တိုင်းသာလာခဲ့လျှင် ပင်လယ်ဝသို့ ပြေးမည်ထက် ဘိုကလေးမြို့ပေါ်သို့ ပြေး ကြမည်ဟု ရွာခံအားလုံးနီးပါးက ဆုံးဖြတ် ထားကြသည်။
ဗိုလ်ကလေးမြစ်အတွင်းမှ ရေလုပ်သားတစ်ဦး
ဘယ်မှာ နားခိုရာ
သွေးပျက်ဖွယ်ရာ မုန်တိုင်းအတွေ့ အကြုံများ ရှိထားပြီးဖြစ်သည့် မြစ်ဝကျွန်း ပေါ်မှ ဒေသခံများအဖို့ မုန်တိုင်းအသံ ကြားသည်နှင့် ပြေးဖို့ရာ အဆင်သင့်ဖြစ် နေကြပါပြီ။ သို့သော် ပြေးဖို့နေရာများသူ တွေကတော့ မိမိတို့ စိတ်သန်ရာကို ရွေး ချယ်ထားကြသည်။ အချို့က ဘုန်းကြီး ကျောင်းဟု ပြောသည်။ အချို့က စာသင် ကျောင်းဟု ဆိုသည်။ အချို့က အနီးဆုံး တွင်ရှိနေသည့် မြို့သို့ ပြေးကြမည်ဟု တွေးသည်။
ကျေးရွာအချို့တွင် ရှိထားသည့် မုန်တိုင်းဒဏ်ခံ အဆောက်အအုံများကို ရွေးချယ်မည့်သူကတော့ နည်းသည်။အကြောင်းမှာ အဆိုပါ အဆောက်အအုံ များ အားလုံးနီးပါးမှာ လူဦးရေ များများ ဆံ့သည့် အဆောက်အအုံများ မဟုတ်ကြ သောကြောင့် ဟု ၎င်းတို့က ပြောပြသည်။ အများဆုံးက ငါးရာနှင့် တစ်ထောင်ကြား လောက်သာ ဆံ့မည်ဖြစ်ရာ လူဦးရေနည်း သည့် ရွာဆိုလျှင် နှစ်ရွာခန့်၊ လူဦးရေများ သည့် ရွာဆိုလျှင် ကိုယ့်ရွာ၏ လူဦးရေနှင့် ပင် ပြည့်နေပြီဖြစ်သည်။
ပဒဲကောရွာမှ စက်လှေဖြင့် တစ်နာ ရီသာသာခန့် မောင်းရသည့် ဆတ်ကျွန်း ကျေးရွာတွင် မုန်တိုင်းဒဏ်ခံ အဆောက် အအုံတစ်လုံးရှိပါသည်။ လူ ငါးရာနှင့် တစ် ထောင်ကြားဆံ့သည်ဟုဆိုသည်။ ကုလ သမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်(UN Development Program-UNDP) မှ ဆောက် ပေးထားခြင်းဖြစ်သည်။ ပြီးခဲ့သည့် မေလ က မဟာစင်မုန်တိုင်း ရခိုင်ကမ်းရိုးတန်းကို ဝင်မည်ဟု သတင်းများထွက်လာစဉ် အဆိုပါ မုန်တိုင်းဒဏ်ခံ အဆောက်အအုံ တွင် ခိုလှုံသူများဖြင့် ပြည့်နှက်သွားခဲ့သည် ဟု ဆိုသည်။
ထိုမုန်တိုင်းဒဏ်ခံ အဆောက် အအုံသို့ အနီးအနား ကျေးရွာ ခုနစ်ရွာခန့် မှ လူပေါင်း ၈ဝဝ နီးပါး လာရောက်ခိုလှုံ ကြသည်ဟု ဆတ်ကျွန်းရွာရှိ မုန်တိုင်းဒဏ် ခံ အဆောက်အအုံနားတွင် နေထိုင်သူ ကိုကျော်ကျော်လွင်က ပြောသည်။ အိမ် ခြေ ၁၃ဝ ကျော်ရှိသည့် ရွာအတွက်တော့ လက်ရှိဆောက်လုပ်ပေးထားသည့် မုန် တိုင်းဒဏ်ခံအဆောက်အအုံက လုံလောက် သည်ဟု သူက ယူဆသည်။
”ကိုယ့်ရွာမှာတင် ဒီအဆောက် အအုံရှိတော့ လုံခြုံတယ်လို့ ခံစားရတယ်။ သူများရွာတွေ မသွားရတော့ဘူးပေါ့”ဟု သူက ပြောသည်။
ကိုကျော်ကျော်လွင်ကဲ့သို့ မိမိတို့ ကျေးရွာတွင် မုန်တိုင်းဒဏ်ခံအဆောက် အအုံရှိသူများက လုံခြုံမှုရှိကြောင်း ခံစား ရသော်လည်း မုန်တိုင်းဒဏ်ခံ အဆောက် အအုံ မရှိသေးသည့် ကျေးရွာအများစုမှ ဒေသခံများမှာမူ မုန်တိုင်းလာလျှင် ၎င်း တို့ ခိုလှုံရမည့် နေရာအတွက် စိတ်ပူနေ ဆဲဖြစ်ပါသည်။
UNDP ၏ ဝန်ထမ်းအဖြစ်မှ လွန်ခဲ့ သည့်ငါးလခန့်က အနားယူခဲ့သော ဒေသခံ ကိုမင်းမင်းက ”ဒီဒေသရွာတွေမှာ ရှိတဲ့ လူဦးရေနဲ့ မုန်တိုင်းဒဏ်ခံအဆောက်အအုံ က မမျှပါဘူး။ တကယ်သာ မုန်တိုင်းဖြစ် ပြီဆိုရင် ဒီဒေသလူဦးရေရဲ့ တစ်ဝက် လောက်ကိုပဲ ကာကွယ်ပေးနိုင်လိမ့်မယ်”ဟု ဆိုပါသည်။
ဘိုကလေးအောက်ပိုင်းရှိ ကျေးရွာ များသည် ပင်လယ်နှင့် နီးကြသည်။ အဆို ပါ ကျေးရွာအချို့ရှိ မုန်တိုင်းဒဏ်ခံ အဆောက်အအုံများမှာ အလှူရှင်များက ဆောက်လုပ်ရေးလုပ်ငန်းများကို လွှဲထား သဖြင့် ခိုင်ခံ့မှုနှင့် ဆောက်လုပ်သည့် နည်း ပညာအပိုင်းကို စိုးရိမ်သည့် ဒေသခံများ လည်း ရှိသည်။
”မနေရဲပါဘူး မောင်ကြီးရယ်။ တော်ကြာ မုန်တိုင်းကြောင့် မသေဘဲ အဲဒီ အဆောက်အအုံက ပြိုကျမှ ပိသေနေဦး မယ်”ဟု ပဒဲကောကျေးရွာမှ မသန်းသန်း အေးက သူ့ရင်ဘတ်ကို လက်နှင့်ဖိ၍ ပြော သည်။ သူက ထိုဒေသကျေးရွာများတွင် အများစုရှိနေသည့် စာသင်ကျောင်းနှင့် တွဲထားသည့် မုန်တိုင်းဒဏ်ခံ အဆောက် အအုံအချို့ကို ဆိုလိုခြင်းဖြစ်သည်။
သဘာဝဘေးအန္တရာယ်များ ကျ ရောက်လာသည့်အခါ မုန်တိုင်းဒဏ်ခံ အဆောက်အအုံ (Cyclone Shelter) များကိုချည်း အားကိုးနေ၍ မဖြစ်သလို သဘာဝဘေးအန္တရာယ်များ ကျရောက် နိုင်ချေရှိသည့် အရပ်ဒေသများတွင် လူဦး ရေနှင့် မုန်တိုင်းဒဏ်ခံအဆောက်အအုံ အရေအတွက်မှာလည်း လောက်ငမည် မဟုတ်ချေ။
ထို့ကြောင့် ကျောင်းများ၊ ဆေးရုံ များနှင့် အခြားအများပြည်သူနှင့် သက် ဆိုင်သည့် အရေးကြီး အဆောက်အအုံ များကို သဘာဝဘေးအန္တရာယ်များမှ အတိုင်းအတာတစ်ခုအထိ ခံနိုင်ရည်ရှိ အောင်၊ ခိုင်ခံ့အောင် တည်ဆောက်ထား လျှင် ပြည်သူလူထုအတွက် သဘာဝဘေး အမျိုးမျိုးမှ ခိုလှုံရန် အထောက်အကူဖြစ် နိုင်ကြောင်း ကုလသမဂ္ဂ မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေးအဖွဲ့ (UN Habitat) မှ စီမံကိန်း အင်ဂျင်နီယာ ဒေါက်တာကျော်သူက ပြောသည်။
(UN Habitat အဖွဲ့၏ ဆောင်ရွက် ချက်များတွင် သဘာဝဘေးဒဏ်ခံ အဆောက်အအုံနှင့်ပတ်သက်၍ နည်း ပညာ အကူအညီပေးသည့်လုပ်ငန်းမှာ တစ်ခု အပါအဝင်ဖြစ်သည်။)
”ကျောင်းတွေ၊ ဆေးရုံတွေ၊ အရေး ကြီးအဆောက်အအုံတွေကို သူ့အရပ် ဒေသအလိုက် မုန်တိုင်းဒဏ်ခံနိုင်အောင်၊ ငလျင်ဒဏ်ခံနိုင်အောင် စသဖြင့် ခိုင်ခံ့ အောင် ဆောက်လုပ်ခြင်းအားဖြင့် ကျောင်းတွေ၊ ဆေးရုံတွေမှာ ခိုလှုံလို့ ရ မယ်။ ဒါပေမဲ့ အဲဒီ အဆောက်အအုံတွေက မုန်တိုင်းဒဏ်၊ ငလျင်ဒဏ် မခံနိုင်လို့ရှိရင် ပြည်သူတွေ ခိုလှုံလို့မရတဲ့အပြင် သဘာဝ ဘေး ကျရောက်ချိန်မှာ အဲဒီအရေးကြီး အဆောက်အအုံတွေထဲ ရောက်နေတဲ့ ပြည်သူတွေအတွက် ဘေးအန္တရာယ် ရှိနိုင် ပါတယ်”ဟုလည်း ဒေါက်တာကျော်သူက ဆက်ပြောသည်။
ပဒဲကောကျေးရွာမှ ကလေးငယ်နှစ်ဦး
အလှမ်းကွာဝေး
ဒေးဒရဲမြို့နယ်၊ နောက်ပြန်တိုး ကျေးရွာအုပ်စုအတွင်းရှိ ကျုံဓမင်းကျေး ရွာတွင် လူဦးရေ တစ်ထောင်ကျော်ရှိ သည်။ သို့သော် ထိုကျေးရွာအုပ်စုအနီး တွင် မုန်တိုင်းဒဏ်ခံ အဆောက်အအုံ မရှိ သဖြင့် ဒေသခံများက စိုးရိမ်နေကြသည်။
ခုနစ်မိုင်ခန့်ဝေးသည့် သောကြာကုန်း ကျေးရွာအုပ်စုအတွင်း မုန်တိုင်းဒဏ်ခံ အဆောက်အအုံတစ်လုံးရှိသော်လည်း လမ်းပန်းဆက်သွယ်ရေးအရ သွားလာရန် ခက်သည်။ သွား၍ ရနိုင်သည့်တိုင် သောကြာကုန်းနှင့် အနီးတစ်ဝိုက်ရှိ လူဦးရေ နှင့်ပင် အဆိုပါအဆောက်အအုံမှာ အချိုး မညီဖြစ်နေသည်ဟု ဒေသခံများက မော် ကွန်းသို့ ပြောပါသည်။
”သူများရွာတွေမှာ မုန်တိုင်းဒဏ်ခံ အဆောက်အအုံရှိတယ်။ ကိုယ့်ရွာမှာကျ တော့ မရှိတဲ့အတွက် တော်တော်လဲ အား ငယ်တာပေါ့။ မုန်တိုင်းအသံကြားလိုက် တာနဲ့ ရွာကလူတွေက အကုန်လုံး ကြောက်နေကြပြီ။ နားစရာ၊ ခိုစရာမရှိ တော့ ပိုကြောက်ရတယ်”ဟု ကျုံဓမင်း ကျေးရွာမှ အသက် ၄၁ နှစ်အရွယ် ကိုမောင်ခိုင်ကပြောသည်။
ဧရာဝတီတိုင်းဒေသကြီးအတွင်း မြို့နယ်အချို့ရှိ ကျေးရွာများမှ ဒေသခံ များ၏ မုန်တိုင်းဒဏ်ခံ အဆောက်အအုံ နှင့်ပတ်သက်သည့် ခံစားချက်ကို မော် ကွန်းက မေးမြန်းခဲ့ရာတွင် ဒေသခံများက မုန်တိုင်းဒဏ်ခံအဆောက်အအုံများကို လက်ရှိ ဆောက်လုပ်ထား သည့်အရေ အတွက်ထက် ပို၍ လိုချင်နေကြောင်း ထုတ်ပြောကြသည်။
မြစ်နှင့် ချောင်းများ ရှုပ်ထွေးစွာ ရှိ နေသည့် မြစ်ဝကျွန်းပေါ်၏ ပထဝီဝင် အနေအထားအရ တစ်ရွာမှ တစ်ရွာသို့ ကူးလူးသွားလာရာတွင်လည်း အခက် အခဲရှိသည်။ အချိန်ကြန့်ကြာမှုရှိသည်။ ထို့ကြောင့် အရေးအကြောင်း ပေါ်လာ သည့်အခါ မုန်တိုင်းဒဏ်ခံ အဆောက် အအုံများသို့ အချိန်မီသွားရန်မှာ လက် တွေ့တွင် ကန့်သတ်ချက်များ ရှိနေသည်။ သို့ဖြစ်၍ မိမိတို့ကျေးရွာများတွင် မုန်တိုင်း ဒဏ်ခံအဆောက်အအုံ လုံလောက်စွာ လို ချင်ကြောင်း ဒေသခံများက ပြောပြကြ ခြင်း ဖြစ်သည်။
မုန်တိုင်းတစ်ကြိမ်ဝင်ဖူးပြီးဖြစ် သော ဒေသတစ်ခုအတွက် နောက်တစ် ကြိမ် မုန်တိုင်းဝင်နိုင်ခြေမှာ ရာခိုင်နှုန်း အတော်များသည်ဟု မိုးလေဝသပညာ ရှင်များက ပြောထားဖူးသည်။ ဒေသခံ များအနေဖြင့်လည်း မိုးလေဝသသတင်း များကို သတိကြီးကြီးထား၍ နားစွင့်နေ ကြသော်လည်း သက်ဆိုင်ရာတို့ဘက်မှ မိုးလေဝသနှင့်ပတ်သက်၍ ပြည်သူလူထု ထံ ထိရောက်မြန်ဆန်စွာ ပေးပို့နိုင်မည့် နည်းပညာအပိုင်းတွင် အားနည်းမှုများရှိ နေဆဲဖြစ်ကြောင်း မိုးလေဝသပညာရှင် ဦးထွန်းလွင်က ဆိုသည်။
”လုံခြုံစိတ်ချရတဲ့ သဘာဝဘေး အန္တရာယ် ကြိုတင်ကာကွယ်ရေးအဆင့် ကို မရောက်သေးဘူး”ဟု ဦးထွန်းလွင်က ပြောသည်။
မြစ်ဝကျွန်းပေါ်ကျေးရွာများတွင် နာဂစ်ဖြစ်ပွားအပြီး ငါးနှစ်အတွင်း အစိုးရ နှင့် အစိုးရမဟုတ်သော လူမှုအဖွဲ့အစည်း များအပိုင်းမှ မုန်တိုင်းဒဏ်ခံ အဆောက် အအုံများ ဆောက်လုပ်မှုအပိုင်းတွင် မရှိ သလောက် အားနည်းသွားပြီဖြစ်သည်။ ရှိ နေသည့် အင်န်ဂျီအိုအဖွဲ့အစည်း အများစု မှာလည်း မုန်တိုင်းဒဏ်ခံအဆောက်အအုံ များထက် အခြားသော အထွေထွေဖွံ့ဖြိုးမှု လုပ်ငန်းများဘက်သို့ ကူးပြောင်းလုပ် ဆောင်နေကြသည်။
”နာဂစ်နဲ့ပတ်သက်တဲ့ ကြိုတင်ပြင် ဆင်ချက်တွေက အလွန်ကို အားနည်း သွားပြီ။ အဲဒါကတော့ မကောင်းဘူးလို့ မြင်တယ်”ဟု ဦးထွန်းလွင်က ပြောသည်။
အဆောက်အအုံက မလောက်
နိုင်ငံတော်က ဆောက်ပေးထား သည့် မုန်တိုင်းဒဏ်ခံအဆောက်အအုံများ မှာ မြစ်ဝကျွန်းပေါ်တွင် စုစုပေါင်း ၅၆ လုံး ရှိသည်ဟု လူမူဝန်ထမ်းနှင့် ပြန်လည်နေ ရာချထားရေးဝန်ကြီးဌာနမှ ညွှန်ကြား ရေးမှူး ဦးသန်းထွဋ်ဆွေက ပြောပါသည်။ နိုင်ငံတော်မှ ကုန်ကျငွေ စိုက်ထုတ် ဆောက်လုပ်သည့် အရေအတွက်မှာ ၂၈ လုံးဖြစ်ပြီး ကျန်သည့်အရေအတွက်မှာ နိုင်ငံတော်နှင့်ဆက်စပ်သည့် ပုဂ္ဂလိက အလှူရှင်များက ဆောက်လုပ်ပေးခြင်း ဖြစ်သည်။
မြစ်ဝကျွန်းပေါ်ရှိ သဘာဝဘေး အ္တနရာယ် ကျရောက်နိုင်သည့် ဒေသများ မှ လူဦးရေအားလုံးအတွက် ခြုံငုံကာကွယ် မှုရှိစေရန်မှာ နောက်ထပ် ၄၅ လုံးထပ်လို ကြောင်း အထက်ပါဝန်ကြီးဌာနမှ တာဝန် ရှိသူက ပြောသည်။ သို့မှသာ သဘာဝ ဘေးအန္တရာယ်ကျရောက်နိုင်ဖွယ်ရှိသည့် ဒေသရှိ လူဦးရေအချိုးအစားနှင့် မျှတ လုံလောက်မှုရှိမည်ဟု ဆိုသည်။
လိုအပ်သည့် ငွေကြေးကုန်ကျ စရိတ်အတွက်လည်း နိုင်ငံတကာအဖွဲ့ အစည်းများ၊ ပြည်တွင်းအလှူရှင်များနှင့် အင်န်ဂျီအိုများကို အကူအညီတောင်း ထားသည်ဟုလည်း လူမှုဝန်ထမ်းနှင့် ပြန် လည်နေရာချထားရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးက မော်ကွန်းသို့ ဆက် ပြောသည်။
ပင်လယ်ရေအောက် ငလျင်လှုပ်မှု ကြောင့် ဆူနာမီကဲ့သို့ ရုတ်တရက်ဖြစ်ပေါ် လာမည့် ရေကြီးရေလျှံမှုများ အစရှိသည့် သဘာဝဘေးအ္တနရာယ်များကိုပါ ကာ ကွယ်နိုင်မည့် အစီအမံများကို ပြုလုပ်သွား ရန် သက်ဆိုင်ရာအာဏာပိုင်များဘက်မှ လျာထားချက်ရှိပါသည်။
”ပင်လယ်ရေအောက် ငလျင်လှုပ် တာနဲ့ ရုတ်တရက် ရေကြီးလာမှာကိုး။ ရေ ကြီးလာရင် ကျွန်တော်တို့ ပြည်သူတွေ ဒုက္ခရောက်နိုင်တယ်။ ပြင်စလူတို့၊ လပွတ္တာတို့ဘက်က အချို့နေရာတွေကျ တော့ ရေမိုင်နဲ့ဆိုရင် မုန်တိုင်းဒဏ်ခံ အဆောက်အအုံရှိတဲ့ဆီသွားဖို့ သုံးနာရီ ကနေ ဆယ်နာရီလောက် သွားနေရမှာ ကိုး”ဟု ဦးသန်းထွဋ်ဆွေက ပြောသည်။
လက်ရှိကာလတွင် လူသားချင်း စာနာသည့် အကူအညီများပေးနေသော အဖွဲ့အစည်းများအနေဖြင့် မုန်တိုင်းဒဏ်ခံ အဆောက်အအုံများ တည်ဆောက်သည့် လုပ်ငန်းများထက် သဘာဝဘေး အန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေကို လျှော့ချသည့်လုပ်ငန်းများကိုသာ ပြောင်း လဲလုပ်ကိုင်လျက်ရှိကြောင်း UN Habitat အဖွဲ့မှ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှုလျှော့ချနိုင်ရေး ကျွမ်းကျင် သူ မစ္စတာဂျေဂနတ်ရှ်မူရူဂီဆန် (Jaiganesh Murugesan) က ပြောသည်။
မုန်တိုင်းဒဏ်ခံ အဆောက်အအုံ ဆောက်လုပ်ခြင်းကို အဖွဲ့အစည်းအချို့က ကျောခိုင်းသွားသော်လည်း ဒေသခံများ ကမူ အခွင့်အရေးရလျှင် မိမိတို့ဒေသတွင် တည်ဆောက်ပေးစေလိုသည့် ဆန္ဒများ ရှိ နေကြသည်။ မုန်တိုင်းဒဏ်ခံ အဆောက် အအုံရှိသည့် ကျေးရွာများတွင် အဆိုပါ အဆောက်အအုံများကို စွယ်စုံသုံးအဖြစ် အကျိုးရှိရှိ အသုံးချကြသည်များလည်း ရှိသည်။
မော်ကွန်းမှ လက်တွေ့သွားရောက် လေ့လာခဲ့သည့် ဘိုကလေးမြို့နယ်နှင့် ဖျာ ပုံမြို့နယ်အတွင်းမှ ကျေးရွာအချို့တွင် မုန် တိုင်းဒဏ်ခံအဆောက်အအုံများကို စာသင်ကျောင်းအဖြစ်လည်းကောင်း၊ ဘက်စုံသုံးခန်းမအဖြစ်လည်းကောင်း အကျိုးရှိစွာ အသုံးပြုလျက် ရှိသည်ကို လည်း တွေ့ရသည်။
ဖျာပုံမြို့နယ်၊ တင်ပုလွဲကျေးရွာရှိ လူ ၅ဝဝ ဆံ့သည့် မုန်တိုင်းဒဏ်ခံ အဆောက်အအုံကို အခြေခံပညာအထက် တန်းကျောင်းခွဲအဖြစ်အသုံးပြုထားသည် ကို တွေ့ရသည်။ ဘိုကလေးမြို့နယ်၊ ဆတ် ကျွန်းကျေးရွာရှိ မုန်တိုင်းဒဏ်ခံ အဆောက်အအုံကိုတော့ တရားစခန်း အဖြစ် အသုံးပြုသည့်အခါ အသုံးပြု သလို မင်္ဂလာဆောင်ခန်းမအဖြစ် အသုံးပြုသည့် အခါလည်း သုံးသည်။ အလှူအတန်းများ ကိုလည်း ထိုနေရာမှာပင် ကျင်းပကြ သည်။ တွဲဖက်အလယ်တန်းကျောင်း ဖွင့် ထားသည်မှာပင် သုံးနှစ်ရှိပြီဟု ဒေသခံ များက ပြောပြသည်။
”မုန်တိုင်းဒဏ်ခံအဆောက်အအုံရှိ တော့ လုံခြုံစိတ်ချမှုရှိသွားတယ်ဗျ”ဟု ဖျာပုံမြို့နယ် တင်ပုလွဲကျေးရွာမှ ကိုသိန်း သန်းက ပြောသည်။ တင်ပုလွဲသည် ပင် လယ်နှင့် နှစ်မိုင်နီးပါးမျှသာ ဝေးသည်။
”ကိုယ့်ရွာမှာတင်ရှိတော့ အရေး ကြုံရင် အနီးကလေး ပြေးလိုက်ရုံပဲ”
သို့သော် အနီးအနား ကျေးရွာများ တွင် တစ်လုံးတည်းသာရှိသော တင်ပုလွဲရှိ အဆောက်အအုံမှာလည်း အဝေးရှိကျေး ရွာအချို့မှ လူအများ လာရောက် ခိုလှုံပြီ ဆိုလျှင် လူဦးရေနှင့် မလုံမလောက်ဖြစ်ရ ကြောင်း ရွာသားများက ပြောသည်။
”မဟာစင်မုန်တိုင်းဖြစ်တဲ့အချိန် တုန်းကဆိုရင် မုန်တိုင်းအသံကြားတာနဲ့ ဘေးရွာတွေက ပြေးလာကြတာ။ ဒီရွာက လူတွေတောင်မှ မသွားရသေးဘူး။ ဘေး ရွာက လူတွေနဲ့တင် ပြည့်နေပြီ”ဟု တင်ပု လွဲကျေးရွာမှ ဒေါ်ဌေးမြင့်က ပြောသည်။ အပိုင်း(၂)သို့

