ဘာလဲ့ဟဲ့ နိုင်ငံရေး ကဗျာ

ဘာလဲ့ဟဲ့ နိုင်ငံရေး ကဗျာ

၂၀၁၄၊နိုဝင်ဘာလထုတ်၊မော်ကွန်းမဂ္ဂဇင်း အမှတ်(၁၆)မှ ကဗျာ ဖြစ်ပါသည်။

မင်းထက်မောင် ရေးသည်။

ကျွန်တော့်မိတ်ဆွေ အယ်ဒီတာတစ်ယောက်က

သူ့မဂ္ဂဇင်းအတွက် ‘နိုင်ငံရေးကဗျာ ရေးပေးပါ’တဲ့

နိုင်ငံရေးကဗျာဆိုတာ ဘယ်လိုကဗျာမျိုးပါလိမ့်

နိုင်ငံရေးလုပ်တဲ့သူတွေရေးတဲ့ ကဗျာတွေဟာ

နိုင်ငံရေးကဗျာတွေများလား

ဒါဆိုရင် နိုင်ငံရေးကဗျာဆိုတာ

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်

ကိုမင်းကိုနိုင်တို့၊ ကိုဂျင်မီတို့ ရေးတဲ့ ကဗျာမျိုးတွေ ဖြစ်မှာပေါ့

ဒါမှမဟုတ် နိုင်ငံရေးကဗျာဆိုတာ

လူထုခေါင်းဆောင်၊ အတိုက်အခံခေါင်းဆောင်

ဒေါ်အောင်ဆန်းစုကြည်အကြောင်း

ခွပ်ဒေါင်းနဲ့ ယှဉ်ကာ ဖွဲ့နွဲ့ရေးသား

အဲဒီလိုကဗျာမျိုး ဖြစ်လေမလား

ဒါမှမဟုတ်လည်း မကြာခင်ကလေးကမှ ကွယ်လွန်သွားတဲ့

စာရေးဆရာ သတင်းစာဆရာ နိုင်ငံရေးသမားကြီး ဦးဝင်းတင်

ထောင်ထဲမှာ တိုက်ပွဲဝင်ရေးသားခဲ့တဲ့

 

‘ကျားရဲ’လို ကဗျာမျိုးများ ဖြစ်လေမလား

ဒီလိုမှမဟုတ်လည်း

သမ္မတကြီးဦးသိန်းစိန်

လွှတ်တော်ဥက္ကဋ္ဌကြီး ဦးရွှေမန်း

သူတို့မိန့်ခွန်း သူတို့စကားတွေထဲ

ဘာတွေများ ထူးထူးခြားခြား ပြောကြားလေသလဲ

သူတို့ရေးဆွဲချမှတ်လိုက်တဲ့ ပေါ်လစီတွေ ဥပဒေတွေနဲ့

နိုင်ငံတော်ရဲ့ စီမံကိန်းအသစ်

နောက်ပြန်မဆုတ်မယ့် အနာဂတ်ခြေလှမ်းအသစ်

အဲဒါတွေကို စောင့်ကြည့်လေ့လာဆန်းစစ်လို့

ပျစ်ပျစ်နှစ်နှစ် ဝေဖန်ရေးသားလိုက်ရင်

အမိုက်စားနိုင်ငံရေးကဗျာတစ်ပုဒ်များ ဖြစ်လာမလား

ဒါဆိုရင် လွှတ်တော်ထဲ အစိတ်သားကြီးများတောင်ရှိနေတဲ့

ကာချုပ်ကြီးမင်းအောင်လှိုင်တို့ရဲ့ မြန်မာစစ်တပ်ကြီးကိုလည်း

ဘယ်ချန်လှပ်ထားလို့ ဖြစ်ပါ့မလဲ

အဲဒီမှာလည်း ထိုးထိုးထောင်ထနေတဲ့

 

ဟိုပြဿ       နာအစ ဒီပြဿ       နာအစတွေကို ဆွဲထုတ်လို့

ခပ်ပြင်းပြင်းတစ်ပုဒ်လောက် ရေးအုပ်လိုက်ရင်

စင်စစ်ဧကန် နိုင်ငံရေးကဗျာဖြစ်လာနိုင်မလား

ဒီလိုမှမဟုတ်သေးပြန်ရင်လည်း ဟိုအရေး ဒီအရေး

မြစ်ဆုံအရေး၊ လက်ပံတောင်းတောင်အရေး

ရခိုင်၊ မိတ္ထီလာကအစ နောက်ဆုံး မန္တလေး

ဘာသာရေး လူမျိုးရေး အစွန်းရောက်မီးလျှံတွေ လောင်မြိုက်လို့

ပဋိပက္ခအမှောင်မိုက်ထဲ ဆိုက်ရောက်နေတဲ့ အရေး

ပြီးတော့ အပစ်အခတ်တွေ မရပ်စဲနိုင်သေးတဲ့

ပြည်တွင်းငြိမ်းချမ်းဝေး စစ်ပွဲတွေနဲ့

စစ်ပုန်းစစ်ရှောင် ဒုက္ခသည်တွေရဲ့ အရေး

ပြီးတော့ လယ်သိမ်းခံ ယာသိမ်းခံ ပြည်သူတွေရဲ့ အရေးနဲ့

မီဒီယာသမားတွေ ဖမ်းဆီးခံနေရတဲ့ အရေး

အဲဒီအရေးတွေကို ဟိုဟိုဒီဒီ တွေးဆလို့

ကဗျာတစ်ပုဒ်လောက် ရေးချလိုက်ရင်ရော

သူပြောတဲ့ နိုင်ငံရေးကဗျာဆိုတာမျိုးများ

 

သေချာပေါက် ဖြစ်သွားနိုင်လေမလား

ဟုတ်ကဲ့၊ နိုင်ငံရေးကဗျာဆိုတာ ဘယ်လိုကဗျာမျိုးပါလိမ့်လို့

ကျွန်တော် ဉာဏ်မီသရွေ့  လျှောက်စဉ်းစားကြည့်နေမိတာပါ

တကယ်တော့ ကျွန်တော်ဟာ

နိုင်ငံရေးကဗျာဆိုတာ

ဘယ်လိုကဗျာမျိုးဖြစ်မှန်းလည်း ရေရေရာရာမသိ

ကျွန်တော်ကိုယ်တိုင်ကလည်း

ဘာနိုင်ငံရေးလှုပ်ရှားမှုတွေကိုမှ မလုပ်တဲ့

ရိုးရိုးသာမန် ကဗျာရေးသူတစ်ဦးမျှသာ ဖြစ်လေတော့

ကျွန်တော့်မိတ်ဆွေအယ်ဒီတာက တောင်းတဲ့

အဲဒီနိုင်ငံရေးကဗျာဆိုတာကြီးကို

ဘယ်လိုလုပ်ပြီး ရေးနိုင် ပေးနိုင်မှာတဲ့လဲဗျာ

ဒါကြောင့်ပဲ စိတ်ပျက်လက်ပျက် ဖြစ်လွန်းစွာနဲ့

အခုလို စာကြောင်းအတိုအစတွေကို

စာရွက်ပေါ် ကျွန်တော် ချရေးနေမိတော့တာ။   ။

အမျိုးအစား - ကဗျာ

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."