မြောက်ဖျားက စစ်ပြန်ကြီး

မြောက်ဖျားက စစ်ပြန်ကြီး

Photo – Kyaw Zayar Htun

ဦးဒေါင်ဂေါန်တန်သည် တောင်ဝှေ့တစ်ချောင်းကို အားပြုရင်း သူအိပ်စက်အနားယူသည့် အိမ်ခန်း ထဲမှ အပြင်သို့ထွက်လာသည်။ သူလမ်းလျှောက် နေသည့်ပုံကို ကြည့်ရသည်မှာ လမ်းလျှောက် တတ်ခါစ ကလေးငယ်တစ်ဦးက ခြေလှမ်းတိုင်းကို သတိထားကာ လမ်းလျှောက်နေရသလို ဖြည်း ဖြည်းချင်း လှမ်းနေရသည်။

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၏ ဖေဖော်ဝါရီလ ရာသီ ဥတုအအေးဒဏ်ကို ကာကွယ်ရန် သူ့ခန္ဓာကိုယ်တွင် အနွေးထည် အင်္ကျီ၊ ဘောင်းဘီအရှည်နှင့် ခြေအိတ်တို့ကို ဝတ်ဆင်ထားသည်။ ဦးခေါင်းတွင်လည်း ဆွယ်တာခေါင်းစွပ်ကို စွပ်ထား၏။ သူ့ဆီ ရောက်လာသည့်  ဧည့်သည်ကို ပြုံးပြနှုတ်ဆက်လိုက်ပေမယ့် ပါး ရေနားရေ တွန့်နေပြီဖြစ်သော သူ့မျက်နှာပေါ်တွင် အပြုံးတို့က ပီပီပြင်ပြင်မရှိလှ။ မျက်လုံးများကလည်း ကြည်လင်တောက်ပ မနေတော့ဘဲ ရေငွေ့ ရိုက်ခံထားရသည့် မှန်တစ်ချပ်လို မှုန်ဝါးကာ နေသည်။

ကျွန်တော်ကို ကြိုဆိုနှုတ်ဆက်နေသော အရပ် ၅ ပေ ၅ လက်မဝန်းကျင်ရှိ ဦးဒေါင်ဂေါန်တန်သည် အသက် ၁ဝ၁ နှစ် ကျော်ပြီဖြစ်၏။ လွန်ခဲ့သည့် ၇၃ နှစ်ကဆိုလျှင် ပူတာအိုမြို့သို့ ချီ တက်လာသည့် ဖက်ဆစ်ဂျပန်တို့အား ဆွမ်ပရာဘွန်မြို့နယ်တစ်ဝိုက်မှနေ၍ ခုခံတော်လှန်ခဲ့သော တော်လှန်ရေးစစ်သားတစ်ဦးအသွင်ဖြင့် သူ့ကို မြင်တွေ့ရမည်ဖြစ်သည်။ မြန်မာနိုင်ငံလွတ်လပ် ရေးရပြီးသည့်နောက်မှာလည်း ကွန်မြူနစ်နှင့် တရုတ်ဖြူတို့အား တိုက်ခိုက်ချေမှုန်းခဲ့သည့် စစ်သားတစ်ဦးအသွင်ဖြင့် သူ့ကို မြင် တွေ့ရမည်ဖြစ်သည်။

ဦးဒေါင်ဂေါန်တန်သည် ဂျပန်ကိုတော်လှန်ဖို့ ၁၉၄၂  တွင် ဗြိတိသျှတို့ ဖွဲ့စည်းပေးသော မြောက်ပိုင်း ကချင်လေဗီးတပ် (Northern Kachin Levies)သို့ ဝင်ခဲ့သည့် ဒုတိယကမ္ဘာစစ်ကျန် ကချင်စစ်သားဟောင်းကြီးတစ်ဦး ဖြစ်သည်။ တစ်နည်းဆိုရလျှင် ဖက်ဆစ်ဂျပန်ကို တော်လှန်ခဲ့သည့် မြောက်ပိုင်းကချင်အပျော် တမ်းတပ်ဖွဲ့၏ စစ်သားကြီး တစ်ဦးဖြစ်သည်။

ကချင်လေဗီးတပ်ဖွဲ့အကြောင်းကို မရန်ဘောက်လာ (မဟာဝိဇ္ဇာဂုဏ်ထူး)ရေးသားသည့် ဆမားဒူဝါဆင်ဝါးနောင်၏ အတ္ထုပ္ပတ္တိစာအုပ်တွင် ယခုလိုဖော်ပြထားသည်။

(ဆမားဒူဝါဆင်ဝါးနောင်သည် အင်္ဂလိပ်ကိုတော်လှန်ခဲ့ သည့် ကချင်အမျိုးသားခေါင်းဆောင်တစ်ဦးဖြစ်သည်။ မြန်မာနိုင်ငံကို ပြည်ထောင်စုစနစ်တည်ထောင်ရေးအတွက် ဗိုလ်ချုပ် အောင်ဆန်းနှင့်အတူ ဆွေးနွေးခဲ့သူဖြစ်ပြီး ပင်လုံစာချုပ် လက် မှတ်ရေးထိုးရာတွင်လည်း ကချင်ကိုယ်စားလှယ်တစ်ဦးအဖြစ် ပါဝင်လက်မှတ်ရေးထိုးခဲ့သူဖြစ်သည်။ လွတ်လပ်ရေးရပြီးခါစ ပြည် တွင်းရောင်စုံသူပုန်များ ထကြွ၍ ရန်ကုန်မြို့အထိ ခြိမ်းခြောက်ခံ နေရသည့်အချိန်တွင် ဝန်ကြီးချုပ် ဦးနုက ဆမားဒူဝါဆင်ဝါးနောင် အား ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ပေးအပ်ခဲ့သည်။)

‘အင်န်ကေအယ်လ်(NKL)ခေါ် မြောက်ပိုင်း ကချင်လေဗီး တပ်ကို ၁၉၄၂၊ မေ ၂၈ ရက်၌ ပူတာအိုအနီး နောင်ခိုင်ရွာတွင် ဗိုလ်မှူးကြီးစတီဗင်ဆင်က ဖွဲ့စည်းပေးခဲ့သည်။ နောင်ခိုင်ရွာတွင် တပ်ခွဲတစ်ခုလျှင် အင်အား ၁၅ဝ ခန့်ပါဝင် သော တပ်ခွဲသုံးခွဲဖြင့် စတင်ဖွဲ့စည်းခဲ့သည်။ အိန္ဒိယသို့ လိုက်ပါမသွားဘဲ ကျန်နေခဲ့သော နယ်ခြားစောင့်တပ်နှင့် ဘားမားရိုင်ဖယ်တပ်မှ တပ်သားများ လည်း လေဗီးပြောက်ကျားတပ်သို့ ဝင်ရောက်ခဲ့ကြသည်’ဟု ဖော်ပြထားသည်။

ဦးဒေါင်ဂေါန်တန်သည် သူ၏စစ်သားဘဝအကြောင်းကို နားထောင်မည့်သူရှိပါက ပြောပြလိုသည်။ သူတို့ကို မမေ့သေးဘဲ ယင်းသို့ မှတ်မှတ်ရရဖြင့် လာရောက်မေးမြန်းကြသူတွေကိုလည်း သူက ကျေးဇူးတင်သည်ဟုဆို၏။

ယခု ကျွန်တော်သည် ဦးဒေါင်ဂေါန်တန်၏ စစ်သားဘဝ ဇာတ်ကြောင်းကို နားထောင်ဖို့ သူ့အိမ်သို့ ရောက်ခဲ့လေသည်။ သူသည် အိပ်ခန်းထဲမှ ထွက်လာပြီး နေရောင်ကျနေသည့် အိမ်ရှေ့ မြေကွက်လပ်တွင် နေပူဆာလှုံရင်း စကားပြောကြရန် စီစဉ် လိုက်သည်။

ဦးဒေါင်ဂေါန်တန်သည် ကချင်ဘာသာစကားကို ကောင်း ကောင်းပြောနိုင်ပြီး မြန်မာစကားကိုတော့ ကျွမ်းကျွမ်းကျင်ကျင် မပြောနိုင်။ ကျွန်တော်က မြန်မာစကားသာ ပြောတတ်ပြီး ကချင် စကားကို တစ်လုံးမှ မပြောတတ်သောကြောင့် ဘာသာပြန် အကူအညီယူရသည်။ ကျွန်တော့်ကို ဘာသာပြန်ကူညီပေးသူက ဦးကေပွန်အွန်းဖြစ်၏။

သူသည် ဒုတိယကမ္ဘာစစ်တွင် စစ်သားအဖြစ် ထမ်းဆောင် ခဲ့ကြသည့် ကချင်စစ်သားကြီးများနှင့် ဗြိတိန်မှ စစ်သားကြီးများ ကြား အပြန်အလှန်ဆက်သွယ်ပေးသည့်အပြင် တစ်ဦးနှင့် တစ်ဦး လက်ဆောင်ပစ္စည်း၊ ထောက်ပံ့ပစ္စည်းများ ပေးကြရာတွင် လိုက် လံကူညီပေးသည့် British Northern Kachin Levies မှ အတွင်းရေးမှူးဖြစ်သည်။ ယခု ဦးဒေါင်ဂေါန်တန် နှင့်တွေ့ဆုံရန်လည်း သူကပင် ကူညီပေးခဲ့ခြင်းဖြစ်သည်။ ဒါ ကြောင့် ကျွန်တော်မေးလိုသည့် မေးခွန်းများကို ဦးကေပွန်အွန်း က တစ်ဆင့် မေးရသည်။

ရှေးဦးစွာ ဦးဒေါင်ဂေါန်တန်ကို ကချင်လေဗီးတပ်ထဲ ဝင် ဖြစ်ခဲ့ပုံကို အရင်းဆုံးမေးလိုက်သည်။ သူသည် စဉ်းစားခြင်းမပြု ဘဲ မေးခွန်းကို တန်းကာဖြေ၏။

သူသည် ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်အတွင်းက လဂျာရွာဇာတိဖြစ်သည်။ မိဘဖြစ်သူများက တောင်ယာလုပ်ငန်း လုပ်ကိုင်ကြသည်။ သူ့ကို ကချင်စာသင်ရန် ဆွမ်ပရာဘွန်မြို့နယ် အတွင်းက ထိန်နန်ရွာသို့ ပို့ထားကြသည်။ ထိုစဉ်အချိန်က တစ် ရွာနှင့်တစ်ရွာ လမ်းမပေါက်သေးသောကြောင့် သူနေထိုင်ရာ လဂျာရွာမှ ထိန်နန်ရွာသို့သွားရန် တောလမ်းအတိုင်း ငါးရက်ကြာ မျှ လမ်းလျှောက်ကာ သွားရ၏။

ဒုတိယကမ္ဘာစစ်ဖြစ်ပွားသည့်အခါ စာသင်ကျောင်းများ ပိတ်ထားလိုက်ရသည်။ ထိုအခါ မောင်ဒေါင်ဂေါန်တန်နှင့် သူငယ် ချင်းငါးယောက်တို့သည် လဂျာရွာသို့ချက်ချင်းမပြန်နိုင်ဘဲ မနန်း ခွံရွာရှိ ကချင်လေဗီးတပ်စခန်းချရာ စစ်တန်းလျားဝါးတဲများ တည်ဆောက်သည့်လုပ်ငန်းတွင် ဝင်ရောက်လုပ်အားပေးခဲ့ရ သည်။ ထိုသို့လုပ်အားပေးခြင်းအတွက် အခကြေးငွေများ ရကြ သည်ဟုဆိုသည်။

တပ်စခန်းတည်ဆောက်ရေးလုပ်ငန်းများပြီး၍ ရွာသို့ပြန် သည့်အခါ ကချင်လေဗီးတပ်စခန်းမှ စစ်သားများက သူတို့ကို ‘ဂျပန်စစ်လေယာဉ်တွေ ဗုံးကျဲတဲ့အခါ ထွက်ပြေးရမယ်။ အဲဒီ လိုမလုပ်ရင် သေနိုင်တယ်’ဟု မှာကြားလိုက်သည်။ ထို့ကြောင့် မောင်ဒေါင်ဂေါန်တန်တို့သည် မိမိတို့နေထိုင်ရာ လဂျာရွာသို့ တန်းမပြန်ရဲသေးဘဲ ဒူးရစ်ဆိုသည့် ကျေးရွာတစ်ရွာတွင် ခဏဝင် နားကြသည်။ ထိုကျေးရွာတွင်လည်း ကချင်လေဗီးတပ်က စခန်း ချကာနေသည်။

ထိုတပ်စခန်းရှိ ကချင်စစ်သားများက သူတို့ကို ရွာသို့ မပြန် စေတော့ဘဲ တပ်ထဲသို့ ဝင်ရန်တိုက်တွန်းကြသည်။ အဆိုပါ လေ ဗီးတပ်ထဲတွင် ကချင်စစ်သားများလည်းရှိလေ၏။ မောင်ဒေါင် ဂေါန်တန်က ရွာတွင် မိဘများကျန်ခဲ့ကြောင်းနှင့် သူတို့ကိုစောင့် ရှောက်ဖို့လိုသေးကြောင်းပြောသည့်အခါ ”မပူပါနဲ့ သူတို့အတွက် အားလုံးစီစဉ်ပေးမယ်။ အကြောင်းလည်းကြားပေးမယ်” ဟု ဆို သဖြင့် မောင်ဒေါင်ဂေါန်တန်တို့ သူငယ်ချင်းငါးယောက်သည် ကချင်လေဗီး တပ်ထဲသို့ ဝင်ဖြစ်ခဲ့လေတော့သည်။

ဤသို့ဖြင့် မောင်ဒေါင်ဂေါန်တန်သည် ၁၉၄၂၊  ခရစ္စမတ်ပြီး ပြီးချင်း ကချင်လေဗီးတပ်ထဲသို့ ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။ ထိုစဉ်က သူတို့သည် တောင်ပေါ်မှာ ရက်လုပ်သည့် အင်္ကျီအဝတ် အစားများကို ဖိုသီဖတ်သီ ဝတ်ထားခြင်းဖြစ်ရာ တပ်ထဲဝင်သည့် နေ့မှစ၍ စစ်ယူနီဖောင်းတစ်စုံစီရသည်။ ထိုစစ်ယူနီဖောင်းဝတ် လိုက်ရသည့်အခါတွင် မောင်ဒေါင်ဂေါန်တန်၏ စိတ်ထဲတွင် ”ဝမ်းလည်းဝမ်းသာတယ်။ စိတ်ကတော့ တက်ကြွလာတယ်”ဟု ဆိုသည်။

စစ်ထဲဝင်သည့်အခါ စစ်သင်တန်းတက်ရတာမျိုး မရှိ။ ဘယ်၊ ညာလမ်းလျှောက် လေ့ကျင့်ရတာမျိုးလည်း မရှိ။ သို့သော် ဂျပန်စစ်သားကိုတွေ့လျှင် သေနတ်ကို မည်သို့ပစ်ရမည်ကိုတော့ စီနီယာများနှင့်တွဲဖက်ကာ လေ့ကျင့်သင်ကြားခဲ့ရသည်။

အထက်အရာရှိများကတော့ မကြောက်ကြဖို့နှင့် ဂျပန်နှင့် ထိပ်တိုက်တွေ့ပါကလည်း တစ်ယောက်တည်း ထွက်ပြေးမသွား ဖို့ကို သေချာမှာထားသည်။ သို့သော် မောင်ဒေါင်ဂေါန်တန်ကိုယ် တိုင်သည်လည်း ကြောက်စိတ်တော့မရှိ။ ဖြစ်ချင်ရာဖြစ်ဆိုပြီး စိတ်ထဲတွင်တော့ တွေးထားသည်။ အတူတူစစ်ထဲဝင်သည့် သူ ငယ်ချင်းများထဲမှာတော့ တချို့က ကြောက်ကြသည်။ မောင်ဒေါင် ဂေါန်တန် စိတ်ပူတာတစ်ခုတော့ ရှိသည်။ ယင်းမှာဒဏ်ရာရလျှင် ဘယ်လိုလုပ်မလဲဟူ သော စိုးရိမ်စိတ်ဖြစ်သည်။

ကျောင်းသွားတက်သည့်သားဖြစ်သူ အိမ်ပြန်မလာတော့ သည့်အတွက် စစ်ထဲဝင်သွားပြီဆိုတာတော့ အိမ်တွင်ကျန်ခဲ့ သည့် မိဘများက သိကြသည်။ ထို့ကြောင့် လိုက်ရှာဖို့လည်း မလုပ်၊ လိုက်ရှာရန်မှာလည်း လမ်းပန်းဆက်သွယ်ရေး အဆင် မပြေသည့်အတွက် လိုက်ရှာဖို့က မလွယ်ကူ။ ထို့ကြောင့် စစ်ထဲ ဝင်သွားသည့်နောက်ပိုင်း မောင်ဒေါင်ဂေါန်တန်သည် မိဘများ နှင့် အဆက်အသွယ်ပြတ်တောက်သွားလေသည်။  သူ စစ်ထဲကို ဝင်သွားပြီးတော့ အိမ်ကိုလည်း လွမ်းခဲ့သည်။ မိဘတွေကိုလည်း လွမ်းသည်။

ထိုကာလတွင် ဂျပန်တို့သည် ပူတာအိုကိုသိမ်းရန် မြစ်ကြီး နားမြို့မှ ချီတက်လာကြပြီဖြစ်သည်။ သူတို့၏ အဓိက ရည်ရွယ် ချက်မှာ ပူတာအိုလေယာဉ်ကွင်းကို ရဖို့အတွက်ဖြစ်သည်။ သို့ သော် အင်္ဂလိပ်စစ်တပ်များနှင့် ကချင်လေဗီးတပ်များက ပြောက် ကျားစနစ်ကိုသုံးကာ ဆွမ်ပရာဘွန်ဒေသတစ်ဝိုက်မှနေ၍ အဆင့် ဆင့် ခုခံတိုက်ခိုက်ကြသဖြင့် ဂျပန်တို့သည် ပူတာအိုမြို့ကို လုံးဝ သိမ်းပိုက်နိုင်ခြင်း မရှိခဲ့ချေ။

ဖက်ဆစ်ဂျပန်များ ပူတာအိုမြို့ကို မသိမ်းပိုက်နိုင်ရခြင်း၏ အဓိက အကြောင်းရင်းကို ဦးဒေါင်ဂေါန်တန်က အခုလိုရှင်းပြသည်။

”ဂျပန်က မြစ်ကြီးနားကို သိမ်းပြီးတဲ့အခါ မြစ်ကြီးနားနဲ့ မန္တလေးကြားက ရိက္ခာသယ်တဲ့ ရထားလမ်းကြောင်းကို ချင်းဒစ် (ကချင်စစ်သားများပါဝင်သော ခြင်္သေ့အမည်ရှိ ပြောက်ကျား)တပ်တွေက ဖြတ်တောက်ပစ်တယ်။ အဲဒီလိုလုပ်တော့ သူတို့မှာ လက်နက်ရိက္ခာတွေက လျော့နည်းလာတယ်။ ဒါက အားနည်း ချက်တစ်ခု။ ပြီးတော့ အပေါ်ဘက်မှာကျတော့လည်း လေဗီးတွေ က ရှိနေတော့ ပူတာအိုကို သိမ်းလို့မရဘူး ဖြစ်သွားတာ”

အင်္ဂလိပ်တပ်နှင့် ကချင်လေဗီးတပ်များကတော့ ကျည် ဆန်ကို လိုသလောက်ရသည်။ ဘယ်လောက်သုံးသုံး လိုသလောက် ကို ထောက်ပံ့ပေးသည်ဟု ဦးဒေါင်ဂေါန်တန်က ဆိုသည်။

ရိက္ခာဆန်ကိုလည်း အိန္ဒိယမှတစ်ဆင့် လေယာဉ်ဖြင့် လာ ချပေးတတ်သည်။ ဆန်ထဲတွင် ကြွက်ချေးနှင့် ခဲများတော့ ပါလာ တတ်သည်။ အမဲဘူး၊ ငါးဘူး၊ ပဲဘူးတို့ကို တစ်ပတ်လျှင် နှစ်ရက် စားသောက်ရသည်။ နို့ဆီဘူးကိုတော့ နေ့တိုင်း စိတ်ကြိုက် သောက်သုံးနိုင်သည်ဟု သူက ရှင်းပြသည်။

သူတို့သည် ဂျပန်ကို ပြောက်ကျားစနစ်ဖြင့်လည်း တိုက်ခဲ့ရ သလို စခန်းသိမ်းတိုက်ပွဲ၊ ထိပ်တိုက်ရင်ဆိုင်တွေ့ဆုံသည့် တိုက်ပွဲ၊ ရန်သူအလစ်ဝင်တိုက်ရသည့်တိုက်ပွဲ စသဖြင့် နည်းမျိုးစုံဖြင့် ရင်ဆိုင်တိုက်ခဲ့ရသည်။

ကချင်စစ်သားများက ဒေသခံများဖြစ်၍ တောကျွမ်းကြ သည်။ မည်သည့်နေရာတွင် လျှိုမြောင်ရှိသည်၊ မည်သည့်နေရာ တွင် ချောင်းရှိသည် စသဖြင့် သိထားပြီးဖြစ်၏။

”ဂျပန်တွေကျတော့ ဘယ်အနား ဘာရှိမှန်းမသိဘူး။ ဝင်ဖို့ လည်းခက်၊ မဝင်ဖို့လည်းခက်ဖြစ်တာမျိုးတွေရှိတယ်။ ဂျပန် တွေ တက်လာတဲ့အခါ တောမကျွမ်းတော့ အမြဲတမ်းလမ်းမအပေါ်မှာပဲ နေတယ်။ အဲဒါကလည်း ဂျပန်ရဲ့ အားနည်းချက်ပဲ”ဟု ဦးဒေါင် ဂေါန်တန်က ရှင်းပြသည်။

ထို့ပြင် ဂျပန်တို့၏ နှိပ်စက်ခြင်းကို ခံထားဖူးသူတို့ကလည်း ခံပြင်းသည့်စိတ်နှင့် တိုက်ခိုက်ကြသဖြင့် စိတ်ဓာတ်ကွာခြားခြင်း ကလည်း ကချင်လေဗီးတပ်များ၏ အားသာချက်တစ်ခုဖြစ်သည် ဟုဆိုသည်။

လေဗီးတပ်များကို ကချင်ပြည်နယ်အနှံ့တွင် တပ်ဖြန့်ထား ခြင်းဖြစ်ရာ မောင်ဒေါင်ဂေါန်တန်သည် လေဗီးတပ်ခွဲ ၃ တွင် တာ ဝန်ထမ်းဆောင်ခဲ့ရခြင်းဖြစ်သည်။ သူတို့၏ အကြီးအကဲမှာ ကာနယ်ဖို့ဒ်(Colonel Ford)ဖြစ်သည်။ ၎င်းကို ကချင်များက ဖော့ဒူဝါဟု ခေါ်ကြသည်။ မေဂျာက ကချင်လူမျိုး အင်ဖန်းနော် (Sare Hpung) ဖြစ်ပြီး ကပ္ပတိန်မှာ ဆရဲဖန်(N Hpan Naw) ဖြစ်လေသည်။ တပ်ခွဲတစ်ခုလျှင် အင်အား ၁၅ဝ ရှိရမည်ဖြစ်သော် လည်း မပြည့်သည့် တပ်ခွဲများလည်းရှိသည်ဟု ဆိုသည်။

ထိုစဉ်က မောင်ဒေါင်ဂေါန်တန်သည် တော်မီဂန်းသေနတ် ကို ကိုင်၏။ သူသည် လက်ဖြောင့်သည့် စစ်သားတစ်ဦးဖြစ်သည် ဟု ဆိုသည်။ နို့ဆီဘူးခွံကို အဝေးတစ်နေရာတွင်တင်ကာ သေ နတ်နှင့် စမ်းသပ်ပစ်ခတ်ရာတွင် မောင်ဒေါင်ဂေါန်တန်သည် အမြဲ တမ်းထိမှန်အောင် ပစ်နိုင်ခဲ့သည်။

မောင်ဒေါင်ဂေါန်တန်တို့ ပြင်းပြင်းထန်ထန်တိုက်ခဲ့ရသည့် တိုက်ပွဲက ဂျပန်တို့သိမ်းပိုက်ထားသော မြစ်ကြီးနားမြို့ဝင် တိုက် ပွဲဖြစ်သည်။ သူတို့နှင့်အတူ ဂေါ်ရခါးတပ်များလည်း အတူတိုက်ခဲ့ ရခြင်းဖြစ်သည်။ သို့သော် သူ့စိတ်ထဲတွင် မှတ်မှတ်ထင်ထင် ဖြစ် နေသည့်အရာက မြစ်ကြီးနားမြို့ ဧရာဝတီမြစ်တစ်ဖက်ကမ်းရှိ ဝိုင်းမော်မြို့တွင် တိုက်ခဲ့ရသည့် တိုက်ပွဲပင်ဖြစ်သည်။

ဝိုင်းမော်မြို့တွင် ဂျပန်တို့က စခန်းချနေကြခြင်းဖြစ်သည်။ သို့သော် လက်နက်နှင့် ရိက္ခာများပြတ်လပ်နေသဖြင့် ဆုတ်ခွာ ထွက်ပြေးရန် စီစဉ်နေသည့်အချိန်တွင် ပစ်ခတ်ချေမှုန်းခဲ့ရခြင်း ဖြစ်သည်။

ဖက်ဆစ်ဂျပန်များနှင့် တိုက်ခဲ့ရသည့်တိုက်ပွဲများအနက်  မြစ်ကြီးနားမြို့ဝင်တိုက်ပွဲနှင့် ဝိုင်းမော်မြို့တိုက်ပွဲသည် ပြင်းပြင်း ထန်ထန် တိုက်ခဲ့ရသည့်တိုက်ပွဲများအဖြစ် ဦးဒေါင်ဂေါန်တန်မှတ် မိနေသေးသော်လည်း မည်သို့တိုက်ခဲ့ရသည်ဆိုတာကိုတော့ သူအသေးစိတ် မမှတ်မိတော့ပေ။ နှစ်ပေါင်းကြာပြီဖြစ်၍ သူ၏ မှတ်ဉာဏ်ထဲ စွဲထင်နေသော ပုံရိပ်တချို့သည် ပျက်ပြယ်စပြုလာ ဟန်တူသည်။

မြစ်ကြီးနားမြို့ဝင်တိုက်ပွဲ၊ ဝိုင်းမော်မြို့တိုက်ပွဲနှင့် ပတ်သက် ပြီး ကျွန်တော့်ကို ဘာသာပြန်ပေးသည့် ဦးကေပွန်အွန်း ပြောပြ တာက ဝိုင်းမော်မြို့မှ ဆုတ်ခွာထွက်ပြေးကြသည့် ဂျပန်တို့သည် နည်းမျိုးစုံဖြင့် ဧရာဝတီမြစ်ထဲမှ စုန်ပြေးကြရာ ကချင်လက် ဖြောင့်စစ်သားများက ကမ်းပေါ်မှနေ၍ တစ်ဦးချင်းကို အမှည့် ခြွေချေမှုန်းခဲ့သည့်အကြောင်း စာအုပ်များတွင် လေ့လာဖတ်ရှုဖူး သည်ဟု ဆိုသည်။

ကချင်စစ်သားများသည် ကမ္ဘာ့အတော်ဆုံးသော ပြောက် ကျားစစ်သည်များဖြစ်သည်ဟု တချို့သောစာအုပ်များတွင် ဖော်ပြထားရာ ယင်းသို့အဘယ်ကြောင့် သတ်မှတ်ခံရသနည်းဟု ဦးဒေါင်ဂေါန်တန်ကို မေးကြည့်ရာ သူက ယခုလို မှတ်ချက်ပြုသည်။

”ပထမကမ္ဘာစစ်ကတည်းက ကချင်တပ်တွေဟာ အီရန်၊ အီရတ်ဘက်မှာ စစ်သွားတိုက်ဖူးတယ်။ အဲဒီက ပြန်လာတဲ့အခါ စစ်အသုံးအနှုန်းတွေ ပါလာတယ်။ အဲဒါတွေကို အမြဲတမ်းကြား နေရတယ်။ လက်ဆောင်ပေးလိုက်တဲ့ သေနတ်တွေပါလာတယ်။ ဒါကြောင့် ကချင်တွေက စစ်ပညာနဲ့ပတ်သက်လို့ ရင်းနှီးကြတယ်”

အထက်ပါ အကြောင်းရင်းနှင့်ပတ်သက်၍ မရန်ဘောက် လာ(မဟာဝိဇ္ဇာဂုဏ်ထူး)ရေးသားသည့် ဆမားဒူဝါဆင်ဝါးနောင် ၏ အတ္ထုပ္ပတ္တိစာအုပ်တွင် ယခုလိုဖော်ပြထားသည်ကို တွေ့ရသည်။

‘ဗြိတိသျှတို့သည် ကချင်အမျိုးသားတို့၏ စစ်ရေးစစ်ရာ အစွမ်းအစကို သိရှိသဖြင့် ရှေးမဆွကတည်းကပင် ကချင်အမျိုး သားများကို စစ်တပ်ထဲ ဝင်ရောက်အမှုထမ်းရန် ဆွဲဆောင်ခဲ့ကြ သည်။ သို့သော် ဗြိတိသျှတို့ကို ခုခံတိုက်ခိုက်ခဲ့သော နယ်ချဲ့ဆန့် ကျင်ရေးတိုက်ပွဲ အရှိန်အဟုန် မြင့်မားနေစဉ် ကချင်အမျိုးသား အနည်းအကျဉ်းသာ စစ်ထဲဝင်ရောက်ခဲ့ကြသည်။ လက်နက်ကိုင် တိုက်ပွဲ အရေးနိမ့်သွားသည့်နောက်ပိုင်းတွင်သာ ကချင်အမျိုး သား အမြောက်အမြား စစ်ထဲဝင်ရောက်ခဲ့ကြလေသည်။

၁၈၉၈ ၌ ဗန်းမော်မြို့တွင် ဖွဲ့စည်းခဲ့သော ပြည်စောင့် တပ်(Burma Military Police) သို့ ကချင်တို့ ဦးစွာ ဝင်ရောက်ခဲ့ကြသည်။ ၁၉၁၄ တွင် ကချင်တပ်သားများကို မေမြို့ သို့ပြောင်းရွှေ့စေပြီး ၁၉၁၆ ၌ အမှတ် ၈၅ ဘားမားရိုင်ဖယ်တပ် တွင် ကချင်တပ်ဖွဲ့တစ်ခုသည် အရှေ့အလယ်ပိုင်း မက်ဆိုပိုတေး မီးယားဒေသ (အီရန်၊ အီရတ်)သို့ သွားရောက်၍ ပထမကမ္ဘာ စစ်ကြီးတွင် ရွပ်ရွပ်ချွံချွံပါဝင်တိုက်ခိုက်ခဲ့ကြသည်။ ၎င်း ကချင် တပ်သားများ ရဲရင့်ပြောင်မြောက်စွာ ပါဝင်တိုက်ခိုက်ခဲ့ကြောင်း ဗြိတိသျှတပ်မှူးများက မှတ်တမ်းတင်ခဲ့ကြသည်။ ဆုတံဆိပ် များကိုလည်း ဆွတ်ခူးခဲ့ကြလေသည်’ဟု ဖော်ပြထားလေသည်။

ဖက်ဆစ်ဂျပန်တွေကို တိုက်ထုတ်ပြီးသည့်နောက်မှာတော့ မောင်ဒေါင်ဂေါန်တန်သည် အိမ်သို့ပြန်ရန် ခွင့်ရက်တစ်လရ သည်။ ကျောင်းတက်ရန် ရွာမှထွက်လာခဲ့သည့် မောင်ဒေါင်ဂေါန် တန်သည် စစ်ထဲဝင်သွားပြီးနောက် အိမ်နှင့် အဆက်အသွယ် ပြတ်ခဲ့ရာ ခွင့်ရက်တစ်လရသည့်အခါမှ အိမ်သို့ ပြန်ခဲ့ရလေသည်။

ခွင့်ရက်ပြည့်၍တပ်ရင်းသို့ ပြန်မည်ဆိုသောအခါ မိဘများက မပြန်ရန် ဝိုင်းဝန်းတားဆီးကြသေးသည်။ ထိုအခါ မောင်ဒေါင် ဂေါန်တန်က အစိုးရနှင့်အလုပ်လုပ်တာဖြစ်သည့်အတွက် ပြန် မသွားပါက အရေးယူခံရနိုင်သည့်အကြောင်း၊ သိပ်မကြာခင် ပြန်လာမည့်အကြောင်း ပြောကြားကာ တပ်ရင်းသို့ ပြန်လာခဲ့       ရသည်။

ဒုတိယကမ္ဘာစစ်ကြီးပြီးသွားသည့်အခါ ဗြိတိသျှက ကချင် ရိုင်ဖယ်အဖွဲ့ ငါးဖွဲ့ကိုဖွဲ့စည်းလိုက်သည်။ သို့သော် ဦးဒေါင် ဂေါန် တန်သည် မြစ်ကြီးနားတွင် ဖွင့်သည့် Union Military Police (UMP) ဆိုသည့် ပြည်စောင့်ရဲတပ်ဖွဲ့သို့ဝင်ခဲ့၏။  ၁၉၆၂ တွင် ပြည်စောင့်ရဲကို အသွင်းပြောင်းလိုက်သဖြင့် ခလရ ၄၃(အမှတ်(၄၃) ခြေလျင်တပ်ရင်း)သို့ ထပ်မံ ပြောင်းရွှေ့ခဲ့ရပြီး ရှမ်းပြည်နယ် ကျိုင်းတုံ၊ မိုင်းပြင်း၊ တာလေဘက်တို့တွင် တာဝန် ထမ်းဆောင်ခဲ့ရလေသည်။

ထိုစဉ်က တရုတ်ဖြူတပ်များနှင့် တိုက်ခိုက်ခဲ့ကြရပြီး တရုတ်ဖြူဘက်မှပစ်လိုက်သည့် ဗုံးဆန်က သူ၏ ညာဘက်ရင် ဘက်ကို ရှပ်မှန်ပြီး ဒဏ်ရာအနည်းငယ်ရခဲ့တာကလွဲ၍ တစ်ကြိမ် တစ်ခါမှ သေနတ်မမှန်ခဲ့ဖူးဟု ဆိုသည်။

ထို့နောက် ကယားပြည်နယ် လွိုင်ကော်မြို့ရှိ ခလရ-၅၄ (အမှတ်(၅၄)ခြေလျင်တပ်ရင်း)သို့ ထပ်မံပြောင်းရွှေ့ခဲ့ရသည်။ ထိုတပ်ရင်း၌ပင် တပ်ကြပ်ကြီးရာထူးနှင့် ၁၉၇၄ တွင် မြန်မာ့တပ်မတော်မှ သက်ပြည့်ပင်စင်ဖြင့် အနားယူခဲ့လေတော့သည်။

မြန်မာနိုင်ငံ လွတ်လပ်ရေးမရမီ ၁၉၄၂ ဒုတိယကမ္ဘာစစ်မှ မြန်မာနိုင်ငံလွတ်လပ်ရေးရပြီး ၁၉၇၄ အထိ ၃၂ နှစ်ကြာ စစ်တပ်တွင် တာဝန်ထမ်းဆောင်ခဲ့သော်လည်း တပ်ကြပ်ကြီး ရာထူးအဆင့်သာ ရရှိခဲ့သည်။ ယင်းသို့ဖြစ်ခြင်းကို ဦးဒေါင် ဂေါန်တန်က ”စာမတတ်လို့ ရာထူးမတက်ခဲ့ဘူး”ဟုဆိုသည်။

စစ်မှုထမ်းခဲ့စဉ်ကာလက ဆုတံဆိပ်များရရှိခဲ့ဖူးသည်။ တရုတ်ဖြူတပ်များနှင့် တိုက်ခဲ့စဉ်ကလည်း ဆုတံဆိပ်ရရှိခဲ့သည်။ သို့သော် ယင်းဆုတံဆိပ်တို့သည် မိုင်းပြင်းတပ်ရင်း မီးလောင် ခဲ့စဉ်နှင့် မော်ချီးတွင်နေထိုင်စဉ် မီးလောင်ခံခဲ့ရခြင်းများကြောင့် ဆုတံဆိပ်အားလုံး မီးထဲပါသွားခဲ့သည်။ ဘာဆုတံဆိပ်တွေရခဲ့သည်ဆိုတာကိုလည်း သူမမှတ်မိတော့။ နောက်ဆုံး စစ်တပ်မှ ထွက်လာသည့်အခါ ပေးအပ်လိုက်သော စစ်မှုထမ်းကောင်း တံ ဆိပ်သာ ကျန်တော့သည်ဟု ဦးဒေါင်ဂေါန်တန်က ဆိုသည်။

ကျွန်တော့်တွင် မေးခွန်းတချို့ကျန်သေးသလို အသေး စိတ်ထပ်မေးလိုသည့် အကြောင်းအရာများလည်း ကျန်နေသေး သည်။ သို့သော် ဦးဒေါင်ဂေါန်တန်သည် သူ၏ ရင်ဘတ်ကို ပုတ် ပြရင်း ”နည်းနည်းမောလာလို့ အနားယူဦးလိုက်မယ်”ဟု ဆိုကာ စကားဝိုင်းကို ရပ်လိုက်သည်။

ဦးဒေါင်ဂေါန်တန်သည် သူ၏တောင်ဝှေးကို လက်တစ်ဖက် က ကိုင်ထားသည်။ မြေးဖြစ်သူ၏ အကူအညီနှင့် ထိုင်ရာမှ ထရ သည်။ ပြီးလျှင် လူတွဲဖြင့် ဖြည်းဖြည်းခြင်း လမ်းလျှောက်ကာ သူအိပ်စက်အနားယူရာ အခန်းထဲသို့ ဝင်သွားလေသည်။ အခန်း ထဲရှိ ခုတင်ပေါ်တွင် သူ့ကို နွေးနွေးထွေးထွေးဖြစ်စေမည့် စောင် များ၊ ခေါင်းအုံးများက ဝန်းရံထားသည်။ ထိုအခန်းသည် ၁ဝ ပေ ပတ်လည်ခန့်ကျယ်ဝန်းမည်။

ယင်းအခန်းထဲတွင် ဒုတိယကမ္ဘာစစ်တုန်းက ဖက်ဆစ် ဂျပန်တွေကို တော်လှန်တိုက်ခိုက်ခဲ့သည့် ကချင်စစ်သားဟောင်း ကြီးတစ်ဦးရှိသည်။ ထိုအခန်းရှိရာ အိမ်သည် မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက်တွင်ရှိသည်။ ကချင်ပြည်နယ်တွင် ဒုတိယ ကမ္ဘာစစ်အတွင်း တာဝန်ထမ်းဆောင်ခဲ့သည့် သူကဲ့သို့သော ကချင်လေဗီးစစ်သား တစ်ရာဝန်းကျင်ခန့် ကျန်နေသေးသည်။       ။

၂၀၁၆-မတ်လထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၃၃)မှ ပုံရိပ်လွှာ ဆောင်းပါး ဖြစ်ပါသည်။

ကျော်ဇေယျာထွန်း ရေးသည်။

Save

Save

အမျိုးအစား - ပုံရိပ်လွှာ

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."