၂၀၁၂၊အောက်တိုဘာလထုတ်၊မော်ကွန်း မဂ္ဂဇင်း အမှတ်(၂) စာအုပ်စင်ကဏ္ဍမှ စာအုပ်အညွှန်းဖြစ်ပါသည်။
ဝင်းဇော်လတ် ရေးသည် အက်ဆေး အမေ့ခံ စာအုပ်စင်
”ဥတ္တရအလင်းသည် ပြည်သူ့အကျိုးဆောင် သတင်းစာ ကောင်းနှင့် ပုဂ္ဂလိကကိုယ်ကျိုးရှာ သတင်းစာဆိုးတို့၏ ပဋိပက္ခ၊ ဒေါင်ဒေါင်မြည်သတင်းစာသမားနှင့် မူးတင်းပဲတင်း သတင်းစာ သမားတို့၏ တိုက်ပွဲ၊ သဘောရိုးနှင့် မနောဆိုးတို့၏ ဝိရောဓိ—”
နာမည်သာကြားခဲ့ရဖူးပြီး ဖတ်ခွင့်မသာခဲ့သည့် စာအုပ် များအနက် ဥတ္တရအလင်းသည် ရှေ့ဆုံးတန်းမှပါလေသည်။ ဘာသာပြန်ဆိုသူမှာ သတင်းစာဆရာ ဦးဝင်းတင်ဖြစ်သဖြင့် ဆရာအကျဉ်းထောင်ထဲတွင် ၁၉၈၈ ခုနှစ်မှစ၍ ရောက်ရှိနေပြီး နောက် ဆရာ့စာများလည်း စာနယ်ဇင်းများတွင် ပြန်လည်ဖော်ပြ ခွင့်မသာခဲ့သလို ဝင်းတင်ဆိုသည့် နာမည်ကို ပုံနှိပ်စာမျက်နှာများ တွင် တစ်ကြောင်းခြစ်ရန်မျှပင် အခွင့်အရေးမရတော့ချေ။
ဒီလိုနှင့် သတင်းစာဆရာသမားတစ်ဦး၏ ပါးရှားလှသော အချိန်များတွင် ဆရာရေးသားခဲ့သော ”ကမ္ဘာနီတွင်တဒင်္ဂ” ၊ ”ခြေမှာစကား၊ လက်ဖျားကဗျာ၊ မျက်နှာဇာတ်လမ်း” ၊ သူ၏ နာမည်ကျော် ဘာသာပြန်လက်ရာ ”ကွိ” အစရှိသော စာအုပ် များကို ၁၉၉ဝ ပြည့်နောက်ပိုင်းတွင် အရွယ်ရောက်လာကြသော စာပေမွေ့သူ လူငယ်တို့မှာ လမ်းဘေးအဟောင်းဆိုင်များမှ တစ်ဆင့်သော်လည်းကောင်း၊ အခြားသော ရနိုင်ဖွယ်ရှိသည့် နေရာဌာနများမှသော်လည်ကောင်း အရူးအမူး ရှာဖွေဖတ်ရှု ကြရသည်။ လက်ဆင့်ကမ်းရသည်။ ဆွေးနွေးရသည်။ အဆိုပါ စာအုပ်များကို နှစ်များစွာအတွင်း ရှာဖွေတွေ့ရှိခဲ့သော်လည်း ယခုပြောကြရမည့် ဦးဝင်းတင်၏ ဘာသာပြန်လက်ရာတစ်ခု ဖြစ်သော ”ဥတ္တရအလင်း” ကိုကား စာအုပ်၏သတင်းကို ကြား သာကြားခဲ့ဖူးသော်လည်း ရှာဖွေမတွေ့နိုင်လောက်အောင် လက် လှမ်းမမီရှိခဲ့ကြရသည်။
”ခင်ဗျားတို့ကို ‘ကွိ’ ထက် ‘ဥတ္တရအလင်း’ကို ပိုဖတ်စေ ချင်တာဗျ” ဟု ဦးဝင်းတင်က ပြောသည်။
အနှစ် ၂ဝ ကျော်ကြာ ထောင်နန်းစံခဲ့ရပြီးနောက် ဆရာ အိမ်ပြန်ရောက်လာသော တစ်ရက်တွင်ဖြစ်ပါသည်။ ကျွန်တော် တို့မှာ ဆရာ့ကို စာအုပ်များမှတစ်ဆင့်သာ ရင်းနှီးခဲ့ရသဖြင့် လူချင်းတွေ့ချင်ကြသည်။ ထိုကြောင့် ဆရာထောင်မှထွက်လာပြီး များမကြာလှသော တစ်ရက်တွင် ကျွန်တော်တု့ိဆရာ့ကို တွေ့ဆုံ နှုတ်ဆက်ဖြစ်သည်။ စကားတွေပြောဖြစ်သည်။ ဖတ်ဖြစ်သော စာများ၊ ကြားခဲ့သော ဆရာ့သတင်းများ၊ မဆလခေတ်စာပေနှင့် သတင်းစာလောကအကြောင်းအချို့ကို ဟိုရောက်ဒီရောက် အစီ အစဉ်မကျဘဲ ပြောဖြစ်ကြသည်။
ကျွန်တော်တို့မှာ ပြောစရာတွေက များနေသည်။ မေးစရာ တွေကလည်း တပြုံကြီး။ တက်သုတ်ရိုက်ပြီးပြောရသော စကား များအနက် ကျွန်တော်တို့ သည် ”ကွိ” နှင့် ”ဥတ္တရအလင်း” ကို မမေ့မလျော့ ပြောဖြစ်အောင် ပြောခဲ့ကြသေးသည်။ ”ကွိ”က နည်းနည်းလေးသဖြင့် ခေတ်လူငယ်သတင်းသမားတွေအကြိုက် မတွေ့မှာစိုးသည်။ ”ဥတ္တရအလင်း” ကတော့ တိုက်ပွဲ၊ ပဋိပက္ခ၊ ရုန်းကန်ရင်ဆိုင်ရခြင်းများနှင့် အချစ်အလွမ်း၊ လောဘနှင့် ကိုယ် ကျင့်ကိုထိန်းသိမ်းခြင်း အစရှိသည့် လူ့ဘဝ လူ့စရိုက်ကလေးများ ပါသဖြင့် အဖတ်ရပိုသွက်မည်ဆိုသည့်သဘော ဆရာက ပြော ပြသည်။
သို့သော် ”ကွိ” ကိုသာ မရမက ရှာဖတ်ခဲ့ရပြီး”ဥတ္တရ အလင်း” ကို ဖတ်ခွင့်မသာခဲ့သဖြင့် အရသာနှစ်ခုကို ယှဉ်ပြီး မမြည်းဖူးသော ကျွန်တော်တို့မှာ ထိုအချိန်က ”ကွိ” ကိုသာ ပိုလို့တိမ်းညွှတ်ခဲ့ကြပါသည်။ ငယ်ငယ်ရွယ်ရွယ်တွင် ”ကွိ” ကို ဖတ်ခဲ့ပြီးနောက် သတင်းသမားများဖြစ်လာကြသည့် ကျွန် တော်တို့မှာ ကိုယ့်ကိုယ်ကို စာအုပ်ထဲကမစ္စတာကွိကဲ့သို့ ထင်မြင် လျှက် ရှာလီဝေလင်(ဝတ္ထုထဲက ဇာတ်ဆောင်အမျိုးသမီး)ကို ရှာဖွေနေကြတုန်း . . .။
အကြောင်းအကျိုး တိုက်ဆိုင်သဖြင့် ”ဥတ္တရအလင်း” သည် စာအုပ်အဖြစ် ၂ဝ၁၁ ဒီဇင်ဘာတွင် ဒုတိယအကြိမ် ပြန် လည်ထွက်ပေါ်လာသည်။ မြန်မာစာဖတ်ပရိသတ်နှင့် မစိမ်းလှ သော အေ၊ဂျေ ခရိုနင် (A.J. Cronin)၏ သတင်းစာလောက အခြေပြုရေးဖွဲ့ထားသည့် The Northern Light ကို ဆရာ ဦးဝင်းတင်က ”ဥတ္တရအလင်း” အမည်ဖြင့် ဘာသာပြန်ဆိုခဲ့ခြင်း ဖြစ်သည်။
ဥတ္တရအလင်းသည် ”သတင်းစာသမား၏ သွေး” ဟု ဆရာဦးဝင်းတင်က တင်စားသုံးနှုန်းခဲ့သည်။
”ဗြိတိန်နိုင်ငံ အရင်းရှင်သတင်းစာလောက၏ စီးပွားရေး စားကျက်လုပွဲ၊ သတင်းစာကောင်း/ဆိုးတို့၏ ပဋိပက္ခ၊ ပြည်သူ့ အကျိုးဆောင် သတင်းစာကောင်း၏ အစဉ်အလာ၊ သြဇာတိက္ကမ နှင့် ရပ်တည်ချက်၊ ပုဂ္ဂလိကကိုယ်ကျိုးရှာ သတင်းစာဆိုး၏ မှိုင်း၊ ထိုးကွက်နှင့် ဆင်လုံး၊ သတင်းစာသမားကောင်း၏ သွေး၊ မာန နှင့် စေတနာ၊ သတင်းစာသမားဆိုး၏ ဉာဉ်၊ ဝသီနှင့် စရိုက်တို့ကို မီးမောင်းထိုးပြသည်။ ကြည်နူးစရာအချစ်၊ ရင်နင့်စရာ အလွမ်း တို့က ထိုမီးမောင်းအလယ်မှာ မြူးပျံရင်း ကျေပြုန်းရသည့် ပိုးလိပ်ပြာနှယ်” ဟု စာရေးသူအမှာတွင် စာအုပ်အကြောင်းကို အနှစ်ချုပ်ရေးထားသည်။
ဥတ္တရအလင်းမှာ အင်္ဂလန်နိုင်ငံရှိ နယ်မြို့ကလေးတစ်မြို့ မှ သတင်းစာကလေးတစ်စောင်၏ နာမည်ဖြစ်သည်။ ဟင်နရီ ပေ့စ်သည် အဆိုပါသတင်းစာ၏ အယ်ဒီတာနှင့် ထုတ်ဝေသူပိုင် ရှင်။ ဥတ္တရအလင်းသည် မြူသော၊ ဆွသော၊ ရွသော၊ ထန့်သော၊ နန့်သော သတင်းများကို ဆန့်ကျင်သည်။ သမာဓိရှိမှု၊ သမာ သမတ်ကျမှု သတင်းခိုင်လုံတိကျခြင်းတို့အတွက် မျိုးဆက်ငါး ဆက်တိုင်တိုင် မြို့ကလေး၏ စာဖတ်ပရိသတ်ကြားတွင် ကျော် ဇောမှုရှိခဲ့သည်။ ယုံကြည်ကိုးစားမှုရခဲ့သည်။ သတင်းစာက သေးသော်လည်း အင်္ဂလန်မြောက်ပိုင်းဒေသတွင် ဂုဏ်သိက္ခာနှင့် ကိုယ်ကျင့်တည်ကြည်သော အစဉ်အလာရှိသည့် သတင်းစာ တစ်စောင်ဖြစ်သည်။
ဟင်နရီပေ့စ်ကိုင်စွဲသည့် ဥတ္တရအလင်း၏မူဝါဒမှာ အစဉ် သဖြင့်ပြည်သူ့အကျိုးဆောင်၊ ပြည်သူ့အကျိုးပြု၊ ပြည်သူ့ဝန်ထမ်း မူဝါဒဖြစ်သည်။ အမြတ်အစွန်းရရှိရေး သက်သက်မဟုတ်။ အနိမ့် ဆုံးဈေးနှင့်ရောင်းပြီး အကောင်းဆုံးအရည်အသွေးဖြင့် သတင်း စာကို ထုတ်လုပ်သည်။ အလုပ်သမားများအပေါ် ရက်ရောသည်။ သူကိုယ်တိုင် လခကို နည်းနည်းပဲယူသည်။
ဥတ္တရအလင်းက ဟက်ဒယ်လ်စတန်မြို့တွင်ရှိသည်။ အနု မြူမြို့သစ်တည်မည့်စိတ်ကူးကြောင့် မကြာမီဖွံ့ဖြိုးလာတော့မည့် ဒေသသစ်တွင် လန်ဒန်မြို့ရှိ သတင်းစာကုမ္ပဏီတချို့က အဆိုပါ ဒေသတွင်ရှိသည့် ဒေသခံသတင်းစာကလေးများကို လက်ဝါး ကြီးအုပ် ဝယ်ယူလိုသည်။ အတင်းအဖျင်း၊ အသေးအသိမ်၊ အယုတ်အညံ့သတင်းတို့ဖြင့် အောင်မြင်နေသည့် ဆမ်မာဗီးလ် သတင်းစာအုပ်စုက ဥတ္တရအလင်းကို မျက်စိကျနေသည်။ လီယို နတ်ညေးလ်နှင့် စမစ်တို့က ဥတ္တရအလင်းကို ဝယ်ယူနိုင်ရန် ဆမ်မာဗီးလ်အုပ်စုကိုယ်စား ဟက်ဒယ်စတန်တွင်ရောက်နေကြ သည်။ ငွေပုံပေးပြီး ဥတ္တရအလင်းကို သူတို့က ဝယ်ရန်ကမ်းလှမ်း ကြမည်။
သူတို့ ဟင်နရီပေ့စ်နှင့် တွေ့ကြသည်။ ဟင်နရီပေ့စ်က ခေါင်းယမ်းလိုက်သည်။
”ကျွန်တော့်သတင်းစာက ကိုယ့်နယ်ကျဉ်းကျဉ်းကလေး ထဲမှာ မူဝါဒတိတိကျကျကိုင်စွဲခဲ့တဲ့ သတင်းစာကြီးတွေရဲ့ခြေရာကိုလိုက်တယ်။ တိုင်းသူပြည်သားတွေကို ရှေ့ဆောင်ရှေ့ ရွက်ပြု တဲ့ သတင်းစာကြီးတွေရဲ့ လမ်းကြောင်းကိုလိုက်တယ်။ လမ်းညွှန် တဲ့ ပညာပေးတဲ့ သတင်းစာကြီးတွေရဲ့ လမ်းကြောင်းကိုလိုက် တယ်။ တိုင်းသူပြည်သားတွေကို ဖိုမကိစ္စတွေ၊ အာရုံလိုက်စား မှုတွေ၊ မကြားဝံ့မနာသာ အတင်းအဖျင်းတွေနဲ့ ကြီးပြင်းရတဲ့ နလပိန်းတုံး အရိုင်းအစိုင်းလူမျိုးအဖြစ် မွေးထုတ်မဲ့အစား ဆင် ခြင်တုံတရားကြီးတဲ့ နိုင်ငံသားကောင်းတွေအဖြစ် မွေးထုတ်ပေး ဖို့ကြိုးစားတဲ့ သတင်းစာကြီးတွေရဲ့လမ်းကြောင်းကိုလိုက်တယ်”
ပေ့စ်က ကြုံးဝါးသည်။
ညေး က လှောင်သည်။
”တစ်ခုတော့ ပြောပါရစေ။ ခင်ဗျားရဲ့ အဗြဟ္မစရိယ နိဗ္ဗာန္န ချောင်ကလေးကတော့ လွတ်ချင်လွတ်မယ်။ တိုင်းသူပြည်သား တချို့ကတော့ ဘီကီနီနဲ့ မြာကလေးတွေကို ငမ်းချင်တယ်။ အိမ် ကကြက်မကြီးနဲ့ စက်တော်ခေါ်မယ့်အစား အဲဒီမြာကလေးတွေနဲ့ ရွှေလည်တွဲရတယ်လို့ အိမ်မက်မက်ချင်တယ်။ လူမှာ လိင်ကိစ္စ၊ ငွေကိစ္စဆိုတဲ့ အဓိကကိစ္စကြီးနှစ်ခုပဲရှိတယ်။ ဘာဖြစ်လို့ရှောင် ပြေးမှာလဲဗျ။ ကြာကူလီသတင်းလောက် သတင်းစာရောင်းစွံတဲ့ သတင်းမရှိဘူး။ အဲဒီသတင်းမျိုးတွေကို လူတွေဖတ်ပစေပေါ့။ အလုပ်သမားတယောက် စောစောစီးစီး ကော်ဖီသောက်ရင်း ဘာချင်ခြင်းတပ်တယ်လို့ ခင်ဗျားထင်သလဲ။ ခင်ဗျားတို့ ရေးနေ တဲ့ အရူးဘုံမြောက် ပလီစိချောက်ချက် ဒေသနာတွေမဟုတ်ဘူး ဗျ။ ကျနော်တို့ပြန်တမ်းမှာရေးနေတဲ့ အညှီအဟောက်ကလေး တွေဗျ”
ညေးက သူတို့သတင်းစာ၏ ဒေသနာတွေကို ဟင်နရီပေ့စ် ရှေ့မှာပြောပြနေသည်။ ဥတ္တရအလင်း သတင်းစာကို ပေ့စ်ရောင်း မှာမဟုတ်။ ရောင်းဖို့ တစ်ပိုင်းသေနေရင်တောင်မှ ပြန်တမ်းအုပ်စု ကိုတော့ သူ၏ဥတ္တရအလင်းကို ထိုးထည့်လိုက်မှာမဟုတ်ကြောင်း ပေ့စ်က စကားအပြတ်ပြောလိုက်သည်။
၁၇၆၉ ခုနှစ်က တည်ထောင်ခဲ့သည့် ဥတ္တရအလင်းသည် သတင်းလွတ်လပ်ခွင့်နှင့် လွှတ်တော်သတင်းများ ရေးခွင့်ရရေး အတွက် တိုက်ပွဲဝင်ခဲ့သည်။ အဓမ္မစည်းကြပ်သည့် သတင်းစာ အခွန်များကို အသိပညာအခွန်များအဖြစ် ဟင်နရီပေ့စ်အဘေး ဖြစ်သူ ဂျိမ်းပေ့စ်က ဦးဆောင်ဆန့်ကျင်ခဲ့သဖြင့် အရေးယူခံခဲ့ရ ဖူးသည့် အစဉ်အလာကောင်းများလည်း ရှိထားသည်။တစ်ဘက်အုပ်စုကတော့ ဟင်နရီပေ့စ်ကို ကြိမ်းလိုက် သည်။ တစ်နှစ်အတွင်း ဥတ္တရအလင်းပြုတ်အောင် သူတို့တိုက် မည်။
ဥတ္တရအလင်း အခြေစိုက်သည့် ဟက်ဒယ်လ်စတန်မြို့မှ ၁၂ မိုင်ခန့်အကွာသာဝေးသည့် မော့စ်ဘန်းမြို့ကလေးမှာ မော့စ် ဘန်းမော်ကွန်းသတင်းစာကို ရောင်းမည်ကြေညာထားသည်မှာ ကြာလှပြီ။ ထိုကြောင့် ညေးနှင့် စမစ်တို့နှစ်ဦးက ဝယ်လိုက်ပြီး မော်ကွန်းနေ့စဉ်အမည်ဖြင့် ဟက်ဒယ်စတန်လ်စတန်နှင့် အခြား နေရာများသို့ ကျယ်ကျယ်ပြန့်ပြန့်ဖြန့်ဝေတော့မည်။ တစ်နည်း အားဖြင့် ဥတ္တရအလင်းကိုထိုးနှက်ရန် စတင်ခြေလှမ်းလိုက်ခြင်း ဖြစ်သည်။ ငွေပုံအောထုတ်ဝေမည်။ ဥတ္တရအလင်းပြုတ်ရင်ပြီး ရော။ မော်ကွန်းသတင်းစာထွက်ပြီးနောက်ပိုင်း ဥတ္တရအလင်း ကို ဘေးကျပ်နံကျပ်ဖြစ်စေသော ဖိညှပ်ထိုးနှက်မှုများသည် တဖြည်းဖြည်းစတင်လာသည်။
ကိုယ်ကျင့်ဖြူစင်ပြီး စေတနာကောင်းသော လှေကြီးထိုး ရိုးရိုးသမားကြီး ဟင်နရီပေ့စ်ကတော့ ဗြိတိသျှသတင်းစာတစ် စောင်ကို ရောင်းပန်းလှအောင် ကြိုးစားအားထုတ်ရာတွင် အောက်တန်းကျသောနည်းများကို ဖောဖောသီသီသုံးကြလိမ့် မည်ဟု ဘယ်တုန်းကမှ အတွေးထဲမရောက်ခဲ့ဖူးချေ။ အဘယ် ကြောင့်ဆိုသော် သူ့ပြိုင်ဘက်သတင်းစာသည် အသွားအပြန် လေယာဉ်စီးခရီးသွားလက်မှတ်များအပါအဝင် အခြားသော ပစ္စည်းများကို ကံစမ်းမဲဖောက်ပေးသည့် အထူးထုတ်သတင်းစာ များထုတ်ခြင်း။ တစ်ခြားသော မယ်ရွေးပွဲများ၊ ရေးကူးပြိုင်ပွဲများ၊ ပြန်တမ်းအုပ်စုမှပေးပို့သော အမြူအဆွ၊ အညှီအဟောက်နှင့် ညှို့ငင်သော ခါးအောက်ပိုင်းအသားပေး သတင်းများကို ဝေဝေ ဆာဆာဖော်ပြရင်း စောင်ရေတွန်းတင်ပွဲများပြုလုပ်သည်။
ဥတ္တရအလင်းက စောင်ရေတဖြည်းဖြည်းကျလာသည်။ ဟင်နရီပေ့စ်သည် သူ၏ခံနိုင်ရည်ကိုစမ်းသပ်သည့် မေးခွန်းများ အမေးခံလာရသည်။ အိမ်မှာ ဇနီးနှင့်သမီးကလည်း ဥတ္တရ အလင်းကို ရောင်းလိုက်ဖို့ ဖိအားတွေပေးနေသည်။ ဥတ္တရ အလင်းမှ လုပ်ဖော်ကိုင်ဖက်ရဲဘော်များသည် ပေ့စ်၏မျက်နှာကို အကဲခတ်သလိုကြည့်နေကြသည်။ ထိုးနှက်ချက်များက ပြင်းထန် လွန်းလှသည်။
”ဒီထိုးနှက်ချက်တွေကြောင့် ခဏတော့ ကျွန်တော်တို့ အထိနာမှာပေါ့။ ဒါပေမဲ့ချုပ်တည်းနိုင်လေ အကျိုးရှိလေဖြစ်မှာ ပါ။ လူထုက ကျွန်တော်တို့ကို ကြည်ညိုလေးစားလာကြမှာပါ။ စော်ကားမော်ကားလုပ်တာတွေ၊ အပေါစားလှောင်လုံးပြောင် လုံးထုတ်တာတွေ၊ သွားပုတ်လေလွင့်လုပ်တာတွေအထဲကနေ ကျွန်တော်တို့ကို ကယ်နိုင်မှာတစ်ခုတည်းရှိတယ်။ အဲဒါဘာလဲ ဆိုရင် လူထုရဲ့ကြည်ညိုလေးစားမှုပဲ” ဟု တစ်ဘက်က ထိုးနှက် မှုများကြောင့် လက်တုံ့ပြန်ရန် စိတ်ဆာနေကြသော သူ့သတင်း စာတိုက်မှ ရဲဘော်များကို ပေ့စ်က ပြောလိုက်သည်။
တဖြည်းဖြည်း ငွေရေးကြေးရေးအကြပ်အတည်း ဆိုက် လာသော ဥတ္တရအလင်းကိုအသက်ဆက်ဖို့ ပေ့စ်ကြိုးစားနေရ သည်။ သတင်းစာထုတ်ဝေရန် လက်ကျန်ငွေမှာ နည်း၍လာနေ သည်။ အရင်းနှီးဆုံးမိတ်ဆွေများဆီမှငွေချေးရန် ပေ့စ်ကြိုးစား လာရသည်။ သို့သော် ညေးနှင့်စမစ်တို့၏ တိုက်ခိုက်ထိုးနှက်မှု ကြောင့် မကြာမီပြုတ်ဖွယ်ရှိနေသည့် သတင်းစာတစ်စောင် အတွက် မည်သူကမှ ၎င်းတို့၏အိတ်ထောင်ထဲမှငွေကို ထုတ် မပေးချင်ကြချေ။ တချို့က သူ့ကို တရားသေသမား။ မိုက်လုံးကြီး သူဟုမြင်သည်။
အခြေအနေတွေက ဆိုးသထက်ဆိုးလာလေ ပေ့စ်သည် ယုံကြည်ချက်ခိုင်မာလာလေဖြစ်သည်။ သူဆက်လုပ်ရမည်။ ဥတ္တရအလင်းကို ဆက်လက်ကာကွယ်ရမည်။ သတင်းစာတိုက်မှ စာစီသမားတချို့ထွက်သွားကြပြီ။ သတင်းထောက်တချို့လည်း ပါသည်။ ကြော်ငြာသမား လည်းမရှိတော့ပါ။
တစ်ဘက်မှာ ခေါင်းမာလွန်းသော ဥတ္တရအလင်းကို အပြုတ်တိုက်ရန် ပိုင်းဖြတ်ထာသည့် ညေးနှင့်စမစ်တို့နှစ်ဦးသည် ဥတ္တရအလင်း၏ အားနည်းချက်ကို ပိုလို့ရှာနေကြသည်။ ဥတ္တရ အလင်း၏တိုက်ကို ပေ့စ်ကပိုင်သော်လည်း စက်ခန်းဖြစ်သည့် ပုံနှိပ်စက်များကိုတော့ အခန်းငှားဖြင့်ထားရသည်။ ထိုအငှား စာချုပ်မိတ္တူကို ကလိန်ကကျစ်လုပ်ကာ ညေးတို့အုပ်စုက ရလာ ခဲ့ခြင်းဖြစ်သည်။ ကံဆိုးချင်တော့ ပုံနှိပ်စက်ထားရာ တိုက်ကြီးက အိုပြီ။ စက်ရုံအလုပ်ရုံဥပဒေအရ လုပ်ငန်းသုံးရန် မကိုက်ညီတော့။ ထိုကြောင့် ထိုတိုက်ခန်းကြီးကို ညေးတို့အုပ်စုက ဝယ်ကြမည်။ သူတို့ပိုင်လျှင် စက်ရုံအလုပ်ရုံဥပဒေနှင့် မညီတော့သည့် အဆောက်အအုံကြီးကို အသုံးစာရင်းမှ ပယ်ဖျက်ခိုင်းမည်။ တစ်ဘက်တွင် ပြင်ဆင်မွမ်းမံမှုတွေကို စိန်ပြေနပြေလုပ်ကြမည်။ ပုံနှိပ်စက်ထားစရာအတွက် အခန်းသစ်ရှာရမည်။ ဒါကို အကြွေး ပတ်လည်ဝိုင်းနေပြီဖြစ်သည့် ဟင်နရီပေ့စ်တတ်နိုင်မှာမဟုတ်။ ထိုကြောင့် သတင်းစာလည်းထွက်နိုင်မည်မဟုတ်တော့။ ပေ့စ် ပြုတ်ပြီ။
အစွမ်းကုန်ခြိုးခြံမှုများ၊ သစ္စာရှိ လုပ်ဖော်ကိုင်ဖက်များ၏ အကန့်အသတ်မဲ့ကြိုးစားမှုများကြောင့် ဥတ္တရအလင်းသည် ပြုတ်လုတဲကာအနေအထားတွင် အနိုင်နိုင်ရပ်တည်နေသည်။ မန်ချက်စတာမှ စာတိုက်တံဆိပ်ရိုက်ထားသော စာအိတ်ထူကြီး ပေ့၏စားပွဲသို့ ရောက်မလာခင်ထိဆိုပါတော့။ ထိုစာမှာ အနှစ်၂ဝ လုံးလုံး ဥတ္တရအလင်း သတင်းစာသို့ စက္ကူပေးသွင်းနေ့ခဲ့သည့် ကုမ္ပဏီက ၎င်းတို့ စက္ကူမရောင်းနိုင်တော့သည့် အကြောင်း ပြန်သည့်စာဖြစ်သည်။
စက္ကူမှာ သတင်းစာထုတ်ရန် ရှစ်ရက်စာသာကျန်တော့ သည်။ လက်ထဲမှာလည်း ငွေကနည်းနည်းလေး။ ကြံရာမရသည့် အဆုံး ပေ့စ်သည် မန်ချက်စတာသို့ထွက်လာပြီး တစ်လမ်းဝင် တစ်လမ်းထွက် စက္ကူရရေး ကြိုးပမ်းနေရသည်။ နောက်ဆုံးတွင် စက္ကူ ၁၂ တန်ကို တောင်းတောင်းပန်ပန်ဖြင့် အကြွေးယူရသည်။ သူ၏ သတင်းစာတိုက် ဝန်ထမ်းတွေအားရှိအောင် ဟက်ဒယ်လ် စတန်သို့ အမြန်ပြေးလာခဲ့သည်။
သို့သော် ပုံနှိပ်စက်ခန်းကို ညေးတို့အုပ်စုက ဝယ်ယူလိုက် ကြောင်းနှင့် အသုံးပြုရန် မသင့်တော်သော အဆောက်အအုံ အဖြစ် သတ်မှတ်လိုက်ပြီး ပြင်ဆင်နေသည့်လများအတွင်း ပုံနှိပ် စက်လည်နိုင်မည်မဟုတ် ဆိုသည့်သတင်းက ပေ့စ်ကို ဆီးကြို နေသည်။
ပင်ပန်းမှုနှင့် စိတ်သောကရောက်မှုများလှသည့် ပေ့စ်အဖို့ ထိုသတင်းသည် မူးမေ့လဲကျသွားရသည်အထိ ဖြစ်ရသည်။ သူ့ ရဲဘော်တွေက သူ့ကို ဆေးခန်းပို့လိုက်သည်။ စေတနာကောင်းလှ သည့် ဒေါက်တာဘတ်က ဆေးကုပြုစုပေးပြီး အိမ်ပြန်နားဖို့ အငှားကားတစ်စီး ငှားပေးလိုက်သည်။
နှိပ်စက်ကလူပြုနေသော ခြိမ်းခြောက်မှုများအောက်တွင် အေးချမ်းသောသူ့စိတ်သည် ကျစ်လစ်သိပ်သည်းလာသည်။ အတိုင်းအဆမရှိ ခုခံနိုင်စွမ်းပေါ် ထွက်လာသည်။ အလုပ်သမား တွေက မရှိတော့ချေ။ စက္ကူလည်းဝယ်မရ။ အကြွေးတွေပတ်လည် ဝိုင်းနေသည်။ ဒီကြားထဲမှာ အခု ပုံနှိပ်စက်ထားသည့်အခန်းက ချိတ်ပိတ်လိုက်ပြီ။ အငှားကားပေါ်တွင်ထိုင်နေရင်း လက်ပတ် နာရီကို ကြည့်လိုက်သည်။ ငါးနာရီပင်မထိုးသေး။ အငှားကား မောင်းသူကို ဥတ္တရအလင်း သတင်းစာတိုက်ဘက် ပြန်မောင်း ပေးဖို့ ပေ့စ်က ပြောလိုက်သည်။ သူ၏မျက်နှာသည် သန္နိဌာန် ကြောင့် ပြတ်သားနေသည်။ ဥတ္တရအလင်းသည် နှစ်ပေါင်း ၁၈ဝ လုံးလုံး သတင်းစာမထွက်တဲ့နေ့ မရှိခဲ့ဖူးသေးချေ။ သူ့လက်ထက် ကျမှ ရာဇဝင်အရိုင်းခံရမည်လား။
ငိုင်နေသော သူ့လုပ်ဖော်ကိုင်ဖက်များသည် သတင်းစာ တိုက်သို့ပြန်လာသော ပေ့စ်၏မျက်နှာကိုမြင်သောအခါ အံ့အား သင့်နေသည်။ သတင်းစာထုတ်ဖို့ ပြန်လာတာဟု ပြောသည့်အခါ ရူးနေပြီလားဟုပင် ထင်သွားကြသည်။
”ပုံနှိပ်စက်မှမရှိတော့ပဲ ပေ့စ်ရယ်”
”ဖြစ်တဲ့နည်းနဲ့ထုတ်မှာပေါ့”
”ဖြစ်တဲ့နည်းနဲ့.. ဟုတ်လား”
စာကူးစက်နဲ့ လှည့်ထုတ်ကြမည်ဟု ပေ့စ်ကပြောလိုက် သည့်အခါ သူ၏သတင်းသမားများသည် ပိုလို့ အံ့သြအားတက် သွားကြသည်။ စားပွဲဝိုင်းကြီးတွင် အားလုံးဝိုင်းထိုင်လိုက်ကြရင်း အယ်ဒီတာများ တာဝန်ကိုယ်စီခွဲကာ လုပ်ကိုင်ကြသည်။ ပေ့စ် ကတော့ မာန်ကြွနေသည်။ ပေ့စ်၏ သစ္စာရှိအယ်ဒီတာကြီး မိတ် တလန်ကတော့ အံ့တကြိတ်ကြိတ်ဖြင့် အားရရွှင်လန်း အလုပ် လုပ်နေသည်။
”ဒီခွေးသူခိုးတွေ တို့ကိုဘယ်လိုနှိပ်စက်တယ်ဆိုတာ တစ်မြို့လုံး သိစေမပေါ့ကွာ” ဟုတစ်ယောက်က ကြိမ်းသည်။
”တစ်ခွန်းမှပြောမနေနဲ့တော့။ ဒီသတင်းစာက အလိုလို ပြောသွားလိမ့်မယ်။ တစ်ပြည်လုံးသိသွားလိမ့်မယ်” ဟု ဟင်နရီ ပေ့စ်က ပြောလိုက်သည်။
နောက်တစ်နေ့ နံနက်ခင်းတွင် ဟက်ဒယ်စတန်မြို့သား များသည် ညေးလ်နှင့်စမစ်တို့၏ ချောင်ပိတ်ထိုးနှက်ချက်ကြောင့် ဒုက္ခရောက်နေရသည့် ဥတ္တရအလင်း၏ ဖြစ်ရပ်ကို ပြက်ပြက်ထင် ထင် မြင်သွားကြတော့သည်။
လက်နှိပ်စက်ဖြင့်ရိုက်ထားရသော ဥတ္တရအလင်း သတင်း စာကလေးကို သတင်းစာဆိုင်များတွင် လူတွေက အလုအယက် ဝယ်နေကြသည်။ တစ်ဘက်က ညေးနှင့်စမစ်တို့ပြန်တမ်းအုပ်စု၏လုပ်ရပ်ကို မိုက်ရိုင်းလှချည်ဟု မြို့သားတွေက ခံပြင်းနေကြသည်။ သတင်းစာကို မဖြစ်ဖြစ်သည့်နည်းဖြင့် ထုတ်ဝေလိုက်သဖြင့် လူထု၏ နှလုံးသားတိမ်းညွတ်မှုကို ဥတ္တရအလင်းက ရရှိလိုက် သည်။ သံကြိုးစာတွေလာ၊ တယ်လီဖုန်းတွေဝင်နှင့်။ ထိုနေ့ ညနေ ထုတ်သတင်းစာများမှာပင် ဥတ္တရအလင်း၏ ခံရချက်များကို ခေါင်းကြီးပိုင်းတွင် လက်သံပြောင်စွာ တွယ်ကြသည်။
ဘဏ်က ဟင်နရီပေ့စ်ကို ငွေထုတ်ချေးသည်။ ဥတ္တရ အလင်း အသက်ဆက်နိုင်သည်။ ဝတ္ထုထဲတွင် တိုက်ပွဲတွေက တော့ မပြီးသေး။ ထိုသော် ဥတ္တရအလင်းကို ညေးတို့အုပ်စု အခြေယိုင်အောင် မလုပ်နိုင်တော့။ အကျပ်အတည်းတချို့ကို ဟန်နရီပေ့စ်သည် ကျော်လွားသွားနိုင်ခဲ့သည်။ နောက်ဆုံး ပြည်သူ့အကျိုးပြု သတင်းစာသည် ရပ်တည်ကျန်ရစ်သည်။ အောင်ပွဲခံသည်။
အချစ်အလွမ်းများနှင့် ရောမွှေထားသည့် ဥတ္တရအလင်း ဝထ္တုသည် သတင်းစာသမားတစ်ဦး၏ ရပ်တည်ချက်နှင့် ခွန်အား ကို ဖော်ပြသည်။ ဆိုးညစ်သော သတင်းစာနှင့် တည်ကြည်သော သတင်းစာတို့၏ပြိုင်ပွဲတွင် လူထုအကျိုးပြုသတင်းစာက နောက် ဆုံးတွင် အောင်မြင်သည်။ ငွေကြေးတောင့်သော်လည်း ကိုယ် ကျိုးရှာသတင်းစာသည် မူးစုပဲစုနှင့်ထုတ်ဝေရသည့် တကယ့်စစ် မှန်သော လူထုအကျိုးပြုသတင်းစာကို မယှဉ်နိုင်ဆိုသည့်အချက် ကို မီးမောင်းထိုးသည်။
စောင်ရေတိုးရေးနှင့် အကျိုးအမြတ် တစ်နေ့တစ်ခြားပွား စည်းရေးကို စာဖတ်ပရိသတ်မျက်နှာထက် ဦးစားပေးသော သတင်းစာသည် ငွေစကြေးစ ပွားစည်းလာနိုင်သည့်တိုင် လူထု ယုံကြည်မှုကိုတော့ ရမည်မဟုတ်ဆိုသည့်အချက်ကို ဖော်ထုတ် သည်။ လျှပ်ပေါ်လော်လီသော သတင်းစာသည် မူဝါဒနှင့် ဦး တည်ချက်သန့်စင်သော သတင်းစာကို ကျော်လို့ရမည်မဟုတ်ဆိုသည့်အကြောင်းကို ဥတ္တရအလင်းဝတ္တုက တင်ပြသည်။
မီဒီယာ တစ်ခေတ်ဆန်းချိန် မြန်မာပြည်တွင် လီယိုနတ် ညေးကဲ့သို့ မတော်တရော်သတင်းများ၊ အမနာပ၊ အမြူအဆွ၊ အပင့်အမြောက်၊ အထိုးအသတ်နှင့် ထရံကြားကညုသော တာသော သတင်းများကို အာရုံကျသည့် သတင်းသမားနှင့် ထုတ်ဝေသူများလည်း ရှိလိမ့်မည်။
နိုင်ငံရေးအပြောင်းအလဲဖြစ်စဉ်များအကြား ပေါ်ပင်လိုက် ကာ သတင်းစာဖောင်ကိုစီးရင်း ရာဇပလင်တွင် ကမ်းကပ်ရန် ကြံစည်နေသည့် သတင်းသမား အမည်ခံများလည်း ရှိကြမည်။ မီဒီယာစာမျက်နှာများတွင် စိတ်ကူးဖြင့်ဖဲရိုက်ရင်း မင်းဆရာလုပ် ချင်သည့် ဘဝင်ရူးသတင်းသမားများကလည်း မရှား။ အပြန့် ကျယ်လာသည့် လုပ်ပိုင်ခွင့်ကြောင့် ရလာသည့် မီဒီယာစီးပွား လောက၏သြဇာကို အသုံးချရန် ခွင်ပြောင်းလာကြသည့် စီးပွား ရေးသမားများလည်းရှိမည်။
ထိုသို့သော အခြေအနေများတွင် ဥတ္တရအလင်းသည် လူငယ်သတင်းသမားများအတွက် တစ်စုံတရာသော ခွန်အား နှင့် စိတ်ဓာတ်ရေးရာကို ပြုပြင်တပ်ဆင်ပေးနိုင်လိမ့်မည်။ သေချာသည်မှာ လီယိုနတ်ညေးကဲ့သို့သော လူစားများကိုတွေ့ ရန်မရှားသော်လည်း ဟင်နရီပေ့စ်ကဲ့သို့သော သတင်းစာဆရာ နှင့် ထုတ်ဝေသူကောင်းများကိုကား လူ့အဖွဲ့အစည်းက လိုအပ် နေဆဲဖြစ်ပါသည်။ ။

