ပြင်ရမည့်အချက်များ
မြစ်ရေတင်စီမံကိန်းစတင်လာသည်မှာ ၁၉၈၈ မှဖြစ်ပြီးယခုချိန်ထိဆိုလျှင် ဆယ်စုနှစ်သုံးခုနီးပါးရှိလာပြီဖြစ်သည်။ စီမံကိန်းရည်ရွယ်ချက်ကတော့ ဒေသဝမ်းစာဖူလုံရေးအတွက် စပါးစိုက်ပျိုးနိုင်ရန်ဖြစ်သည်။
“အညာတို့ဘာတို့က ဒေသဝမ်းစာ မဖူလုံဘူးကိုဗျ။ မဖူလုံတော့ အညာမှာ ဒေသဝမ်းစာဖူလုံရင် အောက်ပြည်ကနေ (ဆန်)ပို့ရတာနည်းမယ်ပေါ့ဗျာ။ အဲ့ဒီရည်ရွယ်ချက်နဲ့ မြစ်ရေတင်တွေကို လုပ်တယ်။ စပါးစိုက်ခိုင်းတယ်” ဟုဦးမိုးဦးကရှင်းပြပါသည်။
မြစ်ရေတင်စီမံကိန်းတစ်ခုကို စတင်ဆောင်ရွက်မည်ဆိုပါက စီမံကိန်းလုပ်မည့်နေရာတွင် လိုချင်သည့်ရေပမာဏ တစ်နှစ် ပတ်လုံး လုံလောက်စွာရှိမရှိနှင့် ရှိသည့်အခါ ထိုရေကို ထုတ်ယူသုံးစွဲမှုကြောင့် အခြားထိခိုက်မှုများကို စဉ်းစားရမည်ဟု ဆည်မြောင်းဦးစီးဌာနတွင် ဒုတိယညွှန်ကြားရေးမူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သော ရေအရင်းအမြစ်ပညာရှင် ဦးတင်မောင်က ဆိုပါသည်။
ထိုသို့ရေနှင့် အခြားထိခိုက်မှုများ ဆန်းစစ်ပြီးသည့်အခါ ရေစုပ်တင်မည့်စက်များနေရာချထားရန် တည်နေရာ ရွေးချယ်ရမည်ဖြစ်သည်။ စက်များကို မြစ်ကမ်းပါးတည်ငြိမ်မှုရှိသည့်နေရာတွင် နေရာချထားရမည်ဖြစ်ပြီး မြစ်ကမ်းပါးတည်ငြိမ်မှုမရှိပါက ဒီနှစ်တည်ဆောက်ပြီး နောက်နှစ်ကမ်းပါးပြိုကျမှုကြောင့် အဆောက်အဦနှင့် စက်များ ပြိုကျပျက်စီးနိုင်သည်ဟု ဆိုပါသည်။
အထက်ပါအဆင့်များကို စနစ်တကျဆောင်ရွက်ရမည့်အပြင် ရေပေးဝေမည့် သီးနှံအမျိုးအစားကိုလည်း ရွေးချယ်ဖို့လိုသည် ဟု ဦးတင်မောင်ကဆိုသည်။“သဲတွေရှိတဲ့နေရာမှာ စပါးစိုက်လိုက်တယ်။ အဆင်မပြေဘူး။ ပဲပဲစိုက်လို့ရမယ်” ဟု သူကဆိုသည်။
အထက်ပါအချက်များထဲမှ တစ်ခုခုမှားယွင်းလျှင် မြစ်ရေတင်စီမံကိန်းမအောင်မမြင်ဖြစ်တတ်သည်ဟု ဦးတင်မောင်ကဆိုသည်။
အစိုးရက ဒေသဝမ်းစာဖူလုံရေးဟူသောအကြောင်းပြချက်ဖြင့် ဒေသခံများအား စပါးစိုက်ခိုင်းခြင်းသည် မှားယွင်းကြောင်း ရေအရင်းအမြစ်ဆိုင်ရာ အင်ဂျင်နီယာ ဦးချိုချိုကလည်း ထောက်ပြသည်။
တောင်သူများအနေနှင့် တစ်ခါမှမစိုက်ဖူးသောသီးနှံကို စိုက်ပျိုးရခြင်းကြောင့် အရှုံးပေါ်ကုန်သကဲ့သို့ ရေပေးဝေရေး ဘက်ကကြည့်လျှင်လည်း ရေအများအပြားပေးလိုက်ရသည်ဟုဆိုပါသည်။ အခြားသီးနှံနှင့် ပဲမျိုးစုံအတွက် တစ်ဧကပတ် လည်အကျယ်တွင် ရေအမြင့်သုံးပေ ပေးရမည်ဆိုပါက စပါးအတွက် ဆယ်ပေ၊ ဆယ့်ငါးပေပေးရသည်ဟုဆိုသည်။
ထို့ကြောင့်လည်း မြစ်ရေတင်စီမံကိန်းအောင်မြင်မှုရာခိုင်နှုန်းမှာ ၂၀ ရာခိုင်နှုန်း(ငါးပုံတစ်ပုံ)သာရှိသည်ဟု ဦးမိုးဦးက ထောက်ပြသည်။
ထိုသို့စီမံကိန်းအလွဲများကြောင့်လည်း ဒေသခံတောင်သူများ အဆင်ပြေရန်ဆောင်ရွက်ခဲ့သော မြစ်ရေတင်စီမံကိန်းများက ဒေသအတွက် ပိုမိုအကြပ်အတည်း ဖြစ်စေခဲ့သည်ဟုဆိုပါသည်။
ဆိတ်ညံမြစ်ရေတင်စီမံကိန်းအနီးရှိ ကိုင်းတောင်ကျေးရွာတွင် နေထိုင်သည့် အသက် ၇၈ နှစ်ရှိပြီဖြစ်သောတောင်သူ ဦးသန်းရွှေတို့ဆိုလျှင် စီမံကိန်းသီးနှံစိုက်ခါစက အရင်းထက် အရှုံးများခဲ့သည်ဟုဆိုပါသည်။
“ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်မြေနဲ့သင့်တော်တဲ့ စိုက်နေကျလည်းဖြစ်တဲ့သီးနှံမျိုးတွေ စိုက်ခွင့်မရတော့ ကုန်ကျတာနဲ့ ပြန်ရ တာက ဘယ်လိုမှမကိုက်ဘူး” ဟုသူကဆိုပါသည်။
ထိုသို့အရှုံးပေါ်ခဲ့ရပုံကို တောင်သူတွေကြားထဲ၌ ‘ကျယ်တစ်ရှဉ်း ကျဉ်းတစ်ဖဲ့ဆိုပြီးတော့’ပြောစမတ်တစ်ခုတွင်ခဲ့ကြောင်း မြင်းခြံမြို့နယ် ရေအမြစ်အရင်းအမြစ်ဌာန၏ခရိုင်ဦးစီးမူး ဦးအောင်ခိုင်မင်းက ပြောပြပါသည်။ အဓိပ္ပါယ်မှာ စိုက်ပျိုးဧရိယာကျယ်လျှင် နွားတစ်ရှဉ်းပြုတ်ပြီး၊ ကျဉ်းလျှင် နွားတစ်ဖဲ့(တစ်ကောင်)တော့ ကုန်သည်ဟုဆိုပါသည်။
ထိုအချိန်က စပါးကိုနွေရောမိုးပါရာသီနှစ်ခုလုံးတွင်မဖြစ်မနေစပါးစိုက်ခိုင်းသည့်စနစ်ကြောင့် တောင်သူများအခက်တွေ့ ခဲ့ ရကာ ဦးသိန်းစိန်အစိုးရတက်လာပြီးသည့်နောက်ပိုင်းတွငတော့ ထိုစနစ်ကို ဖျက်သိမ်းလိုက်သောကြောင့် တောင်သူများအနေနှင့် မိမိစိတ်ကြိုက်သီးနှံကို အလှည့်ကျစိုက်ပျိုးလာနိုင်ပြီး အဆင်ပြေလာခဲ့ကြသည်ဟု ဦးအောင်ခိုင်မင်းကပြောပြပါသည်။
ညောင်ဦးခရိုင်၊ ပုဂံမြို့သစ်၊ ရွှေတွင်းရွာက အသက် ၅၇ နှစ်အရွယ် တောင်သူ ဦးတင်ရှိန်ဆိုလျှင် သူစိုက်ပျိုးသည့် လယ် ယာမြေ ခြောက်ဧကမှ ပြန်ရရှိသည့်ငွေမှာ တစ်နှစ်တွင် အသားတင်အမြတ်ငွေ သိန်းသုံးဆယ်ခန့်ရရှိသည်ဟုဆိုပါသည်။ သူ့လယ်ယာတွင် မိုးတွင်းဆိုလျှင် စပါးစိုက်ပြီး ဆောင်းနှင့်နွေဆိုလျှင်ပဲ၊ နှမ်းကဲ့သို့သော ယာသီးနှံများကို စိုက်ပျိုးသည်။
မြစ်ရေတင်စီမံကိန်းမရှိခင်တုန်းကဆိုလျှင် မိုးကိုမျှော်ကာ စိုက်ပျိုးရသည့်အတွက် ရာသီဥတုအခြေအနေကို အမြဲစောင့်ကြည့်နေခဲ့ရသည်ဟု ဦးတင်ရှိန်ကဆိုသည်။
မြစ်ရေတင်စီမံကိန်းမှ ရေရပြီးနောက်ပိုင်းတွင်တော့ ဦးတင်ရှိန်တစ်ယောက် ကိုယ်စိုက်ပျိုးချင်သော သီးနှံများကို “ကိုယ် စိုက်ချင်တဲ့ရက်ကို ရွေးစိုက်လို့ရတယ်။ ကျွန်တော်ဆိုရင် မိုးကိုမော့မကြည့်ဘူး” ဟု အသားညိုညိုနှင့် ထောင်ထောင် မောင်းမောင်းရှိလှသည့် ဦးတင်ရှိန်က ပြောပြသည်။
ထို့အပြင် ယခင်ကစိုက်ပျိုးမြေမှာ ညံ့သည့်အခြေအနေကနေ မြစ်ရေများတွင်ပါလာသော အနည်အနှစ်များကြောင့် သဲဆန်သည့်မြေများမှာ ပိုမိုကောင်းမွန်လာသည်ဟုဆိုပါသည်။
လက်ရှိသူ့လယ်ယာမြေတွင် စပါးနှင့်အခြားယာသီးနှံများကို အလှည့်ကျစိုက်ပျိုးနေသည့်အပြင် သူ့ခြံဝန်းနှင့် ယာကန်သင်း ရိုးများတွင်လည်း အုန်း၊ ဇီး၊ သပြေ၊ ငှက်ပျောနှင့် သံပရာကဲ့သို့သော နှစ်ရှည်ပင်များကို စိုက်ပျိုးထားပါသည်။
ဦးတင်ရှိန်တို့ကို ရေပေးဝေသည့် မြစ်ရေတင်စီမံကိန်းမှာ လောကနန္ဒာဘုရားအနီးတွင်တည်ဆောက်ထားသော လောကနန္ဒာမြစ်ရေတင်စီမံကိန်းဖြစ်သည်။ စီမံကိန်းလျာထားချက်က ဧက ၇,၂၀၀ ကိုရေပေးဝေရန်ဖြစ်သော်လည်း လက်ရှိပေးနိုင် သောပမာဏမှာ ဧက ၁,၉၀၀ ကိုသာ ရေပေးဝေနိုင်သည်ဟု အဆိုပါမြစ်ရေတင်စီမံကိန်းမှ ဦးစီးမှူးဦးမျိုးမင်းထွန်းက ရှင်းပြသည်။ သဘောက လျာထားချက်၏ လေးပုံတစ်ပုံသာသာပေးနိုင်ခြင်းဖြစ်ပါသည်။
ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ရန်လိုအပ်
လက်ရှိဖြစ်နေသော ပြဿ နာများကိုဖြေရှင်းပြီး ယခုထက်ပိုမိုကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်နိုင်ပါက အပူပိုင်းဇုန်ဒေသ ပြန်လည်စိမ်းလန်းစိုပြေလာနိုင်ပြီး ထိုဒေသအတွင်းနေထိုင်သော ဒေသခံပြည်သူများ ယခုထက်ပိုအဆင်ပြေလာမည်ဟု ပညာရှင်များကဆိုကြပါသည်။
ယခင်စီမံခန့်ခွဲမှုအလွဲများကြောင့် ထင်သလောက်ခရီးမပေါက်ခဲ့ရသော မြစ်ရေတင်စီမံကိန်းများကို ဖျက်သိမ်းပစ်၍မရနိုင်တော့ဘဲ ဒေသအတွက်တစ်ကယ်လိုအပ်နေသောစီမံကိန်းများကို ဒီထက်ပိုမိုကောင်းမွန်အောင် ဆက်လက်ဆောင်ရွက်ရမည် ဦးအောင်ခိုင်မင်းကဆိုသည်။
“ဖြစ်ပြီးသားအပေါ် ပြန်ဖျက်ပစ်လို့တော့မဖြစ်နိုင်တော့ဘူး။ ပိုက်ဆံတွေအများကြီးသုံးထားတာ” ဟု သူကဆိုသည်။ ထိုအ ခြေအနေတွင် အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ကြရန်သာရှိသည်ဟုသူကဆိုသည်။
လက်ရှိမြင်းခြံခရိုင်အတွင်းရှိ မြစ်ရေတင်စီမံကိန်းများအတွက် ဆောင်ရွက်ရမည်မှာ ရေအလေအလွင့်များကို နည်းသထက် နည်းအောင် ထိန်းသိမ်းရမည်ဖြစ်ပြီး ရေပေးဝေသည့်မြောင်းအများစုမှာ မြေသားမြောင်းများဖြစ်နေသောကြောင့် ရေအလေ အလွင့်နည်းအောင် အုတ်များနှင့် ပြုလုပ်ရမည်ဟု ဦးအောင်ခိုင်မင်းကဆိုပါသည်။
“အခုကရေဂါလန်တစ်ရာပေးတယ်ဆိုရင် လိုချင်တဲ့နေရာ ရောက်တဲ့အခါ (ဂါလန်)၄၅၊ ၅၀ လောက်ပဲရှိတော့တယ်” ဟုသူက ဆိုသည်။
အကြောင်းကတော့ ပူပြင်းခြောက်သွေ့သည့်ဒေသဖြစ်သောကြောင့် ရေအငွေ့ပျံမှုများသကဲ့သို့ သဲဆန်သောမြေများ ကြောင့်လည်း ရေစိမ့်ဝင်မှုများပြီး ရေအလေအလွင့်များရသည်ဟု ဦးအောင်ခိုင်မင်းကဆိုသည်။
နောက်အရေးကြီးသည့် အချက်တစ်ခုမှာ ရေစုပ်တင်သည့်စက်များ၏ စွမ်းဆောင်ရည်ပင်ဖြစ်သည်။ လက်ရှိ အသုံးပြု နေသော စက်များမှာ ငါးနှစ်သက်တမ်းရှိသော တရုတ်စက်များဖြစ်ပြီး အသုံးပြုနေသည်မှာ နှစ်နှစ်ဆယ်ခန့်ရှိပြီဖြစ်ကာ သက်တမ်းလွန်နေပြီဟုဆိုသည်။ ထိုစက်များကို အသစ်လဲလှယ်ရန် ဘတ်ဂျက်အဆင်မပြေသေးဘဲ ရှိသည့်စက်များကိုပဲ ပြုပြင်ကာ ဆက်လက်မောင်းနှင်နေရသည်ဟု ဦးအောင်ခိုင်မင်းကဆိုပါသည်။
“ကျွန်တော်တို့နိုင်ငံက ဆင်းရဲနေတဲ့အတွက် ဒီပန့်(ရေစုပ်စက်)တွေကို မလဲနိုင်ဘူး။ ပန့်တွေကို မလဲနိုင်တဲ့အခါကျတော့ အခုလိုပဲ ဖုတ်လှိုက်ဖုတ်လှိုက်နဲ့ ရှေ့ကိုမရောက်နိုင်ဘူး” ဟု ခရိုင်အတွင်းက ကြုံတွေ့နေရသည့် အခက်အခဲများကို သူက ရှင်းပြသည်။
သူလေ့လာဖူးသော ဂျပန်နိုင်ငံမှာဆိုလျှင် မြစ်ရေတင်စီမံကိန်းဆောင်ရွက်ပုံမှာ အားကျအတုယူစရာကောင်းသည်ဟု ပြောပြ သည်။ ဂျပန်နိုင်ငံတွင် မြစ်ထဲမှရေများကို တောင်ကုန်းတွေပေါ်၌ ရေဂါလန်သန်းနှင့်ချီဆန့်သော ကန်ကြီးများပေါ် စုပ်တင်ကာ ပိုက်လိုင်းနှင့် ပြန်ဖြန့်ဝေသောကြောင့် ရေအလေအလွင့်နည်းပါးသည်ဟုဆိုပါသည်။
ထို့ပြင်သုံးစွဲသည့်တောင်သူများအနေနှင့်လည်း လိုအပ်သည့်ရေပမာဏကို စနစ်တကျထုတ်ယူသုံးစွဲသောကြောင့် ရေအကုန်အကျသက်သာပြီး ရေအနည်းငယ်သာလိုသော သီးနှံစနစ်များဖြင့် စိုက်ပျိုးသောကြောင့် ရေကိုထိထိ ရောက် ရောက် အသုံးချနိုင်သည်ဟုဆိုပါသည်။
မြန်မာနိုင်ငံတွင်တော့ ရေပေးဝေသည့်နေရာတွင် ရေများဆုံးရှုံးနေသကဲ့သို့ သုံးစွဲသည့်တောင်သူများအနေနှင့်လည်း ထိထိ ရောက်ရောက် အသုံးချမှုအားနည်းသည်ဟု ဦးအောင်ခိုင်မင်းက ဆိုပါသည်။
တောင်သူများဘက်မှ ရေကိုသွယ်ယူရာတွင်လည်း စည်းစနစ်တကျမရှိပဲ လယ်ကန်သင်းရိုးများကို ဖောက်ထားခြင်းကြောင့် ပေးဝေသည့်ရေများ မြစ်ချောင်းများမှတစ်ဆင့်ပြန်စီးဆင်းသွားခြင်း တစ်ချို့နေရာများတွင် လယ်ကွင်းထဲရှိပြီးသားရေများကို ဖောက်ထုတ်ကာ ရေအသစ်များကို မလိုအပ်ပဲ လဲလှယ်ခြင်းတို့ကြောင့် ရေလေလွင့်ဆုံးရှုံးမှုများနေရသည်ဟုဆိုပါသည်။
သူတို့ဘက်က ခက်ခက်ခဲခဲ တင်ပေးထားသော ရေများကို တောင်သူအချို့ ထိထိရောက်ရောက်မသုံးစွဲသည့်အခါ “ကျွန်တော်တို့မှာ ရေပေးတဲ့အချိန်ဆို ငိုတောင်ငိုချင်တယ်” ဟုသူ့ခံစားချက်ကို ဖွင့်ဟသည်။
အပူပိုင်းဇုန် ပြန်လည်စိမ်းလန်းစိုပြေရေးနှင့် ဒေသခံတောင်သူတို့ စိုက်ပျိုးရေ အဆင်ပြေဖို့အတွက် မြစ်ရေတင်စီမံကိန်းများ ဆောင်ရွက်ထားသည့်နည်းတူ အညာဒေသတွင် ဆည်များလည်း ဆောက်လုပ်ခဲ့ကြပါသည်။
ပညာရှင်များအဆိုရ ထိုဆောက်လုပ်ခဲ့သော ဆည်များမှာလည်း အားနည်းချက်တွေရှိနေခဲ့ပါသည်။ အထူးသဖြင့် နွေရာသီ ဆိုလျှင် မိုးနည်းရပ်ဝန်းဖြစ်သော အပူပိုင်းဇုန်တွင် ဆည်ထဲရေသိုလှောင်ဖို့နှင့် စိုက်ပျိုးရေဖြန့်ဝေဖို့ မိုးနည်းပါးခြင်း၊ မြစ်ချောင်းများ ခန်းခြောက်ကာ ရေဝင်နည်းမှုများကြောင့် တစ်နှစ်တာပတ်လုံး ရေပေးဝေဖို့အခက်အခဲရှိသည်ဟု ဆိုကြပါသည်။
ထို့ပြင် ဆည်များဆောက်လုပ်ခြင်းတို့ကြောင့် သဘာဝသစ်တောများပြုန်းတီးကြသကဲ့သို့ မိုးရာသီရေကြီးရေလျှံမှုများကြောင့် ယခုအစိုးရသစ်လက်ထက်တွင် ဒေသခံများသည် မိမိတို့ဒေသတွင် ဆည်များဆောက်လုပ်ခြင်းကို လက်မခံကြ တော့ဟု ရေအရင်းအမြစ်ပညာရှင် ဦးတင်မောင်ကဆိုပါသည်။
ဦးခင်လတ်ကလည်းလက်ရှိ အပူပိုင်းဒေသရှိဆည်များက မိုးနည်းသောဒေသတွင် ဆောက်လုပ်ထားခြင်းကြောင့် တစ်ချို့ ဆည်များမှာ ရေမဝင်သည့်ဆည်များနှင့်ရေပြတ်သည့်ဆည်များရှိနေသည်ဟု ဦးခင်လတ်ကဆိုပါသည်။ ရေဝင်သည့် ဆည်များတွင်လည်း ရေဝင်ရောက်သည့်ပမာဏနှင့် ထိုရေတို့ကို မည်ကဲ့သို့ အသုံးချမည်ဆိုတာကို စီမံခန့်ခွဲမှုမရှိသေးဟု ဆိုသည်။
“အပူပိုင်းဒေသအတွင်းမှာရှိနေတဲ့ဆည်တွေရဲ့ အသုံးချနိုင်မှုအခြေနေကိုစီမံခန့်ခွဲတာ ခုချိန်ထိမရှိသေးဘူး။”
ဆက်ပြီးတော့သူက “ဆည်တွေရဲ့ရေဝင်ဆံ့နိုင်မှုအခြေနေ၊ ရေထုတ်ယူသုံးစွဲနိုင်မယ်အခြေနေတွေကို လေ့လာဆန်းစစ် ပြီးတော့ ရေစီမံခန့်ခွဲမှုကို စနစ်တကျလုပ်နိုင်မယ်ဆိုရင် မြစ်ရေတင်ကလက်လှမ်းမမှီတဲ့နေရာတွေကို ဆည်ရေနဲ့ဖြည့်ပေး လို့ရတယ်။”
၎င်းက အပူပိုင်းဒေသတွင်ရှိသော ဆည်များမှာ မိုးသီးနှံစိုက်ပျိုးဖို့ ဖြည့်စွက်ရေပေးဖို့အတွက်သာ ဆောက်လုပ်ခဲ့ကြခြင်းဖြစ်သည်ဟုဆိုပါသည်။
“အကူရေပေးနိုင်ဖို့အတွက်ပဲ အများစုကဆောက်ခဲ့တာ” ဟုဦးခင်လတ်ကရှင်းပြပါသည်။
လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ စာရင်းများအရ အပူပိုင်းဇုန်ရှိ မြို့နယ်၅၄မြို့နယ်တွင် ဆည် ၁၇၀ကျော်ရှိသည်ဟုဆိုပါသည်။ ဆည်နှင့်မြစ်ရေတင်စီမံကိန်းများကို အချိုးချကြည့်ပါက မြစ်ရေတင်စီမံကိန်းများမှာ ဆည်အရေအတွက်၏ သုံးပုံတစ်ပုံကျော်သာရှိသည်ကိုတွေ့ရသည်။
မြစ်ရေတင်စီမံကိန်း၏ သဘောသဘာဝအရ ရေရရှိမှုသချာသည့် မြစ်ကမ်းများတွင်တည်ဆောက်ရသည့်အတွက် လျှပ် စစ်ဓာတ်အားအပြည့်အဝရရှိပြီး စက်အားလည်းကောင်းမည်ဆိုလျှင် တစ်နှစ်တာပတ်လုံးရေပေးဝေနိုင်သည်ဟု ရေအရင်းအမြစ်ဦးစီးဌာန၊ ညွှန်ကြားရေးမူး ဦးမိုးကဆိုပါသည်။
“မြစ်ရေတင်ကတော့ ရှင်းရှင်းပြောရရင် ရေသေချာတာပေါ့” ဟု သူကဆိုသည်။
၂၀၁၆-ဧပြီလထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၃၄)တွင် ပါရှိမည့် မျက်နှာဖုံးဆောင်းပါး ဖြစ်ပါသည်။
သက်ဦးမွန်နှင့် မင်းလွင်ရေးသည်။

