၂ဝ၁၈၊ ဒီဇင်ဘာလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆ဝ)မှ Poem ဖြစ်ပါသည်။
မင်းထက်မောင်ရေးသည်
ဖားတွေဟာ
မြက်ခင်းထဲ၊ လယ်ကွင်းထဲ၊ ရေကန်ထဲမှာသာမက
ကျွန်တော့်အိမ်ထဲမှာလည်း နေထိုင်ကြ
ဒါပေမဲ့ အဲဒီဖားတွေဟာ
ဖားပြုပ် မဟုတ်၊ စားဖား မဟုတ်၊ ကျော်စံကေး မဟုတ်
ဖားပျံလို့ ခေါ်တဲ့ ဖားတွေပေါ့။
အဲဒီဖားပျံတွေဟာ
ဟိုခုန် ဒီကပ်နဲ့ အိမ်ထဲက ချောင်ကြိုချောင်ကြားအနှံ့မှာ
ပုန်းအောင်းတွယ်ကပ်လို့ နေကြ
ဘုရားစင်ပေါ်က ပန်းအိုးမှာ
ဘုရားရှိခိုးသလို ကပ်ပြီး နေတာက တစ်ကောင်
စာအုပ်စင်ပေါ်က စာအုပ်တွေ ကြားမှာ
မြို့စားရွာစားလို အပိုင်စားပြီး နေတာက တစ်ကောင်
အိပ်ခန်းထဲက အဝတ်ကြိုးတန်းနောက်မှာ
ကိုယ်ပျောက်ဝိဇ္ဇာလို ကိုယ်ရောင်ဖျောက်ပြီး နေတာက တစ်ကောင်
မီးဖိုချောင်ထဲက အိုးခွက်တွေ မှောက်ထားတဲ့ နေရာမှာ
ခေတ်ပျက်သူဌေးလိုမောက်ကြွားပြီး
တောက်စားနေတာက တစ်ကောင်
အိမ်နောက်ဖေးဘက် ထွက်တဲ့ တံခါးထောင့်ကွေးမှာ
သူတော်စင်ကလေးလို ခပ်အေးအေးနေတာက တစ်ကောင်
ဟိုတစ်ကောင် ဒီတစ်ကောင်နဲ့
ဒီကောင်တွေ နေရာအနှံ့မှာ ရှိကြပါတယ်။
ကျွန်တော့်အိမ်နေရာ အနှံ့အပြားမှာ
ဖားပျံတွေ ဒီလောက် များများ ရှိကြပေမယ့်လည်း
နေ့ပိုင်းအချိန်တွေမှာ
ဒီကောင်တွေ လှုပ်ရှားသွားလာတာ သိပ်မတွေ့ရ
သူတို့ချောင်ထဲ သူတို့ တွယ်ကပ် ငြိမ်သက် အိပ်စက်လို့ နေကြ
ညရောက်တဲ့အခါမှ တိတ်တဆိတ် ထွက်လာကြပြီး
လျှပ်စစ်မီးရောင်အောက် အစာကောက်ကြတယ်။
ဟုတ်ကဲ့၊ ပြောရင်းဆိုရင်းနဲ့
ကျွန်တော် ကဗျာရေးနေတဲ့ စာရေးစားပွဲပေါ်
ဘတ်ခနဲ ခုန်ကပ်လာတဲ့ ဖားပျံတစ်ကောင်
ပြူးကြောင်ကြောင် မျက်လုံးနဲ့ ကျွန်တော့်ကို ကြည့်လို့
“ဟဲလို ကောင်းသော ညနေခင်းပါ”လို့ နှုတ်ဆက်လိုက်လေရဲ့။
(၇.၆.၂၀၁၆)