ရန်ကုန် – ၂၀၂၃ ဇွန် ၂၇ (မော်ကွန်း)
ရန်ကုန်မှာ တက္ကစီယာဉ်စီးခတွေ တစ်ကီလိုမီတာကို ၆၀၀ ကျပ်အဖြစ် သတ်မှတ်ထားတယ်လို့ ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်ကပြောပါတယ်။
ကားပေါ်တက်တာနဲ့ ၁,၅၀၀ ကျပ်အပါအဝင် တစ်ကစ်လိုမီတာကို ၆၀၀ ကျပ်ကျသင့်မှာပါ။ ယာဉ်စီးခ အနည်းဆုံး ၂,၁၀၀ ကျပ်ကျသင့်မယ့်သဘောပါ။
လက်ရှိမှာ တက္ကစီတွေကိုမီတာပြစက်တွေတပ်ဆင်ခိုင်းထားတာတော့မရှိသေးဘဲ ခရီးသည်တွေအနေနဲ့ သွားမယ့်ခရီးအကွာအဝေးနဲ့ကျသင့်ငွေကိုမှန်းဆတွက်ချက်နိုင်အောင်ရယ်၊ တက္ကစီယာဉ်မောင်းတွေနဲ့ တက္ကစီအက်ပလီကေးရှင်းဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီတွေအနေနဲ့လည်း ဒီနှုန်းထားအတိုင်းတပြေးညီဖြစ်ဖို့သတ်မှတ်လိုက်တာလို့ဦးလျန်ကျင့်မန်ကပြောပါတယ်။
“အဓိကကတော့ ခရီးသည်တွေအတွက်သင့်တင့်တဲ့ နှုန်းထားဖြစ်အောင်သတ်မှတ်လိုက်တာပါ။ အရင်တုန်းက ဘာမှမရှိတော့ ယာဉ်မောင်းကတောင်းချင်တဲ့ဈေးနှုန်းတောင်းတယ်။ အဲ့ဒါကိုအခြေခံနှုန်းတစ်ခုရှိဖို့သတ်မှတ်လိုက်တာပါ။ ဈေးလည်းဆစ်လို့ရတာပေါ့လေ” လို့ သူကပြောပါတယ်။
ဒီနှုန်းထားဟာ စံသတ်မှတ်ချက်တစ်ခုသာဖြစ်ပြီး အခြေအနေအပေါ်မူတည်ကာ ပိုမိုကောက်ခံတာတွေလည်းရှိကောင်းရှိနိုင်မယ်လို့ ဦးလျန်ကျင့်မန်ကပြောပါတယ််။
အခုနှုန်းထားကို Yangon City Taxi အသင်းကအဆိုပြုတင်ပြခဲ့တာဖြစ်ပြီး ယခုလ ၂၃ ရက်မှာ ခွင့်ပြုပေးခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။
Yangon City Taxi အသင်းက တာဝန်ရှိသူတစ်ဦးကတော့ “ကျွန်တ်ောတို့က YRTC ကိုတင်ပြပြီးသူတို့ကအတည်ပြုလိုက်တာပါ။ ဒီကိစ္စနဲ့ပတ်သက်ပြီးကျွန်တော်တို့ထက်ပြီးအစည်းအဝေးထိုင်နေပါတယ်” လို့ ပြောပါတယ်။
လက်ရှိမှာ အဲ့ဒီစနစ်ကိုစတင်ကျင့်သုံးနေပြီလို့ လည်းသူကပြောပါတယ်။
“ဒီလိုသတ်မှတ်လိုက်တော့ ခရီးသည်တွေလည်းသူတို့ခရီးအကွာအဝေးနဲ့ကျသင့်တဲ့ဈေးကိုသူတို့တွက်မိမယ်၊ စကားတွေလည်းအများကြီးပြောစရာမလိုဘူး။” လို့တက္ကစီယာဉ်မောင်းတစ်ဦးကပြောပါတယ်။
Grab taxi လို အက်ပလီကေးရှင်းဖြင့် ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီတွေအပါအဝင် ရန်ကုန်မြို့ကတက်စီတွေအားလုံး အတွက် အခုလိုနှုန်းထားသတ်မှတ်ပေးတာလည်းဖြစ်တယ်လို့သူကပြောပါတယ်။
စစ်တပ်ကအာဏာသိမ်းပြီးနောက် ဒေါ်လာဈေးမြင့်တက်လာတာတွေ၊ စက်သုံးဆီဈေးတွေမြင့်တက်လာတာကြောင့် ယာဉ်စီးခတွေဟာလည်းအရင်ထက်ပိုများနေတာဖြစ်တယ်လို့တက်စီယာဉ်မောင်းတွေကပြောပါတယ်။
ပုံစာ- ဂတ်စ်တန်းစီးနေသည့်တကက္ကစီယာဉ်တန်း
Photo- Mawkun
#Dailynews

