အိုအေစစ်များတည်ဆောက်ရေး
အပူပိုင်းဇုန်သို့ ကျွန်တော်တို့ရောက်သွားသောအချိန်သည် မတ်လ ပထမပတ်ဖြစ်သည်။ အပူဆုံးချိန်မဟုတ်သေးသည့်တိုင် ကျောကွဲမတတ် ပူလောင်လှသော နေရောင်အောက်တွင် ရိုးပြတ်တော၊ယာတောတွေကို ဖြတ်သန်းတိုက်ခတ်လာသည့် လေပူတွေနှင့် ထိတွေ့သည့်အခါ ကျွန်တော်တို့တစ်ကိုယ်လုံး ရေနွေးငွေ့နှင့် အပေါင်းခံထားရသလိုခံစားရသည်။
အလှျှံတငြီးငြီးနှင့် တံလျှပ်တွေထနေသည့်ကွင်းခေါင်ခေါင်ထဲ ထန်းပင်အချို့နှင့် ထနောင်းပင်တွေက ထီးထီးကြီး နေရာယူနေသည်။ နွေနေ၏ အပူလှိုင်းတွေအောက်မှာ တောတောင်၊ ယာခင်းနှင့် လယ်ကွင်းပြင်တလျောက် မြင်လေရာ ရှုမျှော်ခင်းများသည် ခြောက်သရောင်းနေသည်။
သို့သော် မြင်းခြံမြို့နယ်ထဲက ကျွန်းဦးကျေးရွာတဝိုက်ကတော့ ကန္တာရထဲက အိုအေစစ် အလားစိမ်းစိုနေသည်။
မြစ်ရေတင်စီမံကိန်းကြောင့် ပတ်ဝန်းကျင်စိမ်းလန်းစိုပြေလာပြီး သီးနှံများလည်း အရင်ကထက် ပိုမိုစိုက်ပျိုးလာနိုင်သလို ဒေသဝမ်းစာလည်းဖူလုံလာသည်ဟု မြင်းခြံမြို့နယ် ရေအရင်းအမြစ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ခိုင်မင်းကဆိုသည်။
ထို့ပြင် သောက်သုံးရေအတွက် မြေအောက်ရေကို ထုတ်ယူသုံးစွဲရန် ရေတွင်းရေကန်များတူးရာတွင်လည်း ယခင်ကကဲ့သို့ ပေအနက်ကြီးတူးစရာမလိုတော့ဟုဆိုသည်။ ဥပမာ ယခင်က ပေ ၂၀၀ တူးမှ ရေထွက်ရာက ယခုအခါ ပေ ၁၅၀ ဝန်းကျင် တူးရုံဖြင့် ရေရလာသည်ဟုဆိုသည်။
သို့သော်လက်ရှိတွင်တော့ မြစ်ရေတင်စီမံကိန်းများက ရေပေးနိုင်သည့်ဧရိယာမှာ နည်းပါးနေသေးသည်။
လက်ရှိအချိန်ထိ အပူပိုင်းဇုန်အတွင်း တည်ဆောက်ထားသော မြစ်ရေတင်စီမံကိန်းများမှာ မန္တလေးတိုင်းဒေကြီးတွင် ၂၇ ခု၊ မကွေးတိုင်းဒေသကြီးတွင် ၂၅ ခုနှင့် စစ်ကိုင်းဒေသကြီးတွင် ၁၅ ခု စုစုပေါင်း ၆၇ ခုရှိကာ စိုက်ဧက တစ်သိန်းနှစ် သောင်းကျော် (၁၂,၈၄၅၄) ကိုရေပေးဝေလျှက်ရှိသည်ဟု လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ရေအရင်းအမြစ်ဦးစီးဌာန၏ စာရင်းများကဆိုပါသည်။
လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ စာရင်းအရ အပူပိုင်းဇုန်တွင်ရှိသော စိုက်ပျိုးဧရိယာမှာ ရှစ်သန်းခွဲ (၈,၅၄၄,၁၈၆) ကျော်ရှိရာ မြစ်ရေတင်စီမံကိန်းမှ ပေးနိုင်သော ဧရိယာသည် အပူပိုင်းဇုန်စိုက်ပျိုးမြေအားလုံး၏ ၁ ဒသမ ၅ ရာခိုင်နှုန်းကိုသာ ပေးနိုင်ခြင်းဖြစ်သည်။
အားနည်းချက်များ
လက်ရှိအချိန်တွင် ဧရာဝတီမြစ်ကြီးမှ ရေများကို ထုတ်ယူသုံးစွဲကာ မြစ်ရေတင်စီမံကိန်းများဆောင်ရွက်မှုကြောင့် စီမံကိန်း တစ်ဝိုက်ရှိ ဒေသခံတောင်သူအချို့ စိုက်ပျိုးရေနှင့်သောက်သုံးရေများအဆင်ပြေလာကြပြီး ပတ်ဝန်းကျင်စိမ်းလန်း စိုပြေမှုရှိ လာခဲ့သော်လည်း တစ်ဖက်တွင် ထိုစီမံကိန်းများတွင် အားနည်းချက်များလည်းရှိနေပါသည်။
ထိုအထဲတွင် စီမံကိန်းရေပေးဝေသည့် ဧရိယာနည်းပါးခြင်း၊ ဌာနအနေနှင့် ငွေကြေးအဆမတန်အရှုံးပြနေခြင်းနှင့် စီမံ ကိန်းဆောင်ရွက်မှုမူဝါဒအလွဲများကြောင့် မြစ်ရေတင်စီမံကိန်းများ ပျက်စီးဆုံးရှုံးမှုများပြီး နာမည်ပျက်ခဲ့ရသည်ဟု ရေအရင်း အမြစ်ပညာရှင်တွေက ထောက်ပြကြသည်။
ဥပမာအားဖြင့် ဆိတ်ညံမြစ်ရေတင်စီမံကိန်းတွင် ရေပေးနိုင်ရန်လျာထားသည့်ဧကမှာ တစ်သောင်းရှိပြီး တကယ်တမ်း ပေးနိုင်သော ဧကမှာ ကျေးရွာခုနစ်ရွာရှိ စိုက်ဧကတစ်ထောင်ကိုသာ ရေပေးနိုင်သည်။ သဘောကတော့ လျာထားသည့် ပမာဏ၏ ဆယ်ပုံတစ်ပုံကိုသာ ရေပေးဝေနိုင်ခြင်းဖြစ်သည်။
ဆိတ်ညံမြစ်ရေတင်စီမံကိန်းမှ ဦးစီးမှူးဦးဇင်ဝေမြင့်ကတော့ လက်ရှိအခြေအနေအရ ဝန်ထမ်းအင်အားမလုံလောက်မှု၊ နေ့စဉ်နာရီနှစ်ဆယ်နီးပါးစုပ်တင်ရသည့် ရေစုပ်ပန့်များချို့ယွင်းလာမှုနှင့် လျှပ်စစ်ဓါတ်အား အပြည့်အဝမရရှိမှုတို့ကြောင့် ထင်သလောက်ခရီးမပေါက်ခဲ့ရခြင်းဖြစ်သည်ဟု ဆိုပါသည်။
ဆိတ်ညံမြစ်ရေတင်စီမံကိန်းသည် ရေတင်အဆင့်ငါးဆင့်ရှိသည့် စီမံကိန်းဖြစ်သည်။ မြစ်ကမ်းပါးတွင် ပင်မရေစုပ်တင် စက်ကြီးများက စုပ်တင်လိုက်သော ရေများသည် အကျယ် ၁၄ပေ၊ အမြင့် ၈ပေရှိသော ပင်မမြောင်းတစ်လျှောက် စီးသွား ကြသည်။
ယင်းရေများသည် ပင်မမြောင်းအဆုံးတိုင် စီးဆင်းရန် စက်အားနှင့်မတင်နိုင်သောကြောင့် ပထမအဆင့် ၁ ဒသမ ၉၃၁ မိုင်ထိတစ်ဖြတ်၊ ဒုတိယအဆင့် ၁ ဒသမ ၆၂၈ မိုင်ထိ တစ်ဖြတ်၊ တတိယအဆင့် ၃ ဒသမ ၆၃၈ မိုင်ထိတစ်ဖြတ် ရေတင်စက်များထားကာ အဆင့်ဆင့် စုပ်တင်စီးဆင်းစေပြီး ပင်မမြောင်းမှတစ်ဆင့် ဝဲ၊ယာရှိလယ်ယာများ ဆီသို့ လက်တံမြောင်းများခွဲကာ ရေပေးဝေရခြင်း ဖြစ်သည်။
ဆိတ်ညံမြစ်ရေတင်စီမံကိန်းတွင်အဆင့် ငါးဆင့်၊ ပင်မမြောင်းအရှည် ၉ ဒသမ ၈ မိုင်ရှိသည့်အနက် လက်ရှိအဆင့်သုံး ဆင့်အထိ (မိုင်အားဖြင့် ၇ဒသမ၂ မိုင်)သာ ရေပေးဝေနိုင်ပြီး ကျန်နှစ်ဆင့်မှာ မြစ်ကမ်းပါးပြိုကျခြင်းကို ပြန်လည်ပြုပြင် တည်ဆောက်ရသောကြောင့် တိုးချဲ့ဖို့အချိန်နှောင့်နှေးနေခြင်း ၊လျပ်စစ်ဓါတ်အား လျော့နည်းမှု အခက်အခဲများကြောင့် ရေမပေးနိုင်သေးကြောင်း ဦးဇင်ဝေမြင့်ကရှင်းပြပါသည်။ နောက်နှစ်တွင်တော့ အဆင့် လေးဆင့်အထိရေပေးနိုင်ရန် စီစဉ်နေသည်ဟုလည်း သူကဆိုပါသည်။
ထိုသို့ရေအဆင့်ဆင့်စုပ်တင်ရာတွင် မီးကပုံမှန်လာသော်လည်း မီးအားနည်းမှုကြောင့် ရှိသည့်စက်အားလုံး တစ်ပြိုင်တည်း မောင်းမရဘဲ အလှည့်ကျစနစ်ဖြင့် စက်များကိုမောင်းနှင်ရသည်ဟုဆိုပါသည်။
“တစ်ပြိုင်တည်းမောင်းရင် မီးအားနည်းသွားပြီး စက်တွေကပြုတ်ကျရော။ အဲဒါတွေလည်းထိန်းပေးရတယ်” ဟု ဦးဇင်ဝေမြင့် ကဆိုပါသည်။
မြစ်ရေတင်စီမံကိန်းများကို ထောက်ပြကြသည့်နောက်အချက်တစ်ချက်မှာ ငွေကြေးအရှုံးပေါ်မှုဖြစ်သည်။ လယ်ယာမြေတစ်ဧကကို ရေပေးဝေနိုင်ဖို့ လျပ်စစ်ဓါတ်အားကုန်ကျမှုမှာ ကျပ်တစ်သိန်းဝန်းကျင်ရှိပြီး တစ်ဧကအတွက် ပြန်ရသည့် ရေခွန်မှာ တစ်ရာသီလုံးတွင် နွေဆိုလျှင်ကိုးထောင်ကျပ်နှင့် မိုးဆိုလျှင်ခြောက်ထောင်ကျပ်မျှသာရှိသည်ဟု ဦးဇင်ဝေမြင့်က တွက်ချက်ပြသည်။
မြင်းခြံခရိုင်အတွင်းရှိ ငါန်းဇွန်မြို့နယ်၊တောင်သာမြို့နယ်နှင့် မြင်းခြံမြို့နယ်အတွင်းတွင် မြစ်ရေတင်စီမံကိန်း ကိုးခုရှိပြီး ထိုစီမံကိန်းများအတွက် နှစ်စဉ် လျှပ်စစ်ဓါတ်အားခမှာ ကျပ် ၁ ဒသမ ၈ ဘီလီယံ (သိန်းတစ်သောင်းရှစ်ထောင်) ကုန်ကျပြီး ပြန်ရငွေမှာ ကျပ်သိန်း ၅၀၀ ခန့်သာရှိသည်ဟု ခရိုင်ဦးစီးအရာရှိ ဦးအောင်ခိုင်မင်းက ဆိုသည်။ ကုန်ကျငွေ၏ သုံးရာခိုင်နှုန်းသာ ပြန်ရသည့်သဘောဖြစ်ပါသည်။
ထိုသို့ ကြီးမားသောကုန်ကျစရိတ် အရှုံးများကြောင့် မြစ်ရေတင်စီမံကိန်းများကို ပိတ်သိမ်းသင့်သည်ဟု ဝေဖန်ကြကြောင်း ဦးအောင်ခိုင်မင်းကဆိုသည်။ သို့သော်လည်း မြစ်ရေတင်စီမံကိန်းများမှာ ဒေသဖွံ့ဖြိုးရေးအတွက် မဖြစ်မနေ လုပ်ပေးရမည် ဟု ဦးအောင်ခိုင်မင်းကဆိုပါသည်။
ထိုသို့ငွေကြေးအရှုံးပေါ်မှုများထဲတွင် လျပ်စစ်ဓါတ်အားခအပြင် ရေပေးဝေသည့်မြောင်းများပြုပြင်ရခြင်းနှင့် စီမံကိန်းတည် ဆောက်သည့်အခါ ကြိုတင်လေ့လာဆန်းစစ်မှုများအားနည်းခဲ့သောကြောင့် စီမံကိန်းအဆောက်အဦးများ ဆုံးရှုံးခဲ့ရခြင်းများ လည်းရှိခဲ့ပါသည်။
ရေအရင်းအမြစ်ဦးစီးဌာန၊ ညွှန်ကြားရေးမူး ဦးမိုးဦးကလည်း စီမံကိန်းဆောင်ရွက်မှုများတွင် နည်းပညာအားနည်းခဲ့သကဲ့သို့ မဆောင်ရွက်ခင် ကြိုတင်လေ့လာဆန်းစစ်မှုလုပ်ရာတွင်လည်း အချိန်မပေးနိုင်ခဲ့ဟု ဆိုပါသည်။
“အားနည်းချက်က အချိန်ယူလေ့လာပြီး ဒီဇိုင်းရေးဆွဲရမယ်ဆိုတာကို အုပ်ချုပ်သူလူကြီးမင်းအဆက်ဆက်က သဘော မပေါက်ကြဘူး” ဟုသူကဆိုသည်။
၂၀၁၆-ဧပြီလထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၃၄)တွင် ပါရှိမည့် မျက်နှာဖုံးဆောင်းပါး ဖြစ်ပါသည်။
သက်ဦးမွန်နှင့် မင်းလွင်ရေးသည်။

