ကုန်သွယ်ရေး ပြောင်းလဲမှု ဘယ်လောက် ခရီးပေါက်ပြီလဲ အပိုင်း(၁)

ကုန်သွယ်ရေး ပြောင်းလဲမှု ဘယ်လောက် ခရီးပေါက်ပြီလဲ အပိုင်း(၁)

၂၀၁၆-မတ်လထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၃၃) မှ စီးပွားရေးဆောင်းပါး ဖြစ်ပါသည်။

ဇော်ထိုက် ရေးသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည် ထောင်စုဝန်ကြီး ဦးဝင်းမြင့်ဟာ လက်ရှိရာထူးကို တာဝန်ယူပြီး မကြာခင်မှာပဲ ”ကျွန်တော့်လက်ထက်မှာ စီးပွားရေးတိုးကို တိုး တက်ရမယ်”ဆိုပြီး ကြွေးကြော်ခဲ့ဖူးပါတယ်။

၂ဝ၁၂ နှစ်ဦးပိုင်း နေပြည်တော်မှာရှိတဲ့ စီးပွား/ကူးသန်း ဝန်ကြီးဌာနရုံး (ရုံးအမှတ်-၃)မှာလုပ်တဲ့ ကုန်သည်တွေနဲ့ တွေ့ ဆုံပွဲတစ်ခုမှာ အဲဒီလိုကြွေးကြော်ခဲ့တာပါ။

မြင်သာတဲ့ ပြောင်းလဲမှုများ

အစိုးရသစ်တက်လာပြီးနောက်ပိုင်းမှာ ကုန်သွယ်ရေးနဲ့ ပတ်သက်တဲ့ဖြေလျှော့မှုတွေကို လုပ်လာခဲ့ပါတယ်။ ပထမဆုံး သိသာတဲ့ဖြေလျှော့မှုလို့ဆိုရမှာကတော့ ပြည်ပကနေ စားအုန်းဆီ တင်သွင်းခွင့်ကို တစ်ဦးတည်းကို ဝကွက်အပ်ထားရာကနေ အခြားသူတွေပါ တင်သွင်းနိုင်အောင် ဖြေလျှော့ပေးခဲ့ပါတယ်။ စားအုန်းဆီတင်သွင်းခွင့်ကို တစ်ဦးတည်းဝကွက်အပ်ထားတုန်း က ရန်ကုန်ဆိပ်ကမ်းအရောက်ဈေး (CIF)နဲ့ အဲဒီတုန်းကရှိခဲ့တဲ့ ကိုယ်စားလှယ်တွေကိုပြန်ရောင်းတဲ့ဈေးက တစ်ပိဿာ     ကို ကျပ်တစ်ထောင်စွန်းစွန်း၊ တစ်ခါတစ်ရံ ကျပ်နှစ်ထောင်ခန့်အထိကွာဟခဲ့ပါတယ်။

ဖြေလျှော့ပေးပြီးနောက်ပိုင်းမှာတော့ ကုန်သည်တော် တော်များများက စားအုန်းဆီဝိုင်းသွင်းကြတဲ့အတွက် ပြိုင်ဆိုင်မှု အတိုင်းအတာတစ်ခုလောက်အထိ အားကောင်းလာပြီး အရင်းနဲ့ လက်ကားရောင်းဈေးက တစ်ပိဿာ    ကို ကျပ်ဆယ်ဂဏန်း လောက်ပဲ ကွာပါတော့တယ်။

ကိုယ်တိုင်ဆီကိုယ်စားလှယ်တစ်ဦးလုပ်ခဲ့ဖူးသူ ဦးခင်စန်း က ”စားအုန်းဆီဈေးက အခုဆိုရင် တစ်ခါတစ်ခါ ဆိပ်ကမ်း အရောက်ဈေးနှုန်းက ဈေးကွက်ပေါက်ဈေးနဲ့ မကွာသလောက် အနေအထားအထိတောင် ဖြစ်သွားတတ်တယ်။ ဆိပ်ကမ်း အရောက်ဈေးက နိမ့်တဲ့အခါတောင်ရှိတယ်။ ဥပမာ-ဆိပ်ကမ်း အရောက်ဈေးက တစ်ပိဿာ     ၁,၄ဝဝကျပ် ဖြစ်တဲ့အချိန်မှာ ဈေး ကွက်ထဲမှာ ၁,၃၆ဝ ကျပ်ဖြစ်နေတာမျိုးပေါ့”လို့ပြောပါတယ်။

စီးပွား/ကူးသန်းကပြောသလိုပဲ ဦးသိန်းစိန်အစိုးရလက် ထက်မှာ ကုန်သွယ်ရေးနယ်ပယ်နဲ့ပတ်သက်ပြီး သိသာတဲ့ တိုး တက်မှုတွေ ရှိတယ်ဆိုတာကိုတော့ ကုန်သည်အသိုင်းအဝိုင်းက လည်း လက်ခံသဘောတူပါတယ်။ တိုးတက်မှုအဖြစ် ကုန်သည် တွေ အဓိကထောက်ပြတဲ့အချက်ကတော့ ပို့ကုန်/သွင်းကုန်လိုင် စင်တွေကို သိသိသာသာဖြေလျှော့လိုက်တဲ့ အချက်ပဲဖြစ်ပါတယ်။

ဒါနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံရဲ့ထိပ်သီးဆန်ပို့ကုန်လုပ်ငန်း ရှင်တစ်ဦးဖြစ်တဲ့ ဦးလူမော်မြင့်မောင်က ”ကျွန်တော့်ရဲ့ လုပ်ငန်း နယ်ပယ်အရပြောရရင် အရင်အစိုးရလက်ထက်မှာ ပြည်ပဆန် တင်ပို့မှုပမာဏကို အကန့်အသတ်တွေ တအားလုပ်ထားတယ်။ အဲဒီအတွက် ဖောက်သည်က ဘယ်တော့မှ ခိုင်ခိုင်မာမာရတယ်ဆို တာမရှိဘူး။ ပို့ခါနီးမှ လိုင်စင်ပိတ်လိုက်တယ်ဆိုတာမျိုး ခဏခဏ ဖြစ်တော့ ရထားတဲ့ဖောက်သည်တွေလည်း ပျက်ကုန်ကြတယ်။ ဒါကြောင့် နိုင်ငံတကာဝယ်လက်တွေက မြန်မာ့ဆန်ဆိုရင် မဖြစ် မနေနောက်ဆုံးကျမှဝယ်ကြတယ်”လို့ ပြောပြတယ်။

သူကဆက်ပြီး ”အခုတော့ ပို့ကုန်ရော၊ သွင်းကုန်ရော လိုင် စင်ကို ကုန်သည်တိုင်း လွယ်လွယ်ကူကူ လျှောက်လို့ရတယ်။ Open Market Policy (တံခါးဖွင့်စီးပွားရေးမူဝါဒ)အားကောင်း လာတော့ ဒီအကျိုးကို ဟိုးအောက်ခြေက လယ်သမားတွေပါ ခံစားလာရတယ်”လို့ ပြောပါတယ်။

ဦးသိန်းစိန်အစိုးရတက်လာပြီးနောက်ပိုင်းမှာတော့ ပြည်ပ ကို ဆန်စပါးတင်ပို့မှု လိုင်စင်ကို ဖွင့်ချည်၊ ပိတ်ချည်မလုပ်တော့ဘဲ တစ်သမတ်တည်းဖွင့်ထားပေးခဲ့ပါတယ်။ အဲဒီလို ဆန်ပို့ကုန်လိုင် စင်ကို တစ်သမတ်တည်းဖွင့်ပေးထားချိန်မှာ တရုတ်နိုင်ငံရဲ့ မြန်မာ့ဆန်ဝယ်လိုအားက ၂ဝ၁၂ နှစ်လယ်ပိုင်းလောက်မှာစပြီး တစ်ဟုန်ထိုးများပြားလာခဲ့ပါတယ်။

မူဆယ်နယ်စပ်ကနေတစ်ဆင့် မြန်မာ့ဆန်ကို တရုတ်က ဝယ်တာပါ။ အဲဒီဆန်ဈေးကွက်ကို မြန်မာအစိုးရက စကတည်းက တရားဝင် ခွင့်ပြုပေးထားခဲ့ပြီး တရုတ်ဘက်ကတော့ တရားဝင် ခွင့်ပြုဖို့ လက်ရှိအချိန်အထိ ညှိနှိုင်းဆဲဖြစ်ပါတယ်။

အဲဒီတရုတ်ဈေးကွက်ဝယ်လိုအားက မြန်မာနိုင်ငံရဲ့ လူဦး ရေ ၇ဝ ရာခိုင်နှုန်းနဲ့ဆက်စပ်နေတဲ့ ဆန်စပါးကဏ္ဍကုန်သွယ်ရေး ဈေးကွက်ကို ကြီးမားတဲ့အပြောင်းအလဲဖြစ်ပေါ်စေခဲ့ပါတယ်။

တရုတ်ဈေးကွက် ဝယ်လိုအားတက်လာကတည်းက  အခု အချိန်အထိ ပြည်တွင်းစပါးပေါ်ချိန်မှာဈေးပမာဏ အများအပြား ထိုးမကျတော့ဘဲ အရင်ကထက် ဈေးနှုန်း ၆ဝ ရာခိုင်နှုန်းဝန်းကျင် အထိ မြင့်တက်လာပါတယ်။

၂ဝ၁၁ မိုးစပါးပေါ်ချိန်မှာ ဧည့်မထတင်းတစ်ရာဈေး ကျပ် သုံးသိန်းစွန်းရုံပဲ ရှိခဲ့ရာက ပြီးခဲ့တဲ့ ၂ဝ၁၅ မိုးစပါးပေါ်ချိန်မှာ ကျပ်ငါးသိန်းစွန်းစွန်းအထိ ဈေးမြင့်လာပါတယ်။ မြန်မာနိုင်ငံရဲ့ ပြည်ပဆန်တင်ပို့မှု ပမာဏကလည်း ၄၈ နှစ်အတွင်း စံချိန်တင်တဲ့ အထိ အမြင့်ဆုံးပမာဏကိုရောက်ရှိပြီး အရင်အစိုးရလက်ထက်ရဲ့ နှစ်ဆလောက်ရှိလာပါတယ်။

အသက် ၅ဝ ကျော်လာပြီဖြစ်တဲ့ လယ်သမားဦးသိန်းအောင် က လယ်ဧက ၃ဝ ကျော်လောက်ပိုင်ဆိုင်တဲ့ ဓနုဖြူမြို့နယ်က လယ်သမားတစ်ဦးဖြစ်ပါတယ်။ သူဟာ အဖွဲ့ဝင်အင်အားလေး သိန်းကျော်လောက်ရှိတဲ့ လွတ်လပ်သောတောင်သူလယ်သမားများအသင်းရဲ့ ဥက္ကဋ္ဌလည်းဖြစ်ပါတယ်။

”တရုတ်ဈေးကွက်ဖွံ့ဖြိုးလာတဲ့အတွက် ကျွန်တော်တို့ လယ်သမားတွေအနေနဲ့ အရင်လိုစပါးပေါ်ချိန် ဈေးမကျတော့တဲ့ အကျိုးကို ရလာတယ်။ အရင်က လယ်ဧက နည်းနည်းပဲလုပ်ရင် နည်းနည်းပဲရှုံးတယ်။ များများလုပ်ရင် များများ ရှုံးတယ်ဖြစ်ခဲ့ရာ ကနေ အခုတော့ အမြတ်လေးအစွန်းလေးရလာတယ်။ အဲဒါလေး တစ်ခုတော့ တိုးတက်လာတယ်ပြောလို့ရတယ်”လို့ သူက ပြော ပါတယ်။

၂ဝ၁၂ မှာ လယ်ယာလုပ်ငန်းအရှုံးပေါ်တဲ့အတွက် အကြွေး သိန်း၂ဝဝ လောက်အထိ တင်ခဲ့တဲ့ ဦးသိန်းအောင်က အခုတော့ အဲဒီအကြွေးတွေ ကျေသွားပြီလို့ ပြောပါတယ်။

ဦးသိန်းစိန်အစိုးရလက်ထက်ငါးနှစ်အတွင်းမှာ ပေါ်ပေါက် ခဲ့တဲ့ ကုန်သွယ်ရေးနယ်ပယ်ရဲ့ အဓိကကျတဲ့ အပြောင်းအလဲဖြစ် ရပ်တွေထဲမှာ မော်တော်ကားတင်သွင်းခွင့်ကို လူနည်းစုကိုပဲ ပေး ထားရာကနေ အများပြည်သူပါ တင်သွင်းခွင့်ရရှိအောင် ဖြေလျှော့ပေးလိုက်တာနဲ့ ပို့ကုန်ခွန်ကို ဆယ်ရာခိုင်နှုန်းကနေ နှစ် ရာခိုင်နှုန်းအထိ လျှော့ချပေးလိုက်တာတွေလည်း ပါဝင်တယ်လို့ ကုန်သည်တွေက ထောက်ပြကြပါတယ်။

ဆန်ကုန်သည်တစ်ဦးဖြစ်တဲ့ ဦးမျိုးသူရအေးက ဦးသိန်းစိန် အစိုးရလက်ထက်မှာ ကုန်သွယ်ရေးနယ်ပယ်မှာဖြစ်ပေါ်ခဲ့တဲ့ အဓိကအပြောင်းအလဲက အတိတ်တုန်းက တစ်ဦး၊ တစ်ယောက်၊ တစ်ဖွဲ့ရဲ့ အကျိုးစီးပွားကို အလေးပေးလုပ်ဆောင်ခဲ့တဲ့ အနေ အထားကနေ ဈေးကွက်ကိုအလေးထားတဲ့ ပုံစံကို ပြောင်းလဲလာ တဲ့အချက်ပဲလို့ ပြောပါတယ်။

ဦးမျိုးသူရအေးက သူထောက်ပြတဲ့အကြောင်းအရာရဲ့ နမူနာတစ်ရပ်အဖြစ် ”အရင်ကဆိုရင် စပါးပေါ်ချိန်မှာ Export (ပြည်ပတင်ပို့မှု)ဖွင့်ပေးရမယ့်ဟာကို တပ်အရန်ဆန်ဝယ်ချင်တဲ့ အတွက် Export ကို ပိတ်ချင်ပိတ်ပစ်လိုက်တာ။ အခုတော့ TC (Trade Council  – ကုန်သွယ်ရေးကောင်စီ)ကို ဒီအစိုးရ (ဦးသိန်းစိန်အစိုးရ)က ဖျက်လိုက်ကတည်းက အဲဒါမျိုးတွေတော့ မရှိတော့ဘူး”လို့ ပြောပါတယ်။

ငါးနှစ်အတွင်း အစိုးရဘာတွေလုပ်ခဲ့လဲ

ဦးသိန်းစိန်အစိုးရလက်ထက် ငါးနှစ်တာကာလအတွင်းမှာ ကုန်သွယ်ရေးပြုပြင်ပြောင်းလဲမှုအတွက် ဘာတွေ ဆောင်ရွက်ခဲ့ လဲဆိုတဲ့မေးခွန်းကို အဓိကသက်ဆိုင်တဲ့ ဝန်ကြီးဌာနဖြစ်တဲ့ စီး   ပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းမြင့်ကို မော်ကွန်းအနေနဲ့ မေးဖို့ ကြိုးပမ်းခဲ့ပါတယ်။

၂ဝ၁၅၊ ဒီဇင်ဘာ ၁၄ ရက်ကနေ ၁၈ ရက်အထိ ကင်ညာနိုင်ငံ၊နိုင်ရိုဘီမြို့တော်မှာကျင်းပခဲ့တဲ့ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (World Trade Organization – WTO)ရဲ့ ဆယ်ကြိမ်မြောက် ကုန် သွယ်ရေးဝန်ကြီးများအစည်းအဝေးမှာ မေးဖို့ ကြိုးပမ်းခဲ့တာပါ။

ဝန်ကြီးနဲ့အတူ အဲဒီအစည်းအဝေးကို လိုက်ပါလာတဲ့ တာ ဝန်ရှိသူတွေက အီးမေးလ်ကတစ်ဆင့် ဖြေကြားဖို့ သဘောတူခဲ့တဲ့ အတွက် မော်ကွန်းက ၂ဝ၁၅၊ ဒီဇင်ဘာ ၁၅ ရက်မှာ မေးခွန်းရှစ်ခု ပေးပို့ခဲ့ပါတယ်။ ဒါပေမဲ့ အခုဆောင်းပါးရေးနေတဲ့အထိ အီး မေးလ် ပြန်စာ မရရှိခဲ့ပါဘူး။

ဒါကြောင့် စီးပွား/ကူးသန်းရဲ့ အကြံပေးစီးပွားရေးပညာရှင် ဒေါက်တာမောင်အောင်ကို ရန်ကုန်တိုင်းဒေသကြီး စီးပွား/ကူး သန်းရုံးမှာ သွားရောက်မေးမြန်းခဲ့ပါတယ်။ ပြီးခဲ့တဲ့ငါးနှစ်တာ ကာလအတွင်း စီးပွား/ကူးသန်းရဲ့ သိသာတဲ့ လုပ်ဆောင်ချက် တွေအဖြစ် ဒေါက်တာမောင်အောင် ထောက်ပြတာတွေကတော့ ပို့ကုန်ခွန် ဆယ်ရာခိုင်နှုန်းကို နှစ်ရာခိုင်နှုန်းသို့ လျှော့ချခြင်း၊ စား အုန်းဆီတင်သွင်းခွင့်ကို တစ်ဦးတည်းကိုသာ ခွင့်ပြုထားခဲ့ရာမှ ကုန်သည်အားလုံးကို တင်သွင်းခွင့်ပြုလိုက်ခြင်း၊ ကားတင်သွင်း ခွင့် ကန့်သတ်ထားခြင်းကို ဖြေလျှော့ခြင်း၊ ပို့ကုန်လိုင်စင်လျှောက် ထားတဲ့အဆင့်တွေ လျှော့ချခြင်း၊ လိုင်စင်တွေကို နေပြည်တော် မှာပဲ လျှောက်ထားနိုင်ရာက အခြားနေရာအများအပြားမှာပါ လျှောက်ထားနိုင်အောင် ပြုလုပ်ပေးခြင်း၊ ကုန်စည်အမည် အမြောက်အမြားကို လိုင်စင်လျှောက်ထားဖို့မလိုဘဲ တင်ပို့ခွင့်၊ တင်သွင်းခွင့်ပြုလိုက်ခြင်း၊ ကုန်သွယ်ရေးလုပ်ငန်း သင်တန်း ကျောင်းတည်ထောင်ခြင်း၊ ကုန်သွယ်ရေးမြှင့်တင်မှုစင်တာ (Trade Promotion Center ) တည်ထောင်ခြင်းများ ဖြစ် ပါတယ်။

ဒေါက်တာမောင်အောင်က ”(စီးပွားကူးသန်းက) ဝန်ကြီး ဌာနတွေအားလုံးထဲမှာတော့ ပြုပြင်ပြောင်းလဲမှုကို အမြင်သာ ဆုံးထဲမှာ ပါတယ်လို့ ပြောကြတာပဲလေ။ ကျွန်တော်တို့မြင်သာတဲ့ ပြောင်းလဲမှုတွေအများကြီး လုပ်နိုင်ခဲ့ပါတယ်။ ကုန်သွယ်ရေး မှာဆိုရင်  မူဝါဒပြောင်းသွားတယ်”လို့ ပြောပါတယ်။

သူက ဆက်ပြီးတော့ ”ဟိုတုန်းကဆိုရင် ကုန်သွယ်မှုမှာ အထူးအခွင့်အရေးပေးတဲ့ဟာတွေရှိခဲ့တယ်။ အခု အဲဒါတွေ လုံးဝ မရှိတော့ဘူး။ Rank Seeking (အာဏာရှိသူများနှင့်ပေါင်းစားခြင်း)လုံးဝမရှိတော့ဘူး။ ကုန်သည်တွေအားလုံးကြားမှာ All Equal Chance (အားလုံးတန်းတူ) ဖြစ်လာပြီ။ Level Playing Field (တန်းတူယှဉ်ပြိုင်နိုင်သည့် အနေအထား) ဖြစ်လာပါပြီ”လို့ ဆက်ပြောပါတယ်။

လက်ရှိကာလမှာ ကုန်သွယ်မှုဆိုင်ရာဖြေလျှော့မှုတွေရှိ လာပြီဆိုပေမယ့် ပုံမှန်စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ အရင် ကတည်းက လက်ဦးမှုရရှိထားသူတွေနဲ့ ယှဉ်ပြိုင်လုပ်ကိုင်ဖို့ အခက်အခဲရှိသေးတယ်လို့ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် အကြီးတန်း ဒုတိယဥက္ကဋ္ဌ ဦးနှင်းဦးက ပြောပါတယ်။

”နှစ်ပေါင်းများစွာ အသာစီးရထားတဲ့လူတွေရှိတယ်။ အခု အပြောင်းအလဲကာလမှာ အားလုံးတန်းတူ ယှဉ်ပြိုင်ခွင့်ရှိတယ်လို့ ပြောနေပေမယ့် အရင်ကတည်းက အဘက်ဘက်ကနေ အသာရ ထားသူတွေနဲ့ ပုံမှန်လူတွေက ယှဉ်ဖို့ တော်တော် ခက်သေးတယ်။ ဥပမာ- အရင်းအနှီးပိုင်းမှာ ဘယ်လိုသွားယှဉ်မလဲ”လို့ သူက ပြောပါတယ်။

WTO နဲ့ ပူးပေါင်းပြီး ဘာတွေလုပ်နေလဲ

မြန်မာနိုင်ငံက WTO ကို ၁၉၄၇ ကတည်းက ဝင်ရောက် ခဲ့တာဖြစ်ပြီး တည်ထောင်သူအဖွဲ့ဝင် စာရင်းဝင်ဖြစ်ပါတယ်။ ဒါပေမဲ့ ပြောင်းလဲခဲ့တဲ့ နိုင်ငံရေးစနစ်တွေရဲ့အောက်မှာ ကျင့်သုံးခဲ့တဲ့ကုန်သွယ်ရေးမူဝါဒတွေကြောင့် ကမ္ဘာ့ကုန်သွယ်ရေး အသိုင်း အဝိုင်းနဲ့ အနေခပ်စိမ်းစိမ်းဖြစ်ခဲ့ပါတယ်။ ဒီလိုအနေအထားကနေ ဦးသိန်းစိန်အစိုးရလက်ထက်မှာ WTO နဲ့အနီးကပ် ဆက်ဆံမှု တွေလုပ်၊ အကူအညီတွေရယူပြီး ကုန်သွယ်ရေးမူဝါဒတွေကို ပြန်လည်ပြုပြင်တာမျိုးတွေ လုပ်လာခဲ့ပါတယ်။

စီးပွား/ကူးသန်းရဲ့ ပြောကြားချက်အရတော့ သူတို့အနေနဲ့ ကုန်သွယ်ရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေးအတွက် မဏ္ဍိုင်လေး ရပ်ကို အဓိကထားဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။ နံပါတ် တစ်ဆောင်ရွက်ချက်ကတော WTO ကနေ ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံ(Least Developed Countries – LDC) တွေကို အကူ အညီပေးတဲ့ EIF (Enhance Integrated Forward) အစီ အစဉ်ပါ။

EIF အစီအစဉ်ရဲ့ လုပ်ငန်းဆောင်ရွက်မှုကတော့ နိုင်ငံ တစ်နိုင်ငံနဲ့ပတ်သက်ပြီး တစ်နိုင်ငံလုံးရဲ့ကုန်သွယ်ရေးမူဝါဒကို ပြန်လည်ဆန်းစစ်လေ့လာအကြံပေးတဲ့ အစီအစဉ်ပါ။ ဒုတိယ တစ်ခုကတော့ DTIS (Diagnostic Trade Integrated Stragety) ဆိုတဲ့ ကုန်စည်အမည်တစ်ခုချင်းစီရဲ့ အားသာချက်၊ အားနည်းချက်ကို လေ့လာတဲ့ အစီအစဉ်ပါ။

တတိယတစ်ခုကတော့ National Export Strategy (အမျိုးသားပို့ကုန်မဟာဗျူဟာ)ဆိုတဲ့ ဦးစားပေးပို့ကုန်အမည် တွေ တင်ပို့တဲ့ လုပ်ငန်းဖွံ့ဖြိုးရေးအစီအစဉ်ပါ။ စတုတ္ထလုပ်ငန်းက တော့ ကုန်သွယ်ရေးကဏ္ဍရဲ့ အတားအဆီးတွေ၊ တင်းကျပ်မှု တွေကို ဖြေလျှော့ရေးအတွက်ဆောင်ရွက်တဲ့ Trade Facilitation (ကုန်သွယ်မှု လျင်မြန်ချောမွေ့စေရေး) အစီအစဉ်ပါ။

စီးပွား/ကူးသန်းအနေနဲ့ WTO နဲ့ ပူးပေါင်းဆောင်ရွက်မှု တွေ ပြုလုပ်နေတယ် လို့ဆိုပေမယ့် ပြည်တွင်းက ကျွမ်းကျင်သူ တွေကတော့ ပြုပြင်ပြောင်းလဲမှုတွေက လိုအပ်နေတာတွေ အများကြီးရှိနေသေးတယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ ဦးနှင်းဦးက ”စီးပွား/ ကူးသန်းအနေနဲ့ WTO ရဲ့ အကြံပေးချက်တွေကို လိုက်လံဆောင် ရွက်နေတာကိုတော့ တွေ့ရပါတယ်။ မူဝါဒပိုင်းမှာလည်း ပြောင်း လဲမှုအချို့ကို မြင်ရတာလည်းအမှန်ပါပဲ။ ဒါပေမဲ့ ပြဿ      နာက ဘာလဲဆိုတော့ သူတို့က ပြုပြင်ပြောင်းလဲမှုတွေကို လက်ကုန် နှိုက်ပြီးမလုပ်ဘဲနဲ့ အပေါ်ယံရှပ်လုပ်နေတယ်လို့ ကျွန်တော် မြင်တယ်။  အဖြေမထွက်ဘူး ဖြစ်နေတယ်ဗျာ”လို့ပြောပါတယ်။

WTO ရဲ့ အကြံပေးချက်တွေနဲ့ပတ်သက်ပြီး မြန်မာအစိုးရ ဘက်က ဘယ်လောက်အတိုင်းအတာလောက်အထိ လက်ခံ ဆောင်ရွက်မှုရှိသလဲဆိုတဲ့ မေးခွန်းကို WTO ရဲ့ ဆယ်ကြိမ်မြောက် ကုန်သွယ်ရေးဝန်ကြီးများအစည်းအဝေးမှာ WTO/EIF အစီ အစဉ်ရဲ့  ဆက်သွယ်ရေးအမှုဆောင်အတွင်းရေးမှူးရုံးမှ ဌာနမှူး မာရီယိုမူဆာနဲ့ မော်ကွန်းက တွေ့ဆုံမေးမြန်းခဲ့ပါတယ်။

EIF အစီအစဉ်က WTO ရဲ့ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံတွေ ကို အကူအညီပေးဖို့ သီးသန့်ဆောင်ရွက်နေတဲ့ အထူးအစီအစဉ် (စီမံကိန်း)တစ်ရပ်ပါ။

မာရီယိုမူဆာက ”ဒီမေးခွန်းက တကယ့်အရေးတကြီး မေး ခွန်းပါ။ EIF အစီအစဉ်ရဲ့ မူဝါဒအရ အဲဒီအစီအစဉ်နဲ့ ပတ်သက်တဲ့ နိုင်ငံကပဲ ဦးဆောင်လုပ်ကိုင်ရတာပါ။  EIF က ပူးပေါင်းပါဝင်သူ ပါ။ LDC နိုင်ငံတွေနဲ့ ငွေကြေးထောက်ကူမှုပေးမယ့် အလှူရှင် နိုင်ငံတွေရဲ့ ပူးပေါင်းကူညီသူအဖြစ် ကြားဝင်ဆောင်ရွက်တာပါ။ ကျွန်တော်တို့အနေနဲ့ နည်းပညာအထောက်အပံ့ပေးတဲ့ သဘော ပါ။ တကယ်ဖွံ့ဖြိုးအောင်လုပ်ရမှာကတော့ အဲဒီတိုင်းပြည်တွေ ကိုယ်တိုင်ပါပဲ”လို့ ဖြေကြားခဲ့ပါတယ်။

ကုန်သွယ်ရေးလိုငွေတွေ ဆက်တိုက်ပြနေ

ဒေါက်တာမောင်အောင်က စီးပွား/ကူးသန်းကိုယ်စားပြုအနေနဲ့ အောင်မြင်မှုတွေကို ထောက်ပြနေပေမယ့် တစ်ဖက်မှာ တော့ မြန်မာနိုင်ငံရဲ့ကုန်သွယ်ရေးနယ်ပယ်မှာ လိုငွေတွေ မြင့် သထက် မြင့်လာနေပါတယ်။

တရားဝင် စာရင်းအင်းတွေအရဆိုရင် အရင်တပ်မတော် အစိုးရလက်ထက်မှာ အစိုးရနောက်ဆုံး တာဝန်ယူခဲ့တဲ့ကာလ အထိ ဆယ်စုနှစ်တစ်စုအတွင်း နိုင်ငံတကာကုန်သွယ်မှုကဏ္ဍမှာ ပိုငွေတွေ ဆက်တိုက်ပြခဲ့ပါတယ်။

ဦးသိန်းစိန်တာဝန်စယူတဲ့ ပထမဆုံးနှစ်(၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာနှစ်)နဲ့ ပြီးခဲ့တဲ့ ၂ဝ၁၄-၂ဝ၁၅ဘဏ္ဍာနှစ်တို့ရဲ့  စုစုပေါင်းကုန် သွယ်မှုတန်ဖိုးတွေကို ယှဉ်ကြည့်ရင် ကုန်သွယ်မှုပမာဏက ၆ဝ ရာခိုင်နှုန်းလောက် တိုးတက်လာပါတယ်။

ဒီလို ကုန်သွယ်သွယ်မှုပမာဏက တစ်ရှိန်ထိုး တက်လာ တယ်ဆိုပေမယ့် နိုင်ငံတကာကုန်သွယ်ရေးမှာ အရင်အစိုးရ လက် ထက်တုန်းကလို ပိုငွေမပြတော့ဘဲ လိုငွေတွေ ဆက်တိုက်ပြလာ နေပါတယ်။ အရင်အစိုးရလက်ထက်ကနေ လက်ရှိ ဦးသိန်းစိန် အစိုးရအာဏာရယူတဲ့ ပထမဆုံးဘဏ္ဍာနှစ်၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာ နှစ်အထိ ဆယ်စုနှစ်တစ်စုစာလောက်အတွင်း မြန်မာနိုင်ငံရဲ့ နိုင်ငံတကာကုန်သွယ်ရေးက (တရားမဝင်ကုန်သွယ်မှုပမာဏ အများအပြားရှိနေတယ်လို့ဆိုပေမယ့်) တရားဝင်ကိန်းဂဏန်း တွေအရတော့ ပိုငွေပြနေခဲ့တာဖြစ်ပါတယ်။

လိုငွေနဲ့ပတ်သက်တဲ့ မူဝါဒပြောင်းလဲမှု

ကုန်သွယ်ရေးကဏ္ဍမှာ လိုငွေတွေပြနေပေမယ့် ဒီလိုဖြစ် တာဟာ ဆုတ်ယုတ်မှုမဟုတ်ဘဲ အဖြစ်မှန်အတိုင်းလက်ခံလိုက် ခြင်းကြောင့်သာဖြစ်တယ်လို့ စီးပွား/ကူးသန်းက ပြောပါတယ်။

စီးပွား/ကူးသန်းရဲ့အကြံပေးပညာရှင်ဒေါက်တာမောင် အောင်က ”ပြီးခဲ့တဲ့တပ်မတော်အစိုးရလက်ထက်မှာTrade (ကုန်သွယ်မှု)ကို လုံးဝ Deficit (လိုငွေ)အဖြစ်မခံဘူး။ Surplus (ပိုငွေ)ချည်းပဲဖြစ်အောင် အတင်းလုပ်ထားခဲ့တယ်။ Export First (ပို့ကုန်အဓိက)မူဝါဒနဲ့ လုပ်ထားခဲ့တယ်။ အဲဒီပေါ်လစီတွေ ကြောင့်ဖြစ်ခဲ့တာ။ အခုကျတော့ ဒါတွေအားလုံး ပြောင်းလိုက်ပြီ။ Market Economy အတိုင်းပဲ ဈေးကွက်ရဲ့ လွတ်လပ်တဲ့ ဝယ်လို အားနဲ့ရောင်းလိုအားအတိုင်းပဲ ထားလိုက်တယ်”လို့ ပြောပြ         ပါတယ်။

လက်ရှိအစိုးရလက်ထက်မှာ သွင်းကုန်ပမာဏ များပြား လာတာရဲ့ အဓိကအကြောင်းအရင်းတစ်ခုအဖြစ် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုလုပ်ငန်းတွေအနေနဲ့ သူတို့ရဲ့စီမံကိန်းတွေအတွက် တည် ဆောက်ရေးလုပ်ငန်းသုံး ယန္တရားတွေကို အများအပြား တင် သွင်းတာကို စီးပွား/ကူးသန်းက အကြောင်းပြပါတယ်။

”ဒီယန္တရားတွေဆိုတာက အဓိကတော့ နိုင်ငံခြားလုပ်ငန်း ရှင်တွေက သူ့လုပ်ငန်းအတွက် သူ့ဟာသူ သွင်းတာ။ ပစ္စည်းအနေ နဲ့ သွင်းလာပြီး တည်ဆောက်ရေးပြီးရင် တန်ဖိုးသင့်ပြီးတော့ စာရင်းပြလိုက်တဲ့ ဟာတွေပါ။ တကယ်တော့ ဒီဟာတွေအတွက် မြန်မာနိုင်ငံရဲ့ပိုက်ဆံမကုန်ပါဘူး”လို့ ဒေါက်တာမောင်အောင်က ပြောပါတယ်။

အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီး ဌာနအောက်က ဗဟိုစာရင်းအင်းအဖွဲ့ရဲ့ ထုတ်ပြန်မှုအရ မြန်မာ နိုင်ငံရဲ့သွင်းကုန်တန်ဖိုးဟာ ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်မှာ အမေရိ ကန်ဒေါ်လာ သန်းပေါင်း ၁၆,၆၃၃ ဒသမ ၁၄၆ ရှိရာမှာ စီမံကိန်း တွေရဲ့ တည်ဆောက်ရေးလုပ်ငန်းသုံး ယန္တရားပစ္စည်းတွေ (Capital Goods)ပါဝင်မှုက ၄၅ ဒသမ ၇၃၇ ရာခိုင်နှုန်း (ကန်ဒေါ် လာသန်းပေါင်း ၇,၆ဝ၇ ဒသမ ၅)ပါဝင်တာကို တွေ့ရပါတယ်။

ဦးသိန်းစိန်အစိုးရ စတင်အာဏာယူခဲ့တဲ့ ၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာနှစ်မှာတော့ စုစုပေါင်းပို့ကုန်တန်ဖိုးထဲမှာ Capital Goods တန်ဖိုးပါဝင်မှုက ၃ဝ ရာခိုင်နှုန်းကျော်ကျော်လောက်ပဲရှိခဲ့ပါတယ်။

အပိုင်း(၂)သို့

အမျိုးအစား - သတင်းဆောင်းပါး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."