၂၀၁၄၊ဇန်နဝါရီလထုတ်၊မော်ကွန်းမဂ္ဂဇင်းအမှတ်(၁၁)မှ သရော်စာဆောင်းပါးဖြစ်ပါသည်။
ရန်လိုကျွှဲ ရေးသည်။
အငြိမ်းစား ချိုကုပ်ဒူးကြီးသည် ဒုက္ခသီရိနေပြည်တော်တွင် စိတ်အေးချမ်းသာစွာ နေထိုင်လျက်ရှိကြောင်း ယခင့်ယခင် ကာလ သတင်းတို့က ဆိုသည်။သို့သော် ယနေ့အချိန်တွင်မူ ထိုသို့ မဟုတ်မူကြောင်း သူ၏လက်ထောက်အဖြစ် တာဝန်ယူခဲ့သူများက မီဒီယာတွင် အခိုင် အမာ ပြောဆိုနေကြသည်။
အငြိမ်းစားလျက်ရှိသော်လည်း တိုင်းရေးပြည်ရာများကို စောင့်ကြည့်ပြီး စိုးရိမ်လျက်ရှိကြောင်း၊ ရတက်မအေးဖွယ် ပြည် ရေးပြည်ရာကြောင့် စာဖတ်ပျက်နေကြောင်း စသဖြင့် စသဖြင့် အတည်ပေါက် ပြောဆိုကုန်ကြလေ၏။
အနှီအားကိုးရသူ လက်ထောက်ကြီးတို့၏ ပြောဆိုချက် မည်မျှ မှန်ကန်သည်ကို သိရှိနိုင်ရန် ချိုကုပ်ဒူးကြီးနှင့် တွေ့ဆုံမေး မြန်းမှဖြစ်မည်ဟု ဆုံးဖြတ်ပြီးသကာလ နေသာ၊ လေသာသော တစ်နေ့တွင် သတင်းထောက် ရန်လိုကျွဲ ဒုက္ခသီရိနေပြည်တော်သို့ ရောက်ပြန်လေသည်။ချိုကုပ်ဒူးကြီး၏ ခမ်းနားလှစွာသောနန်းတော်ရှိ ဧည့်ခန်း ဆောင်သို့ သတင်းထောက် ရန်လိုကျွဲရောက်သွား၏။
ကျန်းမာပကတိ အလွန် ချမ်းသာစွာရှိနေသော ချိုကုပ်ဒူး ကြီးက နွေးထွေးစွာ ဆီးကြို၏။
ချိုကုပ်ဒူးကြီး။ ။ ဟေ့ကောင်လေး…လာခဲ့ လာခဲ့၊ မင်း ရာထူး မတက်သေးဘူးလား။
ရန်လိုကျွဲ။ ။ ရာထူးက အရေးမကြီးဘူး အဘရေ၊ လခတိုးဖို့နဲ့ စာမူခ စို့စို့ပို့ပို့ ရဖို့သာ အရေးကြီးတာပါ။
ဒူးကြီး။ ။ ဒါဆိုလည်း ငါ့ကို အင်တာဗျူးပြီး မင်းတို့သတင်းစာထဲ ထည့်ကွာ။ အဲဒါဆို မင်းတို့သတင်းစာလည်း အရောင်းသွက်၊ မင်းလည်း စာမူခတွေ ဘာတွေ ရမှာပေါ့ကွာ။ ကဲ…ဆိုစမ်း၊ မင်းရဲ့ လာ ရင်းကိစ္စ။
ကွျဲ။ ။ ဒီလိုပါ။ လက်ရှိ နိုင်ငံရေးအခြေအနေတွေကိုကြည့်ပြီး အဘ စိုးရိမ်နေတယ်လို့ သိရတယ်။
ဒူးကြီး။ ။ မင်းကို ဘယ်သူပြောသလဲ။
ကျွဲ။ ။ ဂျာနယ်တွေထဲ အဲဒီလို ရေးထားကြတာပဲ။ ပြီးတော့ ပြည်ရေးပြည်ရာက ရတက်မအေးဖွယ်ဖြစ်နေတာကြောင့် အဘ စာ ဖတ်ပျက်နေတယ်လို့လည်း…။ရှင်းပြနေဆဲတွင်ပင် ချိုကုပ်ဒူးကြီးက ဟက်ဟက်ပက်ပက် အော်ရယ်လိုက်သဖြင့် ရန်လိုကျွဲ၏စကား တစ်ပိုင်းတစ်စနှင့် ရပ် သွား၏။
ဒူးကြီး။ ။ အဟိ… သူတို့က ဘယ်သူ့ ကိုးကားပြီး လျှောက်ရေး နေကြတာလဲ။
ကွျဲ။ ။ အဘရဲ့ ညာလက်ရုံးအဖြစ် တာဝန်ယူခဲ့တဲ့နှစ်ယောက် ပြောပြတာကို ပြန်ရေးထားကြတာပဲခင်ဗျ။ အဘ အငြိမ်းစားယူ သွားသော်လည်း သံယောဇဉ်တွေ မဖြတ်နိုင်ဘူး၊ မပြတ်စောင့် ကြည့်နေတယ်၊ ဘယ်သူ့ကိုတော့ ဘယ်လိုကိုင်တော့မယ်၊ ဘယ် သူဆိုရင် နာတော့မယ်၊ မီဒီယာမှာပြောထားတာတော့ စုံနေတာ ပါပဲ။
ဒူးကြီး။ ။ ဟာ ဟ… အဲဒီတော့ မင်းကရော ဘယ်လိုထင်လဲ သူတို့ ပြောတာကို။
ကျွဲ။ ။ ဟုတ်ကဲ့ခင်ဗျ၊ အဘ စိတ်ပူနေတယ်ဆိုတာ တကယ်ပဲလား၊ မြန်မာ့နိုင်ငံရေးမှာ ဘာကို ဘယ်လောက်အထိ စိတ်ပူတာလဲ။
ဒူးကြီး။ ။ ဟား ဟား ဟား… ရယ်လိုက်ရတာ ဖတ်ဖတ်မော၊ ရင် ဘတ်နောက်ကကျောလို့ ပြောရမလိုဖြစ်နေပကွာ ဟား ဟား ဟား။
ကျွဲ။ ။ ဟုတ်ကဲ့၊ ရယ်တာလည်း ရယ်ပေါ့ခင်ဗျာ၊ ကျွန်တော်မေး တဲ့မေးခွန်းကိုလည်း ဖြေပါဦး၊ ဒုက္ခသီရိနေပြည်တော်မှာ နေထိုင် ပြီး တိုင်းရေးပြည်ရေး စိတ်မအေးဖြစ်နေတယ်ဆိုတာ ဘယ် အကြောင်းအရာကို ဆိုလိုတာလဲခင်ဗျ။
ချိုကုပ်ဒူးကြီး ဟက်ဟက်ပက်ပက် အော်ရယ်ပြန်၏။ အတန်ကြာမှ ရယ်မောခြင်းကို ဘရိတ်အုပ်ကာ သတင်းထောက် ကို သနားသောအကြည့်ဖြင့် ကြည့်ပြီး ဖြေ၏။
ဒူးကြီး။ ။ သြော်… ရန်လိုကျွဲ၊ ရန်လိုကျွဲ။ မင်းက ဟုတ်မလိုလိုနဲ့ အတော်လေး စဉ်းစားတွေးခေါ်မှု လိုသေးတဲ့ကောင်လေးပဲ။ ဒါ ကြောင့် သတင်းထောက်ဘဝကနေ ရာထူးမတက်တာပေါ့ကွ။ ဒီ မယ် … ငါ ပြောမယ်၊ ငါ ဘာမှ စိတ်မပူဘူး၊ စိတ်ပူစရာအကြောင်း ငါ့မှာ ဘာမှ မရှိဘူး။ ဟုတ်ပြီလား။
ကျွဲ။ ။ ဟုတ်ကဲ့ဗျာ၊ စိတ်မပူဘူးဆိုပေမယ့် လက်ရှိနိုင်ငံရေး အခြေအနေ၊ အထူးသဖြင့် ဒုက္ခသီရိအခင်းအကျင်းက စိုးရိမ်စရာ အခြေအနေမဟုတ်ဘူးလားခင်ဗျ။
ဒူးကြီး။ ။ (မျက်လုံးအစုံ မှေး၊ ခေါင်းတယမ်းယမ်းအမူအရာဖြင့်)နိုး နိုး နိုး၊ ဒီမယ် ဒီမယ် ငါ ထပ်ပြောမယ် ငကျွဲ၊ ငါ့မှာ စိုးရိမ်တာတွေ မရှိတော့ဘူး၊ စိတ်ပူတာတွေလည်း လုံး…ဝ မရှိတော့ဘူး။
ငါ့ကောင်တွေကို အရပ်ဝတ်လဲပေးပြီး အာဏာလွဲှပေး လိုက်တယ်။ ပုံပြောင်းလိုက်တယ်။ အပ်ချလောင်း ဆိုပြီး ၂ဝဝ၈ အခြေခံဥပဒေနဲ့ စည်းကမ်းရှိတဲ့ဒီမိုကရေစီ ဖန်တီးပေးလိုက် တယ်။ အဲ…ဒီမိုကရေစီလိုချင်တယ်လေး ဘာလေး ပြောနေတဲ့ မင်းတို့လည်း ‘ရေငတ်တုန်း ရေတွင်းထဲကျ’ ဆိုသလို အဆင်ပြေ နေကြပြီ ဆိုတော့ ငါက ဘာကို စိုးရိမ်ရမှာလဲကွ။
ကျွဲ။ ။ ဟုတ်ကဲ့ဗျာ၊ အဘ စိတ်မပူဘူး၊ မစိုးရိမ်ဘူး ဆိုတာတော့ ဟုတ်ပါပြီ။ ဒါပေမဲ့ ကျွန်တော်တို့ ရေငတ်တုန်း ရေတွင်းထဲကျဆို တာက ဘာလဲဗျ။
ဒူးကြီး။ ။ သြော်… ဒီမိုကရေစီလိုချင်တယ်လို့ပြောတဲ့သူတွေထဲမှာ မင်းမပါဘူးလား။
ကျွဲ။ ။ ပါတယ်လေဗျာ။ ဒီမိုကရေစီရှိရမယ်လေဗျာ။ ဒါမှ လွတ် လပ်စွာ ရေးသားဖော်ပြခွင့်….။
ရန်လိုကျွဲ၏ စကားမဆုံးခင် ချိုကုပ်ဒူးကြီးက ဖြတ်ပြော၏။
ဒူးကြီး။ ။ အေး..အဲဒီ ၂ဝဝ၈ အခြေခံဥပဒေက ရေတွင်းကြီးပဲကွ။
ဒီမိုကရေစီဆိုတာ အဲဒီတွင်းထဲမှာ ရှိတယ်။
ကျွဲ။ ။ ပေါက်ကရတွေဗျာ၊ အဲဒီအခြေခံဥပဒေဆိုတာ ပြင်လို့မရ အောင် အကွက်ချစီမံထားတာမဟုတ်ဘူးလား။
ဒူးကြီး။ ။သိပ်…သေချာတာပေါ့။ အခု မင်းတို့အားလုံး ရေတွင်းထဲ ကျနေပြီ။ ငါ ထပ်ပြောပြမယ်။ အဲဒီ ၂ဝဝ၈ အခြေခံဥပဒေက ရေ တွင်းကြီးပဲကွ။ မင်းတို့ ရေတွင်းထဲ ကျနေပြီ။
ကွျဲ။ ။ ခင်ဗျာ… ကျွန်တော်တို့ ရေတွင်းထဲ ကျနေပြီ၊ ဟုတ်လား။
ဒူးကြီး။ ။ ဟုတ်တယ်၊ ကျနေပြီ၊ မင်းတို့တွေ ရေငတ်တုန်း ရေတွင်း ထဲကျကြတာပဲ။
ကျွဲ။ ။ ဘယ်လိုလဲဗျာ… ကျွန်တော်တော့ နားမလည်တော့ဘူး။
ဒူးကြီး။ ။ ဒီလိုလေကွာ…ရေငတ်ချိန်မှာ ရေတွင်းထဲကျတယ်ဆို တော့ ဝမ်းသာစရာ မကောင်းဘူးလား။
ကျွဲ။ ။ ဟုတ်ကဲ့၊ သိပ်ကောင်းတာပေါ့။ ရေငတ်ပြေပြီပေါ့။
ဒူးကြီး။ ။ အင်း….မင်းတို့က ရေသောက်ချင်တာပဲသိတာကိုးကွ။
ရေတွင်းဆိုတာက ရေရှိချင်မှလည်း ရှိမယ်။ ရေမရှိဘူးဆိုရင် လည်း အဲဒီ ရေမရှိတဲ့တွင်းထဲ နှာခေါင်းဖော်ပြီး သေပေတော့။
အဲ…တွင်းထဲ ရေရှိတယ်ဆိုရင်လည်း အဲဒီတွင်းထဲမှာပဲ ရေနစ်ပြီး နေပေတော့၊ ဟား ဟား ဟား။
ချိုကုပ်ဒူးကြီး၏ အသေးစိတ်ရှင်းပြချက်ကို နားထောင် အပြီး မြန်မာပြည် ရေငတ်တုန်း ရေတွင်းထဲကျရခြင်းအကြောင်း ရင်းကို သဘောပေါက်မိလေသည်။
ထို့ပြင်တဝ တိုင်းရေးပြည်ရာများကို ချိုကုပ်ဒူးကြီး စောင့် ကြည့်ပြီး စိုးရိမ်စရာမလိုသည့် အကြောင်းရင်းကိုလည်း သတင်း ထောက် ရန်လိုကျွဲ သဘောပေါက်သွားလေတော့သည်။
[ ပြီးပါပြီ။ ]

