မင်းကင်း-၂၀၂၄ ဖေဖော်ဝါရီ ၈ (မော်ကွန်း)
စစ်ကိုင်တိုင်း၊ မင်းကင်းမြို့နယ်ထဲက စစ်ကောင်စီတပ်တွေနဲ့ လက်အောက်ခံပျူစောထီးအဖွဲ့တွေအခြေချတဲ့ကံရွာကို ဒေသခံတော်လှန်ရေးတပ်ပေါင်းစုတွေ မနေ့က မနက်က ဝင်တိုက်ခဲ့ပေမယ့် သတင်းပေါက်ကြားခဲ့တာကြောင့် ရဲဘော် ၁၀ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ SRF က သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ရဲဘော် Bravo ကမော်ကွန်းကိုပြောပါတယ်။
“ သူတို့ဘက်ကနေပြီးမှ နေရာအရင်ဦးပြီး သူတို့ဘက်ကစပစ်သလိုဖြစ်သွားတာ။ ရဲဘော် ၁၀ ယောက်က ထိသွားတာ။ ရွာထဲကိုတော့ ဝင်နိုင်ခဲ့တယ်။ ဘန်ကာထိပဲမရောက်ခဲ့တာ။ သတင်းအတိအကျရသွားတာဆိုတော့ သူတို့ဘက်က နေရာယူတာ မှန်သွားတာပေါ့” လို့ သူကပြောပါတယ်။
ကံရွာကို ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်မယ့်သတင်း ပေါက်ကြားသွားတဲ့ အခြေအနေနဲ့ပက်သက်ပြီး ရဲဘော် Bravo က အခုလိုပြောပြပါတယ်။
“ရဲဘော်တွေက သူတို့မိဘတွေကို ရှောင်ချိန်ရအောင်လို့ ဖုန်းဆက်မိတာမျိုးရှိသွားတာပေါ့။ အဲဒီမှာ သူတို့မိဘတွေကတစ်ဆင့် ပေါက်တာမျိုးလည်း ရှိတယ်။ ပြီးတော့ တပ်တွင်းသတင်းပေါက်တာမျိုးလည်းရှိတယ်။ စခန်းဘေးပတ်ဝန်းကျင်က စခန်းက ရုတ်ရုတ်သဲသဲဖြစ်ပြီဆိုတာနဲ့ သတင်းပေါက်သွားတာမျိုး၊ အဲဒီလိုမျိုးတွေကြောင့် သတင်းကပေါက်ကြားသွားတာ” လို့ဆိုပါတယ်။
သတင်းပေါက်ကြားလို့ စစ်ကောင်စီတပ်တွေရဲ့တိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရခဲ့တဲ့ ရဲဘော်တွေထဲက ကိုးဦးဟာ ဒဏ်ရာကနေပြန်သက်သာနေပြီး တစ်ဦးသာ အာရုံကြောထိသွားတဲ့အတွက် မလှုပ်နိုင်ဖြစ်နေတယ်လို့ ရဲဘော် Bravo က ပြောပါတယ်။
မင်းကင်းမြို့နယ်ဟာ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးအင်အားကောင်းတဲ့ ဒေသတစ်ခုဖြစ်ပြီး မနေ့က တော်လှန်ရေးတပ်ဖွဲ့တွေ သွားရောက်တိုက်ခိုက်ခဲ့တဲ့ ကံရွာမှာလည်း ပျူစောထီးအင်အားအများအပြားရှိတယ်လို့ သူကဆိုပါတယ်။
“ကံရွာက ပျူစောထီးနယ်မြေ၊ ဒါပေမယ့် စကစဘက်က ဘုန်းကြီးကျောင်းတစ်နေရာမှာ ဘန်ကာတွေနဲ့စစ်ထိုင်ထားတာ။ စကစနယ်မြေလိုဖြစ်နေတာ။ သူတို့ဘက်က ထိခိုက်မှုကတော့ အခုချိန်ထိ မသိရသေးဘူး” လို့ သူကပြောပါတယ်။
စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီးတွေအထိုင်ချထားတဲ့ ကံရွာဟာ မင်းကင်းမြို့အနီး ချင်းတွင်းမြစ်ကမ်းနံဘေးမှာရှိတဲ့ရွာတစ်ရွာဖြစ်ပါတယ်။
ကံရွာသွားရောက်တိုက်ခိုက်မှုကို ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ SRF က ဦးဆောင်ပြီး ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့တာပါ။
မနှစ်က ဒီဇင်ဘာ ၅ ရက်ကလည်း SRF တပ်ဖွဲ့ဟာ မင်းကင်းမြို့နယ်အတွင်း စစ်ရေးအရှိန်တိုးမြင့်လုပ်ဆောင်သွားမှာလို့ ကြေညာထားပါတယ်။
ပုံစာ-ရွာကိုတိုက်ခိုက်မယ့်သတင်းပေါက်ကြားခဲ့တာကြောင့် စစ်ကောင်စီတပ်တွေပစ်လို့ ထိခိုက်ဒဏ်ရာရခဲ့ကြတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်များ။
ဓာတ်ပုံ-SRF

