မမမြန်မြန်မောင်း

မမမြန်မြန်မောင်း

မတ်လ-၂၀၁၃ထုတ်၊မော်ကွန်း မဂ္ဂဇင်း အမှတ်(၄)မှ သတင်းဆောင်းပါးဖြစ်ပါသည်။

စောသစ်ထူး ရေးသည်။

ရထားတွဲပေါ် စတက်လိုက်တာနဲ့ ကုန်စိမ်းနံ့တွေကစီးကြိုနေတယ်။ ရထား ကြမ်းပြင်ပေါ်မှာ ဂေါ်ဖီ၊ ကန်စွန်းစတဲ့ ကုန် စိမ်းရွက်တွေ ဟိုတစ်စ သည်တစ်စ ပြန့် ကျဲ နေတယ်။ တွဲရဲ့ထောင့်နှစ်ဖက်မှာတော့ ကြွပ်ကြွပ်အိတ်စွပ်ထားတဲ့ အမှိုက်ပုံးတွေ ရှိနေတယ်။ ပုံးထဲမှာတော့ အမှိုက်တွေ မတွေ့ရပါဘူး။

အရင်ကသစ်သားထိုင်ခုံတွေနေရာ မှာ အစိမ်းနုရောင် ဖိုင်ဘာထိုင်ခုံတွေ အစားထိုးထားတယ်။ တွဲနံရံမှာ ”နိုင်ငံ ခြားသားခရီးသွားဧည့်သည်များကို ကူညီ ပါ”ဆိုတဲ့ စတေကာ ကပ်ထားတာလည်း တွေ့ ရတယ်။

နိုင်ငံခြားခရီးသွားဧည့်သည်အချို့ ရထားပေါ်တက်လာကြသလို ဘူတာစင်္ကြံ ပေါ်မှာလည်း ဟိုမေးသည်မေးလုပ်နေတဲ့ နိုင်ငံခြားခရီးသွားစုံတွဲတစ်တွဲကို တွေ့ရ တယ်။ ရေခဲထုပ်သည်၊ ကွမ်းယာသည်၊ ဖရဲသီး၊ သရက်သီးရောင်းတဲ့ ဈေးသည် တွေ တွဲပေါ်တက်လာပြီး ရထားထွက်တဲ့ အထိ လူးလာခေါက်ပြန် ရောင်းချသံတွေ ညံသွားတယ်။

‘မမ’လို့ အတိုကောက်ခေါ်တဲ့ မြန် မာ့မီးရထားက ရန်ကုန်မြို့ပတ်ရထားကြီး ဟာ နေ့လယ် ၂ နာရီ မိနစ် ၂ဝ မှာ စက် ခေါင်းဆီမှ ဥသြဆွဲသံနဲ့အတူ ဘီးတဖြည်း ဖြည်းချင်း စလှိမ့်ပါပြီ။ နေ့လယ်ခင်းရထား ဆိုတော့ ခရီးသည် သိပ်များများစားစား ပါလှတာ မဟုတ်ပါဘူး။

ခုံတန်းရှည်ပေါ်မှာ ဒူးတစ်ဖက် ထောင်၊ တစ်ဖက်ချပြီး မျက်နှာချင်းဆိုင် ထိုင်နေတဲ့ အမျိုးသမီးကြီးနှစ်ယောက်က ရထားအတက်အဆင်းပေါက်ဝကို ကြည့် ပြီး ပြုံးစိစိလုပ်နေကြတယ်။ လှည့်ကြည့် လိုက်တော့ ရထားပေါ်ပါလာတဲ့ နိုင်ငံခြား သားက တက်ဆင်းပေါက်ဝမှာ သံလက် တန်းကိုကိုင်ပြီး အပြင်ကို ခေါင်းပြူကြည့် နေတာတွေ့ရတယ်။

မြို့ပတ်ရထားလမ်းတစ်လျှောက် မှာ သစ်ပင်တွေက နီးနီးကပ်ကပ်ပေါက် လေ့ရှိတာကြောင့် တစ်ခါတစ်ရံမှာ ပြတင်းပေါက်တွေထဲကို တိုးဝင်လာတတ် ကြတယ်။ ဒါနဲ့ နိုင်ငံခြားသားကို ကျွန် တော်က လှမ်းပြီးပြောရတယ်။

”သစ်ပင်တွေကို သတိထားပါ။ ထိ ခိုက်မိမယ်”

နိုင်ငံခြားသားက ”သတိပေးတာ ကျေးဇူးတင်ပါတယ်”ဆိုပြီး ပြန်ပြုံးပြ တယ်။ ပြီးတော့ လွတ်နေတဲ့ ခုံတန်းနေရာ မှာ ဝင်ထိုင်တယ်။ ပြီးတော့ ကျွန်တော်နဲ့ စကားပြောဖြစ်ကြတယ်။

သူက ပြင်သစ်နိုင်ငံက ခရီးသွား တစ်ဦးဖြစ်ပြီး တယ်လီဖုန်းဆက်သွယ် ရေးကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်တဲ့ အကြောင်းနဲ့ မြန်မာနိုင်ငံကို အပန်းဖြေ သဘောလာရင်းနဲ့ ပို့ဆောင်ဆက်သွယ် ရေး လုပ်ငန်းတွေကိုလည်း ပေါ့ပေါ့ပါးပါး လေ့လာနေတာပါလို့ဆိုပါတယ်။

စကားတပြောပြောနဲ့စီးလာရင်း ကြည့်မြင်တိုင်ဘူတာနားရောက်လာတဲ့အခါ ရထားလမ်းနဲ့ ယှဉ်လျက် သွားနေတဲ့ ကားတွေကိုကြည့်ပြီး..

”ရန်ကုန်မြို့က လမ်းတွေပေါ်မှာ ကားတွေ ကျပ်ကုန်ပြီ။ တစ်နေရာက တစ် နေရာကို သွားဖို့ အချိန်တော်တော်ယူရ မယ့် ပုံစံပဲ”လို့ သူက မှတ်ချက်ပြုတယ်။

ရန်ကုန်မြို့မှာ အစိုးရအသစ်နဲ့အတူ ကားအသစ်တွေပိုများလာပါတယ်။ ယခင်ကထက်ပိုများလာတဲ့ ကားအရေ အတွက်ကို ရန်ကုန်မြို့လမ်းမတွေက မချိ မဆံ့ထမ်း ထားရတယ်။ တစ်နေရာကနေ တစ်နေရာသွားဖို့ ယာဉ်ကြောပိတ်တဲ့ အချိန်ကိုပါ ထည့်တွက်လာရတယ်။ အငှားယာဉ်မောင်းတွေကလည်း ယာဉ် စီးခ ပိုတောင်းလာကြတယ်။

ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရဲ့ ၂ဝ၁၂ အောက်တိုဘာလ အထိ ယာဉ်အမျိုးအစားစာရင်းအရ ရန် ကုန်မြို့မှာ လူစီးယာဉ် တစ်သိန်းရှစ် သောင်းနီးပါး(၁၇၉,၈၃၁) နဲ့ ခရီးသည် တင်ယာဉ်တစ်သောင်းတစ်ထောင်ကျော် (၁၁,၁၉၂) ရှိတယ်လို့ ရထားပို့ဆောင်ရေး ဝန်ကြီးဌာနရဲ့  အင်တာနက်ဝက်ဘ်ဆိုဒ်မှာ ဖော်ပြထားပါတယ်။

ယာဉ်ကြောပိတ်ဆို့မှုနဲ့ မြို့တွင်းခရီး သွားလာရာမှာ ကြာတဲ့အချိန်ကိုလျှော့ချ နိုင်ဖို့အတွက် အများသုံးသယ်ယူပို့ ဆောင်ရေးတစ်ခုဖြစ်တဲ့ မြို့ပတ်ရထား စနစ်ကို အဆင့်မြှင့်တင်ဖို့ လိုအပ်လာပြီလို့ ကျွမ်းကျင်သူတွေက အကြံပေးကြသလို မဟာရန်ကုန် မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းထဲ မှာလည်း မြို့ပတ်ရထားစနစ် အဆင့်မြှင့် တင်ဖို့ ထည့်သွင်းရေးဆွဲထားကြပါတယ်။

သယ်ယူပို့ဆောင်ရေးဆိုင်ရာကကျွမ်းကျင်သူများနဲ့ အငြိမ်းစားသံအမတ် ကြီးတွေ ပါဝင်တဲ့ ရန်ကုန်မြို့တော် အများ ပြည်သူသယ်ယူပို့ဆောင်ရေးအာဏာပိုင်အဖွဲ့ (Yangon City Public Transport Authority) ကို ယခုနှစ် ဇန်နဝါရီလ အတွင်းက ဖွဲ့စည်းခဲ့ပြီး ၎င်းအဖွဲ့ရေးဆွဲ ထားတဲ့ စီမံကိန်းတွေထဲမှာ မြို့ပတ်ရထား နဲ့ ကားဂိတ်တွေ ချိတ်ဆက်သွားမယ့် လုပ်ငန်းတွေလည်း ပါတယ်လို့ အဖွဲ့ရဲ့ အတွင်းရေးမှူး ဦးလှအောင်က ပြောပါ တယ်။

”ကားအပြင် ရထားနဲ့ ကားနဲ့ချိတ် ဆက်ဖို့ အခန်းကဏ္ဍကို လေ့လာနေပါ တယ်။ ကားဂိတ်တွေရဲ့ ဆုံရပ်နေရာရယ်၊ ရထားတွေရဲ့ ဆုံရပ်နေရာတွေနဲ့ ချိတ် ဆက်သယ်ဆောင်ခြင်းအားဖြင့် ပိုမို အကျိုးပြုနိုင်တာတွေ တင်ပြသွားပါမယ်”လို့ ရန်ကုန်တိုင်းဒေသကြီး မော်တော် ယာဉ်လုပ်ငန်းပေါင်းစုံထိန်းသိမ်းရေးကြီး ကြပ်မှု ဗဟိုကော်မတီရဲ့  ဥက္ကဋ္ဌလည်း ဖြစ် တဲ့ ဦးလှအောင်က အဖွဲ့ရဲ့လုပ်ငန်းစဉ်တွေ ကို ရှင်းပြပါတယ်။

ရန်ကုန်မြို့တော်အတွင်း နေ့စဉ် လူ ဦးရေ နှစ်သန်းခွဲခန့်ဟာ ဘတ်စ်ကားကို အားထားကြပြီး ရှစ်သောင်းခွဲနဲ့ ကိုး သောင်း ဝန်းကျင်ဟာ မြို့ပတ်နဲ့ ဆင်ခြေဖုံး ရထားတွေကို အသုံးပြုကြတယ်လို့ မထသ (ဗဟို) နဲ့ မြန်မာ့မီးရထားရဲ့စာရင်း တွေက ဆိုပါတယ်။

ယခုလက်ရှိအခြေအနေမှာ နေ့စဉ် မြို့ပတ်ရထားစီးသူဦးရေ ငါးထောင်ဝန်းကျင်ခန့်တိုးတက်လာပြီး နိုင်ငံခြားခရီး သွား တစ်ရာခန့်လည်း နေ့စဉ်စီးနင်းကြ တယ်လို့ မြန်မာ့မီးရထား၊ တိုင်းအမှတ်(၇) ရန်ကုန်မှလက်ထောက်တိုင်းပို့ဆောင်ရေး မန်နေဂျာဦးကျော်မြင့်က ပြောပါတယ်။

”မီးရထားအချိန်မှန်ဖို့နဲ့ ခရီးသွား ပြည်သူတွေ ဘေးအန္တရာယ်ကင်းရှင်းစွာသွားလာနိုင်ရေးအတွက် ဦးစားပေးလုပ် ဆောင်နေပါတယ်”လို့ ဦးကျော်မြင့်က ပြောပြတယ်။

မြို့ပတ်ရထားလမ်းတစ်လျှောက် အဆင့်မြှင့်တင်တဲ့အနေနဲ့ သစ်သားဇလီ ဖားတုံးတွေနေရာမှာ ကွန်ကရစ်ဇလီဖား တုံးတွေနဲ့ အစားထိုးလဲလှယ်ခြင်းလုပ်ငန်း ဟာ ရန်ကုန်ဘူတာကြီးနဲ့ ကြည့်မြင်တိုင် ဘူတာကြားမှာ အနည်းငယ်သာ ကျန် တော့တာ တွေ့ရတယ်။

မြို့ပတ်နဲ့ ဆင်ဖြေဖုံးတွေကို တွဲ ဆိုင်း ၂၁ ဆိုင်းနဲ့ နေ့စဉ်ပြေးဆွဲပေးနေပါ တယ်။ သို့ပေမဲ့လည်း သက်တမ်းနှစ် ၄ဝ ကျော်နေတဲ့ စက်ခေါင်းတွေ အသုံးပြုပြီး နေ့စဉ် မနက်သုံးနာခွဲကစပြီး ညဆယ်နာရီ ကျော်အထိ ပြေးဆွဲပေးနေရတဲ့ ဆင်ခြေ ဖုံးနဲ့ မြို့ပတ်ရထားခရီးစဉ်တွေမှာ အချိန် နောက်ကျတာလေးတွေ အနည်းငယ် တော့  ရှိနေပါသေးတယ်။

”ရထားအချိန်မှန်ရင် ရထားပဲစီး ကြမှာ။ သက်သောင့်သက်သာရှိတယ်။အနည်းဆုံးတော့ (လိုင်းကား)စပယ်ယာ ဟောက်တာ မခံရဘူး။ ငွေကုန်သက်သာ တယ်”လို့ လေးညီ (၅ဝ)နှစ်က ပြောရင်း သူလပေးစီးတဲ့ ရထားလက်မှတ်ကိုထုတ် ပြတယ်။ အာမခံကြေးအပါအဝင် တစ်လ စာအတွက် ကျပ် ၁,၇ဝဝ ကျသင့်တယ်လို့ သူရဲ့ လပေးရထားစီးလက်မှတ်မှာ ရေး ထားတာ တွေ့ရတယ်။

လေးညီက တောင်ဒဂုံမြို့နယ်မှာ နေပြီး ရန်ကုန်မြို့ထဲက သိမ်ကြီးဈေးကို တိုးကြောင်ကလေး-ရန်ကုန်ဘူတာကြီး ဆင်ခြေဖုံးရထားစီးပြီး နေ့စဉ်သွားလာနေ တာ နှစ်ပေါင်းနှစ်ဆယ်ခန့်ရှိပါပြီ။

မြို့ပတ်ရထားပေါ်မှ ဈေးသည်နှင့် နိုင်ငံခြားသား ခရီးသွားများ

မြန်မြန်မောင်းမှ မီမယ်

မြို့ပတ်နဲ့ ဆင်ခြေဖုံးမီးရထားခရီး စဉ်တွေ ယခင်ကထက် အနည်းငယ်တိုးချဲ့ လာနိုင်ခဲ့တာက လွဲပြီး ကျန်တဲ့ဝန်ဆောင် မှု တွေမှာတော့ ထူးထူးခြားခြား   ပြောင်း လဲလာတာ သိပ်မတွေ့ရဘူးလို့ ဆိုပါတယ်။

”မီးရထားခေါင်းတွဲတွေက ပိုပိုစုတ် လာတယ်။ သန့်ရှင်းရေးလည်း လုပ်တော့ လုပ်နေကြတာပဲ။ ဒါပေမဲ့ ညစ်ပတ်နေ တုန်းပဲ ”လို့ သူ့အမြင်ကို ပြောတယ်။

သူက ညနေ လေးနာရီခွဲမှာ ရန် ကုန်ဘူတာကြီးကနေ တိုးကြောင်ကလေး ကို ပြေးဆွဲတဲ့ရထားကို ပုံမှန်စီးနင်းတယ်။ အဲဒီရထားမှာလည်း ဖိုင်ဘာခုံအသစ်လဲ ထားတဲ့ တွဲတစ်တွဲတည်းကိုပဲ တွဲဆိုင်းရဲ့ ဘယ်နေရာမှာပဲရှိရှိ သူရွေးချယ်စီးနင်း တယ်။ ဘာကြောင့် ဒီအတွဲကိုပဲ ရွေးစီး သလဲဆိုတော့…

”ကျန်တဲ့တွဲတွေက သစ်သားထိုင်ခုံ တွေ၊ ကြမ်ပိုးကိုက်လို့ ဒီတွဲကိုပဲစီးတာ”လို့ သူကဖြေတယ်။

ရထားတွဲဆိုင်းတွေ ခရီးစဉ်နားတဲ့ ညပိုင်းမှာ သန့်ရှင်းရေးလုပ်ဆောင်နေကြ ပေမယ့် ခရီးသည်တွေ ပစ်ချခဲ့တဲ့ အမှိုက် တွေဟာ သန့်ရှင်းရေးလုပ်နိုင်စွမ်းထက် ကျော်လွန်နေတာ တွေ့ရတယ်။

မြို့ပတ်ရထားစီးသွားရင်းနဲ့ ဒညင်း ကုန်းဘူတာရောက်တဲ့အခါ ကုန်စိမ်းသည် တွေ သူ့ထက်ငါ အလုအယက်တက်လာ တာ တွေ့ရတယ်။ လက်ထဲမှာလည်း တစ် နိုင်တစ်ပိုင် သယ်ယူလာသလို တောင်း ကြီး၊ တောင်းငယ်အသွယ်သွယ်ကိုလည်း သယ်ယူလာကြတယ်။

ဘူတာကနေ ရထားစထွက်တာနဲ့ ထိုင်ခုံပေါ် တင်ပျဉ်ခွေပြီး မျက်နှာချင်း ဆိုင်ထိုင်လိုက်လာတဲ့ အမျိုးသမီးနှစ် ယောက်က ပါလာတဲ့ ဝါးတောင်းကြီးထဲက နေ ဘူးရွက်အစည်းကြီးတွေ ထုတ်လိုက် ပြီး အစည်းသေးဖြစ်အောင် လှီးဖြတ်သုတ် သင် ပြင်ဆင်ကြတယ်။ အချိန်ကြာလာ တာနဲ့အမျှ လှီးလိုက်လို့ထွက်လာတဲ့ ဟင်း ရွက်ကြွင်းကျန်တွေ ရထားကြမ်းခင်းပေါ် မှာ တဖြည်းဖြည်း ပြန့်ကျဲလာတယ်။

ခဏကြာတော့ လက်မှတ်စစ်ဝန် ထမ်းတွေ ယူနီဖောင်းကိုယ်စီနဲ့ တက်လာ တယ်။ ရထားလက်မှတ်တောင်းကြည့်ပြီး လက်မှတ်တစ်ပိုင်းကို ဆုတ်ဖြဲယူသွား တယ်။ ကျန်တဲ့တစ်ပိုင်း သိမ်းထားပြီး ဆက်စီးသွားပါလို့ပြောတယ်။

ကုန်စိမ်းခြင်းတောင်းတွေနဲ့ ကြမ်း ပြင်ပေါ်က ဟင်းရွက်အမှိုက်တွေကို ကွေ့ ပတ်ရှောင်သွားပြီး ကုန်စိမ်းသည်တွေဆီ ကလည်း လက်မှတ်ယူကြည့်တယ်။နောက်ဘူတာရောက်တော့ ဆင်းပြီး ရှေ့ တွဲကို ကူးသွားကြတယ်။

”ဘူတာကြီးရောက်ရင် တံမြက် စည်းလှဲတဲ့ အမျိုးသမီးတစ်ဦးတက်လာ တယ်။ ဒါပေမဲ့ ခရီးသည်တွေကိုယ်တိုင်က လည်း ပါဝင်လုပ်ဆောင်ဖို့လိုတယ်။ အရင် ခေတ်ဟောင်းကလိုမဟုတ်တော့ဘူး။ ကိုယ့်တာဝန်ကိုယ်ယူရမယ်”လို့ လေးညီ က သုံးသပ်တယ်။

မြို့ပတ်ရထားတွေမှာ တွဲတိုင်းကို ဖိုင်ဘာခုံတွေနဲ့ အစားထိုးထားပြီး ဆေး သုတ် ပြန်လည်မွမ်းမံထားတာ တွေ့ရပေ မယ့် တိုးကြောင်ကလေးလမ်းပိုင်းကို ပြေး တဲ့ ဆင်ခြေဖုံးရထားတွဲအချို့မှာတော့ ပြု ပြင်ဖို့ ကျန်နေသေးတာတွေ့ရတယ်။

အရင်က မနက်ရော ညနေပါ ရထားစီးပြီး အလုပ်အသွားအပြန်လုပ်ပေ မယ့် ယခုနောက်ပိုင်း တိုးကြောင်ကလေး ဘူတာကနေ ရန်ကုန်ဘက်ကို မနက် ၇ နာရီကနေ ၈ နာရီကြားမှာ ရထားမရှိတာ ကြောင့် ညနေပိုင်းတစ်ပိုင်းပဲစီးလို့ အဆင် ပြေတယ်လို့ လေးညီက ဆိုပါတယ်။ ၎င်း လမ်းပိုင်းဟာ ရန်ကုန်-မန္တလေး အမြန် ရထားလမ်းပိုင်းကို အသုံးပြုပြေးဆွဲတာ ကြောင့် အမြန်ရထားတွေကို ဦးစားပေး တိမ်းရှောင်ရတာကြောင့်ဖြစ်ပါတယ်။

ညနေတစ်ပိုင်းသာစီးရတယ်ဆိုပေ မယ့် ”ရထားစီးရတဲ့နှုန်းထားက တန်ပါ တယ်”လို့ လေးညီက မှတ်ချက်ပြုတယ်။

မြို့ပတ်နဲ့ဆင်ခြေဖုံးရထားချိန်တွေကို ခပ်စိပ်စိပ်နဲ့ အချိန်မှန်ပြေးဆွဲပေးစေလို ကြပြီး အရှိန်နှုန်းကိုလည်း ပိုမြန်စေချင် တယ်လို့ မြို့ပတ်ရထားစီးခရီးသည်အများ စုက ဆိုကြပါတယ်။ ရထားသန့်ရှင်းရေး ပိုင်းနဲ့ပတ်သက်လို့တော့ ခရီးသည်အများ စုက သိပ်အမှုမထားကြဘူးလို့ဆိုပါတယ်။

လေးညီက ဆင်ခြေဖုံးရထားကို ပုံ မှန်အသုံးပြုသလို မြို့ပတ်ရထားကို အသုံး ပြုပြီး မုန့်ဟင်းခါးဖက်ထုပ်ရာမှာ အသုံးပြု တဲ့ အင်ဖက်တွေကို ဒညင်းကုန်းဘူတာက နေ သယ်ယူပြီး မြောက်ဥက္ကလာတစ် လျှောက်မှာ ဖြန့်ဖြူးသူတစ်ဦးက ”ရထား နဲ့မို့လို့စရိတ်သက်သာတာ။ တန်ဆာခ ၅ဝဝ ကျပ် ပေးရတယ်။ လူစီးဖို့ လက်မှတ် ဝယ်ရတယ်။ ဒါပါပဲ”လို့ သူက ပြောတယ်။

အင်ဖက်အရွက် ၂၅ဝ ပါတဲ့ အစည်း ပေါင်း ၅ဝ ကျော်ကို တစ်ရက်ခြားတစ်ခါ ရထားနဲ့ သယ်ယူပြီး သတ်မှတ်ထားတဲ့ ဘူ တာတွေမှာ ပစ်ချခဲ့လိုက်ပါတယ်။ ပုရွက် ဆိတ်ကုန်းဘူတာအရောက်မှာ အစည်း နှစ်ဆယ်ကျော်ကို တစ်ဖက်ခြမ်းက သံ လမ်းပေါ် မြန်မြန်ဆန်ဆန်ပစ်ချလိုက်တာတွေ့ရတယ်။ အချိန်က ညနေလေးနာရီခွဲ။

”ဒီအင်ဖက်စည်းတွေ သံလမ်းပေါ်ပစ်ချ လိုက်တော့ ဟိုဘက်ကလာတဲ့ ရထားက တက်ကြိတ်မသွားဘူးလား”လို့ ကျွန် တော်က မေးလိုက်တော့…

”ညနေငါးနာရီခွဲအထိ ဒီနေရာကို ဘယ်ရထားမှ လာမှာမဟုတ်ဘူး။ အဲဒီ မတိုင်ခင် ကောက်မယ့်သူက ရောက်လာ မှာ”လို့ သူက ပြုံးပြီး ပြန်ဖြေတယ်။ သူ့ အသက်ခြောက်ဆယ်ကျော်ပြီတဲ့။

ဘူတာအများစုမှာ ရထားက စက္ကန့် ပိုင်းပဲ ရပ်တာပါ။ ရထားဘီးရပ်တယ်၊ နောက်ကို နည်းနည်းပြန်လှိမ့်တယ်၊ ရှေ့ ကိုပြန်လှိမ့်တယ်၊ ပြီးတော့ ဥသြသံပေးပြီး ရှေ့ကို ဆက်လှိမ့်သွားတာပါပဲ။ အဲဒီအချိန် အတွင်းမှာ ပါလာတဲ့ပစ္စည်းတွေကို ပြီး အောင် အတင်အချလုပ်ပေတော့။ တချို့ လူတွေက ရထားမရပ်ခင် ပါလာတဲ့ ကုန် စိမ်းအိတ်တွေကို အရင်ပစ်ချလိုက်ကြတာ လည်း တွေ့ရတယ်။

မြို့ပတ်နဲ့ ဆင်ခြေဖုံးရထားစီးနင်းခလက်မှတ်တစ်စောင်ကို ၁ဝဝ ကျပ် သတ် မှတ်ထားပြီး နိုင်ငံခြားသားခရီးသွားအတွက် အမေရိကန် တစ်ဒေါ်လာ သတ် မှတ်ထားပါတယ်။ ကုန်ပစ္စည်းတွေ အ တွက် ၁ဝ ပိဿာကို ကျပ် ၅ဝ ကစပြီး အ လေးချိန်အပေါ် မူတည်ကောက်ခံပါတယ်။

လက်မှတ်ခ ၁ဝဝ ကျပ်ဆိုတာ ခရီး စဉ် အသွားရော အပြန်အတွက်ပါ အကျုံး ဝင်တယ်လို့  ဦးကျော်မြင့်က အခုလို ရှင်း ပြတယ်။

”မြို့ပတ်ရထားနဲ့ ရန်ကုန်တက်လာ တဲ့သူအများစုက လာပြီး ပြန်ကြမှာ။ အဲဒီ အတွက်အဆင်ပြေအောင်၊ ရထားထွက်ခါ နီးမို့လို့ ရထားလက်မှတ်ဝယ်ချိန်မရလိုက် တာမျိုး မဖြစ်ရအောင် တစ်ခါတည်း စီစဉ် ထားတာပါ”

ရထားစီးနင်းခ သက်သာအောင် စီ စဉ်ထားတာကြောင့် မြန်မာမီးရထား အနေနဲ့ မြို့ပတ်နဲ့ ဆင်ခြေဖုံးလိုင်းတွေမှာ အရှုံးအမြတ်ကာမိရဲ့လားဆိုတဲ့မေးခွန်း ကိုတော့ သူ့အဆင့်နဲ့ ပြောဖို့မဖြစ်နိုင်တာ ကြောင့် မဖြေပါရစေနဲ့လို့ ဦးကျော်မြင့်က ငြင်းဆိုပါတယ်။

မြို့ပတ်နဲ့ ဆင်ခြေဖုံးရထားလိုင်း တွေကို အဆင့်မြှင့်တင်ဖို့ လေ့လာဆန်းစစ် မှုတွေပြုလုပ်နေတဲ့ မဟာရန်ကုန်မြို့ပြ သယ်ယူပို့ဆောင်ရေးစီမံကိန်းမှာ သက် ဆိုင်ရာဌာနတွေနဲ့ ပူးပေါင်းပါဝင်ဆောင် ရွက်နေတဲ့ ဂျပန်နိုင်ငံတကာပူးပေါင်း ဆောင်ရွက်ရေးအေဂျင်စီ(ဲJICA) ရဲ့ လေ့ လာရေးအဖွဲ့ခေါင်းဆောင် မစ္စတာရှိုယာမ တာကာရှီ (Mr.Shoyanma Takashi) ကတော့ အခုလို ဆိုပါတယ်။

”မြန်မာ့မီးရထားက အရှုံးခံပြီးလုပ် နေတာ တွေ့ရတယ်။ ဂျပန်မှာတော့ မီး ရထားပို့ဆောင်ရေးကို ပုဂ္ဂလိကကို ပေး ထားတာ။ ဝန်ဆောင်မှုပိုင်းတွေ ပိုကောင်း လာတယ်”

၎င်းအဖွဲ့ဟာ ရန်ကုန်မြို့ပေါ်နေ လူထုက ဘယ်နေရာကနေ ဘယ်နေရာကို အသွားအလာအများဆုံးလဲဆိုတာ လေ့ လာနေပြီး ဖြစ်နိုင်ခြေရှိတဲ့ ရထားလမ်း တွေ တိုးချဲ့သွားဖို့လည်း နှစ် ၃ဝ စီမံကိန်း ရေးဆွဲဖို့ ကြိုးစားလျက်ရှိတယ်လို့ မစ္စတာ ရှိုယာမက ပြောပါတယ်။

”ဘယ်နေရာကနေ ဘယ်နေရာကို လူတွေ အသွားအလာများသလဲဆိုတာကို လေ့လာနေပါတယ်။ ဒါမှ လမ်းပိုင်းတွေကို ဘယ်နေရာကနေဘယ်လိုတိုးချဲ့ရမလဲသိရမှာပါ”

မြေပေါ်ဖြစ်မလား၊ ကောင်းကင် ရထားဖြစ်မလား၊ မြေအောက်ရထား ဖြစ် မလားဆိုတာတော့  လောလောဆယ် အ ကြံဉာဏ်မထုတ်ရသေးဘူးလို့ ဆိုပါတယ်။

မြို့ပတ်ရထားလုပ်ငန်းကို ပုဂ္ဂလိက ပိုင်ပြုလုပ်ဖို့ နေပြည်တော်မှာ ပြီးခဲ့တဲ့နှစ် တွေက ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ လုပ်ကိုင်ဖို့ စိတ်ဝင်စားတဲ့ လုပ်ငန်းရှင်တွေ က စရိတ်ကာမိစေဖို့ မြို့ပတ်ရထားလမ်း ပိုင် နယ်မြေအတွင်းမှာ စားသောက်ဆိုင် လုပ်ငန်းနဲ့ ကုန်စည်ဝန်ဆောင်မှုလုပ်ငန်း စတဲ့ အခြားဝင်ငွေရနိုင်မယ့်လုပ်ငန်းတွေကိုပါ ထည့်သွင်းလုပ်ကိုင်နိုင်ဖို့မျှော်လင့် နေကြတယ်။

လောလောဆယ်အနေထားမှာ လက်ရှိသုံးနေတဲ့ ရထားလမ်းပိုင်းတွေကို အဆင့်မြှင့်တင်ပြီး အရှိန်ပိုမြန်လာဖို့နဲ့ အချိန်မှန်ဖို့ကို ဦးတည်ဖို့ ရှိုယာမက တိုက် တွန်းတယ်။

”ရန်ကုန်တစ်ပတ်ခရီးကို သုံးနာရီ ကြာတယ်။ ဒိတ်အောက်နေပြီ။ ဒါပေမဲ့ ပြင်လို့ရပါသေးတယ်”

လက်ရှိအသုံးပြုနေတဲ့ ရထားသံ လမ်းအကျယ်က တစ်မီတာရှိပြီး ရထားအရှိန်နှုန်းမြှင့်တင်နိုင်ဖို့ သံလမ်းအကျယ် တိုးချဲ့ ဖို့ လိုတယ်လို့ဆိုပါတယ်။

အချို့လမ်းပိုင်းနေရာတွေမှာ ရထားတွဲက ယိမ်းထိုးနေတာ ကြုံရတယ်။ ပုဇွန်တောင်ဘူတာနဲ့ မလွှကုန်းဘူတာ ကြားမှာ ပိုပြီး သတိထားမိတယ်။ တစ်တွဲနဲ့ တစ်တွဲ ချိတ်ဆက်ထားတဲ့နေရာက အသံ တွေ ထွက်လာတာကြားရတယ်။

တွဲဆိုင်းတွေ ကြံ့ခိုင်ရေး၊ သန့်ရှင်း ရေးလုပ်ငန်းတွေကို ရထားခရီးစဉ်ရပ်နားတဲ့အချိန်တွေမှာ လုပ်ဆောင်နေပြီး တွဲ သစ်တွေ အစားထိုးဖို့အတွက်လည်း စီစဉ် နေတယ်လို့ ဦးကျော်မြင့်က ပြောပါတယ်။

”ကျွန်တော်တို့လည်း ခရီးသည် တွေ အဆင်ပြေဆုံးဖြစ်အောင် ဝန်ဆောင် ပေးနိုင်ဖို့ကြိုးစားနေပါတယ်။ အစိုးရဌာန ပိုင်းဆိုင်ရာမှာတော့ အဆင့်ဆင့်ပြန်လည် တင်ပြနေရတာတွေရှိနေလို့ တချို့နေရာ လေးတွေမှာ နှောင့်နှေးတာလေးတော့ ရှိ တာပေါ့”လို့ သူတို့ရဲ့ အခက်အခဲကို ရှင်း ပြတယ်။

တိုးကြောင်ကလေးဆင်ခြေဖုံး ရထားပေါ်မှ ခရီးသွားများ

မြန်မြန်မြှင့်မှ မမ မိုက်မယ်

ဆက်လက်ဖွံ့ဖြိုးလာမယ့် မြို့တော် ရန်ကုန်မှာ နိုင်ငံခြားသားရင်းနှီးမြှုပ်နှံသူတွေလည်း လာရောက် အခြေချလာမှာ ဖြစ်တဲ့အတွက် အများပြည်သူ သယ်ယူပို့ ဆောင်ရေးစနစ်တွေကို တိုးချဲ့ဖို့လိုတယ် လို့ မြို့ပြဖွံ့ဖြိုးရေးပညာရှင်တွေက အကြံ ပြုကြပါတယ်။

မြို့ပတ်ရထားစနစ်ဟာ ယာဉ်ကြော ပိတ်ဆို့မှုကို ကျော်လွှားနိုင်တဲ့အပြင် တစ် ကြိမ်တည်းမှာ ခရီးသည်အများအပြားကို လည်း သယ် ဆောင်နိုင်တာကြောင့် မဖြစ် မနေ ထည့်သွင်းသင့်တယ်လို့ ဆိုကြ ပါတယ်။

”ကိုယ်ပိုင်ကားတွေအစား အများ သုံးသယ်ယူပို့ဆောင်ရေးကို ဦးစားပေးရ မယ်။ ကိုယ်ပိုင်ကားတွေပဲစီးနေကြရင် လူ တွေ လမ်းပေါ်မှာပဲ ကြပ်ညပ်ပြီး အချိန် ကုန်သွားကြလိမ့်မယ်”လို့ မစ္စတာရှိုယာမ က အကြံပြုသလို ရန်ကုန်မြို့တော် အများ ပြည်သူသယ်ယူပို့ဆောင်ရေးအာဏာပိုင်အဖွဲ့ အတွင်းရေးမှူး ဦးလှအောင်ကလည်း အခုလို အကြံပြုတယ်။

”ကျွန်တော်တို့ အခု ကြုံတွေ့နေရ တဲ့ လမ်းကျပ်တည်းမှုနဲ့ ပိတ်ဆို့မှုတွေကို ရထားမှာ မကြုံတွေ့နိုင်ပါဘူး။ ဒါက တစ် ကြောင်း။ နောက်တစ်ကြောင်းက ကား တစ်စီးသယ်ဆောင်နိုင်မှုထက် ရထားတစ် စီးသယ်ဆောင်နိုင်မှုက များပြားတဲ့ အတွက် ရထားကိုသာ အသုံးပြုသွားလာ မယ်ဆိုရင် လမ်းပေါ်မှာ ကားစီးရေကို လည်း တစ်ဖက်တစ်လမ်းက လျှော့ချဖို့ အတွက် အထောက်အကူဖြစ်နိုင်ပါတယ်”

မြို့တွင်းလမ်းမတွေပေါ်က ကားစီး ရေကို လျှော့ချနိုင်မှသာ ယာဉ်ကြောပိတ် ဆို့မှုကို လျှော့ချနိုင်မှာဖြစ်ပါတယ်။ ကိုယ် ပိုင်ကား၊ တက္ကစီတွေအစား စရိတ်နဲ့ အချိန်ကုန် သက်သာတဲ့ရထားကို လူတွေ အသုံးပြုလာဖို့ ဝန်ဆောင်မှုအဆင့် မြှင့် တင်ဖို့ လိုပါတယ်။ ဝန်ဆောင်မှုမြှင့်တင်မှ ခရီးသွား များလာပြီး အမြတ်လည်း ရနိုင် မှာပါလို့ မစ္စတာရှိုယာမက သုံးသပ် ပါတယ်။

”ဝန်ဆောင်မှု မြှင့်တင်နိုင်မှ အမြတ်ရ မှာ။ ဝန်ဆောင်မှု မြှင့်မှရမယ်”

ဒီဆောင်းပါးကိုရေးဖို့အတွက် ရန် ကုန်မြို့ပတ်ရထားနဲ့ ရန်ကုန်ဘူတာကြီး-တိုးကြောင်ကလေး ဆင်ခြေဖုံးရထား ခရီး စဉ်တွေကို စီးနင်းပြီး ခရီးသည်တွေကို လေ့လာခဲ့ပါတယ်။

တိုးကြောင်ကလေးဘူတာကနေ ရန်ကုန်ဘူတာကြီးဘက်ကို ပြန်စီးလာတဲ့ အခါ သစ်သားထိုင်ခုံတွေရှိတဲ့ တွဲကို ပြောင်းပြီး စီးနင်းခဲ့ပါတယ်။ ထိုင်ပြီး ခဏ နေတော့ ပေါင်ရင်းအောက်ဘက်က ယား လာတယ်။ ထပြီးကြည့်လိုက်တော့ ကြမ်း ပိုးနှစ်ကောင် ထွက်ပြေးသွားတာ တွေ့ ရ တယ်။ သိပ်မကြာခင်မှာပဲ လက်နှစ်ဆစ် လောက်သာရှိတဲ့ ကြွက်ကလေးတစ် ကောင်က ခြေဖမိုးပေါ်ကို ဖြတ်ပြေးသွား ပြန်တယ်။ ကြမ်းပြင်ပေါ်မှာ ငုံးဥခွံ၊ နေကြာ စေ့ခွံတွေနဲ့ လိမ္မော်သီးခွံတွေ ပြန့်ကျဲ နေတယ်။

ကျွန်တော်ထိုင်နေတဲ့ ခုံတန်းရှေ့က ကလေးငယ်တစ်ဦးက ခြေထောက်နှစ် ချောင်းစလုံးကို ခုံပေါ်တင်လိုက်တယ်။

ရထားသံလမ်းဘေးတစ်လျှောက် ကိုကြည့်လိုက်တော့ အရင်က မြက်ရိုင်း တွေ၊ ရွှံ့နွံတွေထူထပ်ခဲ့တဲ့နေရာမှာ ပင်လုံ အထူးကုဆေးခန်းကြီးကိုမြင်ရတယ်။ ငမိုး ရိပ်ချောင်းကူးတံတားမရောက်ခင် သံ လမ်းဘေးတစ်ဖက်တစ်ချက်မှာ ခြံမြေ အလွတ်ပါတဲ့ လုံးချင်းတိုက်အသစ်တွေ တွေ့ရတယ်။

သင်္ဃန်းကျွန်းဘူတာကျော်လာ တော့ ယခင်က ကန်စွန်းခင်းတွေနဲ့ ရွှံ့ဗွက် တွေ၊ အိုင်တွေရှိခဲ့တဲ့နေရာမှာ ILBC စာ သင်ကျောင်းကိုတွေ့ရတယ်။ အရင်ခေတ် တုန်းက မိုးတွင်းဘက် ရထားစီးသွားလို့ မျှစ်ချဉ်နံ့ရပြီဆိုရင် သင်္ဃန်းကျွန်းဘူတာ ရောက်ပြီလို့ လေးညီတို့က မကြည့်ဘဲ သိ တယ်လို့ဆိုတယ်။

ဘေးပတ်ဝန်းကျင်က ပြောင်းလဲ သွားတဲ့မြင်ကွင်းတွေကြားထဲမှာ ရထား ကြီးကတော့ ဂျုံးဂျုံးဂျက်ဂျက် အသံပုံမှန် ထွက်လျက် ပြေးလွှားနေဆဲပါပဲ။ နောက် မျိုးဆက်ရထားတွေကို ဘယ်အချိန်မှာ တာဝန်တွေလွှဲပြောင်းပေးမလဲဆိုတာကိုလည်း သူတို့ကိုယ်တိုင် မသိတဲ့ပုံစံပါပဲ။

ရန်ကုန်ဘူတာကြီးပြန်ရောက် တော့ မြို့ပတ်ရထားဘူတာစဉ်တွေ ရေးဆွဲ ထားတဲ့ မြေပုံကို လေ့လာမိတယ်။ ရန်ကုန် မြို့တစ်ပတ်ခရီးဟာ ဘူတာပေါင်း ၃၈ ခု ရှိ ပြီး ၂၉ မိုင်ခွဲ ရှည်လျားပါတယ်။ မြို့တစ် ပတ်ပတ်မိဖို့ သုံးနာရီ အချိန်ကြာတယ်ဆို တော့…

သြော်…ကျွန်တော်တို့ တစ်နာရီ ကို ၁ဝ မိုင်နှုန်းနဲ့ ခရီးသွားနေကြတာပဲ။   ။

အမျိုးအစား - သတင်းဆောင်းပါး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."