ခက်ခဲကြမ်းရှ ဝါးဖောင်မျှောသူတို့ဘဝ

ခက်ခဲကြမ်းရှ ဝါးဖောင်မျှောသူတို့ဘဝ

၂ဝ၁၈၊ မေ-ဇူလိုင်လထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၅၆)မှ သတင်းဆောင်းပါး ဖြစ်ပါသည်။

 ကျော်ဇေယျာထွန်း ရေးသည်

သံတွဲချောင်းသည်  တောင်တန်းများ အထပ်လိုက် ရှိနေသည့် ရခိုင်ရိုးမကြီးကို  အဖျားခံကာ တသွင်သွင် စီးဆင်းနေသည်။ ရခိုင်ရိုးမထဲမှ ထွက်လာသည့် မြွေကြီးတစ်ကောင်ပမာ ရှိသည့် ထိုချောင်းသည် သံတွဲမြို့ကို  ဦးခိုက်ကွေ့ဝိုက်သွားပြီးသည့် နောက် ဘင်္ဂလားပင်လယ်ထဲသို့ စီးဝင်သွားသည်။

မိုးရာသီတွင် ရေလျှံကာ သံတွဲမြို့ပေါ်အထိ ရေကြီးတတ် သည့် ထိုချောင်းသည် နွေရာသီရောက်လျှင် သောင်ခုံများ ပေါ် လာတတ်ပြီး တချို့သော နေရာများဆိုလျှင် ခြေကျင်ဖြတ်ကူးသွား၍ ရသည်အထိ ချောင်းရေက တိမ်လှသည်။

ကျွန်တော်သည် သံတွဲမြို့၊ ရွှေဆံတော်ဘုရားတောင်ပေါ် ရောက်သည့်အခါတိုင်း ထိုချောင်းဘက်သို့ ငေးကြည့်မိတတ် သည်။ နွေရာသီရေကျချိန်ဆိုလျှင် ချောင်းထဲတွင် ကျောက်စုပ်နေ ကြသူများကို စည်စည်ကားကား တွေ့ရတတ်သည်။

တစ်ခါတစ်ရံ စက်တပ် လှေငယ်ကလေးများသည် ချောင်း ဖျားသို့ ဆန်၍သော်လည်းကောင်း၊ ချောင်းဖျားဘက်မှ စုန်၍ သော်လည်းကောင်း သွားလာနေသည်ကို တွေ့တတ်သည်။ တစ် ခါတစ်ရံလည်း ချောင်းဖျားဘက်မှ ဝါးဖောင်များ မျှောလာကြ သည်ကို တွေ့ရတတ်သည်။

ပေပေါင်း တစ်ရာကျော်မျှ ရှည်လျားသော ဝါးဖောင်၏ ရှေ့နှင့် နောက်တွင် လူတစ်ယောက်စီ ပါလေ့ရှိသည်။ သူတို့လက် ထဲတွင် ဝါးလုံးရှည်တစ်လုံးကို ကိုင်ထားတတ်သည်။ ထိုဝါးလုံး ရှည်ဖြင့် ဘယ်၊ ညာ အလိုက်သင့်ထိုးကာ ဝါးဖောင်ကို ချောင်းတစ်လျှောက် စုန်ဆင်းလာကြခြင်း ဖြစ်သည်။

ထိုဝါးဖောင်များ၏ ခရီးဆုံးမှာ သံတွဲမြို့ဖြစ်၏။ ဝါးဖောင်များအား ဝါးဒိုင်တွင် အပ်နှံပြီးလျှင် ဖောင်မျှောသူတို့သည် သံတွဲ ဈေး၌ လိုချင်တာ ဝယ်ခြမ်းပြီး သူတို့နေထိုင်ရာ ချောင်းဖျားသို့ ပြန်ကြသည်။

ချောင်းဖျားသည် မည်သည့်ပုံသဏ္ဌာန် ရှိမည်နည်း၊ ဖောင်မျှောသူတို့သည် ချောင်းဖျားတွင် မည်သို့ နေထိုင် စားသောက်ကြသနည်း၊ ဝါးဖောင်များကို မည်သို့ မည်ပုံ မျှောလာကြသနည်း စသဖြင့် ကျွန်တော်သည် ဝါးဖောင်မျှောသူတို့၏ ဘဝကို သိချင်လာမိသည်။

 

ဝါးဖောင်မျှောသည့် သားအဖ

ထို့ကြောင့် သူတို့နှင့် တွေ့နိုင်ဖို့ သံတွဲချောင်းကမ်းနားသို့ နေ့စဉ် ကျွန်တော် သွားကြည့်သည်။ သုံးလေးရက်အကြာမှာ တော့ သံတွဲမြို့သို့ မရောက်ခင် ချောင်းအကွေ့တစ်နေရာတွင် ဝါး ဖောင်တစ်ခု ရပ်နားထားသည်ကို တွေ့ရသည်။ ဝါးဖောင်အနားသို့ သွားကြည့်သည့်အခါ လူနှစ်ယောက် ထိုင်နေသည်။ တစ်ယောက်က အသက်ကြီးကြီး၊ တစ်ယောက်က လူငယ် ဖြစ်၏။

အသက်ကြီးသူက အနီရောင်တီရှပ်နှင့် အပြာရောင်အကွက် လုံချည်တို့ကို ဝတ်ဆင်ထားသည်။ အသားက ညိုခြောက်ခြောက်။ သူ့ခေါင်းတွင် ခပ်နွမ်းနွမ်း စစ်ဦးထုပ်အဝိုင်းကို ဆောင်းထားသည်။ လုံချည်ကို ဒူးနှစ်လုံးပေါ်သည်အထိ လိပ်တင်ထားပြီး ဆောင့် ကြောင့်ထိုင်နေ၏။

လူငယ်ဖြစ်သူမှာ အနီရောင်လျှာထိုးဦးထုပ်ကို ဆောင်း ထား၏။ သူဝတ်ထားသည့်အဖြူရောင်တီရှပ်မှာ ဟောင်းနွမ်းနေ ပြီး ကျောပြဲကာနေသည်။ အင်္ကျီက သူ့ခန္ဓာကိုယ်ထက် အရွယ် အစားကြီးသဖြင့်  အနည်းငယ် ဖားလျားကြီး ဖြစ်နေသည်။

သူတို့အနားသို့ ရောက်သွားသည့်အခါ ကျွန်တော့်ကို အသက်ကြီးသူက ယောင်ယောင်လေး ပြုံးပြသော်လည်း လူငယ် က တစ်ချက်ကြည့်ပြီး မျက်နှာလွှဲကာ ခေါင်းငုံ့နေသည်။

ကိုယ့်ကိုယ်ကိုယ် ဦးစွာမိတ်ဆက်ပြီး စကားပြောကြည့် သည့်အခါ သူတို့နှစ်ယောက်သည် သားအဖတော်စပ်ပြီး သံတွဲ ချောင်းဖျားရှိ ရွာရှည်ဆိုသော ကျေးရွာမှ ဖြစ်သည်။ သူတို့ဝါး ဖောင်ကို လာယူမည့်သူအား စောင့်ဆိုင်းနေကြခြင်း ဖြစ်သည်။ ထိုသူက ဈေးပိုပေးသဖြင့် စောင့်ဆိုင်းနေသည်ဟုဆိုသည်။ ထိုသူ မလာတော့ပါက ဝါးဖောင်ကို သံတွဲမြို့အထိ ဆက်မျှောကာ ဝါး ဒိုင်တွင် ရသည့်ဈေးဖြင့် ရောင်းချပြီး ရွာသို့ပြန်မည်ဟု ဆိုသည်။ သူတို့သည်  သံတွဲနှင့် ရွာရှည်သို့ ပြေးဆွဲနေသည့် လိုင်းကား ထွက်ချိန်အမီ ပြန်ရမည်ဖြစ်သည်။ ထို့ကြောင့် အချိန် များများ မရ။

သို့ဖြစ်၍ သူတို့နှင့် အေးအေးဆေးဆေး စကားပြောမည် ဆိုပါက ရွာရှည်သို့ လိုက်လာခဲ့ဖို့ ဖိတ်ခေါ်သည်။ ရွာရှည်ရောက် ပါက ဦးတင်တင်ဟုမေးလိုက်လျှင် ရသည်ဟု ဆိုသည်။ ပြီးလျှင် သူ့သားနှင့် သမီးတို့၏ နာမည်များကိုလည်း ပြောပြခဲ့သေးသည်။ ကျွန်တော်ကလည်း သံတွဲချောင်းဖျားသို့ သွားလိုသည်ဖြစ်ရာ အချိုရှာ သကာနှင့်တွေ့ ဆိုသလို ဖြစ်နေ၏။

သူတို့ကို ဆက်သွယ်ဖို့ ကျွန်တော်က ဖုန်းနံပါတ်တောင်း သည့်အခါ သူတို့တွင် ဖုန်းမရှိကြောင်းပြောပြီး  ရွာရှည်ကျေးရွာ ရှိ အမျိုးသမီးတစ်ယောက်၏ ဖုန်းနံပါတ်ကို ပေးသည်။ သူတို့ထံ ဆက်သွယ်မည်ဆိုပါက ယင်းနံပါတ်အတိုင်း ဆက်သွယ်ပြီး ခေါ် ခိုင်းဖို့  ပြောသည်။ တစ်ခါတစ်ရံ ဖုန်းလိုင်းများ မကောင်းသည့် အကြောင်းကိုလည်း ပြောသွားလိုက်သေးသည်။

Photo – Kyaw Zay Yar Htun                                     ငှက်တောင်ဝအနီး တွေ့ရသည့် ဖောင်မျှောလာသူများ

ရွာရှည်သို့ ခရီးနှင်

ရွာရှည်သို့သွားရန် လမ်းသုံးလမ်းရှိသည်။ ပထမလမ်းက သံတွဲချောင်းအတိုင်း စက်လှေနှင့် သွားရသည့်လမ်းဖြစ်သည်။ သို့သော် နွေရာသီတွင် ချောင်းရေခန်းသဖြင့် တချို့နေရာများ သည် လှေသွား၍ မရသည်အထိ ရေတိမ်လှသည်။ ဒုတိယလမ်းမှာ ယခင်က ဝါးဖောင်မျှောကြသူများ သံတွဲချောင်းတစ်လျှောက် လမ်းလျှောက်ပြန်ကြသည့် လမ်းဖြစ်သည်။ ယင်းလမ်းမှာ ယခု အခါ  ဆိုင်ကယ်နှင့် သွား၍ ရသော်လည်း လမ်းက ကြမ်းသည်။

တတိယလမ်းမှာ ဦးတင်တင်တို့ လက်ရှိ လိုင်းကားစီးကာ ပြန်နေသည့် လမ်းပင်ဖြစ်သည်။ လိုင်းကား ပုံမှန်သွားနေသည့် ကျောက်ခင်းလမ်းဖြစ်သည်။ ကျွန်တော်သည် ယင်းလမ်းမှ တစ် ဆင့် ရွာရှည်သို့ ဆိုင်ကယ်နှင့် သွားရန် ဆုံးဖြတ်လိုက်သည်။

သို့ဖြစ်၍ သံတွဲမှ ဂွသို့သွားသည့်ကားလမ်းမအတိုင်း မဲနယ် ကွင်းကျေးရွာအထိ ရှစ်မိုင်ခန့်  ဆိုင်ကယ်မောင်းသွားလိုက်သည်။ ယင်းမှတစ်ဆင့် ဘယ်ဘက်သို့ ကွေ့ဝင်ကာ ရခိုင်ရိုးမဘက်သို့ တက်သွားလိုက်သည်။ အဆိုပါလမ်းခွဲမှ ရွာရှည်အထိ ကျောက် ခင်းလမ်းကြမ်း၊ တောင်တက်တောင်ဆင်းကို ခုနစ်မိုင်ခန့် သွား    ရသည်။

ကျွန်တော်သည် မနက် ၆ နာရီထိုးခါနီး အိမ်မှ ထွက်လာခဲ့ ရာ ရွာရှည်သို့ နံနက် ၇ နာရီထိုးတွင် ရောက်သည်။ ရွာရှည်မှ သံတွဲသို့ သွားမည့် ဒိုင်နာလိုင်းကားကို ရွာထဲတွင် တွေ့ရသည်။ ရွာထဲတွင် ဦးတင်တင်အမည်ကို မေးကြည့်သည်။ အမေးခံရသူက ”ငှက်တော်က ဦးတင်တင်လား” ဟု ပြန်မေးသည်။ ကျွန်တော်က သူ့သမီးနာမည်ကို ပြောပြသည့်အခါ ကျွန်တော်ရပ်နေသည့် နေ ရာမှ တစ်အိမ်ကျော်ကို လက်ညှိုးထိုးပြပြီး ”အဲဒါ ဦးတင်တင် သမီးအိမ်ပဲ” ဟု ညွှန်ပြသည်။

ဦးတင်တင်သည် ပြီးခဲ့သည့်ရက်က ရွာရှည်တွင် ရှိသော် လည်း ယခုအခါ ငှက်တော်ကျေးရွာရှိ သူ၏ယာတဲသို့ ရောက်နေ ပြီဟု သူ့သမီးက ဆိုသည်။ ငှက်တော်ကျေးရွာမှာ ရွာရှည်အနီးရှိ သံတွဲချောင်းအတိုင်း အထက်ဘက်သို့ ငါးမိုင်ခန့်ဆက်သွားလျှင် ရောက်ပြီဖြစ်သည်။

ကျွန်တော်သည် ရွာရှည်မှထွက်ကာ ချောင်းရိုးအတိုင်း ဆိုင်ကယ်ကို မောင်းသွားလိုက်သည်။ ကချင်ပြည်နယ် မြစ်ဆုံတွင် တွေ့ရသည့် ကျောက်ခဲပုံစံမျိုးတွေ ချောင်းတစ်လျှောက် တွေ့ရ သည်။ ချောင်းရေက ကြည်လင်နေသည်။  သံတွဲချောင်းသည် ရခိုင်ရိုးမတောင်တန်းနှစ်ခုကြားတွင် စီးဆင်းနေခြင်းဖြစ်သည်။ မိုးတွင်းဆိုလျှင် ရေပြင်ကျယ်ကြီးဖြစ်နေမည့် ချောင်းသည် နွေ ရာသီတွင် အရှေ့ဘက် ရခိုင်ရိုးမတောင်တန်း၏ ခြေရင်းမှ မြောင် ၍ စီးဆင်းနေသည်။

ရွာရှည်မှာ အနောက်ဘက်ခြမ်း ရခိုင်ရိုးမတောင်ခြေရင်း တွင် ရှိသည်။ ကျွန်တော် ရောက်သွားသည့်အချိန်က နွေရင့်နေပြီ ဖြစ်ရာ ရွာရှည်နှင့် ချောင်းကြားတွင် သောင်ခုံကြီးများ ပေါ်နေ သည်။ ကျွန်တော်သည် ချောင်းဘေး တစ်လျှောက်ရှိ ကျောက်ခဲ များပေါ်မှ ဆိုင်ကယ်ကို မောင်းသွားရင်း လမ်းမှာတွေ့သည့် လူ အား ”ဦးတင်တင်အိမ်က ဘယ်နေရာမှာလဲ”ဟု မေးလိုက်လျှင် ”ငှက်တော်က ဦးတင်တင်လား”ဟု ပြန်မေးပြီး ချောင်းတစ် လျှောက် ဆက်သွားဖို့ ပြောသည်။

နောက်ထပ် မိနစ် ၂ဝ ခန့်မောင်းပြီးသည့်နောက်တွင် ငှက် တော်ရွာသို့ရောက်သည်။ အဆိုပါ ကျေးရွာမှာ ချောင်းတစ် ဖက်ရှိ ပဲ့ကျနေသော ချောင်းကမ်းပါးကြီး၏ အပေါ်တွင်ရှိသည်။ လူနေအိမ် လေး၊ ငါးလုံးခန့် တွေ့ရသည်။ ချောင်းကူးကာ ကျွန် တော်ရှိရာဘက်သို့ လျှောက်လာသည့် အမျိုးသားတစ်ဦးကို ငှက် တော်က ဦးတင်တင်အိမ်အား မေးကြည့်ရာ ငှက်တော်ဝဆိုသည့် ချောင်းကွေ့အထိ ဆက်သွားဖို့ ပြောသည်။ လှမ်းမြင်နေရသည့် အပင်စိမ်းစိမ်းနေရာတွင် သူ့ယာတဲ ရှိသည်ဟု ဆိုသဖြင့် ထပ်မံ ခရီးဆက်လိုက်သည်။

 

ငှက်တော်ဝက ဦးတင်တင်

တောင်နှစ်လုံးကြားမှ ကွေ့ ၍ စီးဆင်းလာသည့် ချောင်း ကွေ့အရောက်တွင် တဲအိမ်တစ်လုံးကို တွေ့ရသည်။ ချောင်းကို ဆိုင်ကယ်နှင့်ဖြတ်ကူးကာ တဲအိမ်ဆီသို့သွားလိုက်သည်။ ချောင်း ရေမှာ တစ်ပေသာသာ နက်ပြီး ရေထဲရှိ ကျောက်ခဲများကို မြင်နေ ရသည်။ တဲအိမ်ရှိရာ ကုန်းပေါ်သို့တက်သွားသည့်အခါ တဲနှင့် မလှမ်းမကမ်းတွင် အိပ်နေသည့် ခွေးတစ်ကောင်က ထိုး၍ဟောင်သည်။ ထိုအခါ တဲအိမ်လေးထဲမှ ဦးတင်တင် ထွက်လာသည်ကို တွေ့ရလေတော့သည်။

ဦးတင်တင်မှာ တွေ့ရတုန်းကနှင့်မတူ ဆံပင်ညှပ်ထား သဖြင့် သပ်သပ်ရပ်ရပ် ဖြစ်နေသည်။ ပြီးခဲ့သည့်နှစ်ရက်က ရွာ ရှည်ရှိ မင်္ဂလာဆောင်တွင် ပွဲထိုင်ခိုင်းသဖြင့် ဆံပင်ညှပ်ထားခြင်း ဖြစ်သည်ဟု သူက ဆိုသည်။

သူသည် တဲအိမ်ထဲတွင် ကလေးထိန်းရင်း ထမင်းချက်နေ ခြင်း ဖြစ်သည်။ သူ့သားနှင့် ချွေးမက ရွာရှည်သို့ ဆန်အိတ်သွား သယ်သည်ဟု ဆိုသည်။ ပြီးခဲ့သည့်နှစ်ရက်က ကျွန်တော်လာမည် အထင်ဖြင့် ရွာရှည်တွင် စောင့်နေသေးသည်။ သို့သော် မလာ တော့ဟုထင်၍ ငှက်တော်သို့ ပြန်လာခြင်းဖြစ်သည်ဟု ဆိုသည်။

ဦးတင်တင်တို့နေသည့် ယာတဲမှာ ဝါးခင်း၊ ထရံကာပြီး စလူရွက် မိုးထားသည်။ ယာတဲအနောက်ဘက်တွင် တောင် မြောက် သွယ်တန်းနေသည့် တောင်တန်းများရှိသည်။ အရှေ့ ဘက်တွင် သံတွဲချောင်း ရှိသလို ချောင်း၏တစ်ဖက်တွင်လည်း တောင်မြောက်သွယ်တန်းနေသည့် တောင်တန်းများရှိသည်။

ယာတဲရှေ့တွင် ပျဉ်းမပင်များက အုပ်ဆိုင်းနေပြီး သံတွဲ ချောင်းထဲသို့ အရိပ်ကျနေသည်။ တဲပေါ်မှ ကြည့်လျှင် ချောင်းကို အပေါ်စီးမှ မြင်နေရသည်။

ဦးတင်တင်တို့သည် တောင်ယာထဲ၌ ဆေးရွက်ကြီး၊ ပြောင်း၊ ငရုတ်စသည်တို့ကို စိုက်ပျိုးကြသည်။ နွေရာသီ အလုပ် နားသည့်အခါ ရွာရှည်ရှိ သူတို့နေအိမ်သို့ ပြောင်းရွှေ့နေတတ်ကြ သည်။ သို့သော် ရွာရှည်ရှိ အိမ်သို့ မပြန်ဘဲ ယခုယာတဲတွင် နေကြ သည်မှာ နှစ်နှစ်ရှိပြီဟု ဆိုသည်။

Photo – Kyaw Zay Yar Htun                                                  သံတွဲမြို့ကို ဝင်လာသည့်ဝါးဖောင်

ဝါးဖောင်မျှောကြသူများ

ယင်းသို့သော အလုပ်နားသည့်နွေရာသီကာလများတွင် တောင်ယာလုပ်ကိုင်သူများသည် တောတက်ကာ ဝါးခုတ်ပြီး ဖောင်မျှောလေ့ရှိသလို တချို့ကလည်း ဝါဆို၊ ဝါခေါင်လများတွင် သာ နားကြပြီး တစ်နှစ်ပတ်လုံး ဖောင်မျှောကြသည်ဟု ဦးတင်တင်က ရှင်းပြသည်။

မည်သည့်အသက်အရွယ်မှစ၍ ဝါးဖောင်မျှောခဲ့တာလဲဟု မေးကြည့်သည့်အခါ သူက ”ဝါး လေး ငါးလုံးထမ်းနိုင်တယ်ဆို ကတည်း လုပ်လာခဲ့တာပဲ” ဟု ဆိုသည်။

သူသည် ငယ်ရွယ်စဉ်အချိန်တည်းက အဖေ၊ ဦးကြီး၊ ဘကြီး တို့နှင့်အတူ တောသို့လိုက်ကာ ဝါးခုတ်သည့်အလုပ်ကို သင်ယူခဲ့ သည်။ သူတို့နှင့်အတူ ဝါးခုတ်ရာ လုပ်ကွက်သို့ တစ်နှစ်၊ နှစ်နှစ်ခန့် လိုက်ပြီးသည့်နောက်တွင် တစ်ဦးတည်း စတင် ဝါးခုတ်ခဲ့သည်ဟု ဦးတင်တင်က ဆိုသည်။

ဝါးဖောင်မျှောသည့်အလုပ်ကို မလုပ်မီအချိန်က သူသည် သူများအိမ်တွင် ကျွဲကျောင်း၊ နွားကျောင်းသည့် အလုပ်ကို လုပ်ကိုင်ခဲ့သေးသည်။

”ကိုယ့်အဖေက ဆင်းရဲတော့ ကိုယ်နိုင်တာ ဝင်လုပ်တာပေါ့”

သူသည် အစိုးရစာသင်ကျောင်းတွင် ကျောင်းမတက်ခဲ့ရ။ စာဖတ်တတ်ရုံလောက်သာ ဘုန်းကြီးကျောင်းနေခဲ့ရသည်။ သူ တို့ခေတ်က ပညာရေးနှင့်ပတ်သက်၍ သူက ယခုလိုရှင်းပြသည်။

”ဘိုးစဉ်ဘောင်ဆက်ကပဲ အလုပ်လုပ်ရင် ထမင်းစားရ တယ်၊ စာတတ်လို့ ထမင်းမစားရ၊ အဖေမှန်း၊ အမေမှန်းသိရင် တော်ဆိုတာမျိုးပဲ လုပ်ခဲ့ကြတာပဲ”

ဦးတင်တင်တို့ ဖောင်မျှောတော့မည်ဆိုလျှင် ဦးစွာ တော တက်ကာ ဝါးခုတ်ရသည်။ ဝါးအလုံး ၁,ဝဝဝ၊ ၁,၅ဝဝ ခန့်ကို ၁၅ ရက်၊ ရက် ၂ဝ ကြာအောင် ခုတ်ယူရသည်။ ခုတ်ပြီးသည့်ဝါးများကို ချောင်းကမ်းစပ်တွင် ပုံထားရပြီး လိုသလောက်ရသည့်အခါမှ ၂၅ လုံးကို တစ်စည်း စည်းသည်။ ယင်း ၂၅ လုံးအစည်း လေးစည်းလျှင် ဝါးတစ်ဖောင်ဖွဲ့သည်။ ထိုသို့သော ဝါးဖောင် ၁ဝ တွဲ၊ ၁၅ တွဲ ခန့်ရပြီဆိုလျှင် ဝါးဖောင်မျှောဖို့ အသင့်ဖြစ်ပြီ ဖြစ်သည်။

အဆိုပါ ဝါးဖောင်ကြီးတစ်ဖောင်လျှင် လိုက်ပါသူ လူအရေ အတွက်က ရာသီဥတုပေါ်မူတည်သည်။ နွေအချိန် ရေခန်းသည့် အခါမျိုးတွင် ဝါးဖောင်ကြီးတစ်ခုလျှင် တစ်ယောက်မှ နှစ်ယောက် အထိ လိုက်ပါကြပြီး မိုးတွင်းကာလ ချောင်းရေများသည့်အချိန်မျိုးတွင် ဝါးဖောင်ကြီးတစ်ခုလျှင် နှစ်ယောက်မှ လေးယောက် အထိ လိုက်ပါကြရသည်။ ဝါးဖောင်မျှောသည်ဆိုပါကလည်း အခြားသော ဝါးဖောင်မျှောသူများနှင့် စုပေါင်းကာ အဖွဲ့လိုက် သွားကြရသည်ဟု ဦးတင်တင်က ရှင်းပြသည်။

ဝါးဖောင်မျှောသည့်ခရီးစဉ် စတော့မည်ဆိုပါက လမ်းခရီး တွင် စားသောက်သွားဖို့ ဆန်၊ ဆီ၊ ဆား၊ ငါးပိနှင့် ထမင်းအိုးများ ကို အစုံယူသွားရသည်ဟုဆိုသည်။ ဟင်းစားရှိသူကလည်း ဟင်း စားများ ယူသွားတတ်ကြသည်။

ပြီးလျှင် လမ်းခရီးတွင် ဖောင်ပျက်သည့်အခါ ပြင်ဆင်နိုင်ဖို့ အတွက်လည်း နှီး၊ ဝါးနှင့် ဓားများ ဆောင်သွားရသည်။  အဝတ် အစားအပိုများလည်း လွယ်အိတ်ထဲ ထည့်သွားရသည်ဟု ဦးတင် တင်က ရှင်းပြသည်။

သူ့အတွက်တော့ ဖောင်မထွက်မီဖြစ်စေ၊ လှေမထွက်မီ ဖြစ် စေ အဘိုး၊ အဘွားနှင့် ဖခင်တို့မှာကြားထားသည့်အတိုင်း လှေ ခေါင်းနှင့် ဖောင်ခေါင်းကို ချောင်းရေဖြင့် သန့်စင်ပေးသည်။ ပြီး လျှင် သူ့အလေ့အထအတိုင်း ချောင်းကို အရိုအသေပေးတတ်သည်။

နှုတ်မှလည်း ”ရှင်မကြီး ချောချောမောမော ပို့ပေးပါ။ ကျွန် တော်တို့ကို ဒီချောင်း၊ ဒီမြောင်းမှာသွားတာ ရှင်မကြီးပဲ အားကိုး ခွန်ကိုးနဲ့သွားတာ။ ကျွန်တော်တို့ကို ချောချောမောမော ပို့ပေး ပါ”ဟု အရိုအသေပေးကာ ရှိခိုးကန်တော့သည်။

”ဒီချောင်း၊ ဒီမြောင်းတွေဟာ တို့ ဘိုးဘွားဘေဘီလက် ထက်ကပဲ သံဒီတို့၊ သံဂဒီတို့ဆိုတာ ဦးရှင်ကြီးလိုပေါ့။ ဘိုးဘွား တွေက စပြီးတော့ပဲ ရိုသေလာကြတာ”ဟု အရိုအသေပေးရ သည့် အကြောင်းကို သူက ရှင်းပြသည်။

အသက် ၇ဝ နှစ်အရွယ် ဦးတင်တင်ပြောသည့် သံဒီဆိုသည့် နေရာမှာ ရွာရှည်ကျေးရွာနှင့် နှစ်မိုင်ခန့်ဝေးသည့် နေရာတွင်ရှိပြီး သံတွဲချောင်းအတွင်း ကြီးမားသည့်ကျောက်တုံးကြီးတစ်တုံးရှိသည့် နေရာဖြစ်သည်။ ယင်းအနီးတွင် သံဒီဆိုသည့် ကျေးရွာလည်း ရှိသည်။

သံတွဲဒေသတစ်ဝိုက် နေထိုင်သူအများစုသည် သံတွဲ ချောင်းကို သံဒီရှင်နတ်မကြီး စောင့်ရှောက်သည်ဟု ယုံကြည်ကြ သည်။ သံဒီဆိုသည့် နေရာမှာလည်း စုန်းကြီး၊ နတ်ကြီးပြီး ရှေး ယခင်ကဆိုလျှင် အလှူအတန်း၊ မင်္ဂလာဆောင်သွားရန် အဝတ် အစားနှင့် လက်ဝတ်လက်စားများ မရှိဟု ဆိုပါက ယင်း သံဒီ ကျောက်တုံးကြီးတွင် သွားရောက်ငှားရမ်း၍ ရသည်ဟု အယူရှိ ကြသည်။ အိမ်ရှိ ဓားများ တုံးနေသည်ဆိုပါကလည်း ယင်း ကျောက်တုံးနေရာတွင် သွားထားပါက နောက်နေ့တွင် ဓားကို သွေးပေးထားသည်ဟု ဆိုကြသည်။

ထို့ပြင် သံဒီရှင်မကြီးသည် နားရွက်တစ်ဖက် မရှိသည့် အတွက် ယင်းချောင်းထဲသို့ နားကပ်တစ်ဖက်ဖြင့်ဆင်း၍ ရေချိုး ပါကလည်း ရေနှစ်သတ်တတ်သည်ဟုလည်း ယင်းဒေသတစ်ဝိုက် နေထိုင်သူများက ယုံကြည်ကြသည်။

သူ့အမေဘက်မှ အဘိုးသည် သံဒီအနီးရှိ ရွာရှည်ကျေးရွာ ဇာတိဖြစ်သည်ဟု ဦးတင်တင်က ဆိုသည်။

ယင်းဒေသတစ်ဝိုက် နေထိုင်သူများသည် ချောင်းကို အရိုအသေပေးကြသလို အရိုအသေမပေးသည့်တိုင် ချောင်းကို စော်ကားသည့် အပြုအမူမျိုး မလုပ်တတ်ကြပေ။

ထို့ကြောင့်လည်း ဦးတင်တင်သည် ဝါးဖောင်မမျှောခင် သံတွဲချောင်းကို အပိုင်စားသည့် သံဒီရှင်မအား ဦးစွာ အရိုအသေ ပေးပြီးမှသာ ခရီးစဉ်စလေ့ရှိသည်။

”မနက်စောစောထွက်သွားရင် လမ်းမှာ တစ်ည၊ နှစ်ည တော့ အိပ်ရတာပဲ။ ဘယ်အချိန်လို့တော့ ပြောမရဘူး”ဟု လမ်း ခရီးတွင် ဝါးဖောင်ပျက်စီးမှု ရှိသည့်အပေါ် မူတည်၍ ရက်ကြာ တတ်သည့်အတွက် ခရီးအချိန် ဘယ်နှရက်ကြာသည်ကို အတိ အကျပြောဖို့ ခက်သည့်အကြောင်း ဦးတင်တင်က ရှင်းပြသည်။

 

ဝါးဖောင်မျှောသူများအတွက် အန္တရာယ်

နွေရာသီ ဝါးဖောင်မျှောသည့်အခါ ပြဿနာမရှိသော် လည်း မိုးတွင်းကာလ ချောင်းရေ ပြည့်နေသည့်အခါမျိုးတွင် ဝါး ဖောင်များ ပျက်စီးတတ်သည်ဟု သူကဆိုသည်။ ဖောင်မျှောသည့် ချောင်းတစ်လျှောက် ဦးတင်တင်တို့ သတိထားရသော အ္တရာယ် ရှိသည့်နေရာများ ရှိသည်။

လယ်ကမ်းပါးပဲ့ပြီး ထောင့်ကွေ့ဖြစ်နေသည့် အညှက်ဆို သည့် နေရာ၊ နတ်မကြီးရုပ်အသွင် ဖြစ်နေသည့် ကျောက်ဆောင် ကြီးရှိရာ သံဂဒီဆိုသည့် နေရာ၊ ထောင့်အကွေ့ ဖြစ်နေသည့် အတက်ဝ ဆိုသည့် နေရာနှင့် လှိုင်းကြီးကာ ရေအောက်တွင် ငုတ် တိုင်များရှိသည့် ဂွေးတောက်ခုံ နေရာတို့သည် ဦးတင်တင်တို့လို ဖောင်မျှောသူတို့အတွက် အထူးသတိထားရသည့် နေရာများ ဖြစ်သည်။

ထိုသို့သော အ္တရာယ်ရှိသည့် နေရာများကို ဖြတ်ရတော့ မည်ဆိုလျှင် ဝါးဖောင်များကိုရပ်ကာ ဝါးဖောင်တစ်ခုချင်းစီကို ဝိုင်းဝန်းအကူအညီပေးပြီး ဖြတ်ရသည်။ လွတ်သွားတာလည်း ရှိ သလို ကျောက်ဆောင်နှင့် မလွတ်၍ ပျက်စီးသွားတာမျိုးလည်း ရှိသည်။

ဦးတင်တင် ဝါးဖောင်မျှောသည့် သက်တမ်းတစ်လျှောက် အ္တရာယ်နှင့် တစ်ကြိမ်သာ ကြုံဖူးသည်ဟု ဆိုသည်။ အတက်ဝ ဆိုသည့် ချောင်းကွေ့နေရာတွင် ကြုံရခြင်းဖြစ်သည်။ ထိုစဉ်က ဖောင်ပေါ်တွင် သူတစ်ယောက်တည်း ဖြစ်သည်။ ယင်းအကွေ့ အရောက်တွင် ထိုးဝါးဖြင့် ကျောက်ဆောင်ကို အားကုန်ကန်၍ ထိုးသည်။

သို့သော် ရေစီးက သန်သဖြင့် ရှေ့ဆုံးမှ ဝါးဖောင်တွဲသည် ကျောက်ဆောင်ကို ဝင်တိုက်မိလေတော့သည်။ ထိုအခါ နောက်မှ တွဲထားသည့် ဝါးဖောင်တွဲများသည် တစ်ခုပေါ် တစ်ခုထပ်ကာ ဝါးဖောင် ပျက်စီးသွားခဲ့သည်ဟု သူက ဆိုသည်။

”ဘယ်အချိန် ရေထဲကျတယ် မသိဘူး။ ကုန်းပေါ်ကို ရေကူး သွားရတာပေါ့။ ခြေသလုံး ဝါးရှတာ ကုန်းပေါ်ရောက်မှ သိတယ်”ဟု သူ့ခြေထောက်မှ သုံးလက်မခန့် အရှည်ရှိသည့် အမာရွတ်ကို ပြရင်း ဦးတင်တင်က ပြောသည်။

ထိုအခါ နောက်တွင် ရပ်တန့်နေသည့် ဝါးဖောင်များကို ဆက်မလာဖို့ လှမ်းအော်ပြောရသည်။ ပြီးလျှင် ဝါးစိမ်းတစ်လုံးကို ယူလိုက်ကာ အပေါ်က ဝါးအကြေးများကို ဓားဖြင့် ခြစ်လိုက်သည်။ ခြစ်၍ ရလာသည့် ဝါးအကြေး အမှုန့်များကို ဝါးကွဲရှသွားသည့် ဒဏ်ရာထဲသို့ ထည့်ကာ ဒဏ်ရာကို အဝတ်ဖြင့်ပတ်ထားလိုက် သည်ဟု ဆိုသည်။

ထိုသို့ ဖောင်ပျက်သွားသည့်အခါမျိုးတွင် ယင်းနေရာ၌ပင် စခန်းချပြီး ဝါးဖောင်ကို ပြင်ဆင်ရသည်ဟု ဆိုသည်။ ထိုအခါ ဖောင်ပေါ်မှ ထင်းများကိုယူကာ မီးမွှေးသူက မွှေးသည်။ ဆန်ဆေး သူက ဆေးသည်။ တစ်ခါတလေ ဘူးညွန့်၊ ဖရုံညွန့်၊ ရေကန်စွန်း စသည့်အသီးအနှံများကို ချောင်းနားက ကိုင်းတွေထဲ သွားကာ ဝယ်ယူကြသည်။ ချက်ပြုတ်ပြီးပါက ဝါးဖောင်မျောသူအားလုံး စုပေါင်းကာ စားသောက်ကြသည်ဟု ဆိုသည်။

”လက်ဖက်ရည် သောက်ချင်ရင် ဒန်အိုးလေးနဲ့ တည်၊ သောက်၊  စကားပြောပေါ့”ဟု သူက ဆိုသည်။

ဝါးဖောင်ပြင်ဆင်ပြီးသည့်အချိန်တွင် နေဝင်တော့မည်ဆို ပါက ယင်းနေရာ၌ပင် ညအိပ်တတ်ကြသည်။ သို့မဟုတ်ပါက ခရီး ဆက်ကာ နေဝင်သည့်အခါမှသာ ဖောင်ကို ကမ်းနားကပ်ပြီး လူ တွေအားလုံး ကမ်းပေါ်တက်ကာ ညအိပ်ကြသည်ဟု ဦးတင်တင် က ရှင်းပြသည်။

ညအိပ်သည့်အခါ တောကောင်အ္တရာယ် မစိုးရိမ်ရဘူး လားဟု မေးကြည့်ရာ ”တောကောင်တွေတော့ မတွေ့ဘူး။ ည ဘက်ရော၊ နေ့ဘက်ရော ဘာအ္တရာယ်မှ မရှိဘူး”ဟု ပြန်ဖြေသည်။

”မိုးလင်းဝါ(မနက်စောစော)မှာ စားသွားမယ်ဟေ့ဆိုရင် ထမင်းထချက်တယ်။ ထမင်းကို နေ့လယ်မစားဘူး။ မနက်စား တယ်၊ ညနေစားတယ်။ စားပြီးရင် လက်ဖက်ရည်အိုးလေးကို ဖောင်ပေါ် တင်သွားတာပဲ။ နေ့ခင်း၊ နေ့လယ် သောက်ရင် သောက်ကြတာပဲ”ဟု ဦးတင်တင်က ဆက်ပြောသည်။

ပြာသို၊ တပို့တွဲလို ချမ်းအေးသည့် လများတွင် ဖောင်မျှော သူများသည် ရေထဲသို့ မဆင်း။ ဖောင်ပေါ်မှသာ ထိုးဝါးဖြင့် ထိုးကာသွားကြသည်။  ဖောင်မျှော၍ မရသည့်အဆုံးမှသာ ရေစိုခံ ကြသည်ဟု ဆိုသည်။

”ဒီလို ပူတဲ့ရာသီဆိုတော့ ထိုးဝါးနဲ့ မထိုးချင်တော့ဘူး။ ရေ ထဲ ခေါင်းလေးဖော်ပြီး  ဖောင်နဲ့ မှိန်းမှိန်းပြီး ထွက်သွားတာပေါ့”

Photo – Kyaw Zay Yar Htun                                                        သံတွဲမြို့အဝင်နားက ဝါးဖောင်မျှောသူများ

ဦးတင်တင်၏ ပထမဆုံး သံတွဲခရီး

သံတွဲမြို့နယ်အတွင်းရှိ ရွာရှည်ကျေးရွာဇာတိ ဖြစ်သော ဦးတင်တင်သည် သံတွဲမြို့သို့ ၁ဝ နှစ်၊ ၁၂ နှစ်သား အရွယ်တွင် ဝါးဖောင်ပို့ရင်း ရောက်ဖူးခဲ့သည်။ သံတွဲမြို့သို့ တစ်ခါမှ မရောက် ဖူးသည့်အတွက် သံတွဲမြို့သို့ ရောက်တော့မည် ဆိုသည့်အခါ ပျော်ခဲ့ရသည်ဟု သူက ဆိုသည်။ သံတွဲမြို့သို့ ရောက်ခဲ့စဉ်က မည် သည့်အရာများ မှတ်မိသေးသနည်းဟု မေးကြည့်သည့်အခါ ဦးတင်တင်က ယခုလိုဖြေသည်။

”အဲဒါကတော့ ဝေး… ဝါးဝယ်တဲ့အိမ်မှာ သာလိကာတစ် ကောင် ရှိတယ်။ အဘတို့က တောသားတွေပဲ။ တောသားဆိုပေ မယ့် လှလှပပလေးတော့ စည်း(ဝတ်)သွားတာပဲကွယ့်။ လမ်း လျှောက်သွားတော့ သာလိကာက ဘာပြောလဲဆိုတော့ ‘လူ့ စောက်ပုံတွေကပဲ၊ ချောင်းဖျားသားတွေက လုပ်လာလိုက်တာ ဆိုတာ’။ အဲဒါနဲ့ အဘ အဲဒီသာလိကာကို တုတ်နဲ့ ကောင်းကောင်း ထိုးတာပဲ။ စိတ်ဆိုးသွားတာပေါ့။ ချောင်းဖျားသားတွေဆိုတော့။သာလိကာက ‘အဖေရေ၊ ကျွန်တော့် တုတ်နဲ့ထိုးနေပြီ’တဲ့” ဟု တဟားဟား ရယ်မောရင်း ပြောပြသည်။

ထိုစဉ်က ဝါးအလုံး ၁ဝဝ ရှိသည့် ဖောင်တစ်ခုလျှင် သုံး ကျပ် ရသည်ဟုဆိုသည်။ ဝါးရောင်းချပြီးသည်ဆိုပါက သံတွဲမြို့ ပေါ်ရှိ ထမင်းဆိုင်ကောင်းကောင်းတွင် ထမင်းဝင်စားကြသည်။ အရက်သောက်တတ်သူကလည်း အရက်မှာသောက်ကြသည်။

”အဲဒီခေတ်တုန်းကတော့ ထမင်းတစ်ပွဲကို ငါးမူး၊ သုံးမတ် ပဲ ပေးရတယ်ဝေ့”ဟု ဦးတင်တင်က ဆိုသည်။

ပြီးလျှင် သံတွဲမြို့တွင် တစ်ညအိပ်ကြသည်။ နောက်နေ့တွင် ဈေး၌ လိုချင်သည်များ ဝယ်ယူကြသည်။ ထိုအချိန်က သံတွဲဈေး သည် ယခုလို စည်းစည်းကားကား မဟုတ်ဘဲ နေ့လယ်ဆိုလျှင် ဈေးဝယ်သူ ကျဲသွားတတ်သည်။ ယခု သံတွဲမြို့ပေါ်ရှိ ရပ်ကွက် များမှာလည်း လယ်ကွင်းများသာ ဖြစ်သည်ဟု ဦးတင်တင်က ဆိုသည်။

လိုချင်သည်များ ဝယ်ပြီးသွားသည့်အခါ ထမ်းပိုးတွင် အထုပ်တစ်ဖက်စီထမ်း၍ ချောင်းအတိုင်း စကားတပြောပြောဖြင့် တက်သွားကြသည်ဟု သူကဆိုသည်။ သံတွဲမြို့မှ မွန်းလွဲ နှစ်နာရီ ခန့် ထွက်လျှင် ရွာရှည်သို့ ညနေ ၅ နာရီဆိုလျှင် ရောက်ပြီဖြစ်သည်။

ထိုစဉ်က သံတွဲမှ ရွာရှည်သို့ ကားလမ်းမပေါက်သေး။ ယခု ကားလမ်းပေါက်သည့်နေရာမှာလည်း  ခြေကျင် သွားလို့ရသည့် လမ်းလေးအဆင့်သာ ရှိသေးသည်။

ယင်းနောက်ပိုင်းတွင်တော့ ဦးတင်တင်သည် ဝါးဖောင်ပို့ ရင်း သံတွဲမြို့သို့ မကြာခဏဆိုသလို ရောက်လေ့ရှိသည်။ လမ်း ပန်းဆက်သွယ်ရေး ကောင်းမွန်လာသော်လည်း ရွာရှည်နှင့် ငှက် တော်ကျေးရွာတွင် သံတွဲမြို့သို့ မရောက်ဖူးသူများ ရှိသည်ဟု သူက ပြောပြသည်။

သို့သော် သူကိုယ်တိုင်သည်လည်း သံတွဲမြို့သို့သာ ရောက် ဖူးပြီး ငပလီကို တစ်ကြိမ်မျှ မရောက်ဖူးပေ။ ပင်လယ်ကိုတော့ လေး ငါး ကြိမ်လောက် ရောက်ဖူးသည်ဟု သူက ဆိုသည်။

ကျွန်တော်နှင့် စကားပြောနေသည့်အချိန်တွင် ဦးတင်တင် အိမ်ရှေ့ရှိ ချောင်းထဲမှ ဝါးဖောင်နှစ်ခု မျှောလာသည်ကို မြင်လိုက် ရသည်။ ကျွန်တော်လည်း ဓာတ်ပုံရိုက်ဖို့ ချက်ချင်း ဆင်းပြေးသွား လိုက်သည်။ ချောင်းကမ်းပါးအပေါ်စီးမှ ဓာတ်ပုံရိုက်နေစဉ် ရှေ့ဆုံး ဝါးဖောင်ပေါ်မှ ထိုးဝါးထိုးသူတစ်ဦးသည် သူ့လက်ထဲရှိ ထိုးဝါးဖြင့် ရေပြင်ကို ‘တဖျန်းဖျန်း’ ရိုက်လေသည်။

ငါးချက်၊ ခြောက်ချက်လောက် ရိုက်ပြီးသည့်အခါ  ¤င်း သည် ရေထဲသို့ ခုန်ဆင်းလိုက်သည်။ ထိုနေရာမှာ ရေနက်သဖြင့် သူ့ခါးလောက် မြုပ်သွားသည်။ ပြီးလျှင် သုံးဆယ်သားခန့်ရှိသည့် ငါးကြင်းကဲ့သို့သော ငါးတစ်ကောင်ကို ဝါးဖောင်ပေါ်သို့ ပစ်တင် လိုက်၏။

ကျွန်တော်က ”ဘာငါးတုံး” ဟု လှမ်းမေးသည့်အခါ ”ငါး ရစ်”ဟု ပြုံးပြရင်း ဖြေသည်။ သူ့ဝါးဖောင်၏ အနောက်ဘက်တွင် အမျိုးသမီးတစ်ဦးက ထိုးဝါးထိုးရင်း လိုက်သည်။ ဖောင်၏အလယ်တွင် အထုပ်အပိုးနှင့်အတူ ကလေးမလေးတစ်ဦးလည်း လိုက်ပါလာသည်။

သူတို့ဝါးဖောင်နောက်တွင်လည်း နောက်ထပ် ဝါးဖောင် တစ်ခု ပါသေးသည်။ ယင်းဝါးဖောင်၏ ရှေ့နှင့်နောက်တွင် အမျိုး သားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးကို တွေ့ရသည်။ သူတို့သည် ဘာစကားမှ မပြောကြဘဲ ချောင်းထဲတွင် တိတ်တဆိတ်သာ  ရွေ့လျားသွားကြလေသည်။

 

ဆတ်သားစားပြီး သွားခဲ့ရသည့် ဖောင်မျှောခရီး

သူတို့ကို သိသလား၊ ဘယ်ကလာကြတုံးဟု ဦးတင်တင်ကို မေးကြည့်သည့်အခါ သူလည်း မသိဟု ပြန်ဖြေသည်။ ယခုလိုပင် အထက်ဘက်မှ ဖောင်မျှောသူများလည်း ဆင်းလာတတ်ကြသည် ဟု ဆိုသည်။

”အဘတို့ ဖောင်မျှောသွားရင်လည်း အဲဒီလို ငါးတွေ ရ တတ်လား”

”အဲဒါကတော့ ရတာပေါ့ကွယ်။ ရိုးနေတာချည်းကို ဒါတွေ က”ဟု ဦးတင်တင်က မဆိုင်းမတွ ပြန်ဖြေသည်။

သူတို့ ဖောင်မျှောသွားသည့်အခါမျိုးတွင် ချောင်းတစ် လျှောက် တချို့သော နေရာများ၌ ဝါးလုံးကို အပေါက်ဖောက်ကာ ငါးထောင်ထားသည့် နေရာများရှိသည်။ ယင်းနေရာသို့ ရောက် လျှင် ဝါးလုံးကို ဖော်ကာ အထဲက ငါးကို လမ်းမှာစားဖို့ ယူသွား ကြတာမျိုးလည်း ရှိသည်။ ယင်းသို့ ငါးရသည်ဆိုပါက မီးဖုတ်ကာ ရှောက်သီးနှင့် သုတ်စားကြသလို ချက်စားသည့်အခါလည်း ရှိသည်ဟု ဆိုသည်။

တစ်ခါက ဦးတင်တင်တို့သည် ဖောင်မျှောသွားရင်း ဆတ် သားစားခဲ့ရသေးသည်ဟု ဆိုသည်။ တစ်နေ့၌ မနက် ၇ နာရီခန့် သူတို့ဖောင်မျှောလာရင်း ဂွေးတောက်ခုံမရောက်ခင် ချင်းရွာ အနီးတွင် လူများလိုက်သဖြင့် ပြေးလာသည့် ဆတ်ကြီးတစ် ကောင်သည် ဝါးဖောင်ပေါ်သို့ ခုန်ချလာသည်။ ဆတ်ကြီးသည် ဝါးဖောင်ပေါ်တွင် ကားရားကြီး ဖြစ်နေရာမှ ချောင်းထဲသို့ ပြုတ် ကျသွားသည်။

”ရေထဲပြုတ်ကျသွားတော့ အဲဒီက ခွေးတွေနဲ့ ရွာက လူ တွေနဲ့လိုက်တာ အဲဒီမှာ သေရော။ သေတော့ တို့လည်း တစ် ယောက် တစ်ဝေဖိုး(ဝေစုတစ်ခုစီ) ရတယ်”ဟု သူက ဆိုသည်။

သူက ဆက်ပြီး ”ဆတ်တစ်ကောင် ဝေတာ လူပေါင်း တစ် ရာကျော်တယ်။ တို့ရှစ်ယောက်မှာ ခုနစ်ပိဿာလောက် ရတယ်။ စားလို့ မကုန်လို့ လေးပိဿာ ပြန်ရောင်းလိုက်ရတယ်”ဟု ဆိုသည်။

အဆိုပါ ဆတ်ကြီး၏ အရွယ်အစားမှာ ”နွားထီးကြီးတစ် ကောင်လောက် ရှိတယ်”ဟု ဦးတင်တင်က ဆိုသည်။ ယင်းဖြစ် စဉ် ဖြစ်ခဲ့သည်မှာ လွန်ခဲ့သည့် ၁၄ နှစ်ခန့်က ဖြစ်သည်။

ထိုနေ့က ဆတ်သားစားခဲ့ရသည့်အဖြစ်ကို ဦးတင်တင်က ”ဝမ်းသာတာက ပြောဖို့ ရလို့လား၊ ဟင်းအဝယ် လွတ်သွားတာ ပေါ့” ဟူ၏။

 

ပြောင်းလဲသွားသည့်  သံတွဲချောင်း

ကျွန်တော်တို့ စကားပြော၍ အတန်ကြာလာသည့်အခါ ဦးတင်တင်၏ သားနှင့် ချွေးမသည် ရွာရှည်မှပြန်လာကြသည်။ သားဖြစ်သူ၏ ပခုံးပေါ်တွင် ဆန်အိတ်တစ်အိတ် ပါလာသည်။ အင်္ကျီချွတ်ထားသဖြင့် ကြေးရောင်ထကာ ြ<ွကက်သားများ အပြိုင်းပြိုင်းဖြစ်နေသည့် ခန္ဓာကိုယ်ကို အတိုင်းသားမြင်နေရ သည်။ ဆန်အိတ်ထမ်းလာသည့်သူ့ပခုံးမှာ အလေးအပင်များ မကြာခဏ ထမ်းရသည့်အတွက် အသားမာတက်ပြီး ခုံး၍ပင် နေသည်။ သူသည် ကျွန်တော်နှင့်တွေ့တုန်းကလို မဟုတ်၊ ပြော ပြောဆိုဆိုနှင့် ပြုံးပြနှုတ်ဆက်သည်။

သူသည် လေးမိုင်ခန့်ရှိသည့် ခရီးကို ဆန်အိတ်ထမ်းကာ ပြန်လာခြင်းဖြစ်ရာ ကျွန်တော့်မှာ သူ့ကိုကြည့်ပြီး အံ့သြကာ စုတ်တသပ်သပ် ဖြစ်နေမိသည်။

”လှေရှိတယ်။ ထိုးမရလို့ ထမ်းပြန်လာရတာ”ဟု ချောင်း ရေတိမ်သဖြင့် လှေသုံးမရသည့်အဖြစ်ကို ဦးတင်တင်က ရှင်းပြသည်။

ချောင်းရေသည် ဦးတင်တင်တို့ အိမ်အရှေ့တည့်တည့်နှင့် မျက်စောင်းထိုးနေရာလောက်တွင် အနည်းငယ်ရေနက်သည်။ ယင်းနေရာအလွန်တွင် ကျောက်ခဲလုံးများပေါ်သည်အထိ ချောင်းရေတိမ်လွန်းသဖြင့် ဝါးဖောင်များ မျှော၍ရစေရန် ဦးတင် တင်တို့က လက်ဖြင့်ယက်ကာ ဖောင်သွားလမ်း ဖောက်ပေးထား  ရသည်။

ယခင်တုန်းက ချောင်းမှာ ယခုလောက်မကျယ်။ ယခုလို အရှေ့ဘက်ခြမ်းတောင်တန်းမှ စီးဆင်းခြင်းမျိုး မဟုတ်ဘဲ အနောက်ဘက်ခြမ်းရှိ တောင်တန်းမှ စီးဆင်းသွားခြင်းဖြစ်သည်။နွေရာသီတွင်လည်း ချောင်းရေမှာ သုံး လေးပေခန့် အနက်ရှိ သည်။ တချို့သော နေရာများတွင် ချောင်းရေသည် ရေအိုင်ကြီး တစ်ခုလို နက်သဖြင့် ကြောက်စရာကောင်းပြီး လူတိုင်းမကူးဝံ့ဟု ဦးတင်တင်က ဆိုသည်။

ယင်းသို့သော ရေအိုင်ထဲတွင် ငါးကြီးများ နေထိုင်ကြသလို ထိုအချိန်က ချောင်းထဲသို့လည်း ငါးကြီးများ တက်လာတတ် သည်ဟု ဆိုသည်။ ချောင်းထဲတွင် ငါးပိဿာအရွယ်ရှိသည့် ငါး ကြီးအထိ မြင်ဖူးသည်ဟု ဦးတင်တင်က ဆိုသည်။

”အခုကတော့ ရှားသွားပြီ၊ မရတော့ဘူး။ နေစရာလည်း မရှိဘူးလေ။ အဲဒီလို ဟာမျိုးတွေကျတော့ အိုင်တွေ၊ ချောက်တွေ၊ ကလိုဏ်တွေမှာ နေဖို့မကောင်းရင် မနေပေါ့။ အဲဒီလို အကောင် တွေ မလာတော့ဘူး။ အကောင်သေးလေးတွေပဲ မိုးရွာတုန်းတက် မိုးနှောင်းဆို ပြန်ဆုတ်သွားရော” ဟု သူက ရှင်းပြသည်။

ယခင်က ကျောက်ဆောင်၊ ကျောက်ကမ်းပါးများဖြင့် တိုက်မိကာ ဝါးဖောင်များ ပျက်စီးတတ်သော်လည်း ယခု နောက် ပိုင်းတွင် ဝါးဖောင်ပျက်စီးတာမျိုး မကြုံရဘဲ ချောင်းထဲဆင်းပြီး ဝါးဖောင်ကို ဆွဲရခြင်းမျိုးသာ လုပ်ရသည်ဟု ဆိုသည်။ ဝါးဖောင် မပျက်စီးသဖြင့် သံတွဲမြို့သို့ တစ်ညအိပ်သွားလျှင် ရောက်နေပြီဟု ဦးတင်တင်က ပြောသည်။

 

ရေကြီးနှစ်

ယင်းသို့ ချောင်းရေတိမ်ကာ ချောင်းကျယ်သွားရခြင်းသည် ၂ဝဝ၄ ရေကြီးပြီးသည့်နောက်ပိုင်း ဖြစ်သည်ဟု ဦးတင်တင်က ဆိုသည်။

”အဲဒီမတိုင်ခင်တုန်းက ကောင်းသေးတယ်။ ချောင်းလည်း မကျယ်သေးဘူး၊ ရေလည်း မတိမ်သေးဘူး”ဟု သူက ပြောသည်။

ထိုစဉ်က ဦးတင်တင်သည် ငှက်တော်ကျေးရွာတွင် အိမ် ထောင်ကျကာ ဇနီး၊ သားသမီးများနှင့်အတူ ရှိနေသည်။ ငှက် တော်ကျေးရွာတွင်လည်း အိမ်ခြေ ၃၅ အိမ်ခန့်ရှိသည်။ ရေကြီး မည့်ရက် ညဦးပိုင်းတွင် ချောင်းရေသည် ဦးတင်တင်တို့အိမ် နောက်ဖေးအနားထိ တက်သွားခဲ့သည်။ သူ့စိတ်ထဲ တစ်စုံတစ်ရာ ထူးခြားမည်ဆိုတာ ခံစားလိုက်ရ၏။

မိုးလင်းသည်နှင့် ချောင်းရေက တက်လာသည်။ ချောင်း ရေက ခပ်မြန်မြန်တက်လာသည့်အတွက် ဦးတင်တင်သည် သူ့ သမီးများကို တောင်ပေါ်တက်နေဖို့ သတိပေးလိုက်သည်။ သို့ သော် တောင်ပေါ်သို့ သွားမည့်လမ်းတွင် ရေက လျှံနေသည်။ ထို့ကြောင့် သူ၏ ဆောက်လက်စ အချောသပ်ရန် ကျန်နေသေး သည့် လှေကိုယူကာ သမီးများကို တောင်ပေါ်သို့ ပို့လိုက်သည်ဟု ဆိုသည်။

ထိုအချိန်က ရွာထဲတွင် အိမ်သစ်တစ်လုံး ဆောက်ထား သည်။ အိမ်က အမြင့်ဆောက်ထားခြင်း ဖြစ်၏။ ရွာထဲရှိ တချို့ လူများသည် ယင်းအိမ်ပေါ်သို့ တက်နေကြသည်။

ထို့ကြောင့် ဦးတင်တင်က ”ဒီမှာ နေလို့ အဆင်မပြေဘူး”ဟု သတိပေးသည့်အခါ တချို့က ”ဘာဖြစ်ပြန်ဖို့လဲ”ဟု ပြန်မေး ကြသည်။ သို့ဖြစ်၍ ချောင်းရေသည် ခါတိုင်းလိုမဟုတ်ဘဲ အ္တရာယ်ရှိသည့် အခြေအနေ ဖြစ်သည်ကို ရှင်းပြကာ  ¤င်းတို့ကို လည်း တောင်ပေါ်သို့ ပို့ပေးခဲ့ရသည်ဟု သူက ဆိုသည်။

”မပို့လို့ သေကုန်မယ်။ အဲဒီအိမ်က တစ်ချိန်း(တစ်ခါ)တည်း ပါသွားတယ်”ဟု ငှက်တော်ကျေးရွာတွင် ဆယ်အိမ်ခေါင်း အဖြစ် အနှစ် ၂ဝ လုပ်ခဲ့ဖူးသည့် ဦးတင်တင်က ပြန်ပြောပြသည်။

ဦးတင်တင်တို့ ချောင်းကမ်းပါးက ထိုင်ကြည့်နေစဉ်မှာပင် ချောင်းရေသည် တဖြည်းဖြည်း များလာရာက လှိုင်လုံးကြီးတွေ ဖြစ်လာသည်။ သစ်ပင်များ၊ တုံးကြီး၊ တုံးငယ်များ မျှော၍ ပါလာ သည်။ သရက်ပင်၊ မရမ်းပင်၊ မန်ကျည်းပင်များသည် ပြိုက်ခနဲ ပြိုက်ခနဲ ချောင်းရေထဲ ပါသွားလေသည်။ ရွာထဲတွင် ပေ ၂ဝ ခန့် လုံးပတ်ရှိသည့် ဝါဆိုပင်ကြီးမှာ နေ့ခင်းနေ့လယ် နေပြောက်မထိုး။ ရွာသူရွာသားများသည် ဖျာတစ်ချပ်ယူကာ ထိုအပင်အောက်တွင် လေညင်းခံပြီး အိပ်တတ်ကြသည်။

”တော်ကြာဆို အဲဒီ ဝါဆိုပင်ကြီးက ‘ဘုံး’ဆို လဲသွားတယ်။ ရွာက ဟိုဘက်တစ်တန်း၊ ဒီဘက်တစ်တန်းပေါ့။ ချောင်းဘက်က အိမ်တွေ အကုန်ပါသွားတယ်။ လယ်ကွင်းတွေ အကုန်ပဲ့ပါသွား တယ်”ဟု ရေကြီးခဲ့သည့်အဖြစ်ကို ဦးတင်တင်က ပြန်ပြောပြသည်။

တစ်ခွန်းမေး၊ တစ်ခွန်းဖြေနေသည့် ဦးတင်တင်မှာ သူတို့ ငှက်တော်ကျေးရွာ ရေထဲပါသွားသည့်အကြောင်းကို ပြန်ပြော ပြသည့်အခါ ဆက်တိုက်ဆိုသလို ပြောသွားသည်။

အဆိုပါ ရေကြီးပြီးသည့်နောက်ပိုင်း ဦးတင်တင်တို့ နေထိုင် သည့် ငှက်တော်ကျေးရွာရှိ လူနေအိမ်များသည် ရွာရှည်သို့ လည်းကောင်း၊ မဲနယ်ကွင်းဘက်သို့လည်းကောင်း စသဖြင့် အနီး ပတ်ဝန်းကျင်တွင် ရှိသော အခြားကျေးရွာများသို့ ပြောင်းရွှေ့ သွားကြသည်။ ငွေကြေးတတ်နိုင်သူများက သံတွဲမြို့အနီးသို့ ပြောင်းရွှေ့လာကြသည်။ လက်ရှိတွင် ငှက်တော်ကျေးရွာတွင် အိမ်ခြေ လေးငါးအိမ်ခန့်သာ ကျန်တော့သည်။

ချောင်းရေစီးဆင်းသည့် လမ်းကြောင်းသည်လည်း ပြောင်းလဲသွားသည်။ ချောင်းကျယ်ကာ ချောင်းရေလည်း တိမ် သွားသည်ဟု ဦးတင်တင်က ဆိုသည်။ ဖောင်မျှောသူများ သတိ ထားရသော အ္တရာယ်ရှိသည့်နေရာများလည်း ပျက်စီးသွားခဲ့ သည်ဟု ဆိုသည်။

ထို့ကြောင့် ဝါးဖောင်မျှောရသည့်အခါ လွယ်ကူအဆင်ပြေ သွားသည့်အတွက် ဝမ်းမသာဘူးလားဟု မေးကြည့်မိသည်။

”အဲဒါလည်း တစ်ဖက်ကတော့ (ဖောင်) မပျက်တော့ ဝမ်း သာတယ်။ တစ်ဖက်က ဆွဲရတာ သေဖို့ပါသေး။ ဆင်ရုန်းသလို ရုန်းနေရတာ ဟား ဟား ဟား။ ထူးတော့ မထူး” ဟု တဟားဟား ရယ်မောရင်း ပြောပြီး စကားကို ခဏရပ်လိုက်သည်။

ပြီးလျှင် စကားသံကို နှိမ့်ကာ ”အရင်ပျက်တာမှ ကောင်း သေးရဲ့” ဟု မှတ်ချက်ပြုသည်။

”ဘာဖြစ်လို့လဲ”

”ဘာဖြစ်လို့လဲဆိုတော့ သိပ်မပင်ပန်းဘူး။ ဒီနေရာပျက် တယ်ဆိုရင် ခဏလေးစောင့်၊ လိုချင်တာဆွဲယူ၊ ကမ်းကပ်၊ ပြန် ပြင်၊ ပြီးရော။ အဲဒီလိုဆို ဆင်းသွားပြန်ရောပေါ့ကွယ့်။ အခုလို မဆွဲရဘူး။ အခုတော့ အဲဒီလိုတော့ အ္တရာယ်ကင်းပါတယ်။ ဒါ ပေမဲ့လို့ ဆွဲရတာက လူမခံနိုင်။ ပင်ပန်းတာပေါ့”ဟု ဦးတင်တင်က ညည်းတွားလေသည်။

ဦးတင်တင်၏ စကားပြောဆိုပုံမှာ လျှာနှင့် နှုတ်ခမ်းကို သေချာ အားမပြုခြင်းကြောင့် အသံက လုံးထွေးနေပြီး လေးလေး တွဲတွဲကြီး ဖြစ်သည်။ သို့သော် စကားသံက ကျယ်သည်။ သူသည် ရခိုင်တိုင်းရင်းသားတစ်ဦးဖြစ်ပြီး စကားပြောသည့်အခါ သံတွဲ ဒေသ လေယူလေသိမ်းနှင့် အသုံးအနှုန်းတို့ဖြင့် ပြောသည်။

 

တောပျောက်ကာ ချောင်းပျက်

ယခုလို ချောင်းရေကြီးကာ ချောင်းပျက်သွားသည့် အဖြစ် ကို ဦးတင်တင် သက်တမ်းတစ်လျှောက် ပထမဆုံး ကိုယ်တိုင်ကြုံ၊ မြင်ဖူးလိုက်ခြင်းဖြစ်သည်။ ယင်းသို့ ဖြစ်သွားရသည့်အကြောင်းကို သူက ယခုလို မှတ်ချက်ပြုသည်။

”ချောင်းပိုင်၊ တောင်ပိုင်ဆိုတာ ဘိုးစဉ်ဘောင်ဆက် လက် ထက်ကတည်းက လက်ခံလာတယ်။ တောမှာလည်း တောစောင့် နတ်တွေ ရှိတာပဲ။ တောင်မှာလည်း တောင်စောင့်နတ်ရှိတယ်။ ချောင်းမှာလည်း ချောင်းပိုင်ဆိုတာ ရှိတာပဲ။ ဒီလိုဆိုတော့ တော တွေတောင်တွေကို ဘိုးစဉ်ဘောင်ဆက် ရိုရိုသေသေ တန်ဖိုး ထားခဲ့တယ်။ နောက်ပိုင်းလူတွေက မရိုမသေ မလေးမစားနဲ့         ခုတ်ထွင်းရှင်းလင်းတာတွေ လုပ်ကြတယ်။ တောတောင် ပျက် သွားတယ်။ အဲဒါကြောင့် ဖြစ်နိုင်တယ်လို့ အဘတို့က မှတ်ယူတတ် တယ်” ဟု ရှင်းပြသည်။

သစ်ကြီး၊ ဝါးကြီးတွင် ကောင်းသော နတ်များ ရှိသလို မကောင်းသော နတ်များလည်း စောင့်ရှောက်ကြသည်ဟု ဦးတင် တင်တို့ ဘိုးစဉ်ဘောင်ဆက်ကတည်းက အယူရှိခဲ့ကြသည်။ ထို့ ကြောင့် ရှေးတုန်းက တောင်ယာဖြစ်စေ၊ သစ်ပင်ခုတ်တော့မည် ဖြစ်စေ သစ်ကြီး၊ ဝါးကြီးတွေကို ခုတ်လှဲတော့မည်ဆိုလျှင် အဓိဋ္ဌာန်တစ်ခု လုပ်ရသည်။

ယင်းမှာ ခုတ်လှဲမည့် သစ်ပင်တွင် ဓား ဖြစ်စေ၊ ပေါက်ဆိန် ဖြစ်စေ ထောင်ထားရသည်။ ပြီးလျှင် ”ဒီအပင်ကို ငါလိုချင်တယ် လှဲဖို့၊ လှဲဖို့ကြောင့် လိုရင် ဒီဓားကို ထောင်ထားတဲ့အတိုင်းထား၊ မလိုရင် ဒီဓားကို လှဲထား” ဟု အဓိဋ္ဌာန်ပြုသည်။

”မလိုလို့ ဒီဓား လှဲထားရင် အဲဒီလူတွေ (သစ်ပင်ကို)မလှဲ တော့ဘူး။ ဘယ်လောက်ပဲလိုချင်လိုချင် သူ့ကို မလုပ်တော့ဘူး”ဟု ဦးတင်တင်က ဆိုသည်။

ထို့ပြင် အစိုးရ၏ သစ်တောကြိုးဝိုင်းဟု ဆိုလျှင် ယခင် လူကြီး၊ အဘိုး၊ အဘွားတို့သည် မတို့၊ မထိဝံ့။ သစ်တစ်ပင်မလှဲ။ ထို့ကြောင့် တောတောင်တို့သည် စိမ့်စမ်းများနှင့် ဖြစ်သည်။ ရာသီဥတုကလည်း အေးမြသည်။

သို့သော် ဦးတင်တင် အသက် ၃ဝ ခန့်တွင် အစိုးရ၏သစ် ထုတ်လုပ်ရေးအဖွဲ့များ သူတို့ရွာသို့ ရောက်ရှိလာခဲ့သည်။ ပထမ တစ်နှစ်တွင် ပျဉ်းကတိုးသစ်များကို ခုတ်ယူကြပြီး ကျန်သည့် နှစ်များတွင် ကညင်၊ ကညောင်း စသည့် သစ်ဖြူများကို ထုတ် သွား ယူသွားကြသည်ဟု ဦးတင်တင်က ဆိုသည်။

ထိုစဉ်က ထုတ်လုပ်ရေးစခန်းသည် လက်ရှိ ဦးတင်တင်တို့ နေထိုင်သည့် ယာတဲ၏မျက်စောင်းထိုး ငှက်တော်ဝ ဆိုသည့် နေရာတွင် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

”သူတို့ ဖောက်ခဲ့တဲ့ လမ်းတွေ ပျက်တောင် မပျက်သေး ဘူး။ သစ်ဆွဲတဲ့လမ်းတွေ”ဟု သူက ပြောသည်။

အစိုးရ သစ်ထုတ်လုပ်ရေးအဖွဲ့များသည် ဦးတင်တင်တို့ အနီးပတ်ဝန်းကျင်တွင် ငါးနှစ်၊ ခြောက်နှစ်ကြာအောင် သစ် ထုတ်ပြီးသည့်နောက် ချောင်းဖျားအထက်ဘက် ခလောင်ဝသို့ ပြောင်းရွှေ့သွားကြသည်ဟု ဆိုသည်။

”(ဒီ)ပတ်ဝန်းကျင်မှာ ကညင်၊ ကညောင်း ထုတ်သွားတော့ တောင်သရက်တို့ဘာတို့ စည်စည်ကားကားလေးတော့ ရှိသေး တယ်။ ဒီလောက်ထိတော့ မလင်းသေးဘူး။ အဲဒီမတိုင်ခင်တုန်းက ရွာထဲက ဘယ်သူမှ မခုတ်ကြဘူး။ လုပ်လည်း နည်းနည်းပါးပါး လောက်ပဲ။ ခိုးစားခိုးကြောင်(လူမသိအောင် ခိုးခုတ်တာ)ပေါ့ ကွယ်” ဟု သူက ဆက်ပြောသည်။

ထိုစဉ်ကရွာရှည်တွင် အိမ်ကြီးအိမ်ကောင်း မရှိဘဲ ဝါးနှင့် ဆောက်သည့် အိမ်က အများစုဖြစ်သည်ဟု ဆိုသည်။

သို့သော် သစ်ထုတ်လုပ်ရေးအဖွဲ့များ တခြားနေရာသို့ ပြောင်းသွားပြီးသည့်နောက်တွင် တခြားဒေသမှ ပုဂ္ဂလိက သစ် ခုတ်သမားများ ရောက်လာကြသည်။ ဆင်များ၊ ကျွဲများဖြင့် သစ် ထုတ်လုပ်ကြသည်။ ဦးတင်တင် သက်တမ်းတစ်လျှောက် ကျွဲ ဆိုသည်မှာ အထီးဆိုလျှင် နွားသတ်ရုံပို့ပြီး အမဆိုလျှင် နို့ညှစ်စား ရသည်ဟု တွေးမိခဲ့သည်။

”ဒီလို ကျွဲ သုံးစွဲတတ်တယ်ဆိုတာ ဘယ်သူမှ မသိဘူး။ ဘယ်သူမှ (ကျွဲနဲ့ သစ်)မဆွဲဘူး”ဟု သူက ပြောသည်။

ယင်းသို့ လုပ်ရမှန်း သိသွားသည့်အခါတွင် ရွာရှည်တွင်  နေထိုင်ကြသည့်သူများ ကိုယ်တိုင်လည်း ကျွဲများနှင့် သစ်ခုတ်ကြ လေတော့သည်။ ခုတ်ပြီးသည့် သစ်များကို လှေနှင့် တွဲကာ သံတွဲ မြို့သို့ ပို့ကြလေသည်။

”ဒီလိုလုပ်ရင် ပိုက်ဆံရတယ်ဆိုတာသိတော့ နောက်လူ တွေကပါ လိုက်ခုတ်ကြတာ။ လူတိုင်းလိုကို ဖြစ်နေတာ”

 

 

Photo – Kyaw Zay Yar Htun ဦးတင်တင်တို့ သံတွဲမြို့သို့ မျှောလာသည့်ဝါးဖောင်ဝါးရှားလာခြင်း

ယင်းနောက်ပိုင်း ဦးတင်တင်တို့လို ဖောင်မျှောသူများ ကြုံ ရသည့် ပြဿနာက ဝါးရှားပါးခြင်းပင် ဖြစ်သည်။ သစ်ထုတ်လုပ် ရေး ဝင်သွားသည့်အခါ သစ်ပင်များ လှဲကြသဖြင့် သစ်ပင်များပိ၍ ဝါးပင်များပျက်စီးကြသည်။ ကျိုးပဲ့ပျက်စီးသွားသည့် ဝါးများကို မီးက ထပ်၍ လောင်သည်။ ဝါးမျှစ်များ ထွက်လာသည့်အခါ ဆင် များက စားသောက်ကြသည်။ ထို့ပြင် လူကလည်း ထပ်မံခုတ်ယူ သဖြင့် သိသိသာသာ ဝါးရှားသွားသည်။

ထို့ကြောင့် ဝါးကောင်းကောင်းရဖို့ အနီးအနားတွင် ရှာဖွေ ၍ မရတော့ဘဲ ဝေးဝေးလံလံ သွား၍ ရှာဖွေခုတ်ယူလာရသည်။ ယခင်က ဝါးအလုံးရေ တစ်ထောင်လျှင် ငါးရက်အတွင်း ခုတ်ယူ နိုင်သော်လည်း ယခုအခါ ”တစ်ရာရဖို့အရေးကို မနည်းရှာရ တယ်”ဟု ဦးတင်တင်က ညည်းတွားသည်။

ထို့ပြင် ဝါးများကို နှစ်နှစ်၊ သုံးနှစ်အထိ ရင့်အောင် မစောင့် နိုင်တော့ဘဲ တစ်နှစ်သားမပြည့်ခင်ကပင် ခုတ်ယူခြင်းများ ပြု လုပ်လာကြသည်ဟု ဦးတင်တင်က ဆိုသ

ည်။

Photo – Kyaw Zay Yar Htun ဦးတင်တင်တို့ သံတွဲမြို့သို့ မျှောလာသည့်ဝါးဖောင်

”ပြီးခဲ့တဲ့ရက်က အဘတို့ ဆင်းလာတဲ့ဝါးမျိုး မခုတ်တော့ ဘူး။ မခုတ်ဆိုတာက ဒါက ကုန်ခဲ့တဲ့ မိုးက ပေါက်တဲ့ဝါးလေ။ အဲဒီ လို ဝါးမျိုးတွေကတော့ (တာရှည်)မခံတော့ဘူး။ တစ်နှစ်သား တောင် မရှိသေးဘူး” ဟု သူက ပြောသည်။

ယခင်ကဆိုလျှင် ယင်းသို့ သက်တမ်းနုသည့် ဝါးသည် အပွေးယားသဖြင့် မည်သူမှ ခုတ်ယူမည့်သူ မရှိ။ သက်တမ်း သုံး၊ လေးနှစ် ရှိသည့် ဝါးများကိုသာ ခုတ်ယူကြသည်။ သို့သော် ယခု တွင် အနုအရင့် မရွေးတော့ဘဲ ဝါးဒိုင်သို့ အကုန်ရောင်းချနေရ သည်ဟု သူက ဆက်ပြောသည်။

ယင်းနောက်ပိုင်းတွင် ဦးတင်တင်တို့နေထိုင်သည့် ငှက် တော်နှင့် ရွာရှည်ကျေးရွာ၏ ပတ်ဝန်းကျင် ပြောင်းလဲသွားသည့် အဖြစ်ကို ဦးတင်တင်က ယခုလို ဆက်ပြောသည်။

”သစ်ပင်အရိပ ်မရှိတော့ အပူတွေ တိုးတက်ပြီးတော့ မနေ နိုင်၊ မရပ်နိုင်တာတွေ ဖြစ်ကုန်တာပေါ့။ ချောင်းတွေ ခန်းလာ တယ်။ သိသိသာသာကြီးကို ခန်းလာတာ”ဟု ဆိုသည်။

ယာတဲသို့ ကျွန်တော်ရောက်ကတည်းက ဦးတင်တင်၏ ခန္ဓာကိုယ်တွင် အင်္ကျီမရှိ။ သူ့သားမှာလည်း အလားတူပင်ဖြစ် သည်။ အင်္ကျီမပါဘဲ ဝါးကြမ်းခင်းပေါ်တွင် တုံးလုံးလှဲနေသည်။ ထို့ကြောင့် ယခင်ကလည်း အခုလိုပင် အင်္ကျီမဝတ်ကြဘူးလားဟု မေးကြည့်မိသည်။

”အရင်တုန်းကတော့ ဒီလောက်ထိ အင်္ကျီချွတ်တယ်လို့ လည်း ဘယ်ရှိဖို့လဲကွယ်။ ချမ်းတာ များတာကြီးကိုး။ တပေါင်း၊ တန်ခူးဆိုတောင် အခုဆောင်းတွင်းလောက်တော့ အေးသေးတာ ပဲ။ ကျွဲကျောင်းသွားရင် ကျွဲတွေ လွှတ်ပြီး လူက မီးလှုံနေရတယ်”ဟု ပြန်ဖြေသည်။

ပြီးတော့ သူက ယခုလို မှတ်ချက်ပြုသေးသည်။

”အရင်တုန်းက ပူတယ်ဆိုတာ အခု ချမ်းသလောက်ရှိတာ”

 

ငှက်တော်ဝက နေ့လယ်စာ

နေ့လယ် ၁၂ နာရီကျော်သည့်အခါ ထမင်းစားဖို့ ပြင်ကြ သည်။ ထို့ကြောင့် အင်တာဗျူးနေတာကို ခဏရပ်ထားလိုက် သည်။ ဦးတင်တင်က ဘာဟင်းမှ မရှိဟုဆိုကာ ကျွန်တော့်ကို အားနာနေသည်။ မနေ့ညက တဲအရှေ့ရှိ ချောင်းထဲ ပိုက်ချထားရာ ယနေ့မနက်တွင် ငါးရစ်နှင့် ငါးဗွေထိုးရသည်ဟု ဆိုသည်။

သူတို့အတွက် ဟင်းစားဝယ်ဖို့ သွားစရာ ဈေးမရှိ။ ထို့ ကြောင့် ချောင်းထဲတွင် ပိုက်ချသည်၊ ငါးမျှားသည်။ အသီးအရွက် စားမည်ဆိုပါက တောင်ယာထဲတွင် သွားခူးကြသည်။ ယခုနေ့ လယ်စာ အတွက်လည်း ချောင်းထဲက ငါးပင်ဖြစ်သည်။

နှစ်ပေပတ်လည်အကျယ်ရှိမည့် ထမင်းစားပွဲပေါ်တွင် ချက် ထားသည့် ငါးဟင်းတစ်ခွက်နှင့် ငါးဟင်းချိုသောက်တစ်ခွက်။ ပြီးတော့ ကျွန်တော် အင်တာဗျူးနေစဉ်က ဦးတင်တင်၏ သား ဖြစ်သူသည် တဲအောက်တွင် ဝပ်နေသည့် ကြက်မကြီးထံမှ ကြက်ဥနှစ်လုံးနှိုက်လာပြီး ကြော်ပေးထာသည့် ကြက်ဥကြော် တစ်ပွဲ။ ကြက်ဥယူစဉ်က ကြက်မကြီးက ”ကတော်၊ ကတော်”ဟု အဆက်မပြတ် အော်နေသည်မှာ ကျွန်တော့်ကို ကျိန်ဆဲသွား သလားဟုပင် ထင်မိသည်။

ဦးတင်တင်ပြောသည့် ငါးဗွေထိုးဆိုသည့် ငါးကို အရင်ဆုံး ဇွန်းဖြင့် ကလော်ယူကြည့်ရာ ငါးေြ>ွမထိုး ဖြစ်နေသည်ကို တွေ့ ရသည်။

”ထမင်းကလည်း မာတယ်ဝေး စားနိုင်ဖို့လား”ဟု အားနာ သည့် လေသံဖြင့် သူက ဆိုပြန်သည်။

ကျွန်တော် ထမင်းသုံးပန်းကန် ထည့်စားပြီးသည့်အခါမှာ တော့ ဦးတင်တင် ဘာမှမပြောတော့။ ကျွန်တော်က ပြန်၍ အား နာနေရသည်။

”ဦးရေ၊ စားပြီးနော် ဟဲ ဟဲ”

”စား စား”ဟု ဆိုကာ ကျွန်တော့်အနားသို့ ထမင်းအိုးကြီး ချပေးသည်။

ဦးတင်တင်မှာ ကျွန်တော့်ထက် ပိုစား၏။ ငါးပန်းကန်မျှ စားလေသည်။ ကျွန်တော်စားပြီးသည့်တိုင် သူသည် ထမင်း ဝိုင်းက မထသေး။ သူတို့ချက်သည့် ဆန်မှာ အနည်းငယ်မာပြီး အဆီအနှစ် မရှိသည်ကို သတိထားမိသည်။ ထမင်းစား ရေနွေး သောက်ပြီးသည့်အခါ ကျွန်တော်တို့သည် အင်တာဗျူးကို ပြန်စ ကြသည်။

 

တောကောင်း၍ တောကောင်ပေါ

ဦးတင်တင် အသက် ၁၄နှစ်၊ ၁၅ နှစ်အရွယ်က သူတို့နေ ထိုင်သည့် ရွာရှည်နှင့် ငှက်တော်အနီးတစ်ဝိုက်တွင် တောကောင် များ ပေါပြီး ကျားပင် ရှိခဲ့သည်ဟု ဆိုသည်။ ညနေ နေဝင်၍ အမှောင်ကျသွားပြီဆိုလျှင် ရွာအပြင်သို့ သွားသွားလာလာ မလုပ်ရဲကြ။

”တစ်ရွာနဲ့ တစ်ရွာကို သာမညသတ္တိနဲ့ မကူးရဲဘူး။ အဲဒီ ကောင်(ကျား)တွေက သွားလာ လှုပ်ရှားနေကြတာကိုး။ ဒီ ချောင်းဝ(ယခုယာတဲ မျက်စောင်းထိုးရှိ ငှက်တော်ချောင်းဝ)ဆို ရင် အဲဒီကောင်တွေ အမြဲတမ်းထွက်တယ်” ဟု သူက ဆိုသည်။

ယခင်က လူကို ဆင်သတ်သည့် သတင်းများ၊ ကျားကိုက် သည့် အဖြစ်များသည် မကြာခဏဆိုသလို ကြားရလေ့ရှိသည်ဟု ပြောသည်။ ချောင်းဖျားသို့ ဝါးခုတ်သွားပြီ ဆိုပါကလည်း ယခုလို ကြုံသလို အိပ်၍ မရ။ ဆင်အ္တရာယ်ကြောက်ရသဖြင့် လင့်စင် ထိုးကာ နေရသည်။ ယခု တောင်ယာလုပ်သည့် ယာတဲ၌ပင် ည ဘက် မအိပ်ရဲဘဲ လင့်စင်ပေါ် တက်အိပ်ရသည်ဟု ယာတဲရှေ့ရှိ ပျဉ်းမပင်ကို လက်ညှိုးထိုးပြရင်း ပြောသည်။

”ဝက်ဝံတို့ ဘာတို့ တွေ့သေးလား”ဟု ကျွန်တော်က မေး ကြည့်သည်။

”ဝက်ဝံကတော့ တွေ့တာပေါ့။ အချိန်မရွေး တွေ့တယ်။ အခုတောင် တွေ့တယ်။ တချို့ဝက်ဝံတွေဆိုရင် တို့ကိုင်းတွေမှာ မိလို့သေကုန်ပြီ”ဟု သူက ပြန်ဖြေသည်။

ဆတ်၊ ချေ၊ တောဆိတ်နှင့် တောဝက်တို့သည် လက်ရှိ အချိန်ထိ ကျေးရွာအနီးအနားတွင် ရှိနေသေးသော်လည်း ယခင် လောက် မပေါတော့ဟု ဆိုသည်။

 

ဆက်ကြေးတောင်းခံရ၊ ပေါ်တာ ဆွဲခံရ

တောတောင်ထဲ နေထိုင်ရသည့် ဦးတင်တင်တို့အတွက် သားရဲတိရ္ဆာန်များကို ကြောက်ကြရသည့်အပြင် နောက်ထပ် ကြောက်ခဲ့ရသည့်အရာမှာ အလံနီသူပုန်များ ဖြစ်သည်ဟု ဆိုသည်။ ထိုစဉ်အချိန်က အိမ်တွင် ပိုက်ဆံ လေး ငါးကျပ်ကို အမြဲ ဆောင်ထားရသည်ဟုဆိုသည်။

”တောက သူပုန်တွေ တက်လာလို့ ဆက်ကြေးမပေးနိုင်ရင် ပြဿနာတက်ဖို့” ဟု သူက ဆိုသည်။

ဦးတင်တင် ၁၄နှစ်၊ ၁၅ နှစ်သားအရွယ်တုန်းက အဆိုပါ ကျေးရွာများသည် အမည်းရောင်နယ်မြေအဖြစ် သတ်မှတ်ခြင်း ခံခဲ့ရသည်။ နောက်ပိုင်း အစိုးရစစ်တပ်များက စစ်ဆင်ရေးဆင်နွှဲ ပြီး ဖြတ်လေးဖြတ်ဖြင့် အစားအသောက် ဖြတ်သည့်အခါမှ နယ် မြေအေးချမ်းကာ အဖြူရောင်နယ်မြေအဖြစ် သတ်မှတ်ခြင်း ခံခဲ့ ရသည်။

”ဦးလေးတို့ အိမ်ထောင်ကျပြီး သုံးနှစ်ပိုင်းလောက်ကျမှ ဒီနေရာလေး အဖြူရောင်နယ်မြေ သတ်မှတ်ပေးတာ”ဟု ဦးတင် တင်က ဆိုသည်။

လူပျိုဘဝကလည်း အစိုးရစစ်တပ်၏ ပေါ်တာလိုက်ဖူးခဲ့ သလို အိမ်ထောင်ကျပြီးသည့်နောက်တွင်လည်း ပေါ်တာ အခေါ် ခံခဲ့ရသေးသည်။ သံတွဲမြို့ပေါ်နှင့် ချောင်းဖျားဘက်သို့ အထုပ် အပိုးများထမ်းကာ လိုက်ခဲ့ရခြင်းဖြစ်သည်ဟု ဆိုသည်။

အလားတူ အစိုးရစစ်တပ်က ကျေးရွာအုပ်စုအလိုက် ဝါး များ ပို့ရန် တောင်းသဖြင့် အိမ်တိုင်း အိမ်တိုင်းသည် တောတက် ကာ ဝါးခုတ်ခဲ့ရသေးသည်။ ပြီးလျှင် ဝါးများကို ကျေးရွာအုပ်စု လူကြီးထံ သွားပို့ပေးရသည်။ ထိုမှတစ်ဆင့် စစ်တပ်အခြေစိုက် သည့် သံတွဲမြို့သို့ ပို့ပေးခဲ့ရသည်ဟု ဦးတင်တင်က ပြောသည်။

ယင်းသို့ ဝါးခုတ်ပို့ပေးရသည်မှာ ငှက်တော်ကျေးရွာတွင် သူ ဆယ်အိမ်ခေါင်းဖြစ်ပြီး ငါးနှစ်၊ ခြောက်နှစ်ကြာသည်အထိ ပို့ပေးခဲ့ရခြင်း ဖြစ်သည်ဟု ဆိုသည်။

”တစ်နှစ်ကို သုံးကြိမ်၊ လေးကြိမ်အနည်းဆုံးပဲ။ မပို့ရဘူးဆို ရင် နှစ်ကြိမ်လောက်တော့ ပို့ရတယ်။ ၁ဝ နှစ်လောက်ကို ပို့ခဲ့ရ တယ်ဝေ့”ဟု သူက ပြောသည်။

 

တိုးတက်လာသည့် ရွာရှည်ကျေးရွာ

အစိုးရစစ်တပ်များ ရွာရှည်ဘက်သို့ ရောက်လာသည့်အခါ  ¤င်းတို့၏ စစ်ပစ္စည်းများကို အလွယ်အကူ သယ်ယူနိုင်စေရန် ယခင်က သံတွဲ-ဂွကားလမ်းနှင့် ရွာရှည်ကျေးရွာကြားရှိ ခြေကျင် လျှောက်ရသည့်လမ်းကို လမ်းကျယ်အဖြစ် ဖောက်လုပ်ခဲ့သည်။ လိုင်းကားမဆွဲခင်အချိန်က လှည်းမောင်းကာ သွားခဲ့ရသည်။

အဆိုပါ ခုနစ်မိုင်ခန့် ရှည်သည့်လမ်းကြီးကို ဦးတင်တင်တို့ လို ကျေးရွာသူ ကျေးရွာသားများ လုပ်အားပေးခဲ့ကြရသည်။ ဤကဲ့သို့ဖြင့် ကားလမ်းမသည် တဖြည်းဖြည်း ကောင်းမွန်လာ ခြင်း ဖြစ်ပြီး နှစ်စဉ် ကိုယ်ထူကိုယ်ထ ပြုပြင်ပေးရသည်ဟု ဆို သည်။ ၂ဝဝ၄ နောက်မှစ၍ လိုင်းကားစပြေးခဲ့သည်ဟု ဦးတင် တင်က ဆိုသည်။

”မနှစ်ကမှ အစိုးရက ကျောက်ခင်းပေးတာ”ဟု သူက ပြောသည်။

ကားလမ်းမပေါက်ခင်တုန်းက လုပ်ခဲ့ရသည့် အဖြစ်ကို ဦးတင်တင်က ယခုလို ပြန်ပြောပြသည်။

”ဆန်တစ်အိတ် လိုချင်တယ်ဆိုရင် သံတွဲဆင်းရတယ်ဝေ့။ သံတွဲကနေ ဆန်အိတ်ကြီးကို လက်လှော်လှေထဲ တင်ပြီး မီးကုန် ယမ်းကုန်ဆွဲရတယ်။ နေဝင်မိုးချုပ်ပေါ့။ အဲ့လှေကို ဆန်လာရ တယ်။ အခုကျတော့ ဆန်အိတ် လိုချင်တယ်ဆိုရင် ရွာရှည်မှာ အချိန်မရွေး ယူလို့ရတယ်။ ငါးပိလိုချင်လည်းရတယ်။ ဆားလိုချင် လည်းရတယ်” ဟု ယခုနောက်ပိုင်းရွာရှည်၏ ဖွံ့ဖြိုးလာမှု အခြေ အနေကို သူရှင်းပြသည်။

ရွာရှည်တွင် ဘုန်းကြီးကျောင်း ကောင်းကောင်းတည် ဆောက်ထားပြီ ဖြစ်ပြီး ကျောင်းထိုင်ဘုန်းကြီးလည်း မြဲသည်ဟု ဆိုသည်။ ထို့ပြင် ကျေးရွာရှိ ဘုရားများကိုလည်း ပြုပြင်ကာ ရွှေချ ထားနိုင်ပြီဖြစ်သည်။

ယခုဆိုလျှင် ကျန်းမာရေးအတွက် ရွာရှည်၌ ကျေးလက် ကျန်းမာရေးဆေးခန်း ရှိနေပြီ ဖြစ်သည်။ ပညာရေးအတွက်   အလယ်တန်းကျောင်းလည်း ရထားပြီ ဖြစ်သည်။

 

ဘဝကြမ်းသည့် ဦးတင်တင်

ဦးတင်တင်သည် ငယ်စဉ်ကတည်းက အလုပ်ကြမ်းများ လုပ်ခဲ့ရသူဖြစ်သည်။ မိသားစုက ဆင်းရဲသဖြင့် သူအရွယ်ရောက် လာသည့်အခါ သူများအိမ်တွင် ကျွဲကျောင်း၊ နွားကျောင်းလိုက်ခဲ့ သည်။ ထိုသို့ လုပ်ခဲ့ရစဉ်က အလုပ်လုပ်ရသည့် အိမ်မှ အိမ်သား များ စကားများသည် ဖြစ်စေ၊ ရန်ဖြစ်ကြသည် ဖြစ်စေ ကိုယ့်တွင် အပြစ်မရှိသည့်တိုင် ‘ငါ့အတွက်လား’၊ ‘ငါလုပ်တာ ဘာများလို နေလို့လဲ’ စသည့် တွေးတောပူပင်ရသည့် အတွေ့အကြုံများ ရှိခဲ့ သည်ဟု သူက ဆိုသည်။  

ထို့ကြောင့် အိမ်ထောင်ကျပြီး သားသမီးရလာသည့်အခါ သားသမီးများကို တခြားအိမ်သို့ အငှားမထည့်ဟု ဆိုသည်။

”ငါ ခံစားရတော့ သားသမီးကို မလုပ်စေချင်ဘူး။ ကိုယ့် အလုပ်သာ ကိုယ်လုပ်။ ငါ့အလုပ် ငါလုပ်မယ်။ ပင်ပန်းရင် ပက် လက်လှန်အိပ်လိုက်မယ် ‘ဘုံး’ခနဲ။ ဘယ်သူမှ ဘာမှမပြောဘူး။ သူများ အိမ်အငှားလုပ်တာ ပင်ပန်းလို့  မလှဲဝံ့ဘူး” ဟု ဆိုသည်။

ထို့ကြောင့် သူသည် ကိုယ်ထူးကိုယ်ချွန်ကာ ဘဝကို ရုန်း ကန်ခဲ့ရသည်။ သူသည် အသက် ၂၅ နှစ်အရွယ်တွင် အိမ်ထောင် ကျခဲ့သည်။ အိမ်ထောင်မကျခင် ကာလအထိ ဝါးဖောင်မျှော သည့်အလုပ်ကို ဝါဆို၊ ဝါခေါင်လများမှ လွဲ၍ တစ်နှစ်ပတ်လုံး လုပ် ကိုင်ခဲ့သည်။ အိမ်ထောင်ကျပြီးသည့်နောက်တွင် တောင်ယာလုပ် သည့်အလုပ်ကို အချိန်ပိုပေးကာ ဝါးဖောင်မျှောသည့်အလုပ်ကို အားလပ်သည့်အခါမှသာ လုပ်ကိုင်တော့သည်ဟု သူက ဆိုသည်။

”အခု (အသက်) ၇ဝ ထဲ ဝင်နေပြီ။ အခုထိ ရုန်းတုန်း အဘ က”ဟု ဆိုသည်။

အခုထိ ရုန်းကန်ကာ အလုပ်လုပ်နေသော်လည်း ဝမ်းရေး အတွက် ရုန်းကန်နေခြင်းထက် လှူရေး၊ တန်းရေးအတွက်သာ လုပ်နေရခြင်းဖြစ်သည်ဟု သူက ပြောသည်။သူ့ဘဝအတွက် အလုပ်တွင် အောင်မြင်ခြင်း၊ ကျရှုံးခြင်း၊ စီးပွားရေး ကောင်းခြင်း၊ မကောင်းခြင်း စသည့် နောက်ကြောင်းတွေကို မစဉ်းစားတော့။ သူ့ဘဝ၏ နောက်ဆုံးအချိန်အတွက်သာ စဉ်းစားနေပြီဖြစ် ကြောင်း သူက ယခုလို ပြောပြသည်။

”အခုခေတ် (လူ့သက်တမ်းက) ၇၅ နှစ်၊ ၇ဝ ပဲ ရှိတာပဲ။ အဘတို့က ဘာကို တွက်ထားလဲဆိုတော့ အစိုးရရဲ့ (သစ်တော ကြိုးဝိုင်း)အကွက်ထဲမှာ အပင်တံဆိပ် ရိုက်သလို အဘကို ရိုက် ထားပြီးပြီ။ ဘယ်နေ့ ဖြတ်စာပေးဖို့ မသိသေး”

ကြိုးဝိုင်းသစ်တောထဲမှ သစ်များကို အစိုးရက ခုတ်ယူ တော့မည်ဆိုပါက သစ်ပင်ကို ဦးစွာ တံဆိပ်ရိုက် အမှတ်အသား လုပ်ရသည်။ သစ်ခုတ်ရမည့် အမိန့်စာ ကျလာသည့်အခါ သစ်ပင် များ ခုတ်လှဲခံရသလို ¤င်းအနေဖြင့် အသက်ကြီးနေပြီဖြစ်ရာ သေ မင်းခေါ်မည့် အချိန်ကို စောင့်နေရခြင်းဖြစ်ကြောင်း ပမာဆောင် ကာ ပြောသွားသည်။

ဦးတင်တင်တွင် သမီးသုံးယောက်၊ သားနှစ်ယောက်ရှိ သည်။ သူသည် ယခုအခါသူကိုယ်တိုင် ကျွေးမွေးစောင့်ရှောက် ခဲ့ရသည့် အငယ်ဆုံးသားနှင့်အတူ နေထိုင်လျက်ရှိသည်။

ဦးတင်တင်၏ ဇနီးမှာ အသက် ၄ဝ အရွယ်တွင် ကွယ်လွန် သွားခဲ့သည်။ သုံးနှစ်အရွယ် သားလေးတစ်ယောက် ကျန်ခဲ့သည်။ ထို့ကြောင့် ဦးတင်တင်မှာ အမိမဲ့သားလေးကို ကြီးပြင်းလာသည် အထိ အမေလို၊ အဖေလို ထိန်းသိမ်းစောင့်ရှောက်ခဲ့ရသည်။

”သူ့အမေ သေသွားတော့ သူက သုံးခါလည်သားလေးပဲ ရှိသေးတယ်။ နို့မြက်သားလေး။ အဘကဝေး… ငှက်ပျောသီးနဲ့ ထမ်းပြီး မွေးလာတာ။ အင်မတန်သံယောဇဉ်ကြီးတာပေါ့ဝေး…။ ငါ့နို့ဖောက်မတိုက်ရုံ တမယ်ပဲ”ဟု ဆိုသည်။

ဝါးဖောင်မျှောသည့်အလုပ်ကို မည်သည့်အချိန်ထိ ဆက် လုပ် သွားမည်နည်းဟုမေးကြည့်ရာ သူက ယခုလို ပြန်ဖြေသည်။

”ဝါးမျှောတဲ့ အလုပ်ကတော့ လုပ်နိုင်သလောက်တော့ ဆက်လုပ်နေဦးမယ်။ ဘယ်တော့ရယ်လို့တော့ မပြောနိုင်ဘူး။ လက်လှုပ်မှ ပါးစပ်စွတ်တယ်ဆိုတယ်ဝေး”

 

#MawKunMagazine
#Kyaw_Zay_Yar_Htun

ဆက်သွယ်မှာယူနိုင်စေရန်…….

           

OFFICE    :  No.121, 4th Floor, Corner or 49 Street and Anawrahta Street, Pazundaung Township, Yangon, Myanmar.   

: 0931340239
: 09791663065

website: www.mawkun.com

facebook: @mawkunmagazine

mawkun.chronicle@gmail.com

အမျိုးအစား - သတင်းဆောင်းပါး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."