ဓာတ်ပုံ -မီမီခိုင်
ပုဂံမြို့ဟောင်းအတွင်းရှိ မနူဟာဘုရားကျောင်းဆောင်ကြီး အနောက်ဘက်တွင် ပုဂံ၏ ကျော်ကြားလှသည့် ရွာတစ်ရွာ ရှိသည်။ သို့သော် ထိုရွာကလေး၏အမည်ကို ပုဂံသို့မရောက်သေးသူတိုင်းလည်း ကြားသိနိုင်ပါသည်။ ရွာအမည်က မြင်းကပါ ဖြစ်သည်။
မြင်းကပါရွာသို့သွားမည်ဆိုလျှင် မနူဟာဘုရားကြီး၏ဘေးဘက်ခြမ်း မြင်းကပါရွာသို့ဆိုသည့် ဆေးရောင်ခပ်မှိန်မှိန်သာ ရှိနေတော့သည့် ဆိုင်း ဘုတ်ကလေးရှိရာ လမ်းအတိုင်း ဝင်သွားရမည်ဖြစ်သည်။ ရွာလမ်း အတိုင်း နှစ်မိုင်ခန့် ဖြည်းဖြည်းမှန်မှန် လမ်းလျှောက်ပြီး ဘယ်ဘက်သို့ နှစ်ခါချိုးကွေ့လျှင် လမ်း၏လှည်းဦးတိုက်၊ လှေဦးတိုက် အနေ အထားမှာ ဝါးအသုံးပြု မြေစိုက်အိမ်အိုလေးတစ်လုံးကို တွေ့ရမည် ဖြစ်သည်။
အိမ်ရှင်ဖြစ်သူသည် အိမ်အိုကလေးကို ဝါးခြမ်းပြားလေး များကို ဆန်ခါကွက်သဖွယ်ခပ်ကျဲကျဲရက်ကာ ခြံစည်းရိုးပြုလုပ် ပြီး ကာရန်ထားသေးသည်။ အဆိုပါ အိမ်အိုကလေးနှင့် အတွင်း ဘက်ခြံစည်းရိုးတို့အကြား လွတ်နေသည့် မြေကွက်လပ်တွင် ရွာဓလေ့ကွပ်ပျစ်တစ်လုံးချထားသည်ကို တွေ့ရသည်။
အချိန်က နံနက် ၁ဝ နာရီကျော်ကျော်ဖြစ်သဖြင့် အညာ၏ နေရောင်ပြင်းပြင်းသည် ခြံစည်းရိုးနှင့် ကွပ်ပျစ်အပေါ်သို့ ကောင်းစွာ ထိုးကျနေသည်။ ထိုကွပ်ပျစ်ပေါ်တွင် အသားညိုညို၊ ခပ်ဖိုင့် ဖိုင့်နှင့် အသက် ငါးဆယ်ကျော်အမျိုးသမီးတစ်ဦးထိုင်နေပြီး သူ၏လက်မှာတော့ တစ်စုံတစ်ခုကို ရက်လုပ်နေသည်။
အမျိုးသမီးကြီး၏အမည်သည် ဒေါ်အေးစန္ဒာဖြစ်သည်။ စီဝိုင်စီအပွင့်ရိုက် မြန်မာရင်စေ့အင်္ကျီကို အုန်းခွံရောင်ပါတိတ် ထဘီအရောင်ခပ်မှိန်မှိန်နှင့် တွဲဖက်ဝတ်ဆင်ထားသည့်အတွက် သူ၏ဝတ်စားပုံသည် အညာသူပီပီ ရိုးရိုးကြီးသာ ဖြစ်သည်။ အသားအရေအတော်ညိုပြီး မျက်နှာဝိုင်းသည့် သူ့တွင် မျက်ခုံး မွေးလည်း လုံးဝမရှိပေ။
မျက်ရစ်မပါဘဲ မှေးစင်းနေသည့် မျက်ဝန်းအစုံမှာတော့ အဖိုးစားနားနည်းပါးလှမည်ဟု ခန့်မှန်းရနိုင်သည့်မျက်မှန်ဟောင်း ကလေးကို မျက်လုံးအောက် ခပ်လျော့လျော့တပ်ဆင်ထားသည်။ သူ၏လက်ထဲမှာတော့ နှီးနှင့်အတူ ဆံပင်ကဲ့သို့ အနက်ရောင် အမျှင်တစ်ချောင်းချင်းစီကို ရောယှက်ရက်လုပ်နေသည်။
သူရက်လုပ်နေသည့်အရာက မြင်းအမြီးမှ အမွေးအမှင် တစ်ချောင်းချင်းစီနှင့် ရက်လုပ်ရသည့် မြင်းမြီးယွန်းထည်ဖြစ်၏။ လူနေအိမ်ခြေသုံးရာကျော်ရှိသည့်မြင်းကပါရွာသည် သူ့အလို အလျောက် ကျော်ကြားထင်ရှားခြင်းတော့ မဟုတ်ပေ။ ပုဂံ၏အမှတ်အသားဖြစ်သည့် ယွန်းထည်ပစ္စည်းများထွက်ရှိရာ ယွန်းလုပ်ငန်းကျေးရွာကြီးဖြစ်သောကြောင့် နာမည်ကြီးခြင်း ဖြစ်သည်။
သို့သော် တစ်ရွာလုံးက နှီးအသုံးပြုယွန်းထည်များကိုသာ ဖန်တီးထုတ်လုပ်နေသည့်အချိန်တွင် ဒေါ်အေးစန္ဒာတစ်ဦးတည်းသာ မြင်းမြီးဖြင့် ယွန်းထည်ဖန်တီးသူဖြစ်သည်။ ဤသည်ကိုပင် သူက ဂုဏ်ယူနေတတ်သည်။
”ဒီပုဂံတစ်ခွင်လုံး မြင်းမြီးယွန်းထည်ရက်တတ်တာဆိုလို့ ကျုပ်ပဲရှိတာ”ဟု ဆိုကာ သူ့အရှေ့ရှိ အကြမ်းရည်ပန်းကန်ထဲက ရေနွေးကြမ်းကို သောက်ရင်း ခပ်ပြုံးပြုံးစကားဆိုသည်။
ယွန်းပညာအစအဦးသည် သထုံဒေသမှ ဖြစ်ပြီး အနော် ရထာမင်းက သုဝဏ္ဏဘူမိမှ မနူဟာမင်းကို ပုဂံသို့ ဖမ်းဆီးခေါ် ဆောင်လာရာမှ မြင်းကပါသို့ ယွန်းပညာရောက်ရှိလာသည်ဟု ဒေါ်အေးစန္ဒာ၏ခင်ပွန်း မြင်းကပါသား ဦးမောင်ဝင်းက ယွန်း ပညာသမိုင်းကြောင်းကို အားပါးတရ ဝင်ပြောပြသေးသည်။ ပုဂံ ဒေသတစ်ခွင်က ဒေသခံတွေကတော့ ယခုအချိန်ထိ ယွန်းပညာ သည် မနူဟာဘုရင်ကြီး သထုံဒေသမှ ယူဆောင်လာသည်ဟုသာ နှုတ်ရာဇဝင်သမိုင်းကြောင်းသဖွယ် လက်ဆင့်ကမ်း ယူဆောင် လာပြီး မှတ်သားပြောဆိုနေကြသည်။
အသေးစိတ်လှပြီး စိတ်ရှည်သည်းခံမှသာ တတ်မြောက်နိုင် မည့် မြင်းမြီးယွန်းပညာကို ဒေါ်အေးစန္ဒာသည် သူ၏အဘွားနှင့် သူ့အမေထံမှ အသက် ၁၆ နှစ်အရွယ်တွင် သင်ယူ တတ်မြောက် ခဲ့ခြင်းဖြစ်သည်။ မြင်းမြီးယွန်းကို စတင်သင်ယူစဉ်က လွှင့်ပစ်ချင် လောက်အောင် စိတ်ရှုပ်ထွေးမှုတွေ ဖြစ်ခဲ့တာကိုလည်း သူက ရယ်မောစွာ ပြန်ပြောပြသေးသည်။
”ကျုပ် အမေကြီးတို့ဆီက စသင်တုန်းကတော့ တစ်လ လောက်ထိက ဒါတွေကို လွှင့်ကိုပစ်ချင်တာ”ဟု မြင်းမြီးရက်လုပ် ရာတွင်သုံးသည့် ‘ဂုတ်’ကိုလက်ညှိုးထိုးပြရင်း သူ၏ငယ်ဘဝကို ပြောပြသည်။
‘ဂုတ်’ဆိုသည်ကား ပုသိမ်ထီးခေါင်းထိပ်ပုံစံနှင့် ပုံသဏ္ဌာန် တူသည့် သစ်သားလုံးဖြစ်သည်။ ယင်းအပေါ်တွင် နှီးနှင့်မြင်းမြီး ကိုတင်ကာ ယွန်းထည်ရက်လုပ်ရခြင်းဖြစ်သည်။
မြင်းမြီးယွန်းထည်ကို သူ စတင်ရက်လုပ်ချိန်က လက် ချောင်းလေးများကို နှီးများ ရှသည်ကို ပြန်ပြောပြသေးသည်။
”စလုပ်ခါစက လက်ဖျားတွေဆို နှီးတွေရှတာလေ၊ ထမင်း တောင်စားမရဘူး။ အခု နှစ်တွေကြာတော့ ကျွမ်းကျင်မှုရှိသွား တော့ မရှတော့ဘူးပေါ့”
သူ၏ အဘွားနှင့်အမေတို့လက်ထက်ကတော့ မြင်းမြီးယွန်း ပညာကို အဓိကလုပ်ငန်းတစ်ခုအဖြစ် မလုပ်ဘဲ တောင်သူအလုပ် ကိုသာ အဓိကထားလုပ်ခဲ့ခြင်းဖြစ်သည်။ သို့သော် သူ့လက်ထက် မှာတော့ မြင်းမြီးယွန်းပညာဖြင့် မိသားစုတစ်ခုလုံးအတွက် အသက် မွေးဝမ်းကျောင်းပြုခဲ့ခြင်းဖြစ်သည်ဟု ဂုဏ်ယူနေဟန်ဖြင့် ပြုံးရွှင် စွာ စကားဆိုသေးသည်။

ပုဂံမှ ယွန်းထည်များ ။ ဓာတ်ပုံ -ကျော်ဇေယျာထွန်း/မော်ကွန်းမဂ္ဂဇင်း
သူ၏မိသားစုတွင် မိသားစုဝင်ငါးဦးရှိပြီး သားနှစ်ယောက် နှင့်သမီးတစ်ယောက် ထွန်းကားခဲ့သည်။ သူ၏အမျိုးသားဖြစ်သူ သည် မြင်းကပါရွာသားဖြစ်ပြီး ဒေါ်အေးစန္ဒာ၏ ဇာတိကတော့ နာမည်ကျော်ထင်ရှားလှသည့် တူရွင်းတောင်ခြေ၊ မြကန်အနီးက ညောင်တိုရွာကလေးက ဖြစ်သည်။ ညောင်တိုရွာသည်ညောင်ဦးမြို့နယ်ထဲတွင်ရှိပြီး ပုဂံနှင့် မိုင် ၃ဝ ခန့်ကွာဝေးသည်။ ဒေါ်အေး စန္ဒာနှင့်သူ့အမျိုးသား ဦးမောင်ဝင်းတို့သည် လွန်ခဲ့သောနှစ် ၂ဝ ခန့်က ပုဂံဒေသတွင် ယွန်းလုပ်ငန်း အငှားလိုက်လုပ်ကြရင်း ချစ် ကျွမ်းဝင်ခဲ့ကြခြင်းဖြစ်သည်။
”ဘယ်လိုတွေ့ခဲ့ကြလဲတော့ ပြန်မပြောချင်တော့ပါဘူး အေ။ ညောင်တိုကနေ ပုဂံမယ် ယွန်းလာလုပ်ရင်း တွေ့ကြတာ ပဲ”ဟု သူ၏မှေးစင်းနေသည့် မျက်ဝန်းများပိတ်သွားသည့်အထိ ရယ်မောရင်း ပြန်ပြောပြသည်။
ယခုတွင် သူက မြင်းမြီးယွန်းထည်ရက်ကာ ခင်ပွန်းဖြစ်သူ က ရက်လုပ်ပြီးသည့် ယွန်းထည်အား သစ်စေး သုတ်ပေးသည်။ ယွန်းအနက်ထည် လုပ်ပေးသည်။ ယွန်းထည်လုပ်မည်ဆိုပါက သစ်စေးသုတ်ပြီးလျှင် ယွန်းထည်ဖြစ်လာစေရန် မြေတိုက်ထဲ ထည့်ကာ အနက်ထည်လုပ်ရသည်။ ယင်း အဆင့်မှာ ကုန်ကြမ်းအဆင့် သာ ရှိသေးပြီး ယွန်း အနက်ထည်ရပြီဆိုပါက ယင်း ယွန်းအနက်ထည်ပေါ်တွင် မိမိကြိုက်နှစ်သက် ရာ ပန်းချီပုံများ ရေးဆွဲကြသည်။
မြေတိုက်ထဲသို့ တစ်ခါထည့်လျှင် အနည်းဆုံး ခုနစ်လထား ရပြီး၊ အများဆုံး တစ်နှစ်ထားရသည်ဟု ဦးမောင်ဝင်းက ဖြည့် စွက်ရှင်းပြသည်။
ဒေါ်အေးစန္ဒာ၏သမီးဖြစ်သူကလည်း ယွန်းထည်ပေါ်တွင် ပုံဖော်ပန်းချီရေးဆွဲပေးရသည့် ဒေသအခေါ် ယွန်းခွဲသည့်အလုပ် ကို ဝိုင်းလုပ်ပေးသည်။
မြင်းမြီးဖြင့် ယက်လုပ်ရသည့် ယွန်းပညာသည် ခက်ခဲရုံ သာမက မြင်းမြီးဝယ်ယူရသည်ကလည်း မလွယ်လှပေ။ ပုဂံနယ် တစ်ဝိုက်တွင် မြင်း၏အမွေးအမှင်များကို အရှည်ထားကာ အလှ သက်သက်မွေးထားရသည့် မြင်းအလှစီးလုပ်ငန်း လုပ်ကိုင်သူ တွေ များပြားလာသည်။
မြင်းအလှမွေးရန် ယခင်လို မြင်းမြီးဖြတ်ပြီးရောင်းချမှုတွေ မရှိကြတော့သဖြင့် တောင်တွင်းကြီး၊ မိတ္ထီလာ၊ မန္တလေး၊ နတ် မောက်စသည့် နယ်ဘက်များသို့ မြင်းမြီးများ သွားရောက်ရှာဖွေ ဝယ်ယူရသည်ဟု မြင်းမြီးယွန်းထည်ရက်လုပ်သူ ဒေါ်အေးစန္ဒာ က ပြောပြသည်။
တစ်ခါတစ်ရံ ငွေရှိသော်လည်း မြင်းမြီးဝယ်မရတာမျိုး လည်းဖြစ်တတ်သည်ဟု သူကဆိုသည်။ မြင်းမြီးသည် တစ်ဦးတည်းဆီက တစ်ပိဿာ၊ ငါးဆယ်ကျပ်သား ဝယ် ယူ၍ မရနိုင်သောကြောင့် ပုဂံအပြင်ဘက် ရွာတွေဆီ သို့ လှည့်ကာ ငါးကျပ်သား၊ တစ်ဆယ်သားစီ ရသမျှ လိုက်စုရပြီး တစ်ပိဿာလုံး ပေါက်ဈေးသည် ကျပ် လေးသောင်းနီးပါးခန့်ရှိသည်ဟုဆိုသည်။
”ရွှေက ငွေရှိရင် ရှိသလောက်ဝယ်လို့ရတယ်။ ဒီမြင်း မြီးက ငွေပါသလောက် ဝယ်ပါမယ်ဆိုတာတောင် တစ်ခါတလေဝယ်မရဘူး”
မြင်းမြီးယွန်းထည်တွင် အဓိကကုန်ကြမ်းဖြစ်သည့် မြင်းမြီး ရှားပါးသလို ရက်လုပ်နိုင်သူလည်း ရှားပါးသည်။ ဒေါ်အေးစန္ဒာသည် မြင်းမြီးယွန်းပညာ ရက်လုပ်မှုကို သူ့ သမီးဖြစ်သူအား သင်ကြားပေးသေးသည်။ သို့သော် စိတ် မရှည်သောကြောင့် သင်ပေး၍မရခဲ့။ အလားတူ ရွာထဲရှိ တခြားသောသူများကလည်း လာရောက်သင်ယူခဲ့ကြသည့်တိုင် သုံးရက်ခန့်လာရောက်ကြပြီး ဆက်လက်သင်ကြားခြင်း မပြုနိုင် ကြဟု ဒေါ်အေးစန္ဒာက ဆိုသည်။
မြင်းမြီးယွန်းထည်ရက်လုပ်မှုသည် အခြားယွန်းထည်ရက် လုပ်မှုနှင့် မတူ။ အသေးစိတ်၊ လက်ဝင်လှပြီး စိတ်ရှည်ရသည့် လက်မှုပညာတစ်ခုဖြစ်သဖြင့် နှီးအသုံးပြုယွန်းထည်ကိုသာ ရက် လုပ်ဖြစ်နေသည်ဟု မြင်းကပါရွာ ဒေသခံတချို့ကို လိုက်လံ မေး မြန်းမှုအရ သိရသည်။
မြင်းကပါတစ်ရွာလုံးတွင် သူတစ်ဦးတည်းသာ ရက်လုပ်နေ သည့် မြင်းမြီးယွန်းပညာကို လက်ဆင့်ကမ်းပေးခဲ့ချင်သော်လည်း ယခုအချိန်အထိ သူ့နောက်မှာ ကျွမ်းကျင်စွာတတ်မြောက်သူ မရှိ သေးသည်ကို စိတ်မကောင်းဖြစ်မိသည်ဟု ဒေါ်အေးစန္ဒာက သူ၏ခံစားချက်ကို ပြောပြသေးသည်။
လေးလက်မပတ်လည်ရှိသည့် မြင်းမြီးယွန်းခွက်တစ်ခု ရရှိ ရန် မြင်းမြီးတစ်ကျပ်ခွဲသားခန့်၊ အမျှင်အရေအတွက်အားဖြင့် ၁ဝဝ နီးပါးခန့် သုံးစွဲရပြီး နားနားနေနေရက်လုပ်လျှင်ပင် အချိန် ငါးရက်လောက် ပေးရသည်။ မြင်းမြီးယွန်းထည်သည် အခြား နှီး ယွန်းထည်တွေနှင့်မတူ ပုဂံယွန်းထည်ဈေးကွက်တွင် အလွန်တန် ဖိုးထားကာ ဈေးကောင်းလှသည်ဟု ယွန်းထည်လုပ်ငန်းရှင်များ က ဆိုသည်။
သာမန် နှီးယွန်းထည်နှင့် မြင်းမြီးယွန်းထည်သည် ဈေးနှုန်း အားဖြင့်လည်း ကွာခြားမှုရှိသည်။ လေးလက်မပတ်လည် အရွယ် အစားရှိ လက်ဖက်ရည်ခွက်တစ်လုံးလျှင် မြင်းမြီးယွန်းခွက်ဖြစ် ပါက ဒေါ်လာ ၄ဝ လောက် (ကျပ် ငါးသောင်းကျော်) ရောင်းချရ သည်။ နှီးယွန်းထည်ဆိုပါက ကျပ် ၁,၅ဝဝ၊ ၂,ဝဝဝ ခန့်သာ ဈေး ရှိသည်။
မြင်းမြီးနှင့် လုပ်ထားသည့်ယွန်းခွက်၏ အားသာချက်သည် တာရှည်ခံပြီး ပြုတ်ကျလျှင် လုံးဝမကွဲနိုင်သလို မီးရှို့ပါကလည်း နှီးယွန်းနှင့် ပလတ်စတစ်ယွန်းထည်လို အလွယ်တကူ မီးလောင် ကျွမ်းခြင်း မရှိနိုင်ဟု သိရသည်။
ယွန်းခွက်ကို မြင်းမြီးဖြင့် ရက်လုပ်ထားခြင်း ဟုတ်၊ မဟုတ် ခွဲခြားသိရှိနိုင်စေရန် ဒေါ်အေးစန္ဒာက ယခုလိုရှင်းပြသည်။
”ခွက်ကို ဖျစ်ကြည့်လိုက်ရင် ကျိုးတာ၊ ကွဲတာ မရှိဘူးဆိုရင် မြင်းမြီးနဲ့ လုပ်ထားတာပဲ”
မြင်းမြီးယွန်းထည်သည် နှီးယွန်းထည်ထက် အနည်းငယ် ဈေးပိုသဖြင့် ယွန်းထည်ပစ္စည်းအကြီးစားတွေနှင့် ပစ္စည်းစုံကို ရက်လုပ်ခြင်းမရှိဘဲ အများစုဝယ်နိုင်သည့် လက်ဖက်ရည်ခွက်၊ ကွမ်းအစ်၊ လင်ပန်းအသေးစားနှင့် ပစ္စည်းအသေးစားတွေကိုသာ အများဆုံးလုပ်ဖြစ်သည်ဟုဆိုသည်။
မြင်းမြီးယွန်းထည်သည် ပြည်တွင်းဝယ်လိုအားထက် ပြည်ပဝယ်လိုအား ပိုမိုများပြီး အထူးသဖြင့် နိုင်ငံခြားသားများ အကြိုက်တွေ့ကြသည်ဟု ယွန်းထည်ဆိုင်များက ဆိုသည်။ ထို့ ပြင် မြင်းမြီးယွန်းထည်သည် ယွန်းထည်ဆိုင်ကြီးများတွင်သာ ရနိုင်သည့် ကုန်ပစ္စည်းတစ်ခုဖြစ်သည်။
၂ဝ၁ဝ လောက်အထိ မြင်းကပါရွာတွင် မြင်းမြီးယွန်းထည် လုပ်ကိုင်သူအနည်းငယ်ရှိခဲ့သော်လည်း ယခုတွင်မူ မြင်းကပါရွာ အပြင်ဘက်၊ ပုဂံတစ်ဝိုက်၌ပင် မရှိသလောက်ပင်ဖြစ်နေပြီဖြစ်သည်။

ဒေါ်အေးစန္ဒာရက်လုပ်နေသည့် မြင်းမြီးယွန်းထည်။ ဓာတ်ပုံ – မီမီခိုင်
တစ်ရွာလုံးတွင် တစ်ယောက်တည်းသာ ရက်လုပ်တတ် သည့် ပညာမို့ မြင်းကပါရွာသို့ နှီးယွန်းထည်လုပ်ငန်းများ လာ ရောက်လေ့လာကြသည့် နိုင်ငံခြားသားတို့သည် ဒေါ်အေးစန္ဒာ၏ မြင်းမြီးယွန်းရက်လုပ်မှုကို လာရောက်လေ့လာကြမြဲဖြစ်သည်။ ရွာမှ တခြားသူများကလည်း နိုင်ငံခြားသားဧည့်သည်များကို သူဆီသို့ တခုတ်တရဖြင့် ဂုဏ်ယူစွာခေါ်လာပြခြင်းလည်း ဖြစ်သည်။
ထိုအခါမျိုးတွင် သူ၏ခင်ပွန်းဖြစ်သူ ဦးမောင်ဝင်းက အလွတ် ကျက်ထားသည့်အင်္ဂလိပ်စကားနှင့် မြင်းမြီးယွန်းထည်လုပ်ငန်း ကို ကျွမ်းကျင်စွာ ရှင်းပြပေးသည်ဟုဆိုသည်။
”နိုင်ငံခြားသားတွေက ခဏခဏလာကြည့်ကြတာပဲ၊ လာကြည့်ရင် အဒေါ်ကတော့ ပျော်တယ်။ ကိုယ့်ပညာလေး ပြရ တော့လေ။ ကိုယ်ကတော့ အင်္ဂလိပ်လို မပြောတတ်ဘူးလေ။ ကိုမောင်ဝင်းကပဲ ရှင်းပြတာ။ အိမ်ကလူက အင်္ဂလိပ်စကားရတယ် လေ”ဟု ရက်လက်စယွန်းထည်တွင် အစထွက်နေသည့် မြင်းမြီး အစများကို ကတ်ကြေးဖြင့် လက်စသတ်ရင်း ပြောပြသည်။
ဒေါ်အေးစန္ဒာ၏အိမ်ကိုလာရောက်ကာ မြင်းမြီးယွန်းပညာ ကိုလေ့လာခဲ့သည့် နိုင်ငံခြားသားများကလည်း သူတို့မိသားစုနှင့် အမှတ်တရဓာတ်ပုံများ ရိုက်ကူးသွားပြီး သူတို့နိုင်ငံပြန်ရောက်ကြ လျှင် ရိုက်ကူးသွားသော ဓာတ်ပုံများကို စာတိုက်မှတစ်ဆင့် မှတ် မှတ်ရရ ပြန်လည်ပို့ပေးကြတာလည်း ရှိသည်။
”အငယ်ကောင် ယူပြလိုက်စမ်းပါဟဲ့။ နိုင်ငံခြားသားတွေ ပြန်ပို့ပေးတဲ့ ဓာတ်ပုံတွေကို”ဟု အော်ပြောကာ အိမ်ထဲရှိ သား အငယ်အား လေယာဉ်ပျံစာအိတ်နှင့်ထည့်ထားသည့် ဓာတ်ပုံတွေ ကို ယူပြခိုင်းနေသေးသည်။
တစ်ခါတစ်ရံ အသေးစိတ်၊ အနုစိတ်သည့် ယင်းအလုပ်ကို လုပ်ရင်းကိုင်ရင်း စိတ်ပျက်ဖူးသလားဟု မေးသည့်အခါတွင် ဒေါ်အေးစန္ဒာက တစ်နေကုန် ယွန်းရက်ထားရခြင်းကြောင့် အတော်ညောင်းညာနေဟန်တူသည့် သူ၏ခါးကိုဆန့်ရင်း၊ နား သယ်စပ်နှစ်ဖက်ကို လက်ချောင်းများဖြင့် ဖိနှိပ်အညောင်းဖြေကာ မျက်ဝန်းမှေးမှေးပေါ်က မျက်မှန်ကို နဖူးအထက် ငယ်ထိပ်သို့ ပင့် တင့်လိုက်သည်။
”တစ်အိမ်လုံးလည်း ဒါနဲ့ပဲ ထမင်းစားနေကြတာ။ ဒီ ပညာကို ချစ်လွန်းလို့ မြင်းသားဆို လုံးဝမစားဘူး။ တစ်ရွာလုံးမှာ လည်း ဒီပညာတတ်တာ ကိုယ်ပဲရှိတာ။ အဲဒီတော့ လုပ်ရင်း ပျော် နေတာပဲ”ဟု ပြောပြောဆိုဆို အညောင်းဆန့်ရာမှ မတ်တတ်ထ ရပ်ရင်း သူ၏တတ်ကျွမ်းမှုအတွက် ဂုဏ်ယူစွာ ရယ်မောလိုက် သည့်အခါ သူ၏ကျဉ်းမြောင်းသော မျက်ဝန်းများပင် မှေးစင်း ပျောက်ကွယ်သွားသည်။ ။
၂၀၁၆-နိုဝင်ဘာလထုတ်၊မော်ကွန်းမဂ္ဂဇင်း အမှတ်(၄၀)မှ ပုံရိပ်လွှာဆောင်းပါးဖြစ်ပါသည်။
မီမီခိုင် ရေးသည်။

