မတ်လ -၂၀၁၄ထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၁၂)မှ မျက်နှာဖုံးဆောင်းပါး ဖြစ်ပါသည်။
ကောင်းမြတ်မိုး နှင့် စောသစ်ထူး ရေးသည်။
အယ်လ်ကိုဟော တစ်အောင်စခွဲ ၊ ဘီယာတစ်ခွက်စာ(၃၅ဝ မီလီလီတာ)၊ အရက်ပြင်းတစ်ပက်၊ ဒါမှမဟုတ် ဝိုင်တစ်ခွက် (၁၅ဝ မီလီလီတာ) ကို အသည်းက ဓာတ်ဖြိုခွဲဖို့ တစ်နာရီကြာ အောင်စောင့်ရတယ်လို့ ဆေးပညာရှင်တွေက တိုင်းတာထား ပါတယ်။
ခန္ဓာကိုယ်က အယ်လ်ကိုဟော စုပ်ယူမှုနှုန်းထားဟာ တစ် ယောက်နဲ့ တစ်ယောက်မတူတာမို့ ကိုယ့်လစ်မစ်ကို ကိုယ်မှတ် ထားဖို့ ဆေးပညာစာအုပ်တွေ ရေးသားထုတ်ဝေနေတဲ့ ဒေါက် တာကျော်သက်ခိုင် (ဆေးတက္ကသိုလ်) က ဆိုပါတယ်။ သူကိုယ် တိုင်လည်း ‘ပညာသားပါပါ အရက်သောက်နည်း’ဆိုတဲ့ စာအုပ် ကို ပြုစုထုတ်ဝေထားပါတယ်။
”နောက်တစ်နေ့မနက်မှာ ပျော်ပျော်ရွှင်ရွှင်နိုးထလာဖို့ သောက်သုံးလိုက်တဲ့ အရက်ခွက်အရေအတွက်ကို ရေတွက်ဖို့ တော့ လိုအပ်ပါတယ်”လို့ သူက ဆိုပါတယ်။
ခန္ဓာကိုယ်တွင်း အယ်လ်ကိုဟောပမာဏကို သွေးတွင်း အယ်လ်ကိုဟော သိပ်သည်းမှု (Blood Alcohol Concentration – BAC ) နဲ့ တိုင်းတာပါတယ်။ အရက်သောက်ပြီး ကား မောင်းသူတွေကို BAC အရ ကန့်သတ်ပြီး အရေးယူတာတွေလုပ် တာပါ။
မြန်မာနိုင်ငံက အရက်သောက်သုံးသူတွေမှာ အတွေ့ရများ တာ အဆုတ်တီဘီရောဂါလို့ ဒေါက်တာကျော်သက်ခိုင်က ဆိုပါ တယ်။ အရက်ကြောင့် အသည်းကိုလည်း ပျက်စီးစေနိုင်သလို ပထမဆုံးကြုံတွေ့ရနိုင်တာကတော့ အသည်းအဆီဖုံးခြင်းဖြစ်ပြီး အရက်ဖြတ်လိုက်ရင် ပြန်ကောင်းလာနိုင်ပါတယ်။
နောက်တစ်ဆင့်အနေနဲ့ အသည်းရောင်အသားဝါဖြစ်နိုင်ခြေရှိပြီး အရက်ဖြတ်လိုက်မယ်ဆိုရင် အကောင်းဘက်ကို ပြန် လည်လာနိုင်ပါတယ်။ အရက်ကြောင့် အသည်းကြွပ်ရောဂါဖြစ် လာပြီဆိုရင်တော့ သေစေနိုင်လောက်တယ်လို့ ဆိုပါတယ်။
အရက်ကို စနစ်တကျဖြတ်ဖို့ ဒေါက်တာဝင်းအောင်မြင့်က တိုက်တွန်းပြီး အရက်ကို စနစ်တကျမဖြတ်ရင် ခန္ဓာကိုယ်ပိုင်း၊ စိတ်ပိုင်းနဲ့ လူမှုရေးပိုင်းဆိုင်ရာဆိုပြီး ပြဿနာသုံးမျိုး ကြုံတွေ့ရ နိုင်တယ်လို့ ၎င်းက ဆိုပါတယ်။
ခန္ဓာကိုယ်ပိုင်းဆိုင်ရာမှာ အသည်းရောင်၊ အသည်းခြောက် ကနေ အသည်းကင်ဆာ၊ အစာအိမ်နဲ့ အူလမ်းကြောင်းရောဂါ၊ အစာအိမ်သွေးကြောပေါက်ခြင်း၊ သွေးအန်ခြင်း၊ သွေးဝမ်းသွား ခြင်းတွေနဲ့ ဦးနှောက်နဲ့ အာရုံကြောပိုင်းဆိုင်ရာတွေကိုပါ ထိခိုက် လာနိုင်တယ်လို့ ရှင်းပြပါတယ်။
စိတ်ပိုင်းဆိုင်ရာအနေနဲ့ နားထဲမှာ အသံတွေ အလိုလို ကြားလာရပြီး တစ်ယောက်ယောက်၊ ဒါမှမဟုတ် လူအုပ်ကြီးတွေ က လာပြီးခြိမ်းခြောက်နေတာမျိုး ခံစားရလာကာ ထွက်ပြေးတာ၊ သံသယကြီးတာမျိုးတွေ ဖြစ်တတ်တယ်၊ အထူးသဖြင့် မိမိရဲ့ မိန်းမက နောက်တစ်ယောက်နဲ့ ဖောက်ပြန်နေတယ်လို့ သံသယ ဝင်လာပြီး လူမှုရေးအပိုင်းမှာပါ ထိခိုက်လာတယ်လို့ စိတ်ရောဂါ ကုဆရာဝန်က ဆိုပါတယ်။
အရက်နဲ့ ခံနိုင်ရည်
အရက်ကိုသောက်သုံးတဲ့နေရာမှာ ပျော်ရွှင်မှုအတွက်သာ ရည်ရွယ်သောက်သုံးသင့်ပြီး အရက်ရဲ့ ကျေးကျွန်ဖြစ်တဲ့အထိ သောက်သုံးဖို့ မသင့်ကြောင်း ဆေးပညာရှင်တွေနဲ့ အရက်ထုတ် လုပ်သူတွေက ပြောကြပါတယ်။
ခန္ဓာကိုယ်ထဲမှာ BAC ပမာဏ ဝ ဒသမ ဝ၃ ရောက်ရှိ တဲ့အခါမှာ ပူပန်သောကနဲ့ စိတ်ဖိစီးမှုတွေလျော့ကျကာ ပျော်ရွှင် မှုကို စတင်ခံစားလာရပြီး BAC ဝ ဒဿမ ၃ဝ ရောက်တဲ့အခါမှာ တော့ အမူးလွန်ကာ သတိမေ့တတ်ခြင်း Blackout အဆင့်အထိ ဖြစ်သွားနိုင်ပါတယ်။ မနက်လင်းတဲ့အခါ ညက အဖြစ်အပျက်တွေ ကို မမှတ်မိတော့တာမျိုးအထိ ဖြစ်တတ်တာကြောင့် ဆင်ခြင်သင့် တယ်လို့ ဆိုပါတယ်။
့ှ US Standard Chart အရ ခန္ဓာကိုယ်အလေးချိန် ပေါင် ၁၂ဝ ရှိတဲ့သူတစ်ဦးဟာ အယ်လ်ကိုဟော ၄ဝ ရာခိုင်နှုန်း ပါဝင်တဲ့ အရက်ပြင်းတစ်ခွက် (၄၄ မီလီလီတာ) ဒါမှမဟုတ် အယ်လ်ကို ဟော ၁၂ ရာခိုင်နှုန်း ပါဝင်တဲ့ ဝိုင်တစ်ခွက် (၁၄၈ မီလီလီတာ) ဒါမှမဟုတ် အယ်လ်ကိုဟော ၅ ရာခိုင်နှုန်းပါဝင်တဲ့ ဘီယာတစ် ခွက်(၃၅၅ မီလီလီတာ) သောက်လျှင် BAC ဝ ဒသမ ဝ၃ အထိ ရောက်ရှိနိုင်ပါတယ်။ တစ်နာရီအတွင်း ရှစ်ခွက်ထက် ပိုသောက်ပါ က BAC ဝ ဒသမ ၃ဝ ကျော်လွန်သွားမှာဖြစ်ပြီး လူကို အရက် နာကျစေတယ်လို့ တွက်ချက်ထားပါတယ်။
”ကျွန်တော်တို့က ပျော်ရွှင်မှု၊ Enjoyment ကို ရောင်းချတာပါ။ ပျော်ပျော်ရွှင်ရွှင်ဖြစ်ဖို့ ထိန်းထိန်းသိမ်းသိမ်း သောက်ဖို့လို ပါတယ်”လို့ မန္တလေးမှာတည်ရှိတဲ့ IBTC ကုမ္ပဏီပိုင် အရက် ချက်စက်ရုံရဲ့ Processing Manager တစ်ဦးက မှတ်ချက်ပေး ပါတယ်။
ကမ္ဘာပေါ်မှာ အကောင်းဆုံးဆိုတဲ့ပစ္စည်းတွေကို ထိန်းထိန်း သိမ်းသိမ်းမသုံးစွဲရင် လောကအတွက် အန္တရာယ်များတယ်လို့ သူက ဆိုပါတယ်။ အဏုမြူစွမ်းအား၊ လိင်ကိစ္စနဲ့ အရက်တွေကို ဥပမာအဖြစ် ပေးပါတယ်။
ဒေါက်တာကျော်သက်ခိုင်ကလည်း ”သင့်လက်ထဲမှာရှိတဲ့ အရက်ခွက်ဟာ သင့်ကို မူးရူးအောင်လုပ်မှာလား၊ ဒါမှမဟုတ် ပျော်ရွှင်အောင် ကူညီမှာလားဆိုတဲ့ အချက်ကို သင်ကိုယ်တိုင်က ခွဲခြားပေးရပါလိမ့်မယ်”လို့ ဆိုပါတယ်။
အယ်လ်ကိုဟောဟာ အယ်လ်ကိုဟောသာဖြစ်ပြီး လူကို ဒုက္ခပေးတဲ့ အဆိပ်အတောက်မဟုတ်ပေမယ့် အရက်ကို သင့်တင့် ရုံသာသောက်သုံးဖို့ ၎င်းက အကြံပြုပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)၊ ကမ္ဘာ့ဘဏ် (World Bank)၊ ကုလသမဂ္ဂပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှုအဖွဲ့ (UNESCO) နဲ့ အမေရိကန်ထောက်လှမ်းရေး (CIA)တို့ရဲ့ အချက်အလက်တွေကို အခြေခံပြီး World Life Expectancy က ကမ္ဘာ့နိုင်ငံ ၁၉၂ နိုင်ငံရဲ့ အယ်လ်ကိုဟောသုံးစွဲမှုတွေကို စစ် တမ်းပြုလုပ်ထားရာမှာ မြန်မာနိုင်ငံဟာ အဆင့် ၁၆၃ မှာ ရှိပါ တယ်။ အယ်လ်ကိုဟောကြောင့် သေဆုံးနှုန်းမှာတော့ အဆင့် ၁၁၄ မှာရှိပါတယ်။ အယ်လ်ကိုဟော သုံးစွဲမှုနည်းပေမယ့် သေဆုံး နှုန်းမြင့်နေတာ တွေ့ရပါတယ်။
မြန်မာနိုင်ငံက အရက်ချက်စက်ရုံတွေကနေ အရက်အဆီ (ပြင်းအား ၉၅ ရာခိုင်နှုန်း) ဂါလန်သုံးသောင်းခန့် နေ့စဉ်ထုတ်လုပ် နေတယ်လို့ ဦးစိန်သောင်းဦးက ခန့်မှန်းပြောဆိုပါတယ်။
အဲဒီ အရက်ဆီတွေကို အများပြည်သူထံ တိုက်ရိုက်ရောင်း ချခွင့်မရှိဘဲ အန္တရာယ်ကင်းစွာ သောက်သုံးနိုင်တဲ့ အဆင့်အထိ ရောစပ်ပြီးမှသာ ရောင်းချခွင့်ပြုဖို့ ဒေသဆိုင်ရာအာဏာပိုင်အဖွဲ့ အစည်းတွေနဲ့ စက်မှုဝန်ကြီးဌာနတို့ ညှိနှိုင်းဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းက ကျင်းပခဲ့တဲ့ ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေးမှာ စက်မှုဝန်ကြီး ဌာန ဒုတိယဝန်ကြီးက ပြောကြားခဲ့ပါတယ်။
၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာရေးနှစ်အတွင်း ယစ်မျိုးလိုင်စင် စုစုပေါင်း လေးသောင်းကျော် (၄၁,၂၆၃) ကို ပြည်ထဲရေးဝန်ကြီး ဌာနက ခွင့်ပြုခဲ့တယ်လို့ ၂ဝ၁၃၊ သြဂုတ်လအတွင်းက ပြုလုပ်ခဲ့တဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ဂွမြို့နယ်မှ ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်ရဲ့ မေးမြန်းမှုကို ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်က ပြန်လည်ဖြေကြားခဲ့ ပါတယ်။
လိုင်စင်မဲ့ အရက်ရောင်းချခြင်း၊ တရားဝင် ယစ်မျိုးလိုင်စင် ရယူထားပေမယ့်လည်း လိုင်စင်အမျိုးအစားနဲ့ မကိုက်ညီတဲ့ အရက်တွေ ရောင်းချခြင်းတွေကို အရေးယူ ဆောင်ရွက်နေ ကြောင်းနဲ့ ၂ဝ၁၃၊ ဇန်နဝါရီကနေ ဇူလိုင်အထိ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အမှုပေါင်းတစ်သောင်းကျော် (၁၁,၁၆၅) ဖမ်း ဆီးအရေးယူ ဆောင်ရွက်ခဲ့တယ်လို့ ပြည်ထဲရေး ဒုတိယဝန်ကြီးက ဆိုပါတယ်။
၁၉၇ဝ ယစ်မျိုးဥပဒေအရ အသက် ၁၈ နှစ်မပြည့်သေးသူကို အရက်၊ ဘီယာရောင်းချလျှင် ရောင်းချသူကိုဖြစ်စေ၊ အသက် ၁၈ နှစ်မပြည့်မီ အရက်သောက်သုံးသူကို အရေးယူနိုင်တယ်လို့ ဆို ပါတယ်။
အကျိုးအမြတ်နဲ့ အတုအပ
ယစ်မျိုးခွန်ကို တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနများက ကောက်ခံပြီး ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းမှ ယစ်မျိုးခွန် ကျပ် ၁ ဒသမ ၅ ဘီလီယံ ကောက်ခံရရှိခဲ့ပြီး ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာနှစ်အတွက် ကျပ် ၃ ဘီလီယံ ရရှိနိုင်မယ် မျှော်လင့်ထား တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ပြည်တွင်းအခွန်များဦးစီးဌာန၏ òန်ကြားရေးမှူးဦးကျော်ကျော်ကို ကိုးကားပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာ လအတွင်းက မဇ္ဈိမသတင်းဌာနက ရေးသားခဲ့ပါတယ်။
၂ဝ၁၂-၂ဝ၁၃ စည်းကြပ်နှစ်အတွင်း ကုန်သွယ်လုပ်ငန်းခွန် အများဆုံးပေးဆောင်တဲ့လုပ်ငန်းတွေမှာ အရက်၊ ဘီယာ၊ ဆေး လိပ်ကုမ္ပဏီတွေ အများအပြားပါဝင်နေပြီး ထိပ်ဆုံးစာရင်းမှာ Myanmar Brewery လီမိတက်၊ Dagon Beverages ကုမ္ပဏီလီမိတက်နဲ့ IBTC စတဲ့ ကုမ္ပဏီကြီးတွေ ပါဝင်တာ တွေ့ ရပါတယ်။
နိုင်ငံခြားဖြစ်အရက်၊ ဝိုင် တင်သွင်းမှုကို ၁၉၉၆ ကစပြီး ဟိုတယ်လုပ်ငန်းလိုင်စင်ရထားသူတွေကိုပဲ တင်သွင်းခွင့် ပေးထားခဲ့ ကာ ဟိုတယ်လိုင်စင်ရရှိထားသူတွေ တင်သွင်းလာတဲ့ အဖျော် ယမကာတွေကို ဟိုတယ်ပရဝဏ်အတွင်းမှာပဲ ရောင်းချခွင့်ပြု ထားပါတယ်။
ဟိုတယ်ကြီးတွေအတွက် ပြည်ပကနေ အရက်၊ ဝိုင်၊ ဘီယာ စတဲ့ အဖျော်ယမကာတွေနဲ့ အသား၊ ဟင်းသီးဟင်းရွက်တွေ တင်သွင်းပေးနေတဲ့ Quato Products နဲ့ Premium Food Services Product ကုမ္ပဏီတွေကို ပြီးခဲ့တဲ့ ၂ဝ၁၃ နှစ်ကုန်ခါနီး မှာ တရားမဝင်ကုန်သွယ်မှုတားဆီးထိန်းချုပ်ရေးအဖွဲ့ (Mobile Team) က ဝင်ရောက်စစ်ဆေးခဲ့ပြီး တရားမဝင်တင်သွင်းလာတဲ့ နိုင်ငံခြားဖြစ် ယမကာတွေ တွေ့ရှိတယ်ဆိုတာကြောင့် ဈေးကွက် အတွင်းမှာ နိုင်ငံခြားဖြစ် အဖျော်ယမကာတွေ ပြတ်လပ်သွားခဲ့ပါတယ်။
စစ်ဆေးဖမ်းဆီးမှုတွေကြောင့် အဆင့်မီတဲ့ နိုင်ငံခြားဖြစ် အရက်တွေ ဈေးတက်သွားပြီး ပြည်တွင်းဖြစ်အရက်တွေကိုသာ ရွေးချယ်စရာရှိတော့တာကြောင့် လူထုကျန်းမာရေးကို လျစ်လျူ ရှုတယ်လို့ နိုင်ငံခြားဖြစ်ယမကာသောက်သုံးသူတွေက ဆိုကြပါတယ်။
နိုင်ငံခြားဖြစ်အရက်တွေပဲ အဆင့်မီတာမဟုတ်ဘဲ ပြည် တွင်းဖြစ်အရက်ထုတ်လုပ်သူတွေကလည်း အဆင့်မီတဲ့ အရက် တွေကို ဈေးသက်သက်သာသာနဲ့ ရရှိအောင် ထုတ်လုပ်နေတာ ဖြစ်ပါတယ်လို့ ပြည်တွင်းဖြစ် အဖျော်ယမကာ ထုတ်လုပ်တဲ့ လုပ် ငန်းကြီးတစ်ခုဖြစ်တဲ့ International Beverages Trading Company Limited (IBTC) ရဲ့ ဥက္ကဋ္ဌ ဦးအောင်မိုးကျော်က ပြောပါတယ်။
”မိမိရဲ့ Enjoyment (ပျော်ရွှင်မှု)၊Relax (အပန်းပြေမှု) တွေလည်း ဖြစ်ရမယ်။ မိမိမိသားစုရဲ့ ကျန်းမာရေး၊ လူမှုရေး၊ စီး ပွားရေးကို ကာကွယ်တဲ့သောက်သုံးမှုကိုပဲ ကျွန်တော်တို့ လိုအပ်ပါတယ်။ တကယ်တမ်း အဆင့်အတမ်းရှိတဲ့ဟာကို သောက်သုံး သင့်တာပေါ့နော်”လို့ ၎င်းက ယခုနှစ် ဖေဖော်ဝါရီ တတိယပတ်က ရန်ကုန်မြို့မှာ ပြုလုပ်တဲ့ ယမကာ ထုတ်လုပ်ရောင်းချသူများ အသင်း အလုပ်ရုံဆွေးနွေးပွဲမှာ မော်ကွန်းမဂ္ဂဇင်းကို ပြောပါ တယ်။
အဖျော်ယမကာလုပ်ငန်းဟာ အမြတ်အစွန်းများတဲ့ လုပ်ငန်းဖြစ်တာကြောင့် အရက်တံဆိပ်အတုတွေလည်း ဈေးကွက်ထဲ မှာ ပျံ့နှံ့နေတယ်လို့ အရက်ထုတ်လုပ်သူတွေနဲ့ သောက်သုံးသူတွေ က ပြောကြပါတယ်။ အရက်အတုဆိုတာမှာ နာမည်ကြီးတံဆိပ်ကို အတုအပ ထုတ်လုပ်ခြင်းသာဖြစ်ပြီး လူကိုအ္တနရာယ်ပေးနိုင်တဲ့ ဓာတုပစ္စည်းတွေကို အရက်အဖြစ် ရောင်းချတာမဟုတ်ကြောင်း ဦးစိန်သောင်းဦးက ဆိုပါတယ်။
အတုအပပြုလုပ်တဲ့နေရာမှာ စီးပွားရေးအရ နာမည်ကြီး တံဆိပ်ကို တုပသလို ပြိုင်ဘက်အချင်းချင်းက မိမိပြိုင်ဘက်ကို ထိုးနှက်ဖို့ အရည်အသွေးမမီတဲ့ အရက်တွေကို ကိုယ်တိုက်ခိုက် ချင်တဲ့ ပြိုင်ဘက်ကုမ္ပဏီရဲ့ တံဆိပ်ပါတဲ့ ပုလင်းထဲထည့်ပြီး ရောင်း ချတာလည်းဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
ကုမ္ပဏီဝန်ထမ်းထဲကပဲ အထက်လူကြီးမသိအောင် ပုလင်း၊ တံဆိပ်နဲ့ အဖုံးတွေကို ခိုးရောင်းတာမျိုးတွေရှိတယ်လို့ ဦးစိန်သောင်းဦးက သူ့အတွေ့အကြုံကို ပြောပြတယ်။ အရက် အတုထက် အဆင့်မမီတဲ့ အရက်တွေက လူကိုပိုဒုက္ခပေးတယ်လို့ သူက ထောက်ပြပါတယ်။
အရက်သောက်တဲ့သူနှစ်မျိုးရှိပြီး ”တစ်မျိုးက အရက်ကို စနစ်တကျရွေးသောက်တဲ့သူနဲ့ အရက်ဖြစ်ရင်ပြီးရော တွေ့ကရာ သောက်တဲ့သူ”ဆိုပြီး သူက နှစ်ပိုင်းခွဲထားတဲ့အထဲက အရက်ကို ဖြစ်သလိုကြုံသလို သောက်တဲ့ လူတန်းစားက များတာကြောင့် အရက်ရောင်းတဲ့သူတွေကလည်း အချိန်တစ်ခုအထိ မစောင့် တော့ဘဲ ချက်ချင်းရော၊ ချက်ချင်းရောင်းလာကြပြီး သောက်သုံး တဲ့သူတွေကလည်း အလွန်အကျွံသောက်တာကြောင့် လူကို အန္တရာယ်ပြုတာတွေ ဖြစ်လာတာလို့ သူကသုံးသပ်ပါတယ်။ ဒီ အဆိုကို ကိုသီဟကလည်း ထောက်ခံစကားဆိုပါတယ်။
”အရက်ဆိုတာက သောက်တတ်ရင်တော့ ဆေးဖြစ်မှာပဲ လေ။ ကျွန်တော်က ပုံမှန်သုံးစွဲတဲ့သူမျိုးမဟုတ်တော့ဘူး။ အလွန် အကျွံသမားတွေ ဖြစ်သွားတော့ ဘေးဖြစ်တာပေါ့”
အရက်ကို ဖြတ်ဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့ပေမယ့် ပြန် သောက်ဖြစ်တယ်ဆိုတာက နည်းနည်းသောက်လို့ ဘာမှ မဖြစ် ပါဘူးဆိုပြီး စရာကနေ ပြန်စွဲလာခဲ့တာလို့ အရက်ဖြတ်ဖို့ ကြိုး စားနေသူတွေက ဆိုပါတယ်။
”အရက်ဝင်လိုက်ပြီဆိုတာနဲ့ ပုံမှန်စံချိန်ကို ပြန်ရောက် သွားတာပဲ”လို့ ကိုသီဟက ပြောတယ်။
အရက်ပြတ်ဖို့ရာမှာ ကာယကံရှင်ရဲ့ စိတ်ဆန္ဒက အဓိက ကျပြီး အရက်ဖြတ်ပေးတယ်ဆိုတာ ဆေးပညာအရ အကူအညီ ပေးတာသာဖြစ်တယ်လို့ ဒေါက်တာဝင်းအောင်မြင့်က သုံးသပ် ပါတယ်။
”ဆေးရုံက အရက်ဖြတ်ပေးလို့ ပြတ်သွားတယ်ဆိုရင် လောကမှာ အရက်သမားဆိုတာ ရှိမှာမဟုတ်ဘူး”လို့ သူက မှတ် ချက်ပြုတယ်။
အရက်ဖြတ်ဖို့ ကြိုးစားနေတဲ့ ဦးတူးတူးကလည်း နောက် ဆုံး အခေါက်ဆေးရုံကဆင်းပြီး သုံးရက်အကြာမှာပဲ သူငယ်ချင်း တစ်ယောက်က ကောက်ညှင်းအရက် မြည်းကြည့်ပါဆိုတာကနေ ပြန်ပြီး အရက်သောက်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
အရက်သောက်နေတာဟာ သူ့အမေကို ဒုက္ခပေးနေတာပဲ လို့ သူ့ညီကပြောသလို သမီးကြီးကို အိမ်ထောင်ချပေးဖို့ လုပ် တုန်းကလည်း ”သူ(သမီး)ကပြောတယ်။ ‘အဖေအရက်ပြတ်တဲ့ နေ့ကျရင် ကြိုက်တဲ့လူနဲ့ ပေးစားပါ’ဆိုပြီး သမီးက တောင်းဆို တယ်”လို့ သူက အခန်းထောင့်တစ်နေရာကို မျက်လုံးသေနဲ့ကြည့် ပြီး ပြန်ပြောင်းပြောပြတယ်။
ဒီတစ်ခါ ဆေးရုံတက်ပြီး အရက်ဖြတ်တာ နောက်ဆုံးဖြစ် လိမ့်မယ်လို့ သူက သန္နိဋ္ဌာန်ပြုထားပါတယ်။ ဦးတူးတူးနဲ့ ၄၅ မိနစ် လောက် စကားပြောပြီးတဲ့အချိန်မှာတော့ သူက အခန်းပြင်ကို ထွက်ဖို့ အားယူပြီး ထလိုက်တယ်။ ခြေနှစ်လှမ်း၊ သုံးလှမ်း လှမ်းပြီး တဲ့အခါ နောက်လှည့်ပြီး မွတ်ဆလင်ဘာသာဝင်ဖြစ်တဲ့ ဦးတူး တူးက အခုလို မှတ်ချက်ပြုလိုက်တယ်။
”အရက်သောက်ရင် နိဗ္ဗာန် ရောက်မယ်လို့ ဘယ်ဘုရားမှ မဟောကြပါဘူး။ အရက်ဆိုတာကောင်းတဲ့ အရာမှ မဟုတ်တာ”
(ပြထားသောအမည်မှာ ကာယကံရှင်၏ ဆန္ဒအရ အမည်လွှဲပြောင်းပေးထား ပါသည်။) အပိုင်း( ၁ )သို့

