ကျောင်းဖွင့်ချိန်တိုင်း ကျောင်းတက်နိုင်ကြပြီလား

ကျောင်းဖွင့်ချိန်တိုင်း ကျောင်းတက်နိုင်ကြပြီလား

အသက် ၁၃ နှစ်အရွယ် ခြောက်တန်းကျောင်းသူ မမောင်းလိုင်းနှင့် နှစ်တန်းကျောင်းသား သူ့မောင် လေးတို့နှစ်ယောက် သူတို့အိမ်မှ ခြေကျင်ခရီး နှစ်နာရီ ခန့်ဝေးသည့် ကျောင်းသို့ နေ့စဉ်ကျောင်းတက် ကျောင်းဆင်းလုပ်ကြရသည်။ မနက်ပိုင်းတွင် ဈေး ဝယ်ထွက်သည့် ဘတ်စ်ကားဖြင့် လိုက်ပါနိုင်သော် လည်း ညနေအပြန်တွင်မူ ဘတ်စ်ကားမှာ မရှိတော့။ သူတို့အဖေ အလုပ်အားသည့်နေ့များတွင် ဆိုင်ကယ် ဖြင့် လာကြိုသော်လည်း တစ်ပတ်တွင် နှစ်ရက်လောက် က မောင်နှစ်မနှစ်ယောက်တည်း လမ်းလျှောက်ပြန် ကြရသည်။

သူတို့နေထိုင်သည့် တော်ထဲင်ကျေး ရွာမှာ ချင်းပြည်နယ်၊ မင်းတပ်မြို့ပေါ်မှ ခြောက်မိုင်ခန့် ဝေးသည်။ မြို့ပေါ်ရှိ ကျောင်း သို့ သွားသည့်လမ်းမှာ ကွေ့ကောက်ကာ တောင်တက်၊ တောင်ဆင်းများရှိနေသည်။ မိုးများသော ရက်များတွင် တောင်ပေါ်မှ မြေစိုင်များ ပြိုကျလာတတ်ကာ လမ်းမှာ ဗွက်ထနေတတ်သဖြင့် ချော်မလဲအောင် သတိထားပြီး လျှောက်နေရသောကြောင့် ခရီးမတွင်လှပေ။

မြန်မာနိုင်ငံတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဇွန်မှ မတ်လအထိကို ကျောင်းဖွင့်ချိန်ကာလအဖြစ် တစ်ပြေးညီ သတ်မှတ်ထားသောကြောင့် ပထဝီဝင် အနေအထားအရ တချို့သော မြစ်ချောင်း ပေါများသည့် ဒေသများနှင့် တောင်ပေါ် ဒေသများတွင် ဇွန်၊ ဇူလိုင်၊ သြဂုတ်လများ ၌ မိုးရွာသွန်းမှုများသည့်အတွက် မမောင်း လိုင်းတို့ မောင်နှမနှစ်ယောက်လို ကျောင်း သူ၊ ကျောင်းသားများ ကျောင်းတက်သည့် အခါ သွားရေးလာရေးအန္တရာယ်၊ အခက် အခဲများနှင့် ကြုံတွေ့နေရသည်ဟု ပညာ ရှင်များကပြောသည်။

မြန်မာနိုင်ငံတွင် မတူကွဲပြားသည့် ဝိသေသများရှိသည့်အပြင် ယခုနောက် ပိုင်းတွင် သဘာဝဘေးအန္တရာယ်များက လည်း နှစ်စဉ်နှစ်တိုင်းလိုလို ဖြစ်ပေါ်လာ သည့်အတွက် တစ်နိုင်ငံလုံး တစ်ပြေးညီ သတ်မှတ်ထားသည့် ကျောင်းဖွင့်ချိန်၊ ပိတ် ချိန်များကို ဒေသနှင့်ကိုက်ညီစွာ ပြောင်းလဲ ရန် ပညာရှင်များနှင့် ဝိုင်းဝန်းဆွေးနွေးပြီး ဆောင်ရွက်သင့်သည်ဟု ရန်ကုန်ပညာ ရေးတက္ကသိုလ်၊ ပညာရေးသဘောတရား ဌာနမှ အငြိမ်းစားပါမောက္ခ ဦးရဲမြင့်က အကြံပြုသည်။

”သဘာဝဘေးတွေတော့ ဖောက် ပြန်လာပြီ။ ကျောင်းပညာကို ဘယ်လိုသင် မှာလဲဆိုတာက အရေးကြီးတယ်။ ဒီလို အနေအထားမှာ တစ်နိုင်ငံလုံးအညီ သင် ကြားနေတာကို ဘယ်လိုလုပ်မှာလဲ။ အဲဒါ ကို သေချာလုပ်ဖို့လိုတယ်”ဟု သူက ဆို သည်။

ယခုနှစ် ဇူလိုင်နှင့် သြဂုတ်လထဲက နေပြည်တော်၌ကျင်းပသော ပညာရေး အဆင့်မြှင့်တင်ရေးကဏ္ဍနှင့် ပတ်သက် သည့် ဆွေးနွေးပွဲများတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ပြီး ဆရာ၊ ဆရာမများ၏ လူ မှုဘဝနှင့်အရည်အသွေးများကို မြှင့်တင် ရေး၊ သင်ကြားရေး၊ သင်ရိုးညွှန်းတမ်းများ နှင့် ပတ်သက်ပြီးပြောကြားခဲ့သော်လည်း ဒေသနှင့် ကိုက်ညီသည့်အချိန်တွင် ကျောင်း ဖွင့်ရန်လိုအပ်သည့် အကြောင်းအရာနှင့် ပတ်သက်ပြီး ဆွေးနွေးခြင်းမရှိသေးသော ကြောင့် ယင်းကိစ္စကိုပါ ဝိုင်းဝန်းပြီး ဆွေး နွေးသင့်သည်ဟု ရန်ကုန်ပညာရေး တက္ကသိုလ်၊ ပညာရေး စိတ်ပညာဌာနမှ အငြိမ်းစားပါမောက္ခ ဒေါက်တာသိန်းလွင် က ထောက်ပြပါသည်။

မြန်မာ့ပညာရေး တိုးတက်စေရန် ပညာရေးဝန်ကြီးဌာန၊ ကုလသမဂ္ဂ ပညာ ရေး၊ သိပ္ပံနှင့်ယဉ်ကျေးမှုအဖွဲ့ (United Nations Educational, Scientific and Culture Organization- UNESCO) နှင့် ကုလသမဂ္ဂဖွံ့ဖြိုးရေး အစီအစဉ် (United Nations Development Program- UNDP) တို့ ပူး ပေါင်းပြီး မြန်မာ့ပညာရေးကဏ္ဍ လေ့လာ ရေးအစီအစဉ်ကို ၁၉၉ဝ မှ ၁၉၉၃ အထိ ပြုလုပ်ခဲ့သည်။

ထို့လေ့လာမှုအစီအစဉ်က မြန်မာ့ ပညာရေးကဏ္ဍအတွက် ပြင်ဆင်ရန် လို အပ်သည့် အဓိကအချက်အလက်များကို သုံးသပ်တင်ပြခဲ့သော်လည်း အကောင် အထည် ပေါ်လာခြင်းမရှိခဲ့ကြောင်း “Dictatorship, Disorder and Decline in Myanmarr” စာအုပ်၊ အခန်း (၇) တွင် ရန်ကုန်ပညာရေးတက္ကသိုလ်မှ အငြိမ်းစား ပါမောက္ခချုပ် ဦးဟန်တင်က ရေးသား ခဲ့သည်။

၂ဝဝ၈ က သြစတြေးလျ အမျိုး သားတက္ကသိုလ်က ထုတ်ဝေခဲ့သော အဆိုပါစာအုပ်တွင် စစ်တမ်းများအရ မြန်မာနိုင်ငံ လူဦးရေ၏ ၇ဝ ရာခိုင်နှုန်း ခန့်မှာ ကျေးလက်ဒေသတွင် နေထိုင်ကြပြီး ထိုအထဲမှအများစုမှာ စိုက်ပျိုးရေးလုပ် ငန်းများ လုပ်ကိုင်ကြသောကြောင့် ကျေး လက်ဒေသနေ ကျောင်းသူ၊ ကျောင်းသား များ၏ မူလတန်းပညာရေး မပြီးဆုံးမီ ကျောင်းမှ နုတ်ထွက်သွားခြင်းကို ကာ ကွယ်တားဆီးနိုင်ရန် ကျောင်းသင်ရိုးညွှန်း တမ်းများ၊ ကျောင်းဖွင့်ချိန်ကာလများနှင့် ကျောင်းသင်ခန်းစာများကို နေရာဒေသ ပေါ်မူတည်ပြီး လိုက်လျောညီထွေမှု ရှိ အောင် ပြောင်းလဲပြင်ဆင်သင့်ကြောင်း ဖော်ပြထားသည်။

photo – khin maung myint မင်းတပ်မြို့တွင် ကျောင်းလာတက်ကြသော ကျောင်းသူလေးများ။ ဓာတ်ပုံ – ခင်မောင်မြင့် / မော်ကွန်းမဂ္ဂဇင်း

 

အန္တရာယ်ကြားထဲက ပညာရှာကြသူများ

ပထဝီအနေထားအရ မြစ်ချောင်း များ ပေါများသည့်ဒေသများတွင် ကျောင်း ဖွင့်ချိန်သည် မိုးရာသီဖြစ်နေသည့်အတွက် ကျောင်းတက်ရသည်မှာ အန္တရာယ်များပြီး အချို့မှာ အသက်သေဆုံးမှုများပင် ရှိ နေသည်။

ယခုနှစ်ကျောင်းစဖွင့်သည့် ဇွန် ၁ ရက်က ရခိုင်ပြည်နယ်၊ ပုဏု္ဏားကျွန်း မြို့နယ်၊ ဂန့်ဂါကျေးရွာမှ ကျောင်းသူ၊ ကျောင်းသားများ ကျောင်းပြန်ချိန်တွင် ကူးတို့လှေဖြင့် ပိုးရွှီပြင်မြစ်ကိုဖြတ်ကူးစဉ် ရေစီးသန်သည့်အပြင် စက်လှေတွင် လူပို လည်း တင်ဆောင်လာသောကြောင့် လှေ နစ်မြုပ်ပြီး ခုနစ်ဦး အသက်ဆုံးရှုံးခဲ့သည်။

သြဂုတ် ၁၉ ရက်ကလည်း ရခိုင် ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ဈေးကုန် တန်းကျေးရွာ ကူးတို့ဆိပ်မှ ရန်အောင်ပြင် ကျေးရွာ အထကခွဲကျောင်းသို့ ကျောင်း သား၊ ကျောင်းသူများ ကျောင်းတက်ရန် အသွား ချောင်းကိုဖြတ်သန်းစဉ် လှေနစ် မြုပ်ပြီး ကျောင်းသူလေးဦးသေဆုံးခဲ့သည်။

မိုးရာသီရေစီးသန်ခြင်း၊ ကျောင်း တက်ချိန်မီရန် တင်ဆောင်နိုင်သည့် ဦးရေ ထက် ပိုမိုတင်ဆောင်ခြင်းများကြောင့် လှေနစ်မြုပ်ရခြင်း ဖြစ်သည်ဟု ရန်အောင် ပြင်ကျေးရွာမှ အလယ်တန်းပြကျောင်း ဆရာတစ်ဦးက မော်ကွန်းသို့ တယ်လီဖုန်း မှတစ်ဆင့် ပြောသည်။

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ နယ်၊ ကြာညိုပြင်ကျေးရွာမှ ဒေါ်အနုမေ၏ သမီးဖြစ်သူမှာ နဝမတန်းကျောင်းသူ တစ်ဦးဖြစ်ပြီး နေ့စဉ်နေ့တိုင်း ကုလားတန် မြစ်ကို ဖြတ်ကူးပြီး ကျောင်းတက်နေရသူ ဖြစ်သည်။

”မိုးနဲ့လေနဲ့ ရွာတဲ့နေ့တွေဆိုရင် သမီးကို ကျောင်းမလွှတ်ရဲဘူး။ လေတိုက် ရင် မြစ်မှာလှိုင်းထတယ်လေ။ လှေနစ်မှာ ကြောက်ရတယ်”ဟု ဒေါ်အနုမေက ပြောသည်။

ကြာညိုပြင် ကျေးရွာတစ်ဝိုက်ရှိ ကျေးရွာလေးရွာမှ ကျောင်းသူ၊ ကျောင်း သား တစ်ရာခန့်မှာလည်း ကုလားတန် မြစ်တစ်ဖက်ကမ်းရှိ အပေါက်ဝကျေးရွာ အထက်တန်းကျောင်းသို့ တက်ရောက်ရန် နေ့စဉ် ကုလားတန်မြစ်ကို ကူးတို့စက်လှေ ဖြင့် ဖြတ်ကူးနေရသည်။

၎င်းကျေးရွာတွင် အလယ်တန်း အဆင့်ကျောင်းသာရှိသောကြောင့် အထက် တန်းကျောင်းရှိသည့် တစ်ဖက်ကမ်းသို့ မြစ်ကူးကာ ကျောင်းတက်ကြရခြင်း ဖြစ်သည်။

”မိုးနည်းသွားတဲ့အချိန်မှာ ကျောင်း စဖွင့်ရင်တော့ ပိုအဆင်ပြေတာပေါ့။ အဲဒီ အချိန်ဆို လှိုင်း၊ လေ မရှိတော့ မြစ်ကို ဖြတ်ရင်လည်း သိပ်စိုးရိမ်စရာမလိုဘူး လေ”ဟု ဒေါ်အနုမေက ဆက်ပြောသည်။

မိုးတွင်းဘက် ကျောင်းတက်ရသည် မှာ သွားရေးလာရေးတွင်ပင် အန္တရာယ်ရှိ သည်မဟုတ်၊ အချို့ဒေသများတွင် ဆိုးဝါး သော ရာသီဥတုကြောင့် ကျောင်းအဆောက် အအုံ ထိခိုက်ပျက်စီးမှုကိုပါစိုးရိမ်ရသည်။

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ရှိ မလိုင်ကျေးရွာတွင် မနှစ်ကမိုးရာသီ အတွင်း မိုးများကာ မြေပြိုခဲ့ပြီး လူနေအိမ် ခြေခုနစ်လုံးပျက်စီးခဲ့သည်။ ယင်းရွာရှိ မူလတန်းကျောင်းမှာ တောင်စောင်းတွင် ဆောက်လုပ်ထားခြင်းဖြစ်ပြီး မြေပြိုကျခဲ့ သည့်နေရာမှာ စာသင်ကျောင်းနှင့် ကိုက် ၅ဝဝ ခန့်သာဝေးသည်။

”ဘယ်နေ့ စာသင်နေတဲ့အချိန်မှာ မြေပြိုကျမှာလဲဆိုတာကိုပဲ စိုးရိမ်နေရ တယ်”ဟု မလိုင်ကျေးရွာမှ မူလတန်းပြ ဆရာမ ဒေါ်မေသူအောင်က ဖွင့်ဟသည်။

ထို့အပြင် မိုးရာသီတွင် မိုးမိပြီး ဖျား နာကြသောကြောင့် ကျောင်းပျက်နှုန်း များကြသည်ဟု ၎င်းက ပြောသည်။

”ကလေးတွေ မိုးရေထဲမှာ ကျောင်း တက်ရတာ အရမ်းအခက်အခဲဖြစ်တယ်။ (အချိန်)နည်းနည်းနောက်ဆုတ်ပြီး (ကျောင်း) ဖွင့်ရင်တော့ ကလေးတွေရော၊ ဆရာမတွေပါ ပိုပြီးအဆင်ပြေနိုင်တယ်လို့ ထင်တယ်”ဟု ဆရာမ ဒေါ်မေသူအောင် က ပြောသည်။

ဒေါ်မေသူအောင်ပြောသကဲ့သို့ပင် မိုးရာသီတွင် ကျောင်းသားများသာမက ကျောင်းဆရာ၊ ဆရာမများပါ အခက်တွေ့ ကြရသည်။

ကျောင်းဆရာမလုပ်သက် ၁၄ နှစ် ရှိပြီဖြစ်သော ဆရာမဒေါ်နိုင်းမြူးမံမှာ လွန်ခဲ့သည့် နှစ်နှစ်ခန့်ကမှ မင်းတပ်မြို့ နယ် ကြာလေလှိုင်းကျေးရွာသို့ အလယ် တန်းပြဆရာမအဖြစ် ပြောင်းရွှေ့လာခဲ့ သူဖြစ်သည်။ ကြာလေလှိုင်းကျေးရွာသို့ မပြောင်းရွှေ့မီ ဒုံအိမ်ကျေးရွာ မူလတန်း ကျောင်းတွင် ကျောင်းအုပ်အဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။

ဒုံအိမ်ကျေးရွာတွင် ကျောင်းအုပ် တာဝန်ထမ်းဆောင်စဉ်က သူ၏ လက် ထောက်ဆရာမတစ်ယောက်မှာ မင်းတပ် မြို့မှ စားနပ်ရိက္ခာယူပြီးအပြန်တွင် တောင် ကျချောင်းရေနှင့်အတူ မျောပါဖူးသည်။ ထိုဆရာမကို ရိက္ခာကူသယ်ပေးသည့် ကျောင်းသားမိဘတစ်ယောက်က လိုက် ဆွဲလိုက်နိုင်သောကြောင့် ထိုဆရာမမှာ အသက်ဆုံးရှုံးမှုမရှိခဲ့ဟု သူက ပြန်ပြောင်း ပြောပြသည်။

မိုးတွင်းဘက်တွင် အရေးကြီးကိစ္စ ဖြင့် မင်းတပ်မြို့ပေါ်သို့ သွားရသည့်အခါ တိုင်း ဆရာမဒေါ်နိုင်းမြူးမံက ယခုကဲ့သို့ ဆုတောင်းသည်။

”ချောချောမောမော ပြန်ရောက်ပါ စေလို့ ကျွန်မဘုရားသခင်ဆီမှာ အမြဲ တမ်းဆုတောင်းပြီးမှ အသွားအပြန်လုပ်တယ်”

နောက်တစ်ချက်မှာ မိဘများ၏ လုပ်ငန်းခွင်ဝင်ချိန်နှင့် ကျောင်းဖွင့်ချိန် တိုက်ဆိုင်နေသောကြောင့်လည်း သား သမီးများကို ကျောင်းထားရန် အခက်အခဲ များ တွေ့ကြရသည်။ စိုက်ပျိုးရေးလုပ်ငန်း အများစုမှာ ကျောင်းဖွင့်ရာသီဖြစ်သော မိုးရာသီတွင် ကျရောက်နေသောကြောင့် လယ်ယာလုပ်ငန်းခွင် ဝင်နေရသောမိဘ များမှာ သားသမီးများကို ကျောင်းပို့ဖို့ အခက်ခဲရှိနေကြသည်ဟု ဆိုကြသည်။

မင်းတပ်မြို့နယ်ထဲရှိ ကျေးရွာတချို့ ကို သွားရောက်ခဲ့သည့်အခါ တချို့ကျေး ရွာများ၌ အိမ်တချို့မှာ တံခါးများကို သော့ ခတ်ထားခဲ့ပြီး တောင်ယာများတွင် နေ ထိုင်ကာ လုပ်ငန်းခွင်ဝင်နေကြသည်ဟု ဒေသခံများက ပြောသည်။

ဆိုးဝါးလာသော သဘာဝဘေးအန္တရာယ်

ကမ္ဘာ့ရာသီဥတု ဖောက်ပြန်မှုများ လာသည်နှင့်အမျှ နောက်ဆက်တွဲအဖြစ် သဘာဝဘေးအန္တရာယ်များကိုလည်း ကြုံတွေ့လာကြရသည်။ တစ်နှစ်ထက် တစ် နှစ် အပူချိန်မြင့်မားလာခဲ့သည်။ ရေကြီး ရေလျှံမှု များလာခဲ့သည်။ ထိုကမ္ဘာ့ရာသီ ဥတုဖောက်ပြန်မှုဒဏ်ကို မြန်မာနိုင်ငံသည် လည်း ခံစားလာရသည်။

၁၉၉၅ မှ ၂ဝ၁၄ ခုနှစ်အတွင်း ရာသီ ဥတု ဖောက်ပြန်မှုကြောင့် သဘာဝဘေး အန္တရာယ်ကျရောက်သည့်ဒဏ်ကို အခံရ ဆုံး ၁ဝ နိုင်ငံထဲတွင် မြန်မာနိုင်ငံသည် ဒုတိယဖြစ်သည်ဟု ယခုနှစ် Global Climate Risk Index-2016 ၏ ထုတ် ပြန်ချက်တွင် ဖော်ထားသည်။

”အခုချိန်မှာအရေးကြီးတဲ့ Issue ကန တစ်ခုဖြစ်လာပြီဗျ။ ဒီမိုးတွင်းကာလမှာပဲ ရေကြီးတာ နှစ်ခါ၊ သုံးခါလောက် ဖြစ်ပြီ လေ။ အဲဒီလိုဆိုလို့ရှိရင် ကလေးတွေက ပုံမှန်ကျောင်းတက်နိုင်တဲ့ အနေအထား က ဘယ်လိုမှမရှိတော့ဘူးလေ”ဟု ပါမောက္ခ ဒေါက်တာသိန်းလွင်က ဆိုပါသည်။

သဘာဝဘေးများကြောင့် ပိတ် ထားရသည့် ကျောင်းစာသင်ချိန်များကို တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများ၏ အစီအစဉ်ဖြင့် အစားထိုးသင်ကြားပေး လျက်ရှိသည်ဟု မြန်မာနိုင်ငံပညာရေး သုတေသနဦးစီးဌာနမှ ညွှန်ကြားရေးမှူး ချုပ် ဒေါက်တာခိုင်မြဲက ပြောသည်။

”ဒေသတစ်ခုနဲ့တစ်ခု အစားထိုး သင်ပေးတဲ့အချိန်ကတော့ တူမှာ မဟုတ် ဘူးလေ။ ကျောင်းတက်ချိန်ပြီးတဲ့အချိန် မှာ အချိန်ပိုယူသင်တဲ့ ကျောင်းတွေလည်း ရှိတာပေါ့။ မိုးတွင်းဆိုရင် ဥပုသ်၊ တနင်္ဂနွေ သင်တဲ့သူတွေလည်း ရှိမှာပေါ့”ဟု သူက ဆက်ပြောသည်။

ရန်ကုန်ပညာရေးတက္ကသိုလ် ပါမောက္ခ ချုပ် ဒေါက်တာအေးအေးမြင့်ကလည်း အခြားသော နိုင်ငံများတွင် သဘာဝဘေး အန္တရာယ်ကျရောက်သည့် ဒေသများမှ ပိတ်လိုက်ရသော စာသင်ကျောင်းများကို အခြားသောအချိန်တွင် အစားထိုးသင် ကြားပေးလေ့ရှိသည်ဟု သူ့အတွေ့အကြုံ ကို ပြောပြသည်။

သူ ပညာရေးပါရဂူ ဘွဲ့ရယူခဲ့သည့် ဂျပန်နိုင်ငံတွင်လည်း ငလျင်မကြာခဏ လှုပ်ခတ်လေ့ရှိပြီး သဘာဝဘေးဒဏ်ခံရ သည့်အခါ စာသင်ကျောင်းများကို ခေတ္တ ပိတ်ထားပြီး ပြန်လည်ထူထောင်ရေးလုပ် ငန်းများ ပြီးဆုံးသည့်အခါ ပြန်လည် အစားထိုး သင်ကြားပေးလေ့ရှိသည်ဟု ဆိုသည်။

”ဖိလစ်ပိုင်၊ အင်ဒိုနီးရှား စတဲ့ နိုင်ငံ တွေမှာ လူမျိုးစုတွေ၊ ကျွန်းတွေ များ ပေမယ့် တစ်ကျွန်းကို ကျောင်းဖွင့်ချိန် တစ်မျိုး မလုပ်ဘူး။ သူတို့ဆိုလည်း သဘာဝဘေးတွေ မကြာခဏဖြစ်တယ်။ သဘာဝဘေးဖြစ်ရင် ပိတ်တယ်။ ကျောင်း တွေ ပိတ်တယ်။ ပြန်အစားထိုးပြန်ဖွင့်ပေး တယ်”ဟု သူက ဆိုပါသည်။

photo – kyaw zayyar tun  ဒေးဒရဲမြို့နယ်၊ လေးအိမ်ကုန်းကျေးရွာ၊ အခြေခံပညာ မူလတန်းကျောင်းမှ ကျောင်းဆင်းလာသည့် ကျောင်းသူ၊ ကျောင်းသားများ။ ဓာတ်ပုံ – ကျော်ဇေယျာထွန်း / မော်ကွန်းမဂ္ဂဇင်း

သူက ဆက်လက်ပြီး ”အခုပဲ နေရာ တော်တော်များမှာ မြစ်ရေတွေကြီးတယ်။ အဲဒီမှာတော့ ပိတ်ရမှာပဲ။ ဘယ်လိုလုပ် ကျောင်းတက်မှာလဲ။ တစ်နိုင်ငံလုံး အတိုင်း အတာနဲ့ဆိုပြီး ဖွင့်နေလို့မရဘူး။ ပြီးရင် အဲဒီပိတ်ရက်တွေကို အစားထိုး သင်ရ မယ်။ ဒါလည်း ပျက်သွားတဲ့ကျောင်းချိန်ကို အစားထိုးသင်ကြားတဲ့ နည်းတစ်ခုပဲ”ဟု ဆိုပါသည်။

ယခုနှစ်တွင် မိုးများပြီး ရေကြီး ရေလျှံမှုများကြောင့် နိုင်ငံတစ်ဝန်းရှိ စာ သင်ကျောင်းပေါင်း သုံးထောင်ကျော် (၃,၁၁၁) ပိတ်ထားခဲ့ရပြီး သြဂုတ် တတိယ ပတ်အထိ စာသင်ကျောင်း တစ်ထောင် ကျော် (၁,ဝ၃၉) ပိတ်ထားရဆဲဖြစ်သည် ဟု အခြေခံပညာဦးစီးဌာန (စီမံဌာနခွဲ)၏ စာရင်းများက ဖော်ပြထားသည်။

မြန်မာတစ်နိုင်ငံလုံးတွင် ကျောင်း ပေါင်း လေးသောင်းခုနစ်ထောင်ကျော် ရှိပြီး ဆရာ၊ ဆရာမ သုံးသိန်းလေးသောင်း ကျော်ရှိသည်။ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ကိုးဒသမနှစ်သန်းကျော် ပညာ သင်ကြားနေကြသည်ဟု ဒေါက်တာခိုင်မြဲ က ပြောသည်။

 နည်းလမ်းနှစ်သွယ်

မြန်မာနိုင်ငံတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် သတ်မှတ်ပြဋ္ဌာန်းထား သည့် သင်ရိုးညွှန်းတမ်းအပါအဝင် ပညာ ရေးစနစ်တစ်ခုလုံးကိုကြည့်ပါက ဗဟို အစိုးရမှ တိုက်ရိုက်ချုပ်ကိုင်ထားသော စနစ်ကို ကျင့်သုံးနေကြရသည်ဟု ပညာ ရှင်များက ဆိုပါသည်။

ပထမနည်းလမ်းမှာ ထိုကဲ့သို့ ဗဟို ချုပ်ကိုင်မှုစနစ်ကို ပြောင်းလဲကာ တိုင်း ဒေသကြီးနှင့် ပြည်နယ်များအား လုပ်ပိုင် ခွင့် အာဏာများကို ခွဲဝေပေးသောစနစ်သို့ ပြောင်းလဲပြီး ကျောင်းဖွင့်ချိန်၊ ကျောင်း ပိတ်ချိန် သတ်မှတ်ချက်များကို တိုင်း ဒေသကြီးနှင့် ပြည်နယ်အစိုးရများကို လုပ် ပိုင်ခွင့်ပြုလိုက်ခြင်းဖြင့် ပြောင်းလဲနိုင် သည်ဟု ပညာရှင်များက အကြံပြုသည်။

”တိုင်းနဲ့ပြည်နယ်ကို ပေးလိုက်ရင် သူတို့ပိုပြီး တာဝန်ကြီးလာတယ်။ ဒီမှာက အထက်က အမိန့်အတိုင်းပဲ သွားနေတာ ကြာခဲ့ပြီဆိုတော့ အထက်က အမိန့်ကို စောင့်နေကြတယ်။ (ဗဟိုချုပ်ကိုင်မှု မရှိ တော့ရင်) အကုန်လုံးက တစ်ယောက် ချင်းစီရဲ့ လုပ်ရမယ့်တာဝန်တွေကို ပိုပြီး လုပ်လာကြရတော့မှာ”ဟု ပညာရေး တက္ကသိုလ် အငြိမ်းစားပါမောက္ခချုပ် ဒေါက်တာခင်ဇော်ပြောသည်။

”ပညာရေးမှာကတော့ နှစ်မျိုးစဉ်း စားရတာပေါ့နော်။ Access (လက်လှန်းမီ မှု)နဲ့Quality လို့ခေါ်တဲ့ (အရည်အသွေး ပိုင်း)ကို မျှအောင် စဉ်းစားရတာပေါ့နော်။ အခုကတော့ Access ပိုင်းကိုတော့ လုပ် နေတယ်။ အခုက တိုင်းရင်းသားဒေသ တချို့မှာဆို Access ကို မရှိသေးဘူး”ဟု ၎င်းက ထောက်ပြသည်။

နောက်နည်းလမ်းတစ်ခုမှာ ပထမ ကျောင်းဖွင့်ရက်နှင့် နောက်ဆုံးကျောင်း ပိတ်ရက်ကို တစ်နိုင်ငံလုံး တစ်ပြေးညီ သတ်မှတ်ထားပြီး မည်သည့်ရက်နှင့် မည် သည့်အချိန်တွင် ကျောင်းတက်ရမည်ဆို သည်ကို သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများအား ဆောင်ရွက်ခွင့် ပေးထားခြင်းဖြင့် ပြောင်းလဲနိုင်သည်ဟု သူတို့ကအကြံပြုသည်။

ဥပမာအားဖြင့် တချို့ဒေသများ တွင် ဥပုသ်နေ့ပိတ်ရက်များ၊ ဒီဇင်ဘာ ကျောင်းပိတ်ရက်များ၊ စနေ၊ တနင်္ဂနွေ ပိတ်ရက်များ စသဖြင့်တစ်ပြည်လုံး မသတ်မှတ်ဘဲ ကိုယ့်ဒေသနှင့်ကိုက်ညီ မည့် နေ့ရက်များဖြင့် အစားထိုးကျောင်း ဖွင့်/ပိတ်လုပ်ခြင်းကို ခွင့်ပြုပေးရမည်ကို ဆိုလိုခြင်းဖြစ်သည်။

ယင်းကဲ့သို့ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် တာဝန်ပေးလိုက်ခြင်း ဖြင့် ကျောင်းသူ၊ ကျောင်းသားများနှင့် ဆရာ၊ ဆရာမများ အန္တရာယ် ကင်းလာ နိုင်သည့်အပြင် ရာသီဥတု ကောင်းသည့် အချိန်တွင် စာသင်ကြားခွင့်ရနိုင်ပြီး ရာသီ ဥတုဆိုးသည့်အချိန်တွင် မိသားစုနှင့် လုံ လုံခြုံခြုံ နေထိုင်ခွင့်ရစေမည်ဟု ဒေါက် တာသိန်းလွင်က သုံးသပ်သည်။

သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် တိုင်းအလိုက်၊ ပြည် နယ်အလိုက်၊ မြို့နယ်အလိုက် ပညာရေး မှူးများကို ခန့်ထားပေးသည့်အတွက် ကျောင်းဖွင့်ချိန်၊ ကျောင်းတက်ချိန်ကို ပြုပြင်ပြောင်းလဲလျှင် ရနိုင်သည်ဟုလည်း ၎င်းက ပြောသည်။

မင်းတပ်မြို့ပေါ်တွင် တွေ့ရသည့် ကျောင်းသားလေး တစ်ဦး။ ဓာတ်ပုံ – ခင်မောင်မြင့် / မော်ကွန်းမဂ္ဂဇင်း

 ဘယ်လိုအခက်အခဲတွေ့နိုင်လဲ

ထိုနည်းလမ်းနှစ်ခုလုံးတွင် ဗဟို အစိုးရကနေ တစ်နိုင်ငံလုံး အတိုင်းအတာ ဖြင့် တစ်နှစ်လုံးတွင် ရှိရမည့်ကျောင်း တက်ရက်များနှင့် လိုအပ်သည့် စာသင် ချိန်များကို သတ်မှတ်ထားရန် လိုအပ် သည်။ ပြည်ထောင်စုအစိုးရနှင့် ပြည်နယ် နှင့် တိုင်းဒေသကြီးအစိုးရတို့ကြားတွင် တော့ အပြန်အလှန် ညှိုနှိုင်းဆောင်ရွက်မှု ရှိရန် လိုအပ်သည်ကို ပညာရှင်များက သတိပေးသည်။

“Decentralization (ဗဟိုချုပ် ကိုင်မှုလျော့ချရေး) လုပ်တဲ့အခါမှာ သတိ ပေးချင်တာတစ်ချက်က အဲဒီဒေသက လူတွေဟာ အဆင်သင့်မရှိခဲ့ရင် Decentralization လုပ်လို့မရဘူး။ တစ်ခါတစ်ခါ Decentralization သိပ်များသွားခဲ့ရင် ဗဟိုက အရည်အသွေးပိုင်းကို ထိန်းချုပ် လို့ မရဘူး ဖြစ်တတ်တယ်”ဟု အမှတ်(၁) အခြေခံပညာဦးစီးဌာနမှ ညွှန်ကြားရေး မှူးချုပ် အငြိမ်းစားလည်းဖြစ်သူ မြန်မာ နိုင်ငံ စာတတ်မြောက်ရေး အထောက် အကူပြု ပင်မဌာနမှ ဒုတိယဥက္ကဋ္ဌ ဒေါက် တာတင်ညိုက ပြောသည်။

ထိုကဲ့သို့ ကျောင်းဖွင့်ချိန်၊ ကျောင်း ပိတ်ချိန် ပြောင်းလဲဆောင်ရွက်ခြင်းကို မြန်မာနိုင်ငံတွင် တစ်ကြိမ်တစ်ခါမှ လုပ် ကိုင်ခဲ့ဖူးခြင်းမရှိသောကြောင့် မတူညီ သည့် ရာသီဥတုအနေအထားနှင့် မတူညီ သည့် ပထဝီအနေအထားရှိသော ဒေသ နှစ်ခု၊ သုံးခုတွင် အစမ်းသဘောအနေနှင့် ဆောင်ရွက်သင့်သည်ဟု သူက အကြံပြုသည်။

ယင်း စမ်းသပ်ဆောင်ရွက်သည့် ဒေသများတွင် ကျောင်းနေကလေး တိုး လာခြင်းရှိ၊ မရှိနှင့် သင်ကြားရေးတွင် ထိ ရောက်မှု ရှိ၊ မရှိ စသည့်ရလဒ်များကို ကြည့်ပြီး တိုးချဲ့ပြောင်းလဲသင့်သည်ဟုဆို ပါသည်။

”အကုန်လုံး ချိန်ဆပြီးတော့မှ လုပ် ရမှာဖြစ်တယ်။ စမ်းပြီးလုပ်ကြည့်ရင်တော့ အမှားအယွင်းနည်းတာပေါ့”ဟု ဒေါက် တာတင်ညိုက သုံးသပ်ပြောကြားသည်။

ယင်းအပြင် ကျောင်းချိန် ပြုပြင် ပြောင်းလဲမည်ဆိုပါက သက်ဆိုင်ရာဒေသ များမှ တာဝန်ရှိသူများကို အရည်အသွေး မြှင့်တင်ရေး သင်တန်းများပေးပြီးမှ ဖြည်း ဖြည်းချင်း ပြောင်းလဲသင့်သည်ဟု ¤င်းက အကြံပြုသည်။

ပညာရေးသုတေသနဦးစီးဌာန ညွှန်ကြားရေမှူးချုပ် ဒေါက်တာခိုင်မြဲက လည်း ဒေသနှင့်ကိုက်ညီသည့်စနစ်ကို ပြောင်းလဲကျင့်သုံးရာတွင် လေ့လာဆန်း စစ်မှုနှင့် သုတေသနပြုလုပ်ရန် လိုအပ် သည်ဟု ထောက်ပြသည်။

”ရေရှည်နှစ်တွေမှာ တွေ့ကြုံရနိုင် တဲ့ အရေးပေါ် အခြေအနေကို တွက်ချက် ပြီးတော့မှ အဖြေရှာရမှာပေါ့နော်။ အထောက်အထားကို အခြေပြုတဲ့ သုတေ သနပေါ်မှာ မူတည်ပြီးတော့ပဲ ဒီ Policy (မူဝါဒ) ချမှတ်ရမှာပေါ့”ဟု ၎င်းက ပြောသည်။

ကျောင်းဖွင့်ချိန်များကို မည်သည့် အချိန်တွင် စရမည်၊ မည်သည့်အချိန်တွင် ပြီးရမည်ဆိုသည်မှာ အဓိကမကျဘဲ ”အသက်အရွယ်အလိုက် ဒီကလေးတွေ ရသင့်ရထိုက်တဲ့ ဗဟုသုတ၊ အတွေး အခေါ်၊ ကျွမ်းကျင်မှုပညာ ဒါတွေရသွားဖို့ က အဓိကပဲလေ”ဟု ဒေါက်တာတင်ညို က ဆက်လက်ပြောသည်။

 ဆရာ၊ ဆရာမတွေအတွက် အခက်အခဲ

ထိုကဲ့သို့ ကျောင်းဖွင့်ချိန်များကို ဒေသနှင့် ကိုက်ညီသည့်အချိန်တွင် ပြောင်းလဲဖွင့်လှစ်သင်ကြားပါက တစ်နေ ရာမှ တစ်နေရာသို့ ပြောင်းရွှေ့တာဝန် ထမ်းဆောင်နေကြသည့် ဆရာ၊ ဆရာမ များအနေဖြင့် အခက်အခဲများ ကြုံလာနိုင် သည်ဟု ထောက်ပြသူများလည်းရှိသည်။

ဥပမာ-မြေပြန့်ကျောင်းပိတ်ရာသီ တွင် အခြားဒေသသို့ ပြောင်းရွှေ့သွား သော ဆရာမတစ်ယောက်အနေဖြင့် ပြောင်းရွှေ့သည့်ဒေသတွင် ကျောင်းဖွင့် ရာသီနှင့် ကြုံနေပါက တစ်နှစ်ပတ်လုံး နားချိန်မရှိဘဲ စာသင်နေရသည့် သဘော ဖြစ်နေမည်ကို ဆိုလိုခြင်းဖြစ်သည်။

ထိုကဲ့သို့ လုပ်ဆောင်မည်ဆိုလျှင် ပြောင်းရွှေ့မည့်ဒေသကို အခြေခံကာ ညှိနှိုင်းဆောင်ရွက်ခြင်းဖြင့် ပြေလည် အောင် လုပ်ဆောင်နိုင်သည်ဟု ဒေါက် တာသိန်းလွင်က အကြံပြုသည်။

စနစ်တစ်ခုမှ စနစ်တစ်ခုသို့ အပြောင်း အလဲလုပ်သည့်အခါအခက်အခဲများနှင့် ကြုံတွေ့ရတတ် သော်လည်း ထိုအပြောင်း အလဲ လုပ်ဆောင်ရသည့် ရည်ရွယ်ချက် အောင်မြင်ပြီး မြောက်ဖို့ အရေးကြီးသည် ဟု သူက ဆိုသည်။

”တစ်ဖက်က ကလေးတွေ ပညာ ရေးမှာ ပိုပြီးတော့ အဆင်ပြေလာတယ်ဆိုရင် အဲဒီလို ကြုံလာတဲ့ အခက်အခဲ ကို ဘယ်လိုဖြေရှင်းရင် အကောင်းဆုံး ဖြစ်မှာလဲဆိုတာ လက်တွေ့ဖြစ်လာတဲ့ အခြေ အနေပေါ်မှာ မူတည်ပြီးတော့ ဝိုင်းဝန်းဖြေရှင်းကြရမှာပဲ”ဟု ဒေါက်တာသိန်းလွင်က မှတ်ချက်ပေးသည်။

မိသားစုနှင့် တစ်ကွဲတစ်ပြားနေရာတွင် သွားရောက် တာဝန်ထမ်းဆောင်နေကြရသော ဆရာ၊ ဆရာမများ ဖြစ်ပါက သားသမီးနှင့် မိသားစု ကျန်ခဲ့သောဒေသတွင် ကျောင်းပိတ်ပြီး သူတာဝန်ကျနေသော ဒေသတွင် ကျောင်းဖွင့်နေပါက မိသားစုနှင့် တွေ့ဆုံနိုင်သည့် အခွင့် အရေးများ ဆုံးရှုံးသွားနိုင်သည်ဟု ဒေါက်တာ အေး အေးမြင့်က ထောက်ပြသည်။

နောက်တစ်ချက်အနေဖြင့် တစ်နိုင်ငံလုံးတွင် တစ် ချိန်တည်းကျင်းပသော တက္ကသိုလ်ဝင်တန်း စာမေးပွဲ များမှာ လည်း ဒေသအလိုက် မတူညီသည့်အချိန်များတွင် ဖြစ်ပေါ်လာနိုင်သည်။ သို့သော် စာမေးပွဲမေးခွန်းကို တစ်ပုံစံတည်း မဟုတ်သော်လည်း အရည်အသွေးတူညီ သည့် မေးခွန်းများဖြစ်စေရန် ပညာရှင်များက ဝိုင်းဝန်းညှိ နှိုင်းဆောင်ရွက်ခြင်းဖြင့် ကျော်လွှားနိုင်သည်ဟု ဒေါက် တာ သိန်းလွင်က အကြံပြုသည်။

 

photo – khin maung myint မင်းတပ်မြို့နယ်၊ မလိုင်ကျေးရွာ၊ မူလတန်းကျောင်းတွင် တွေ့ရသည့် ကျောင်းသူ၊ ကျောင်းသားများ။

”(မေးခွန်း) ခက်ခဲမှုပမာဏကျတော့ အပူပိုင်း ဒေသမှာ စစ်တာလည်း ခက်ခဲမှုပမာဏ ဒီလောက်ပဲ။ တောင်ပေါ်ဒေသမှာ စစ်တာလည်း ခက်ခဲမှုပမာဏ ဒီ လောက်ပဲဆိုရင် တူညီတယ်လို့ ပြောလို့ ရတယ်။ အဲဒီလို မေးခွန်းတွေလုပ်ပြီး စစ်သွားလို့ရတယ်”ဟု သူကရှင်း ပြသည်။

မြန်မာနိုင်ငံတွင် အစဉ်အလာတစ်ခု သို့မဟုတ် အရိုးစွဲနေသည့် အရာတစ်ခုမှ ဖောက်ထွက်ပြီး ပြုပြင် ပြောင်းလဲရေးလုပ်ရန် အတော်ဝန်လေးကြသည်ဟု ဒေါက်တာသိန်းလွင် ထောက်ပြပြောဆိုသည်။

ရာသီဥတု၊ ပထဝီအနေအထားမတူသည့် ဒေသ များရှိနေသော နိုင်ငံတွင် ကျောင်းဖွင့်ချိန်ကို တစ်ပြေးညီ သတ်မှတ်ထားခြင်းမှာ သဘာဝကျသလား၊ မည်မျှ လောက် ကောင်းသလဲစသည့် မေးစရာ များရှိလာသည်ဟု ဆိုပါသည်။

”သူတို့ဒေသနဲ့ ကိုက်ညီတဲ့အချိန်မှာ ကျောင်းဖွင့် ရင် ရာသီဥတု သက်သာတဲ့အချိန်မှာ စာကောင်းကောင်း သင်နိုင်မယ်။ အန္တရာယ်ပိုပြီးတော့ ကင်း စေနိုင်တယ်။ ဒီနှစ်ခုက အရေးကြီးတယ် လေ။ လူ့အသက်နဲ့လည်း ဆိုင်တယ်။ သင် ကြားမှု ထိရောက်မှု နဲ့လည်းဆိုင်တယ်”ဟု ဒေါက်တာသိန်းလွင်က ထောက် ပြသည်။

ကျောင်းဖွင့်ချိန် အပြောင်းအလဲများ နှင့် ပတ်သက်ပြီး ကောင်းကျိုးဆိုးပြစ်များ ကို ပညာရေးပညာရှင်များက ပြောဆိုနေ ကြသော်လည်း ၎င်းကိစ္စနှင့် ပတ်သက်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများ အနေဖြင့် လက်ရှိအချိန်အထိ ပြည် ထောင်စု အစိုးရထံသို့တင်ပြထားခြင်း မရှိ သေးကြောင်း ဒေါက်တာခိုင်မြဲက ပြော ပါသည်။

၎င်းကဆက်ပြီး ”တိုင်းဒေသကြီး အစိုးရအဖွဲ့လိုဟာမျိုးက ဖြစ်သင့်ဖြစ် ထိုက်တာကို ဆရာတို့ဆီကို စိစစ်ထောက် ခံ ပြီးတော့ တင်ပြဖို့တော့လိုတယ်လေ။ တင်ပြတဲအခါ အထောက်အထား အချက် အလက် ခိုင်မာဖို့တော့လိုတယ်” ဟုပြောသည်။

လက်ရှိအချိန်တွင် တိုင်းဒေသကြီး နှင့် ပြည်နယ်အစိုးရများမှ မိမိဒေသနှင့် ကိုက်ညီသော ကျောင်းဖွင့်ချိန်၊ ပိတ်ချိန် များကို ပြောင်းလဲရန် ပြည်ထောင်စု အစိုးရအဖွဲ့ထံသို့ တင်ပြမှု၊ လုပ်ဆောင်မှု များ မရှိသေးသောကြောင့် ထိုဒေသများမှ ကျောင်းသူ၊ ကျောင်းသားများကတော့ ကျောင်းဖွင့်ရာသီရောက်တိုင်း လမ်းပန်း ဆက်သွယ်ရေး အခက်အခဲများကြား၊ အန္တရာယ်များကြားတွင် ကျောင်းများသို့ ခက်ခဲပင်ပန်းစွာ တက်ရောက်နေကြရဦး မည်ပင်ဖြစ်ပါသည်။

၂၀၁၆-စက်တင်ဘာလထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၃၈)မှ သတင်းဆောင်းပါး ဖြစ်ပါသည်။

ခင်မောင်မြင့် ရေးသည်။

အမျိုးအစား - သတင်းဆောင်းပါး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."