ရန်ကုန်-၂၀၂၄ ဖေဖော်ဝါရီ ၇ (မော်ကွန်း)
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်အတွင်းက ယောကာကွယ်ရေးတပ်ဖွဲ့ YDF တပ်ဖွဲ့ဝင်နှစ်ဦး အရှင်လတ်လတ်မီးရှို့သတ်ခံခဲ့ရတဲ့ဖြစ်စဉ်ကို လူမှုကွန်ရက်စာမျက်နှာတွေမှာမျှဝေသူတွေနဲ့ ဝမ်းနည်းကြောင်း ပရိုဖိုင်ပုံချိန်းသူတွေကို ဖမ်းဆီးအရေးယူဖို့ စစ်ကောင်စီထောက်ခံသူတွေနဲ့ သူတို့ရဲ့ဝါဒဖြန့်ချန်နယ်တွေမှာ လှုံ့ဆော်နေပါတယ်။
“မီးရှို့ခံရတဲ့ဗီဒီယိုကြည့်မိပြီး အခုထိနေလို့မကောင်းဘူး။ သူတို့လုပ်ခဲ့တဲ့မှတ်တမ်းတွေ အကောင့်ထဲမှာ သိမ်းထားတာ။ ဝမ်းနည်းလို့ ပရိုဖိုင်ချိန်းလိုက်တာပါ။ အဓိကက ဖေ့စ်ဘွတ်ကို ပရိုဖိုင်လော့ချထားဖို့၊ အကောင့်မှာကိုယ်မသိတဲ့သူတွေ လာအပ်တာလက်မခံဖို့လိုပါတယ်။ သူတို့ကတော့ တွေ့ရင်ခြိမ်းခြောက်မှာပဲ” လို့ လူမှုကွန်ရက်အသုံးပြုသူတစ်ဦးက ပြောပါတယ်။
YDF တပ်ဖွဲ့ဝင်နှစ်ဦးကို စစ်ကောင်စီတပ်တွေနဲ့ လက်အောက်ခံပျူစောထီးအဖွဲ့တွေက အရှင်လတ်လတ်မီးရှို့သတ်ဖြတ်လိုက်တဲ့ ရုပ်သံဖိုင်ဟာ လူမှုကွန်ရက်စာမျက်နှာတွေမှာ မနေ့ကစတင်ပျံ့နှံ့ခဲ့တာဖြစ်ပြီး သတ်ခံရသူတွေဟာ YDF ရဲဘော် ဖိုးတေနဲ့ သားထောင်တို့ဖြစ်တယ်လို့ ဆိုပါတယ်။
မီးရှို့သတ်ဖြတ်ခံရတဲ့ YDF တပ်ဖွဲ့ဝင်နှစ်ဦးဟာ မနှစ်က နိုဝင်ဘာ ၇ ရက်က စစ်ကောင်စီတပ်တွေ အခြေစိုက်တဲ့ ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်းရွာမှာ စစ်ကောင်စီတပ်တွေကို တိုက်ခိုက်ရင်း ဖမ်းဆီးခံရပြီးနောက် အကြိမ်ကြိမ်နှိပ်စက်ခံရပြီးမှ အရှင်လတ်လတ်မီးရှို့အသတ်ခံခဲ့ရတာလို့ ယောကာကွယ်ရေးတပ်ဖွဲ့ကလည်း မနေ့က ထုတ်ပြန်ထားပါတယ်။
စစ်တပ်အာဏာသိမ်းတာ သုံးနှစ်ပြည့်တဲ့ ဖေဖော်ဝါရီ ၁ ရက်ကလည်း အသံတိတ်သပိတ်မှာ ပါဝင်ကြဖို့ လူမှုကွန်ရက်စာမျက်နှာတွေမှာ နှိုးဆော်သူတွေနဲ့ ပါဝင်ခဲ့ကြသူတွေကို စစ်ကောင်စီထောက်ခံသူတွေနဲ့ ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တွေမှာ ဖမ်းဆီးဖို့လှုံ့ဆော်ပြီးနောက် မန္တလေးနဲ့ ရန်ကုန်မြို့တွေမှာ ဖမ်းဆီးခံရသူ ငါးဦးထက်မနည်းရှိခဲ့ပါတယ်။
ပုံစာ-လူမှုကွန်ရက်စာမျက်နှာတွေမှာ YDF ရဲဘော်နှစ်ဦးသတ်ခံရတဲ့ သတင်းတင်သူတွေကို ဖမ်းဆီးဖို့ စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာ လှုံ့ဆော်ထားပုံ။
ဓာတ်ပုံ-စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်ချန်နယ် Kyaw Swar

