ဇူလိုင်-သြဂုတ် ၂၀၁၄၊မော်ကွန်းမဂ္ဂဇင်း အမှတ်(၁၅)မှ အက်ဆေး ဖြစ်ပါသည်။
သက်ဦးမွန် ရေးသည်။
(၁) ဟုတ်တယ်။ ကျွန်တော်တို့သွားခဲ့တဲ့ အဲဒီရွာရဲ့နောက်ကို ပင်လယ်ကြီးက လိုက်လာတာ။ လိုက်လာတော့လည်း အသက် အသေမခံနိုင်တော့ တစ်ရွာလုံးထွက်ပြေးခဲ့ကြရတာပေါ့။
(၂) ပင်လယ်ကြီးက ငွေမင်ရောင်တွေ တလက်လက်ထလို့။ ဟိုး…မိုးကုပ်စက်ဝိုင်းအစွန်းမှာ ပင်လယ်နဲ့ ကောင်းကင်ကြီးက ထိစပ်လို့။ အပြာရောင်အနားသတ်ထားတဲ့ စက်ဝိုင်းခြမ်းကြီး တစ်ခုလို။ ကောင်းကင်ပြာကြီးရဲ့ ရင်ခွင်ထဲမှာ တိမ်လိပ်တွေက အထွေးလိုက်။ လေပြင်းတစ်ချက်ဝှေ့တော့ လှိုင်းခေါင်းဖြူလေး တွေက ရေပြင်ပေါ်မှာ အူမြူးနေကြတယ်။
ကျွန်တော်တို့စီးလာတဲ့ စက်လှေက ငြိမ့်ခနဲ၊ ငြိမ့်ခနဲ ရေ ပြင်ကိုထိုးခွဲလို့ ခုတ်မောင်းနေတယ်။ ရေမှုန်ရေမွှားလေးတွေက လည်း တစ်ချက်တစ်ချက် မျက်နှာကို ပြေးလာပြီး တဖြန်းဖြန်း ရိုက်တယ်။ နှာဝကို ပြေးလာပြီး မိတ်ဆက်တဲ့ပင်လယ်လေက လတ်ဆတ်လိုက်တာဗျာ။ ရှူရှိုက်လို့ကို မဝနိုင်ပါလားနော်။
ကတ္တရာလမ်းတွေက ပင့်ကူအိမ်လို ယှက်ဖြာသန်းနေတဲ့ ရန်ကုန်က ကွန်ကရစ်တောကြီးမှာ မွန်းကျပ်စွာ လှောင်ပိတ်ခံ နေရတဲ့ ကျွန်တော်တို့ရဲ့ စိတ်ဝိညာဉ်တွေဟာ အခုမှပဲ လွတ် မြောက်မှုကို ရရှိတော့တယ်။
ကျွန်တော်တို့သွားနေတဲ့ရွာက ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်၊ အမာမြို့နယ်ခွဲအတွင်းမှာတည်ရှိတဲ့ ကုလားထိပ်ဆို တဲ့ ရွာကိုပါ။ ဒီလိုနဲ့ ကျွန်တော်တို့ စီးလာတဲ့ စက်လှေက ရွာထိပ် ကို ဆိုက်ကပ်လိုက်တယ်။ စက်လှေသမားကို စောင့်နေဖို့ပြောပြီး တော့ ကျွန်တော်တို့ ရွာထဲကိုဝင်လာခဲ့ကြပါတယ်။ ရွာအဝင်လမ်း က သုံးပေသာသာရယ်။ မြေဖို့ထားတဲ့ လမ်းကလေးအတိုင်း လျှောက်လာကြတယ်။ လမ်းတစ်လျှောက်မှာလည်း မြေကြီးလမ်း ပေါ် ခြေမချော်စေဖို့ သဲအိတ်လေးတွေ တန်းစီခင်းထားတယ်။
ရွာထိပ်ကနေပြီး လှမ်းကြည့်လိုက်တော့ မုန်တိုင်းဒဏ်ခံ အဆောက်အအုံတစ်လုံးကို တွေ့ရတယ်။ ကျွန်တော်တို့ အဲဒီရှေ့ ကနေ ဖြတ်လျှောက်လာခဲ့တယ်။ နည်းနည်းလေးလွန်လာတော့ ညာဘက်အခြမ်းမှာ မူလတန်းကျောင်းလေးကိုတွေ့ရတယ်။ အဲဒီ ရှေ့မှာ လက်ဖက်ရည်ဆိုင်လေးတစ်ဆိုင်ကို တွေ့ရတယ်။ ဆိုင်ထဲ မှာ လူနှစ်ယောက်၊ သုံးယောက် တွေ့ရတယ်။ လူနှစ်ယောက်က ကျားထိုးနေတယ်။ ကျွန်တော်က ရွာလူကြီးအိမ် ဘယ်လိုသွားရ မလဲမေးလိုက်တော့ တည့်တည့်လျှောက်သွားပြီး ညာဘက်ချိုး လိုက်လို့ လမ်းညွှန်ပါတယ် ။
ကျွန်တော်တို့ သူညွှန်ပြတဲ့ လမ်းအတိုင်းလျှောက်လိုက် တယ်။ လမ်းတစ်လျှောက်မှာ ရွာသူရွာသားတွေက ရေပုံးတွေ၊ ရေထမ်းတွေ ကိုယ်စီနဲ့ ရေခပ်နေတာတွေ့ရတယ်။ ပင်လယ်ထိပ် မှာတည်ရှိတဲ့ ရွာမို့လို့ ရေချိုက အတော်ရှားတယ်လို့သိရတယ်။ တည်ဆောက်ထားတဲ့ ရေတွင်း၊ ရေကန်တွေကလည်း ပင်လယ် ရေတွေ ဝင်ကုန်တာနဲ့ သုံးမရတော့ပါဘူးတဲ့။ ရွာထဲက စက်ရေ တွင်းက ရေကိုပဲ အားကိုးကြရပါတယ်။
ဒီကုလားထိပ်ကျေးရွာမှာ အိမ်ခြေ ၆၅ဝ ရှိပြီး လူဦးရေက ၁,၈ဝဝ လောက်ရှိပါတယ်။ ဒီမှာနေတဲ့ လူအကုန်လုံးနီးပါးတော့ ရေလုပ်ငန်းကိုလုပ်ကိုင်ကြပြီး တချို့တလေကတော့ အိမ်ဆိုင် လေးတွေ ဖွင့်ထားကြတာကို တွေ့ရပါတယ်။
ကျွန်တော်တို့ ၁၅ မိနစ်လောက်လမ်းလျှောက်ပြီးတဲ့အခါ ရွာလူကြီး ဦးဇော်ဝင်းအိမ်ကိုရောက်ပါတယ်။ အစိုးရရဲ့ တရားဝင် အခေါ်အဝေါ်အရဆိုရင်တော့ ဦးဇော်ဝင်းက ဒီရွာမှာ ရာအိမ်မှူး ဖြစ်ပါတယ်။ ဒါပေမဲ့ ရွာက လူတွေကတော့ ကျေးရွာနယ်မြေ အုပ် ချုပ်ရတဲ့အတွက် နယ်မြေမှူးလို့ပဲခေါ်ကြတယ်။
ကျွန်တော်တို့ရောက်သွားတဲ့အချိန်မှာတော့ စွပ်ကျယ် အင်္ကျီဝတ်ထားတဲ့ ရွာလူကြီးက သူ့အိမ်ပြင်ဆင်နေတဲ့လူတွေကို ညွှန်ကြားနေတာကိုတွေ့ရတယ်။ သူ့အိမ်မှာ ဈေးဆိုင်လေးတည် ထားတယ်။ ဆန်၊ ဆီ၊ ငရုတ်၊ ကြက်သွန်နဲ့ တိုလီမုတ်စလေးတွေ တင်ထားတာကို တွေ့ရပါတယ်။
ဒီကုလားထိပ်ကျေးရွာဟာ လက်ရှိရွာတည်ထားတဲ့နေရာကိုရောက်တာ လေးနှစ်သာသာလောက်ပဲရှိသေးတယ်။ အဲဒီ တော့ ဘယ်ကပြောင်းလာတာလဲ၊ ဘာကြောင့်လဲလို့ မေးစရာရှိ တယ်။
သတင်းမီဒီယာတွေမှာ ရွာတွေရွှေ့ပြောင်းကြရတဲ့ သတင်း တွေကို စာဖတ်သူ သတိထားမိမှာပါ။ အဲဒီရွာတွေ အများစုက တော့ အစိုးရစီမံကိန်းဧရိယာထဲမှာပါနေလို့ ရွှေ့ပြောင်းရတဲ့ရွာ တွေ၊ အစိုးရနယ်မြေပေါ်မှာ ကျူးကျော်နေထိုင်မိလို့ ကစဉ့်ကလျား ရွှေ့ပြောင်းပေးရတဲ့ရွာတွေပါ။
အခု ကျွန်တော်တို့ရောက်နေတဲ့ ရွာကတော့ အဲဒီလို မဟုတ်ဘူးဗျ။ သူ့နောက်ကို ပင်လယ်ကြီးက လိုက်လာလို့တဲ့။
(၃) ပထမတော့ ပင်လယ်ကြီးက စေလွှတ်လိုက်တဲ့ အားပြင်းတဲ့ လှိုင်းလုံးတွေက ပင်လယ်ကမ်းနားမှာ တည်ထားတဲ့ ဒီရွာရဲ့ ပိုင် နက်ကို တဝုန်းဝုန်းလာရိုက်တယ်။ ကမ်းပါးတွေရှိတဲ့နေရာဆိုရင် ဖြိုချပစ်တယ်။
နောက်တော့ တစ်စတစ်စနဲ့ လှိုင်းလုံးတွေဟာ အတင့်ရဲ လာပြီး ရွာထဲအထိဝင်လာကြတယ်။ တစ်ခါတစ်ခါ လှိုင်းတွေ အပြန်မှာ သဲတွေကို ထားရစ်ခဲ့တယ်။ နောက်ပိုင်းမှာ အားပြင်းတဲ့ ရိုက်ချက်တွေနဲ့ အိမ်တွေကို ဖြိုတယ်။ ကံဆိုးရင် မုန်တိုင်းက ဝင် ပြီး အားဖြည့်လား၊ အားဖြည့်ပေးရဲ့။
နောက်တော့ နေလို့မရတော့တဲ့အဆုံး နေရာဟောင်းကို စွန့်ပြီး ကုန်းဘက်ကျတဲ့နေရာဘက်ကို ရွှေ့ ရွှေ့လာရတော့တာပေါ့။
လွန်ခဲ့တဲ့ ရက်အနည်းငယ်ကမှ သူ့အိမ်ကို သဲတွေ ဝါးမျို ခြင်းခံခဲ့ရတဲ့၊ ရှေ့မီနောက်မီလို့ ပြောလို့ရတဲ့ ပိန်ပိန်ပါးပါးနဲ့ အသက် ၆၄ နှစ်အရွယ် ဒေါ်သန်းမြင့်ဆိုရင် ပင်လယ်လိုက်လို့ သူ တို့ရွာထွက်ပြေးရတာ သူ့တစ်သက်မှာ ခြောက်ကြိမ်ကြုံခဲ့ရပြီလို့ဆိုတယ်။ ဆယ်နှစ်မှာ တစ်ကြိမ်နှုန်း ပြောင်းရွှေ့ရတဲ့သဘောပါ။
သူငယ်စဉ်ကနေထိုင်ခဲ့တဲ့ နေရာတွေကိုမေးကြည့်တော့ ပင်လယ်ကြီးကို လက်ညှိုးထိုးပြရင်း အခုလိုဆိုတယ်။
”ရွာဟောင်းနေရာတွေဟာ အခုတော့ပင်လယ်အောက် ရောက်ကုန်ပါပြီ”
(၄) ဒီရွာသားတွေဟာ မိုးဦးကျ၊ လေဦးကျကာလရောက်လာ ပြီဆိုရင် ရာသီဥတုဒဏ်တွေကို နှစ်တိုင်း ခံစားနေကြရတယ်။
”ဒီမှာနေရတာ ကမ်းနားသစ်ပင်ပေါ့။ မနေအပ်တဲ့အရပ် ဆိုတာ ဒီနေရာပဲ”လို့ ဦးဇော်ဝင်းက ပြောပြတယ်။
ဦးဇော်ဝင်းအိမ်ဆိုရင် လွန်ခဲ့တဲ့ငါးရက်က ရွာတဲ့မိုးမှာ ရေ မြုပ်သွားတာ။ သူပိုင်ဆိုင်တဲ့ ဆန်အိတ် ၊ ဆားအိတ်၊ ဆီပုံးတွေ ရေမြုပ်ဆုံးရှုံးကုန်တယ်လို့ သူက နှမြောတသစွာနဲ့ ပြန်ပြောပြပါတယ်။
ရွာထဲမှာလည်း အိမ်ခြေသုံးချိုးနှစ်ချိုးလောက် ရေမြုပ်ကုန် တယ်လို့ သူက ပြောပြပါတယ်။ အိမ်အောက်ကို သဲတွေလှိမ့်ဝင် လာလို့ တချို့အိမ်တွေဆိုရင် အရင် ခါးစောင်းလောက်အမြင့်ရှိတဲ့ ကြမ်းခင်းတွေဟာ အခုဆိုရင် သဲပြင်နဲ့ ကြမ်းပြင်ဟာ ကြက်မတစ် ဝပ်စာတောင် မရှိတော့ဘူး။
ဒေါ်သန်းမြင့်ဆိုရင် သူ့အိမ်မှာရှိတဲ့ ကလေးတွေ၊ ကလေး မိခင်တွေကို ရွာထဲက ဘေးလွတ်တဲ့နေရာကို ပို့ဖို့စီစဉ်နေပါပြီ။
လက်ရှိသူ့အိမ်အနေအထားဟာ ”လေတစ်ချက်တိုး၊ လှိုင်း တစ်ချက်အုပ်စာမရှိဘူး”လို့ သူက စိုးရိမ်မကင်းဖြစ်လျက်ပြော ပြပါတယ်။
သူတို့အတွက်ကတော့ ”အိမ်ပြိုတာက ဒီမှာဖြစ်ရိုးဖြစ်စဉ် ဖြစ်နေပြီ”လို့ ဒေါ်သန်းမြင့်က ဆိုတယ်။
နာဂစ်မုန်တိုင်းတုန်းကဆိုရင် သူတို့မိသားစုမှာ တစ်ညလုံး မိုးထဲ၊ လေထဲမှာ ငုတ်တုတ်ထိုင်၊ ခေါင်းချင်းဆိုင်ပြီး ဘုရားစာတွေ ရွတ်နေခဲ့ကြရတယ်လို့ အဲဒီတုန်းက အတွေ့အကြုံကို ဒေါ်သန်း မြင့်က ပြန်ပြောပြပါတယ်။
ကံကောင်းထောက်မစွာနဲ့ နာဂစ်မုန်တိုင်းတုန်းက ရွာမှာ နေတဲ့လူတွေထဲက တစ်ယောက်မှ အသေအပျောက်မရှိခဲ့ပါဘူး။ ဒါပေမဲ့လို့ ပင်လယ်ထဲ ငါးဖမ်းထွက်တဲ့ လူတွေကတော့ ဒီယနေ့ အထိ တစ်ယောက်မှ ပြန်ရောက်မလာကြတော့ပါဘူး။
ဦးဇော်ဝင်းက ပင်လယ်ကြီးအပေါ်ထားတဲ့ သူ့ရဲ့ခံစားချက် ကို အခုလို ရင်ဖွင့်တယ်။
”ပင်လယ်ကြီးကို စိတ်နာတယ်။ မတတ်သာလို့ လက် မြှောက်အရှုံးပေးနေရတယ်။ ပင်လယ်မှာလုပ်တဲ့သူ ပင်လယ်မှာပဲ အသက်ပေးတဲ့လူများတာပဲ”
ပင်လယ်လှိုင်းလုံးတွေကြောင့် ပျက်စီးသွားသော ကုလားထိပ်ရွာ ခြံစည်းရိုးအား ပြန်လည်ပြုပြင်နေသူများ
(၅) ပင်လယ်ကြီးကို စိတ်နာသော်လည်း သူတို့တစ်တွေဟာ ပင်လယ်နဲ့ ကင်းကွာပြီး နေလို့မရပါဘူး။
အသက် ၄၂ နှစ်အရွယ် ပင်လယ်ရေလုပ်သား ကိုမင်း အောင်လတ်ဆိုရင် လွန်ခဲ့တဲ့ဆယ်နှစ်ကျော်တုန်းက ပင်လယ်ထဲ မှာ သင်္ဘောပျက်ပြီး နှစ်လကျော်မျောပါသွားခဲ့ပါတယ်။ အဲဒီ တုန်းက ကြက်သွန်နီတွေစားပြီး အသက်ဆက်ခဲ့ရတာလို့ဆိုပါ တယ်။
ကြေးနီရောင်အသားအရေနဲ့ ကျစ်လျစ်တဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတဲ့ ကိုမင်းအောင်လတ်က ဒီလိုအသက်အန္တရာယ်နဲ့ ကြုံ တွေ့ခဲ့ရပေမယ့်လည်း ပင်လယ်ကြီးကို စိတ်မနာနိုင်ပါဘူးတဲ့။
သူက အသက် ၁၁ နှစ်အရွယ်ကတည်းက ပင်လယ်လိုက်ခဲ့ တာဖြစ်ပြီး ကုန်းပေါ်မှာ စီးပွားရှာရတာကို ထမင်းဝတယ်လို့ တောင် မထင်ဘူးလို့ဆိုတယ်။
”ပင်လယ်မှာပဲ မွေးတယ်။ ပင်လယ်ထဲပဲ လုပ်စားတယ်။ ကုန်းပေါ်မှာ ရှာစားရင် ထမင်းဝတယ်ကို မထင်ဘူး”လို့ ခန္ဓာ ကိုယ်ဗလာကျင်းနဲ့ ကိုမင်းအောင်လတ်က စီးကရက်ကို ဖွာရင်း ပြောပြတယ်။
ပင်လယ်ကြီးက သူတို့တွေရဲ့ ဝမ်းဗိုက်တွေကို ဖြည့်ပေး တယ်။ လိုချင်တာလေးတွေ ဝယ်နိုင်၊ ခြမ်းနိုင်ဖို့ကိုလည်း ပင်လယ် ကြီးကို အားကိုးကြရတယ်။ ဒါပေမဲ့ ပင်လယ်ကြီးကလည်း သူ တို့ဆီက ပြန်လည်ရယူတာတွေရှိပါတယ်။
ပြန်တောင်းတဲ့ အရင်းအနှီးကတော့ ကြီးမားလှပါတယ်။ အဲဒီထဲမှာ သူတို့ရဲ့ အသက်လည်း ပါချင်ပါသွားတတ်တာပဲ။ ၂ဝဝ၈ ခုနှစ်၊ မေလအတွင်းတုန်းက နာဂစ်မုန်တိုင်းတိုက်တော့ ပင်လယ်ကြီးဟာ နာဂစ်နဲ့အတူ ကုန်းပေါ်တက်လာခဲ့တယ်လေ။ (မြစ်ဝကျွန်းပေါ်ဒေသမှာ လူ တစ်သိန်းလေးသောင်းကျော်သေ ကျေပျောက်ဆုံးပြီး နှစ်သန်းကျော် ဒုက္ခရောက်သွားခဲ့တယ်။)
ပင်လယ်က လူပဲ စားတာမဟုတ်ဘူး။ ရွာမြေ၊ လယ်မြေတွေ ကိုပါ စားတာဗျ။ ကုလားထိပ်လိုပဲ အနီးဝန်းကျင်က ရွာအချို့ လည်း သူတို့ရဲ့ နယ်ပယ်အချို့ကို ပင်လယ်ကြီးဆီမှာပဲ စွန့်ထားခဲ့ ကြရတဲ့ဖြစ်စဉ်တွေ ရှိတယ်လို့ဆိုတယ်။
တကယ်တော့ ပင်လယ်ကြီးမှာလည်း ဘာကြောင့် အဲဒီလို နယ်ပယ်ချဲ့ထွင်ရသလဲဆိုရင် သူ့မှာလည်း သူ့အကြောင်းနဲ့ သူတော့ ရှိမှာပေါ့။
(၆) သိပ္ပံပညာရှင်တွေနဲ့ သဘာဝပတ်ဝန်းကျင်ပညာရှင်တွေ ထောက်ပြတာက ကမ္ဘာကြီးပူနွေးလာမှုကြောင့် ရေခဲတောင်တွေ အရည်ပျော်ဆင်းလာကြပြီး ပင်လယ်ရေမျက်နှာပြင်ဟာလည်း မြင့်တက်လာရတယ်လို့ဆိုတယ်။
အဲဒီလို ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာတော့ ပင် လယ်ကြီးဟာလည်း လိုအပ်ချက်အရ နယ်ပယ်ချဲ့ထွင်ရတော့ တာပေါ့။
ဒါနဲ့ ဘာကြောင့် ကမ္ဘာကြီး ပူနွေးလာရသလဲလို့ မေးလို့ ရှိရင် လူတွေကြောင့်လို့ပဲ ပြောရမှာပဲတဲ့။ လူတွေက လေထုထဲကို ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့တွေ ထုတ်လွှတ်လေ၊ ကမ္ဘာ ကြီးဟာ ပူနွေးလာလေဖြစ်ပြီး နောက်ဆုံး အပူဒဏ်မခံနိုင်တော့ တဲ့အခါ ရေခဲတောင်တွေ ငိုကြွေးကြတာပေါ့။ အကျိုးဆက်အဖြစ် ပင်လယ်ရေတွေ များသထက် များလာတော့တာပဲလေ။
ပင်လယ်ရေတွေမြင့်တက်လာတာကြောင့် သိပ်မကြာ တော့တဲ့ ကာလတစ်ခုမှာ ပင်လယ်ရေအောက် စုံးစုံးမြုပ်မယ့် မြို့ တွေထဲမှာ တောင်အာရှနဲ့ အရှေ့တောင်အာရှက မြို့ကြီးတွေ လည်း ပါတယ်တဲ့။ ဆိုတော့ မြန်မာနိုင်ငံရဲ့ မြို့တော်ဟောင်း ရန် ကုန်ဟာလည်းပဲ ရေမြုပ်မယ့် မြို့တွေစာရင်းထဲမှာ ပါတယ်တဲ့။
မြစ်ဝကျွန်းပေါ်က ဒေသခံတချို့ပြောပြတာကတော့ အခု ဆိုရင်ပဲ သူတို့ဒေသမှာရှိတဲ့ အချို့ချောင်းတွေကနေ အရင်လို ရေ ချိုရဖို့ ခက်ခဲလာတယ်လို့ ပြောနေကြပြီ။ ရေငံတွေ ဝင်လာလို့တဲ့။
ဆိုတော့ ဆားငန်ရေဝင်လို့ ရေချိုတွေဆုံးရှုံးသွားတဲ့ ချောင်းတွေ၊ မြစ်တွေ ဘယ်လောက်ရှိလာပြီလဲ။ ချောင်းတစ် ချောင်းလုံး၊ မြစ်တစ်စင်းလုံး မငံသွားရင်တောင်မှ အစိတ်အပိုင်း ဘယ်လောက်ဟာ ရေငံတွေရဲ့ ကျူးကျော်မှုကို ခံလိုက်ရပြီလဲ။
ရေငံတွေ ဝင်လာနေတဲ့အတွက်ကြောင့် စိုက်ပျိုးမြေဧက ဘယ်လောက်များများကို ကျွန်တော်တို့ ဆုံးရှုံးနေရပြီလဲ။ နောင် နှစ်ပေါင်းဘယ်လောက်အတွင်းမှာ ဧရိယာဘယ်လောက်ကို ကျွန် တော်တို့ ထပ်ပြီး ဆုံးရှုံးရဦးမှာလဲ။
အခုကတည်းက ကြိုတင်ကာကွယ်မှုအဖြစ် ဘာတွေလုပ် နေကြသလဲ။
ပင်လယ်ကြီး ကျယ်ပြန့်လာအောင်၊ ပင်လယ်ရေမြင့်တက် လာအောင်လုပ်ကြတဲ့အထဲမှာ ဘယ်သူတွေ၊ ဘယ်နိုင်ငံတွေ ထိပ် ဆုံးကပါသလဲ။ ဒီအတွက် သူတို့ဘာတွေ ပြန်ပြီးအလျော်အစား ပေးမှာပါလဲ။
(၇) လောလောဆယ်မှာတော့ ပင်လယ်ကို ခေါင်းအုံးအိပ်နေရ တဲ့ ကုလားထိပ်ရွာက ဒေါ်သန်းမြင့်တို့လို ရွာသားတွေအဖို့ကတော့ ပင်လယ်သနားမှ သူတို့ဘဝချမ်းသာမယ့် အခြေအနေမျိုးပါ။
ပင်လယ်ကြီးကိုလည်း သူက အပြစ်မတင်ချင်သလို ချစ်ခင် ဖို့ကလည်း မဝံ့မရဲဖြစ်ရတယ်လို့ သူက ဆိုတယ်။
”မိဘတွေဆီက ပင်လယ်ပဲအမွေရခဲ့တယ်။ ပင်လယ် ကြောင့်လည်း လူတွေ သူဌေးဖြစ်ကြတယ်။ ပင်လယ်ကြောင့်ပဲ လူတွေ သေရတယ်”
(၈) ပင်လယ်အဖို့မှာလည်း ကမ္ဘာကြီးပူနွေးမှုကြောင့် ငိုကြွေး ကြတဲ့ ရေခဲတောင်တို့ရဲ့ မျက်ရည်တွေကို ထမ်းပိုးထားရတဲ့အထဲ လေဖိအားနည်းရပ်ဝန်းတွေက မွေးထုတ်ပေးလိုက်တဲ့ မုန်တိုင်း တွေလာရင်လည်း သူ့ခမျာ ကုန်းပေါ်တက်လိုက်သွားရသေးတယ်။
ဘယ်အချိန်၊ ဘယ်အခါ လှုပ်ခါမယ် အတိအကျမသိရတဲ့ ပင်လယ်ကြမ်းပြင်အောက်က ငလျင်ပြတ်ရွေ့ကြောကြီးတွေက လည်းရှိသေး။ ငလျင်က ပြင်းရင်ပြင်းသလို ပင်လယ်ကြီးက သေ မင်းတမန် ဆူနာမီလှိုင်းလုံးတွေ ထုတ်ပေးရပြန်သေးတယ်။
တကယ်တော့လည်း လူကြောင့်ရော၊ သဘာဝကြောင့်ရော ပင်လယ်ကြီးဟာ ဆက်လက်နယ်ပယ်ချဲ့ထွင်လာဦးမှာပါ။ ဒီလိုဆို တော့ ကုလားထိပ်ရွာလို ရွာပေါင်းများစွာ၊ မြို့ပေါင်းများစွာဟာ လည်း ပင်လယ်လိုက်လို့ ထွက်ပြေးကြရဦးမှာပေါ့။
ဒါပေမဲ့ ဘယ်လောက်အထိ ဆက်ပြေးနိုင်ကြမလဲ။ ဘယ် အထိ ဆက်ပြေးနိုင်ကြမလဲ။ ။

