ဓာတ်ပုံ- သက်ဦးမွန်/မော်ကွန်းမဂ္ဂဇင်း
လူတစ်ကိုယ်စာ တောလမ်းလေးထဲ ဝင်လိုက် သည်နှင့် သစ်ရွက်များကို သတ္တဝါတစ်ကောင်၏ တိုးတိုက်သံသဲ့သဲ့ သူကြားလိုက်ရသည်။ ကြား လိုက်သည်နှင့် တစ်ပြိုင်နက် ရင်ထဲကို စိုးရိမ်စိတ် တို့ ဝင်ရောက်လာသည်။ သတိထားကာ ရှေ့ကို ခြေသုံးလေးလှမ်း လှမ်းရင်း ကြည့်လိုက်သည်။
သူတွေးထားသည့်အတိုင်းပင်။ အမြင့် ခုနစ် ပေခန့်ရှိသည့် တောဆင်ရိုင်းကြီးတစ်ကောင်ကို ဘွားခနဲ တွေ့လိုက်ရတော့သည်။ ကြောက်လွန်း သဖြင့် ဒူးတွေတဆတ်ဆတ်တုန်သွားသည်။ သို့သော် အသိစိတ်ဝင်ကာ ချာခနဲလှည့်ပြီး လာ ရာလမ်းအတိုင်း ဒုန်းစိုင်းပြန်ပြေးတော့သည်။
ပြေးရင်းနောက်ကိုလှည့်ကြည့်တော့ တော ဆင်ရိုင်းကြီးက ထိုးလိုက်လာသည်။ သူကလည်း အားကုန်ပြေးသည်။ ထပ်လှည့်ကြည့်တော့ ဆင် ရိုင်းနှင့် ပေသုံးဆယ်ခန့်သာကွာတော့သည်။ လမ်းမအတိုင်း တည့်တည့်မတ်မတ်ပြေးနေလျှင် လွတ်တော့မည် မဟုတ်ဟု သူတွေးလိုက်မိသည်။ ထို့ကြောင့် လမ်းမမှ သွေဖည်ကာ တောအုပ်ထဲကို ဝင်ပြေးသည်။
ဆင်ကလည်း နောက်က ကပ်ပါလာသည်။ ပြေးရင်း ရှေ့မှာ ချောင်းရိုးလေးတစ်ခုကို လှမ်းတွေ့လိုက်သည်။ စဉ်းစားနေချိန်မရ တော့။ ချောင်းရိုးကို လွှားခနဲခုန်ကျော်လိုက်သည်။ သူလည်း ဟို ဘက်ကမ်းအရောက် ဆင်ရိုင်းကလည်း သူခုန်ခဲ့သည့် ချောင်းရိုး အစပ်ကို ရောက်လာသည်။
ဆင်ရိုင်းမှာ ဆက်မလိုက်နိုင်တော့။ အဘယ်ကြောင့်ဆို သော် ဆင်က ချောင်းရိုးထဲ မဆင်းတတ်၍ဖြစ်သည်။ ချောင်းရိုးက လူ့လက်ခုပ်တစ်ဖောင်ကျော်နက်သည်။ အကျယ်က ခုနစ်တောင် နီးပါး (ဆယ်ပေခန့်)။ ရိုးထဲတွင်လည်း ရေစပ်စပ်နှင့် ဝါးငုတ်တွေ က ပြန့်ကျဲနေသည်။ ချောင်းရိုးကို ခုန်ကူးနိုင်ခဲ့ခြင်းအား သူ အတော်အံ့သြသွားသည်။ တော်ရုံဆို ကူးနိုင်မည်မဟုတ်။ ကြောက် အားလန့်အားနှင့်သာ ခုန်ကျော်နိုင်ခဲ့ခြင်းဖြစ်သည်။
ဆင်ရိုင်းလည်း လာရာလမ်းအတိုင်းပြန်ထွက်သွားချေပြီ။ ထိုနေရာမှာပင် သူ ခေတ္တအမောဖြေနေလိုက်သည်။ စိတ်ချရ သည့် အချိန်ရောက်မှ ထိုနေရာမှထွက်လာခဲ့ကာ စားကျက်တွင် လွှတ်ထားသည့် သူ့ဆင်ကိုခေါ်ကာ ဒုန်းစိုင်းစီးလာပြီး စခန်းသို့ ပြန်လာခဲ့လေသည်။
လွန်ခဲ့သည့်နှစ်နှစ်က စားကျက်တွင် လွှတ်ထားသည့် ဆင် ကို သွားကောက်စဉ် ဆင်ရိုင်းလိုက်ခံခဲ့ရသည်ကို ပြန်ပြောပြနေ သူက သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန် ကြီးဌာန၊ မြန်မာ့သစ်လုပ်ငန်း၊ ပဲခူးတိုင်းဒေသကြီး(အနောက်)၊ သာယာဝတီသစ်ထုတ်ရေးဒေသရှိ ဟိုင်းယု ဆင်စခန်းမှ ဆင်ဦးစီး ကိုဇော်မင်းသူပင်ဖြစ်သည်။ အသက် ၄၃ နှစ်အရွယ် ကိုဇော်မင်း သူသည် အသားခပ်ညိုညိုနှင့် နေလောင်ထားသည့် မျက်နှာပေါ် တွင်ရှိသော မုတ်ဆိတ်မွေး၊ နှုတ်ခမ်းမွေးများကြောင့် ရှိရင်းစွဲ အသက်ထက် ပိုရင့်ရော်နေသယောင် ထင်ရ၏။ ဘယ်ဘက်မျက်စိ တစ်လုံးကတော့ ဆင်အမြီး ရိုက်ခံရသည့်ဒဏ်ကြောင့် မမြင်ရ တော့။ တိမ်ဖုံးသလို ဖြစ်နေသည်။
ဆင်ရိုင်းနှင့်တိုးရသည်မှာ သူတစ်ယောက်တည်းတော့ မဟုတ်။ စခန်းတွင်ရှိသော ဆင်ဦးစီးတိုင်းလိုလိုပင်ဖြစ်သည်။ ဆင်ဦးစီးတို့တာဝန်အရ တစ်ညလုံးလွှတ်ထားသည့် ဆင်စခန်းမှ ဆင်များကို မနက်ခင်းတွင် ရေချိုးပေးရန်နှင့် ဆီးဝမ်းမှန်စေဖို့ ဆားနှင့်မန်ကျည်းမှည့်ကျွေးရန် ဆင်ကောက်ထွက်ရသည်။ ထ့ို ကြောင့် အခန့်မသင့်ပါက တောထဲသွားလာကျက်စားနေသည့် ဆင်ရိုင်းများနှင့် ဆုံရလေ့ရှိသည်။
ဆင်ဦးစီးဖြစ်ခဲ့ပုံ
သူက ဒီအလုပ်ကို ဝါသနာပါလွန်း၍ ဝင်ရောက်လုပ်ကိုင် ခဲ့ခြင်းဖြစ်သည်။ မျိုးရိုးထဲတွင်လည်း ဆင်နှင့်ပတ်သက်လုပ်ကိုင် သူ မရှိ။ သူ့ဖခင်က တပ်မတော်သားတစ်ဦး။ သူ့ကိုမွေးသည်က မိတ္ထီလာမြို့ရှိ စစ်တပ်တစ်ခုထဲတွင် ဖြစ်သည်။ သူ့ကို မွေးပြီး လပိုင်းခန့်အကြာ မိဘနှစ်ပါး အိမ်ထောင်ကွဲရာ သူက မိခင်ဖြစ်သူ ၏ဇာတိ မင်းလှမြို့ကို ပါလာခဲ့ရသည်။ အမေတစ်ခု သားတစ်ခု ဘဝဖြင့် ငယ်စဉ်က ချို့ချို့ငဲ့ငဲ့ဖြင့်နေထိုင်ခဲ့ရသည်။ ကျောင်းလည်း မနေဖူးခဲ့။ ဘုန်းကြီးကျောင်းတွင်တော့ တစ်တန်းအထိနေခဲ့ရပြီး စာရေးတတ်၊ ဖတ်တတ်တော့ရသည်ဟု သူကဆိုသည်။
ထိုသို့နေလာရင်း သူ ၁၆ နှစ်သားခန့်ရောက်သည့်အခါ မိခင်ဖြစ်သူက နောက်အိမ်ထောင်ထူထောင်ခဲ့သည်။ ယင်းက သူဆင်ဦးစီးဘဝရောက်ဖို့ အကြောင်းဖန်လာသည်ဆိုလည်း မမှား။ မိခင်ဖြစ်သူ၏ နောက်အိမ်ထောင် (သူ့အခေါ် အပါး)က ဆင်ဦးစီးတစ်ယောက်ဖြစ်သောကြောင့်ပင်။ ထို့ကြောင့် သူလည်း ဆင်တွေနှင့် ဆုံခဲ့ရသည်။ သူက ပထွေးဖြစ်သူနှင့်တော့ အဆင်ပြေ သည်။ သူ့ဆရာဆိုလည်းမမှား။ သူ့ကြောင့်သာ ဆင်ဦးစီးအဖြစ် အလုပ်အကိုင်ရခဲ့ခြင်းဖြစ်သည်။
အပါးက အရင် ပုဂ္ဂလိကပိုင် ဆင်တွေကို စီးခဲ့သူ။ သူ့ အမေနှင့်အကြောင်းပါပြီးနောက် အစိုးရပိုင်ဆင်စခန်းတစ်ခုတွင် ဝင်ရောက်လုပ်ကိုင်ခဲ့သည်။ ထို့နောက် သူ အသက် ၁၇ နှစ်တွင် သာယာဝတီ၊ သုံးဆယ်နယ်ထဲက ဆင်စခန်းတစ်ခုထဲတွင် အလုပ် ရခဲ့သည်။
အလုပ်သင် ဆင်ပဲ့ချိတ်ဖြစ်သည်။ ဆင်စခန်းတစ်ခုတွင် ရာ ထူးအခေါ်အဝေါ်အရ ပဲ့ချိတ်၊ ဆင်ဦးစီး၊ ဒုဆင်ခေါင်း၊ ဆင်ခေါင်း၊ ဆင်အုပ်ဟူ၍ အဆင့်ဆင့်ရှိသည်။ ပဲ့ချိတ်ဆိုသည်က ဆင်စခန်း တွင် အငယ်ဆုံးဝန်ထမ်းဖြစ်သည်။ သူတာဝန်ကျရာ ဆင်ဝိုင်းငယ် ရှိ ဆင်ငါးကောင်စလုံး၏ ဝေယျာဝစ္စကို ဆောင်ရွက်ရသည်။ ဆင် ဦးစီးများ ကျန်းမာရေးမကောင်းလျှင် ဆင်ဦးစီးအစား ဆင် ကောက်ပေးရသည်။ ဆင်ဝေယျာဝစ္စကို ဆောင်ရွက်ပေးရသူ ဖြစ်သည်။
သူ့အထက်တွင် ဆင်ဦးစီး။ ဆင်ဦးစီးအထက်တွင် ဒုဆင် ခေါင်းနှင့်ဆင်ခေါင်းရှိသည်။ ဆင်ခေါင်းတာဝန်က ဆင်ငါးကောင် ဖြင့် ဖွဲ့စည်းထားသော ဆင်ဝိုင်းတစ်ခုကို ကြီးကြပ်ရသူဖြစ်သည်။ သူ့အထက်တွင်ဆင်အုပ်။ ဆင်အုပ်ကတော့ ဆင်စခန်းတွင် အကြီးဆုံးဖြစ်ပြီး ဆင်စခန်းရှိ ဆင်နှင့် ဆင်ဝန်ထမ်းများကို ကြီး ကြပ်ရသူဖြစ်သည်။
ဆင်များနှင့် ထိတွေ့ခါစကတော့ တစ်လလောက်အထိ ဆင်ကိုမကိုင်တွယ်ရဲသေး။ သူ့ကို အ္တနရာယ်ပြုမှာ ကြောက်သော ကြောင့်ဖြစ်သည်။ သို့ပေမဲ့ အပါးဖြစ်သူက ရဲရဲတင်းတင်း ကိုင် တွယ်ဖို့သင်ပေး၏။ ဆင်တွေကို မကြောက်စေရန်နှင့် ရင်းနှီးစေဖို့ လည်း ဆင်သွားကောက်ခိုင်းသည်။ ထူး (ရှေ့လက်နှစ်ဖက်အား ခတ်သည့် သံကြိုး)ခတ်ခိုင်းသည်။ စားကျက်ထဲလွှတ်ခိုင်းသည်။ အ္တနရာယ်တွေကို မည်သို့ရှောင်ရမည်နှင့် ဆင်သဘောသဘာဝ များကို သင်ပေးခဲ့ရာ တဖြည်းဖြည်း ဆင်တွေနှင့် ရင်းနှီးလာခဲ့ သလို ရဲတင်းလာခဲ့လေသည်။
ပဲ့ချိတ်ဘဝကတော့ ကျရာဆင်ကို အဆင်ပြေသလို ကိုင် တွယ်ရသည့်အခါ ”ဆင်တိုင်းလည်း ဝင်မကောက်ရဲဘူး။ ကိုယ့် ဆင်မှ၊ ကိုယ်ပိုင်မှ မဟုတ်တာကိုး။ ဆင်တစ်ကောင်ရဲ့အထာကို မသိဘူးလေ”ဟု သူက ဆိုသည်။
တချို့ ဆိုးသည့်ဆင်များဆိုလျှင် လူကို ပြန်ရန်ရှာချင်သည်။ နှာမောင်းတယမ်းယမ်းနှင့် လိုက်ဟန်ပြင်သည်။ ထိုအခါ ထွက် ပြေးလို့မရ ပြန်ခြောက်ပြရသည်။ ထိုအခါမှ အလွယ်တကူ ဆင် အနားကပ်လို့ရလေသည်။ ”ကြောက်တတ်တယ်ဆိုရင် သူတို့က လည်းကြောက်မှန်းသိတယ်။ လုပ်ချင်တဲ့စိတ်လည်းရှိတယ် ကြောက်နေတဲ့သူကို”ဟု ဆင်တွေ အကင်းပါးပုံကို သူက ပြော ပြသည်။
ပဲ့ချိတ်ဘဝတွင် သုံးနှစ်ခန့်ကြာပြီး ဆင်ဦးစီးဖြစ်လာခဲ့ သည်။ အလုပ်ဆင်စီးရခြင်းဖြစ်သည်။ တောထဲတွင် သစ်ဆွဲသည့် ဆင် များကို အလုပ်ဆင်ဟုခေါ်ပြီး ထိုတောထဲအလုပ်လုပ်နေသော ဆင်နှင့် လူများအတွက် ရိက္ခာပို့ရသော၊ ပစ္စည်းသယ်ရသော ဆင် များကို ဝန်တင်ဆင်ဟုခေါ်သည်။
ထိုစဉ်က သစ်ဆွဲရသည်မှာ ချောင်းရိုးများအတိုင်း မျှော ချလိုက်သည့် သစ်များ(မျောသစ်)ကို ဆင်နှင့်ကားလမ်းပေါက် သည့် နေရာအထိ ဆွဲပေးရခြင်းဖြစ်သည်။ သစ်ဆွဲရသည်မှာလည်း လွယ်ကူသည့်အလုပ်တော့မဟုတ်။ ချောင်ကြိုချောင်ကြား၊ လျှိုမြောင်တွေကြားမှ သစ်ကို ဆင်နှင့် ဆွဲထုတ်ရ၊ သယ်ရခြင်း ဖြစ်သည်။
ကမ်းပါးယံတွေဆို ပိုသတိထားရသည်။ အခန့်မသင့်လျှင် ဆင်ရောလူပါ ချောက်ထဲထိုးကျနိုင်သည်။ ဆင်လည်းပင်ပန်း လူလည်းပင်ပန်းလှသည်။ ထိုသို့ အလုပ်ဆင်ကို စီးနေရင်းပင် တာဝန်အရ ပဲခူးတိုင်း၊ ဥက္ကံနယ်ထဲရှိ ဆင်ဝိုင်းကို ပြောင်းရသည်။ ထိုအချိန်တွင် အသက် ၂၇ နှစ်ရှိနေပြီ။
photo- thet oo mon သရုပ်ပြနိုင်ရန် လေ့ကျင့်ပေးနေစဉ်။ ဓာတ်ပုံ- သက်ဦးမွန်/မော်ကွန်းမဂ္ဂဇင်း
ဆင်ကပေးသော ဒဏ်ရာ
ထိုစခန်းတွင်တော့ ဝန်တင်ဆင်စီးရသည်။ သူစီးရသည်ကတွဲဆင်နှစ်ကောင်ဖြစ်သည်။ အမက ဆယ့်တစ်နှစ်၊ အထီးက ဆယ်နှစ်သားဖြစ်သည်။ ထိုဆင်နှစ်ကောင်မှာ ငယ်စဉ် နှစ်နှစ် သားအရွယ်ကတည်းက အတူတူကြီးပြင်းလာကြပြီး ယခု အချိန်အထိ ခွဲထား၍မရဘဲ တတွဲတွဲနေသောကြောင့်ဖြစ်သည်။ ဆင်မလေးကတော့လိမ္မာသည်။ ခိုင်းရင် ခိုင်းသလိုလုပ်သည်။ ဆင်ပေါက်လေးကတော့ ရိုင်းသေးသည်။ ပြေးဟယ်လွှားဟယ် နှင့်အငြိမ်မနေတတ်။ ခိုင်းလို့ပြုလို့လည်း မကောင်းသေး။
တစ်နေ့တွင်တော့ ထုံးစံအတိုင်း မနက်မိုးလင်းသည်နှင့် ဆင်ကောက်ထွက်ခဲ့သည်။ ဆင်ကောက်ပြီး စခန်းသို့ပြန်လာခဲ့ရာ လမ်းတွင် ဆင်ပေါက်ကလေးက ကျွဲအုပ်ကိုမြင်လိုက်ရာ ကြောက် လန့်တကြားထွက်ပြေးတော့သည်။ ဆင်မလေးကလည်း ဆင် ပေါက်နှင့်အတူ ရောယောင်လိုက်ပြေးသည်။
ပြေးသည့်အခါ ဆင်မလေးပေါ်တွင်လိုက်လာသော ကိုဇော် မင်းသူတစ်ယောက် ဝါးကိုင်းနှင့် သူဝတ်ထားသည့်အင်္ကျီ ချိတ်မိ ကာ ဆင်ပေါ်က ပြုတ်ကျတော့သည်။ ဆင်ပေါ်က ပြုတ်ကျသည်က တော့ ဆင်ဦးစီးတိုင်းအတွက် ဖြစ်ရိုးဖြစ်စဉ်တစ်ခုပင်။ ဆင်များ ကြောက်လန့်၍ ထွက်ပြေးသည်ဖြစ်ဖြစ်၊ ဆင်စီးလာရင်း တော ဆင်ရိုင်းနှင့် တွေ့သည်ဖြစ်ဖြစ် ခုန်ချ၊ ပြုတ်ကျကာ ထွက်ပြေးရ သည်။ ထို့အတွက်လည်း ပွန်းပဲ့ရာနှင့် ဝတ်ဆင်ထားသည့် အင်္ကျီ များမှာလည်း မပေါက်ပြဲဖူးသည် မရှိချေ။
ယခုတစ်ကြိမ် ဆင်ပေါ်က ပြုတ်ကျခဲ့ခြင်းက ကိုဇော်မင်း သူအတွက် သေရာပါဒဏ်ရာဖြစ်စေဖို့ အကြောင်းဖန်လာခဲ့သည်။ ဆင်ပေါ်ကပြုတ်ကျရာမှ လူးလဲပြန်ထကာ ဆင်လွတ်သွားမည်စိုး သည်နှင့် ဆင်အမြီးကို နောက်က လှမ်းဆွဲကာ တားလိုက်သည်။ ဆင်က မရပ်သည့်အပြင် အမြီးကို ဆတ်ခနဲခါလိုက်ရာ သူ့မျက်စိ နှစ်ဖက်ကို အုပ်ရိုက်လိုက်သလို ဖြစ်သွားသည်။
ရိုက်အားပြင်းသောကြောင့် မျက်စိနှစ်လုံး စူးခနဲအောင့် တက်သွားကာ ပြာဝေသွားသည်။ ဆင်ကတော့ ထွက်ပြေးသွား သည်။ သူက ထိုနေရာမှာ တစ်နာရီလောက် မျက်စိအောင့်သည့် ဒဏ်ကို ခံစားလိုက်ရသည်။ ဖြစ်ခါစမှာတော့ အခြေအနေ မဆိုး သေး။ ပုံမှန်အတိုင်းပင် သွားလာလှုပ်ရှားနေခဲ့သည်။ သို့ပေမဲ့ တစ်လခန့်အကြာမှာတော့ မျက်လုံးနှစ်ဖက်မှာ စူးခနဲ အောင့် လာပြီး အမြင်အာရုံတွေလည်း ဝေဝါးလာခဲ့သည်။ သူငယ်ချင်း တွေကို ပြကြည့်တော့ အတွင်းတိမ်ဖြစ်တာဟု ခန့်မှန်းကြသည်။
သူလည်း မျက်စိနှစ်လုံးထိခိုက်ခဲ့ပြီဆိုသော အသိကြောင့် ဝမ်းနည်းနေခဲ့သည်။ ဆင်တွေကိုလည်း စိတ်ကုန်ကာ ဆင်ဦးစီး ဘဝကိုလည်း စိတ်နာသွားခဲ့သည်။ ထို့ကြောင့် မည်သူမှ အသိ မပေးဘဲ ဆင်စခန်းမှ အိမ်သို့ပြန်လာခဲ့လိုက်သည်။
ဆင်ဝန်ထမ်းများ လုပ်ငန်းခွင်အတိုင်း ထိခိုက်ဒဏ်ရာ ရလျှင် အထက်အဆင့်ဆင့်သို့ သတင်းပို့ရပါသည်။ ထိုအခါ နီးစပ် ရာဆေးရုံ၊ ဆေးခန်းများသို့ ပို့ဆောင်ကုသပေးပါသည်။
အိမ်ပြန်ရောက်သောအခါ မိခင်ဖြစ်သူက ဆင်းရဲတော့ ဆေးမကုပေးနိုင်။ သို့ပေမဲ့ ကံကောင်းသည်က ဖခင်ဖြစ်သူက သူ့မိခင်နှင့်ကွဲပြီးကတည်းက သူ့အတွက်ဟုဆိုကာ ဘဏ်တွင် လစဉ် ပိုက်ဆံစုပေးထားတာရှိသည်။
ထိုပိုက်ဆံနှင့် ရန်ကုန်ဆေးရုံကြီးတွင် မျက်စိခွဲစိတ်ခဲ့ရ သည်။ ညာဘက်တစ်လုံးတည်းဖြစ်သည်။ ထိုစဉ်ကတော့ တစ် သိန်းခန့်ကုန်သည်ဟု ကိုဇော်မင်းသူက ဆိုသည်။ ဘယ်ဘက်ကို ထပ်ခွဲဖို့က ပိုက်ဆံက မလောက်တော့သဖြင့် ဖခင်ဖြစ်သူက သိပ် မကြာခင် နောက်ထပ်တစ်လုံးကို ခွဲစိတ်ပေးမည်ဟု သူ့ကို အား ပေးသည်။
သို့ပေမဲ့ ဖခင်၏ နောက်မိန်းမက မျက်စိခွဲစိတ်၍ ပိုက်ဆံ ကုန်ကျမည်ကို ဘဝင်မကျ။ ဖခင်နှင့်စကားအခြေအတင် ဖြစ်ကြ သည်။ ထို့ကြောင့် ”အဖေ ကျွန်တော့်ကြောင့်နဲ့တော့ ဘာမှဖြစ် မနေတော့နဲ့”ဟုဆိုကာ သူလည်း ကျန်သည့် မျက်စိတစ်လုံးကို မခွဲစိတ်တော့ဘဲ ရွာသို့ ပြန်လာခဲ့လိုက်သည်။ ယခုအချိန်ထိ မျက်စိတစ်ဖက်သာ အလင်းရတော့သည်။
”ပြန်ချလာတော့ ကိုယ့်လုပ်ငန်းဆီပဲပြန်လာတာ။ စိတ် မကုန်ဘူး။ ပြန်စီးတာပဲ” ဟု ဆင်ဦးစီးအလုပ် ပြန်လည်လုပ်ကိုင် ခဲ့ပုံကို သူက ပြောပြသည်။ သူ့အဖေနှင့် အမျိုးတွေကတော့ တား သေးသည်။ အ္တနရာယ်များလှသည့် ဆင်ဦးစီးအလုပ်ကို မလုပ်ဖို့။ သို့ပေမဲ့ သူ့ဝါသနာကို မည်သူမှမတားဆီးနိုင်ခဲ့ပေ။
ဆင်တွေကိုလည်း သူစိတ်နာလို့မရခဲ့။ အပြင်မှာ လေလွင့် နေချိန်နှင့် ဆေးရုံတက်နေတုန်းကလည်း သူ့စိတ်က သူ့ဆင်ဆီ သာ ရောက်နေခဲ့ပြီး သတိရနေသည်ဟု သူကဆိုသည်။ ဆင်ကို လည်း သားသမီးလို၊ ညီအစ်ကိုလို၊ ကျေးဇူးရှင်လို သူက သဘော ထားသည်။ ဆင်ရှိမှ ဆင်ဦးစီး အလုပ်ရှိမည်ကိုး။
နောက်တစ်ချက်က ဆင်ဦးစီးဆိုသည်က ဆင်နှင့် နေ့စဉ်ထိ တွေ့နေရတာဖြစ်သည်။ ကိုယ့်ဆင်ကို အရိပ်တကြည့်ကြည့် စောင့်ရှောက်ရသည်။ တောထဲရှိ ဆင်ဝိုင်းတွင် နေကတည်းက မိသားစု၊ ညီအစ်ကိုမောင်နှမတွေနှင့် ဝေးကွာခဲ့ရသည်။ ထို့ ကြောင့်ပင် ဆင်ကို ဆွေမျိုးများထက် ပိုသံယောဇဉ်တွယ်မိသည် ဟု သူက ဆိုပါသည်။
သူစီးသည့်ဆင်ဖြစ်ဖြစ်၊ ဆင်ဝိုင်းထဲမှ ဆင်ပဲဖြစ်ဖြစ် အကြောင်းအမျိုးမျိုးကြောင့် ဆုံးသွားသည့်အခါ ဝမ်းနည်းမဆုံး။ နှမြောတသဖြစ်ရသည်။ ဆင်တစ်ကောင်၏ ပျမ်းမျှသက်တမ်း သည် ၆ဝ နှစ် ဝန်းကျင်ရှိပြီး ကျန်းမာရေးကောင်းပါက နှစ် ၇ဝ ကျော်အထိ နေထိုင်သည်။
ဟိုင်းယုဆင်စခန်းတွင် ဆင်ဦးစီးများ ဆင်ကောက်ထွက်ပြီး ပြန်လာကြစဉ် ။ ဓာတ်ပုံ- သက်ဦးမွန်/မော်ကွန်းမဂ္ဂဇင်း
သတိတစ်ချက် အသက်တစ်ချောင်း
ဆင်ဆိုသည့် သတ္တဝါက မှတ်ဉာဏ်ကောင်းသည့် အထဲ တွင်ပါသည်။ ပညာရှင်များအဆိုရ ဆင်တစ်ကောင်၏ မှတ်ဉာဏ် သည် ခြောက်နှစ်အရွယ်ကလေးတစ်ယောက်၏ မှတ်ဉာဏ်ရှိ သည်ဟု ဆိုကြသည်။ လူစကားကို နားလည်သည်။ သင်ပေးလျှင် တတ်မြောက်လွယ်ကြသည်။ သို့သော် တောရိုင်းတိရစ္ဆာန်ဖြစ် သည့်အတွက် စိတ်ချထား၍တော့ မရပေ။
မည်မျှပင် လိမ္မာသည်ဟုဆိုဆို တစ်နေ့သုံးခါခန့် စိတ် အပြောင်းအလဲရှိတတ်ပြီး လူကို ရန်မူတတ်လေ့ရှိသည်ဟု ကိုဇော်မင်းသူက ရှင်းပြသည်။ မိမိနှင့် နေ့စဉ်လက်ပွန်းတတီးနေ သည့် ဆင်ဖြစ်လင့်ကစား သတိလွတ်၍မရ။ ကိုယ့်ဆင် အခြေ အနေကို အမြဲတမ်း ကြည့်ကာ ထိန်းကျောင်းရသည်ဟု ဆင်ဦးစီး တို့ ဘဝကို ကိုဇော်မင်းသူက ရှင်းပြပါသည်။
”သူစိတ်တိုနေပြီဆိုရင် တဂွီဂွီ တဂွမ်ဂွမ်နဲ့။ တရှူးရှူးတရှဲရှဲ နဲ့ နှာမှုတ်တာတို့၊ နှာမောင်းရိုက်တာတို့ အဲဒီအချိန် သတိထား ရတယ်”
ထိုအချိန် ဆင်ဦးစီးက ချော့တန်ချော့၊ ခြောက်တန်ခြောက် ကာ ကိုယ့်ဆင် စိတ်ပြေအောင်လုပ်ရသည်။ သူစိတ်တိုနေလျှင် နားရွက်ကလေးဆွဲ၊ ချိုချိုသာသာစကားများပြောကာ ချော့ရ သည်။ ထိုမှမပြေသေးလျှင် အော်ရယ်ငေါက်ရယ်နှင့် ဆူသင့်ဆူ ရသည်။ ဆင်ကလည်း ထိုအချိန်မှ စိတ်ပြေ၏။ ဆင်ဦးစီးလည်း အန္တရာယ်ကင်းသည်။
လွန်ခဲ့သည့် တစ်လခန့်ကပင် သူ့ဆင်ဝိုင်းထဲက သူငယ် ချင်းဆင်ဦးစီးတစ်ယောက် ဆင်စိတ်ပြောင်းနေချိန် သတိလွတ် သွားသဖြင့် အသက်ပေးခဲ့ရသည်ဟု ပြန်ပြောပြသည်။ ဖြစ်ပုံမှာ ထိုဆင်ဦးစီးက မနက်ခင်း ထုံးစံအတိုင်း ဆင်သွားကောက်ခဲ့ သည်။ ထိုအချိန် ဆင်က စိတ်ပြောင်းနေသည်။ သူက သတိလွတ် ကာ ဆင်အနားကပ်လိုက်သည်နှင့် ဆင်စွယ်နှင့် ထိုးကော် ပစ် မြှောက်လိုက်ခြင်းကို ခံလိုက်ရသည်။ ဆင်က အသက် ၁၆ နှစ်သာ ရှိသေးသည့် စွယ်စုံဆင်။
ဆင်အားက ကြီးသောကြောင့် မြှောက်သည့်အရှိန်နှင့် လွင့်ထွက်သွားကာ အကျနာခဲ့သည်။ အနင်းတော့မခံရ။ ဆင်စွယ် ထိုးသည့်ဒဏ်ကြောင့် နံရိုးလေးချောင်းကျိုးသွားသည်။ အတွင်း ကလီစာများ ပျက်စီးသွားသည်ဟု မင်းလှဆေးရုံ၏ ဆေးစစ်ချက် များအရ ကိုဇော်မင်းသူက ပြန်ပြောပြသည်။ သေဆုံးသည့် ဆင် ဦးစီးက အသက် ၄ဝ ဝန်းကျင်ရှိသည့် ဝါရင့်ဆင်ဦးစီးပင်ဖြစ် သည်။ သတိတစ်ချက်အလွတ်က အသက်တစ်ချောင်းကို နုတ်ယူ သွားခဲ့ခြင်းပင်။
(သေဆုံးသွားသည့် ဆင်ဦးစီး၏ ကျန်ရစ်သူမိသားစုအား ဌာနမှ ပင်စင်ခံစားခွင့်နှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။)
ထိုသို့ ဆင်ဦးစီးကို ပြန်သတ်သည့် ဖြစ်စဉ်များကတော့ ဆင်ဝိုင်းများတွင် ”ခဏ ခဏ ဖြစ်တတ်တယ်” ဟုဆိုပါသည်။
ထိုသို့ စိတ်အပြောင်းအလဲအပြင် ဆင်ဦးစီးတို့ သတိထားရ သော အချိန်တစ်ချိန်လည်းရှိသည်။ ကိုယ့်ဆင်မုန်ယိုနေချိန် ဖြစ် သည်။ မုန်နှစ်မျိုးရှိသည်။ အပေါ်မုန် (မျက်မုန်)နှင့် အောက်မုန် ဖြစ်သည်။ အပေါ်မုန်သည် အသက် ၂၅ နှစ်ဝန်းကျင်တွင် ကျ လေ့ရှိပြီး ဆင်၏ နားထင်ဘေးနှစ်ဖက်ရှိ မုန်ပေါက်ဟုခေါ်သော အပေါက်ကလေးမှ ပျစ်ချွဲချွဲအရည်များ စီးကျခြင်းဖြစ်သည်။ အောက်မုန်ကတော့ ဆင်၏ လိင်အင်္ဂါမှ စီးကျခြင်းဖြစ်ပြီး အသက် ၃ဝ ကျော်လျှင် ကျလေ့ရှိသည်။
မုန်ကျရခြင်းမှာ ဆင်ထီးများ အလုပ်မလုပ်ဘဲ ကြာလာ သည့်အခါ အားအင်ပြည့်ဖြိုးလာသောကြောင့်ဖြစ်သည်။ မုန်ကျ ချိန်တွင်တော့ ဆင်က မုန်ကျသည့်အရှိန်နှင့် လူကို အန္တရာယ်ပေး တတ်ပါသည်။ မုန်နှစ်မျိုးအနက် အပေါ်မုန်ကျချိန်တွင် ထိန်းရ လွယ်ကူပြီး အောက်မုန်ကျလျှင်တော့ ထိန်းသိမ်းရ မလွယ်ကူဟု ကိုဇော်မင်းသူက ဆိုပါသည်။
မုန်ကျတော့မည့် အရိပ်အယောင် တွေ့ပါက ဆင်ခေါင်း အား သတင်းပို့ပြီး ထိုဆင်ကို မုန်ကျလျှင် ခတ်သည့် ပုံမှန် ထူး/ တွဲကြိုးထက် နှစ်ဆ အလုံးတုတ်သော၊ ရှည်သော သီးသန့်ပြုလုပ် ထားသည့် မုန်ထူး၊ မုန်ကြိုးဖြင့် ခတ်ထားကာ မုန်တိတ်သည်အထိ ထိန်းသိမ်းစောင့်ရှောက်ထားရပါသည်။ မုန်တစ်ခါကျလျှင် ဆယ့် လေးငါးရက်ခန့် ကြာတတ်သည်။
ပန်းပန်လျှင် သတိသာထား
ဆင်တွင် ထူးခြားချက်တစ်ခုလည်းရှိသည်။ ထိုအချက်က ဆင်နှင့်ပတ်သက်လျှင် လူပြောများသည့် ကိစ္စတစ်ခုလည်း ဖြစ် သည်။ ဆင်ဦးစီး၏ ဇနီးမယားဖြစ်သူ ဖောက်ပြန်ပါက ဆင်ဦးစီးကို ဆင်က ပန်းပန်ပြကာ သတိပေးသည်ဟူသော အချက်ပင်ဖြစ် သည်။ ပန်းပန်ပြခြင်းဆိုသည်မှာ တောထဲသွားလာနေရင်း ဆင် က တွေ့သည့်ပန်းပင်ကို နှာမောင်းနှင့် ပတ်ချိုးကာ သူ့ခေါင်းပေါ်တင်လိုက်ခြင်းဖြစ်သည်။
ကိုဇော်မင်းသူကတော့ ထိုအဖြစ်အပျက်ကို မကြုံဖူးဟုဆို ပါသည်။ သို့ပေမဲ့ သူက ထိုအဖြစ်အပျက်ရာဇဝင်တွေကို တစ်ဆင့် စကားတစ်ဆင့်နားဖြင့် ကြားခဲ့ဖူးသည်။ သူ့အရင် ဝါရင့်ဆင် ဦးစီးကြီးများမှ လက်ဆင့်ကမ်းပြောပြခဲ့ကြခြင်းဖြစ်သည်။ သူက တော့ ဇာတ်လမ်းတွေကို ပြန်ပြောပြရန် လုံးစေ့ပတ်စေ့ မမှတ်မိ ဟု ဆိုပါသည်။ ထိုအပြုအမူမျိုးကိုတော့ ဆင်တိုင်းပြုမူသည် မဟုတ်ပါ။ ဆင်သမားတို့ ယုံကြည်ဆုတောင်းကြသည့် ဦးဒိန် (ဦးတိန်န) နတ်စောင့်ရှောက်သော ဆင်ဆိုလျှင် ထိုသို့ သတိပေး တတ်ကြောင်း ဆင်သမားတွေကယုံကြည်ကြသည်။
ဦးဒိန်နတ်ဆိုသည်မှာ ဆင်ကိုနိုင်လွန်းသည့် ဆင်ဦးစီးတစ် ယောက်ဖြစ်ကာ သူသေသွားသောအခါနတ်ဖြစ်နေပြီး သူ့ကို ပူ ဇော်သည့်အခါ ဆင်အန္တရာယ်မကျရောက်နိုင်ဟု ဆင်သမားများ အစဉ်အဆက် ယုံကြည်ကိုးကွယ်ခဲ့သောနတ်ဖြစ်ပါသည်။ ဆင် စခန်းတွင် တစ်နှစ်လျှင် နှစ်ခါ တောပိုင်တောင်ပိုင်နှင့် ဦးဒိန် နတ်ကို ပူဇော်ကြသည်။
အလုပ်လက်မဲ့ ဆင်တွေ
အစိုးရကိန်းဂဏန်းများအရ မြန်မာနိုင်ငံတွင် တောဆင် ရိုင်း အကောင်ရေ ၃,ဝဝဝ အောက်ရှိပြီး ဖမ်းထားသည့် ဆင် ၅,၅၂ဝ ရှိကာ ၂,၉၈၅ ကောင်ကို မြန်မာ့သစ်လုပ်ငန်းမှ ပိုင်ဆိုင်ပြီး ၂,၅၃၅ ကောင်ကိုတော့ ပုဂ္ဂလိက ပိုင်ဆိုင်ထားသည်။ ယခင်က သစ်ထုတ်လုပ်မှုအတွက် တောဆင်ရိုင်းများကိုဖမ်းဆီးကာ အသုံး ပြုခဲ့သော်လည်း ယခုအခါတွင်တော့ ဖမ်းဆီးခြင်းမရှိတော့။
မြန်မာနိုင်ငံတွင် သစ်တောပြုန်းတီးမှုကြောင့် ယခုနှစ်မှ စတင်ကာ တစ်နိုင်ငံလုံးတွင် သစ်ထုတ်လုပ်မှုတစ်နှစ်ရပ်ဆိုင်း ခြင်းနှင့် ပဲခူးရိုးမတွင် သစ်ထုတ်လုပ်မှု ဆယ်နှစ်ခန့်ရပ်ဆိုင်းဖို့ အစိုးရမှထုတ်ပြန်ထားခဲ့သည်။ ထို့ကြောင့်လည်း လက်ရှိ အစိုးရ ပိုင် ဆင်များမှာ အလုပ်လက်မဲ့ဖြစ်နေလျက်ရှိသည်။
ပဲခူးရိုးမအတွင်းက ဆင်စခန်းများတွင်ရှိသော ဆင်ဦးစီးတို့ မှာလည်း သစ်ဆွဲဖို့ရာအလုပ်မရှိတော့။ ကျွန်တော် ဟိုင်းယုဆင် စခန်းရောက်နေသည့်အချိန်တွင် သစ်ဆွဲဆင်များနှင့် ထိုဆင်များ ကိုစီးသော ဆင်ဦးစီးများကို သစ်ကွက်များရှိသော မြန်မာပြည် အထက်ပိုင်းသို့ ပြောင်းရွှေ့ပေးရန်စီစဉ်နေသည်ကို တွေ့ခဲ့ရ ပါသည်။
လက်ရှိဆင်စခန်းအချို့ကို သဘာဝဆင်စခန်းများအဖြစ် အကောင်အထည်ဖော်နေလျက် ရှိကြပြီး ဆင်များကိုလည်း သရုပ်ပြနိုင်အောင် လေ့ကျင့်နေကြသည်။ ဟိုင်းယုဆင်စခန်းတွင် လည်း မနက်တိုင်း ဆင်များကို သရုပ်ပြနိုင်ရန် ဆင်ဦးစီးများက လေ့ကျင့်ပေးနေသည်ကို မြင်ခဲ့ရသည်။ ဟိုင်းယုဆင်စခန်းတွင် သစ်ဆွဲ၊ ဝန်တင်ဆင်နှင့် ဆင်ပေါက်များ စုစုပေါင်း ၃၂ ကောင်ရှိသည်။
ကိုဇော်မင်းသူကတော့ ပြောင်းရွှေ့သည့်အထဲတွင် မပါ။ သူက ဝန်တင်ဆင်စီးရသည့် ဆင်ဦးစီးဖြစ်သည်။ ဆင်စခန်းတွင် အပန်းဖြေစခန်းဖွင့်သည့်အခါ သယ်ယူပို့ဆောင်ရေးလုပ်ရန်နှင့် ဆင်များနှင့် သရုပ်ပြကစားရန် သူက ဒီစခန်းမှာ ကျန်ခဲ့ရမည် ဖြစ်သည်။
photo – thet oo mon ဆင်ပေါက်လေးဝင်းကျွန်းမောင်နှင့် ကိုဇော်မင်းသူ ။ ဓာတ်ပုံ- သက်ဦးမွန်/မော်ကွန်းမဂ္ဂဇင်း
တောထဲက ဆင်ဦးစီးများဘဝ
အသက်အန္တရာယ်နှင့် နေ့စဉ် လက်ပွန်းတတီး လုပ်ကိုင်နေ ရသော ဆင်ဦးစီးများဘဝကလည်း ပြေလည်လှသည်တော့ မဟုတ်။ အနေလည်း ဆင်းရဲလှသည်။ ဆင်များရှိရာ တောထဲတွင် သာ နေထိုင်ရပြီး ရသည့်လစာနှင့်ကလည်း လောက်ငရုံသာ။ တစ်ခါတစ်ရံ အကြွေးပင်တင်သေးသည်ဟု ကိုဇော်မင်းသူက ဆိုသည်။
ကိုဇော်မင်းသူလို တောထဲနေရသည့် ဆင်ဦးစီးများတွင် နောက်ထပ်အခက်အခဲတစ်ခုရှိသေးသည်။ ရပ်ထဲရွာထဲနေမှသာ ပြုလုပ်ပေးသည့် အိမ်ထောင်စုစာရင်းများ မရှိကြခြင်းပင်ဖြစ် သည်။ ကိုဇော်မင်းသူဆိုလျှင် ယခုအချိန်အထိ မှတ်ပုံတင်မရှိ သေး။ ဆင်စခန်းတွင် နေသည့် ဆင်ဝန်ထမ်းဖြစ်ကြောင်း ထောက်ခံ စာပဲရှိ၏။ ထို့ကြောင့် အချိန်တန် ပင်စင်ယူသည့်အခါ ရပ်ထဲရွာထဲ ပြန်နေပါက အခက်တွေ့မည်ကိုသူက စိုးရိမ်နေသည်။
သူ့အသိ ဆင်ဦးစီးတစ်ယောက်ဆိုလျှင် ပင်စင်ယူပြီးသည့် အခါ ရပ်ရွာထဲ ပြန်နေပေမယ့် အိမ်ထောင်စုစာရင်းမရှိသည့်အခါ နေထိုင်ရအဆင်မပြေဖြစ်ပြီး ဆင်စခန်းသို့ပင် ပြန်နေထိုင်ရသည်။ ထိုသူကတော့ ဆင်စခန်းမှာပင် ဆုံးပါးသွားခဲ့ပြီဟု သူက ဆို သည်။ သူကတော့ ထိုသို့ဖြစ်မှာစိုးသည့်အတွက် အိမ်ထောင်စု စာရင်း ပြုလုပ်ဖို့ ကြိုးစားနေသည်ဟုဆိုပါသည်။
လက်ရှိ ကိုဇော်မင်းသူ စီးနေသည့် ဆင်၏ အမည်က ဝင်း ကျွန်းမောင် ဖြစ်သည်။ ဒီဆင်ကလေးက သူဆင်ဦးစီးသက်တမ်း တစ်လျှောက်စီးခဲ့သော လေးကောင်မြောက်ဆင်ဖြစ်ကာ အသက်ဆယ့်တစ်နှစ်အရွယ်ရှိသော ဆင်ပေါက်လေးဖြစ်သည်။ သူ့ဆင်လေးကတော့ အတော်လိမ္မာသည်ဟု သူကဆိုသည်။ သို့ပေမဲ့ သတိလွတ်၍တော့ မရ။
သူကတော့ ပင်စင်ယူသည်အထိ ဆင်စခန်းတွင်ပဲ လုပ်ကိုင် တော့မည်ဟု စိတ်ပိုင်းဖြတ်ထားသည်။ အခြားအလုပ်လည်း လုပ်ကိုင်ချင်စိတ်မရှိတော့။ ဆင်တွေကို သံယောဇဉ်ဖြစ်ကာ ထို ဆင်တွေနှင့်သူမခွဲနိုင်ပါ။ ထို့အတူ သူ့မိသားစုကလည်း ဆင်များ နှင့် အနေကြာလာသည့်အခါ ဆင်တွေအပေါ် သံယောဇဉ်ရှိသည်။
သူ့တွင် ပထမအိမ်ထောင်နှင့်ရခဲ့သော သားတစ်ယောက်၊ သမီးတစ်ယောက်ရှိသည်။ ပထမအိမ်ထောင်က အငယ်ဆုံး သား လေး သုံးနှစ်သားအရွယ်တွင် ဝက်သက်ရောဂါကြောင့် ဆုံးပါး သွားခဲ့ကြောင်းနှင့် ကွယ်လွန်ချိန်၌ ၂၄ နှစ်သာ ရှိသေးသည်ဟု ကိုဇော်မင်းသူက ဆိုသည်။
သမီးဖြစ်သူကတော့ အိမ်ထောင်ကျကာ အိမ်ခွဲသွားလေ ပြီ။ ယခုသူက တစ်ပင်လဲမူတစ်ပင်ထူဆိုသည့် ဆိုရိုးအတိုင်း နောက်ထပ်တစ်ပင် ထူထားသည်မှာ ခြောက်နှစ်ကျော်ခန့် ရှိချေ ပြီ။ လက်ရှိ ထိုဇနီးနှင့် အသက် ၁၃ နှစ်အရွယ် လေးတန်းတက် နေသည့်သားနှင့် ဆင်ဝိုင်းထဲတွင် နေထိုင်နေသည်။
သားဖြစ်သူကလည်း ဆင်တွေကို ခင်တွယ်သည်ဟု ကိုဇော်မင်းသူက ဆိုသည်။ သူ့ဆင်ပေါက်လေး၏ ဝေယျာဝစ္စ အချို့ကို ဖခင်ကိုယ်စား ဆောင်ရွက်နေချေပြီ။ ဖခင်လိုပင် ဆင် ဦးစီးလုပ်ဖို့ စိတ်ဝင်စားသည်ဟု သူက ဆိုသည်။
သူကတော့ သား ဖြစ်သူကို ပညာသင်ကာ တိုးတက်မြင့်မားသည့် ဘဝရောက် အောင် တွန်းပို့ပေးချင်သည်။ မရလျှင်တော့ သူ့ဆန္ဒအတိုင်းသာ။ သူကတော့ သူ့သားရှေ့ရေးကို ယခုလို မြင်သည်။
”ဝါသနာအရ ဆင်ဦးစီးပဲဖြစ်မှာပဲ။ ဆင်ထဲမှာနေတဲ့ မိသားစုကတော့ ဆင်ဦးစီးပဲ ဖြစ်တာများပါတယ်” ။ ။
၂၀၁၇-ဇန်နဝါရီလထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၄၂)မှ ပုံရိပ်လွှာ ဖြစ်ပါသည်။
သက်ဦးမွန် ရေးသည်။

