ဆိတ်သားဟင်းကို ကျွန်မအလွန်ကြိုက်သည်။ တိတိကျကျပြောရလျှင် ဆိတ်သားချက်ထက် ဆိတ်သား ခြောက်ကို ပို၍ ကြိုက်သည်။ ဆိတ်သားခြောက်ဆီဆမ်း၊ ဆိတ်သားမွကြော်၊ ဆိတ်သား တုံးကြော်၊ ဆိတ်သားထောင်း စသဖြင့် သရေစာအဖြစ် စားသုံးရသည့် အရသာကို ကျွန်မ အကြိုက်ဆုံးဖြစ်သည်။
အညာဒေသသည် ဆိတ်မွေးမြူရေးများ လွန်စွာ ပေါများသည်ဖြစ်ရာ အညာသို့သွားလျှင် ဆိတ်သားခြောက်ကို အီနေအောင် စားရသည်။ ပုဂံဘက်သို့သွားလျှင် ဆိတ်သားခြောက် ကြော်ဖြစ်စေ၊ ဆိတ်သားမွကြော်ဖြစ်စေ မှာ၍ စားလေ့ရှိ သည်။ တစ်ခါတစ်ရံ နှစ်မျိုးစလုံး မှာစားလေ့ရှိသည်။
ပါးစပ်ထဲသို့ လက်မအရွယ် ဆိတ်သားဖဲ့တစ်ဖဲ့ ထည့်ထား ပြီး တမြုံ့မြုံ့ ဝါးနေရသည့် အရသာ၊ ဝါးရင်းကပင် ထွက်လာသည့် ချိုမြမြအရသာ၊ ထိုအရသာတို့ကို ကြိုက်လွန်း၍ ပါးစပ်ထဲမှ ဆိတ် သားဖဲ့ ကုန်သွားမည်ကိုပင် နှမြောမိသည်။ သို့တိုင် ပါးစပ်ထဲမှ ဆိတ်သားဖဲ့ မကုန်မီကတည်းက စားပွဲပေါ်မှာ ဆိတ်သားခြောက် ပန်းကန်ကို မျက်စိက ရောက်နှင့်ပြီးသားပင်ဖြစ်သည်။
ဆိတ်သားမွကြော်ကမူ တာရှည်မဝါးရခင် ကုန်သွားလေ့ရှိရာ ကျွန်မ၏လက်သည် ဆိတ်သားပန်းကန်တစ်ဝိုက် တဝဲဝဲလည် နေသည်ကို တွေ့ရမည်။
မုံရွာသို့ရောက်လျှင် မဖြစ်မနေ ရောက်အောင်သွားလေ့ရှိ သည့် နေရာတစ်ခုရှိသည်။ ကျောက္ကာလမ်းမပေါ်မှ ညာဘက်ဘေးသို့ ခွဲထွက်ကာ တောလမ်းလေးအတိုင်း ဆင်းသွားရသည့် နေရာပင်ဖြစ်သည်။ ထိုနေရာသည် မုံရွာမြို့သူ၊ မြို့သားများ၊ လူ ငယ်လူရွယ်များ သွားရောက် လည်ပတ်လေ့ရှိသည့် နေရာဖြစ် သည်။ ယခုကဲ့သို့ မိုးကာလဆိုလျှင် ရေစီးနေသည့် ချောင်းငယ် လေးနှင့် ရေတံခွန်သဖွယ်ဖြစ်နေသည့် နေရာတစ်ခုဖြစ်သည်။ ထိုနေရာအနီးတစ်ဝိုက်တွင် ထန်းရွက်တဲ ဈေးဆိုင်လေးများ အစီအရီရှိသည်။
ထိုနေရာသို့ရောက်လျှင် ဆိုင်တစ်ဆိုင်အတွင်းသို့ ဝင်ကာ ”ဆိတ်သားထောင်းတစ်ပွဲပေးပါ”ဟု အသံစာစာဖြင့်မှာလျှင် ထိုအသံသည် ကျွန်မ၏ အသံသာဖြစ်တော့၏။
ထိုအပန်းဖြေစခန်းငယ်တစ်ဝိုက်မှ ဆိုင်တိုင်းတွင် ဆိတ်သားထောင်း ရသည်။ ဆိတ်သားခြောက်ကြော် ရသည်။ ဆိတ်သားမွကြော် ရသည်။ သို့သော် ထိုနေရာသို့ရောက်တိုင်း ကျွန်မ နှစ်နှစ်ခြိုက်ခြိုက် စားလေ့ရှိသည်မှာ ဆိတ်သားထောင်းဖြစ်သည်။
ထန်းရွက်တဲ ဈေးဆိုင်လေးထဲတွင် ထန်းပင်၊ ထန်းလက် တို့ဖြင့် ပြုလုပ်ထားသည့် ထန်းကုလားထိုင်ပေါ်တွင် ဇိမ်ကျကျ ထိုင်ကာ အသားခြောက်ခပ်စိုစိုကို ငရုတ်သီးစိမ်း၊ ဆားတို့ဖြင့် ညက်နေအောင် ထောင်းထားသည့် ဆိတ်သားထောင်းကို သံပရာသီးမွှေးမွှေးကလေး ဖျန်းကာ အရသာခံ၍ စားသည်။ ဆိတ်သားထောင်း တစ်ဇွန်းကို ပါးစပ်ထဲသို့ ထည့်ကာ လျှာနှင့် အာခေါင်ကြား ပြားနေအောင်ဖိသည်။ သံပရာသီး နိုင်နိုင်ဖျန်းထားသဖြင့် ချဉ်ပြုံးပြုံးလေး ဖြစ်နေသော မုံရွာဆိတ်သားထောင်း အရသာကို တမြုံ့မြုံ့ဇိမ်ခံလေသည်။ ဆိုင်ကချပေးသည့် အဖန်ရည်သည် လက်ဖက်ခြောက် သိပ်မကောင်းလှသော်လည်း ထိုစားသောက်ဝိုင်းကို ဆိတ်သားခြောက်က ဦးဆောင်လျက်ရှိသဖြင့် ပြဿနာမရှိပါပေ။
မုံရွာတွင် စားရသည့် ထိုဆိတ်သားထောင်း၏ အရသာမျိုး အခြား မည်သည့် အရပ်ဒေသတွင်မျှ မစားစဖူး။ မုံရွာဆိတ်သားထောင်း မည်မျှကောင်းသနည်းဟု တစ်စုံတစ်ဦးက မေးလာမည် ဆိုပါက ဤစာကို ရေးရင်းဖြင့်ပင် မိနစ်အတော်ကြာ တံတွေးသီးမိကြောင်း ဖြေရမည်ဖြစ်သည်။
ဆိတ်သားခြောက်ကြော်ဟု ဆိုလျှင် သတိရစရာ အခြား ဒေသတစ်ခုရှိသေးသည်။ မြေလတ်ဒေသဖြစ်သည့် မင်းဘူးမြို့မှ အနောက်ဘက်စူးစူးသို့ ထွက်လိုက်လျှင် ပဒါန်းလမ်းဆုံသို့ မရောက်မီ ကြားခုလပ်တွင် အဝေးပြေး မော်တော်ယာဉ်များ ရပ် နားလေ့ရှိသည့် ဈေးဆိုင်တန်းလေးတစ်ခုရှိသည်။ ရခိုင်ရိုးမနှင့် နီးသဖြင့် ထိုဈေးဆိုင်တန်းကလေးတွင် တောကောင်သားများ ရလေ့ရှိကြောင်း၊ ဆိတ်သားခြောက်လည်း ကောင်းကြောင်း ကားဆရာက ဖောက်သည်ချသည်။ ကျွန်မတို့သည် ဆိတ်သား ခြောက်ဆိုသည့် အသံကြောင့် မျက်လုံးကျယ်သွားကြသည်ဟုပင် ထင်မိသည်။
ထိုစဉ်က မကွေးမှ ငဖဲမြို့သို့ သွားသည့် ကားပေါ်တွင် ကျွန်မအပါအဝင် သတင်းသမား ငါးဦး လိုက်ပါလာသည်။ အားလုံးက ကျွန်မကဲ့သို့ပင် ဆိတ်သားကြိုက်သူများ ဖြစ်သည်။ ထိုဈေးဆိုင်တန်းကလေးသို့ လှမ်း၍ မြင်ရလျှင် ဒေသခံ သတင်းသမားဖြစ်သည့် မြန်မာတိုင်းမ် သတင်းဌာနမှ သတင်းထောက် ကိုရန်အောင်က ကားဆရာကို ဆိုင်တစ်ဆိုင်ရှေ့တွင် ရပ်ခိုင်းသည်။ ဆိတ်သားခြောက် ရှာပုံတော်ဖွင့်ကြရာ ဆီရွှဲရွှဲဖြင့် ကြော်ထားသည့် ဆိတ်သားကြော် အနည်းငယ်ရသည်။ လမ်းခရီးတစ် လျှောက်လုံး ပေါက်ပေါက်ဖောက်သလို စကားဖောင်ဖွဲ့အောင် ပြောဆိုလာသည့် ကျွန်မတို့ လူတစ်အုပ်သည် ဆိတ်သားခြောက်ကြော်ကို မေးရိုးအောင့်သည်အထိ ဝါးကြ၊ စားကြလေရာ သွားဖြင့် ဆိတ်သား ပွတ်တိုက်သည့် အသံကလွဲ၍ အချိန်အတန်ကြာ တိတ်ဆိတ်နေလေတော့သည်။
ကျွန်မသည် မည်သည့် အရပ်ကိုမျှ ခရီးမထွက်ရလျှင် ရန်ကုန်မြို့ မုန့်ဆိုင်များတွင် ချိတ်ဆွဲထားသည့် ဆိတ်သားခြောက် ကြော်လား၊ နှီးကြော်လား မကွဲပြားသည့် ဆိတ်သားခြောက်ကြော် ထုပ်ကို ဝယ်၍ စားသည်။ သို့သော် ရန်ကုန်တွင် ရောင်းသည့် ဆိတ်သားများသည် ဆိတ်သားမစစ်၊ ခွေးသားများ ပါတတ်သည်ဟု ကြားဖူးနားဝ ရှိသည်က တစ်ကြောင်း၊ ခဲဆန်အရွယ်ဆိတ်သား ခြောက်တစ်ဖဲ့ စားရဖို့အရေး လိမ်ကျစ်နေသော နှီးကြိုးများကို ဖြေရသည်ကို စိတ်မရှည်ခြင်းက တစ်ကြောင်းကြောင့် ရံဖန်ရံခါမှသာ အာသာပြေ ဝယ်၍ စားလေသည်။
တစ်နေ့တွင် ဆိတ်သားကို ဤမျှကြိုက်သော ကျွန်မနှင့် ထို ဆိတ်သားတို့ ရာသက်ပန်ပြတ်စဲရမည့် အကြောင်းတစ်ရပ် ပေါ်လာလေတော့သည်။
ရန်ကုန်မြို့ တစ်ဖက်ကမ်း၊ သန်လျင်မြို့တွင် အိမ်ငှားနေ ထိုင်ခဲ့စဉ် အိမ်နှင့် ခပ်လှမ်းလှမ်းတွင် လူနေကျဲပါးသည့် အိမ်ရာ တစ်ခုရှိသည်။ အိမ်ကြီးအိမ်ကောင်းများ ပုံစံတူ ဆောက်လုပ်ထား သည့် ထိုအိမ်ရာ၏ နောက်ကျောတွင် လယ်ကွင်းပြင်ကျယ်ကြီး ရှိသည်။ လေကောင်းလေသန့်ရပြီး စိမ်းစိုသည့် ပတ်ဝန်းကျင်ကို မျက်စိတစ်ဆုံး မြင်နိုင်သည့် နေရာတစ်ခုလည်းဖြစ်ရာ တစ်နေ့ သော ရုံးပိတ်ရက်တွင် ကျွန်မတို့ဇနီးမောင်နှံသည် ထိုလယ်ကွင်း ဘက်သို့ ထွက်ခဲ့ကြသည်။
ထိုနေရာတစ်ဝိုက်ရှိ အချို့သော လယ်ကွင်းများမှာ ရေလွှမ်းနေရာ ထိုနေရာတွင် ငါးမျှားသူများရှိသည်။ ထိုလယ်ကွင်း များကို ပတ်၍ဖောက်ထားသည့် ကွန်ကရစ်လမ်းကျဉ်းများပေါ်တွင် တိုက်ကြေကားများကို ရပ်ထားသည်မှာ ကားသချုႋင်းဟု အမည်တပ်ရလောက်သည်။ ပိန်လိမ်ရှုံ့တွနေသည့် ကားကြီး၊ ကားငယ်များကြားတွင် နွားကျောင်းသား၊ ဆိတ်ကျောင်းသား အချို့က သူတို့၏ တိရ္ဆာန်များကို ကျောင်းနေသည်ကို တွေ့နိုင် သည်။ အိမ်ရာ၏ နောက်ကျောလယ်ကွင်းစပ်တွင် ဓနိမိုး၊ ထရံကာ တဲငယ်အချို့ကို ဟိုတစ်စု၊ သည်တစ်စု တွေ့ရသည်။ အိမ်ကြီး အိမ်ကောင်းများ၊ တဲစုစု၊ ကားပျက်များ၊ လယ်ကွင်းပြင်တို့သည် အစဉ်လိုက် ရှိနေကြသည်။
လယ်ကွင်းပြင်ကို ပတ်၍ဖောက်ထားသည့် ကွန်ကရစ် လမ်းငယ်သို့ ကျွန်မတို့ ရောက်သွားချိန်တွင် ခွေးတစ်အုပ် ပြေးတမ်းလိုက်တမ်း ဆော့ကစားနေသည်ကို လှမ်း၍ မြင်ရသည်။ တဲတစ်စုနှင့် တစ်စုကြားရှိ ရေမြောင်းကျယ်ကြီးထဲသို့ တလိမ့် ခေါက်ကွေးကျသွားလိုက်၊ လမ်းပေါ်သို့ ပြန်တက်လာလိုက်နှင့် အချင်းချင်း ကစားနေသည့်ခွေးများသည် အနည်းဆုံး ခုနစ် ကောင်ခန့်ရှိသည်။ အဝေးကပင် လှမ်းမြင်နေသည့် ထိုနေရာသို့ ကျွန်မတို့ နီးနီးကပ်ကပ်ရောက်သွားချိန်တွင် ရုတ်တရက် ကျွန်မ သတိပြုမိသည်က ခွေးအုပ်အတွင်းမှ ဆိတ်မကြီးတစ်ကောင်ပင် ဖြစ်သည်။
ဖောင်းကားသော နို့အုံနှစ်ဖက် တွဲကျနေသည့် ဆိတ်မကြီး သည်ရေမြောင်းစပ်တွင် ပက်လက်လန်လျက်ရှိသည်။ သူသည် ဘေးသို့စောင်းရန် ဒူးကိုကွေး၍ အားယူနေသော်လည်း သူ့ဘေးမှ ခွေးများက တလှည့်စီ ဝိုင်း၍ ခဲကြလေသည်။ ဆိတ်မကြီးက အား ကုန်ရုန်းလိုက်၊ ဝိုင်းနေသည့် ခွေးများက တစ်ဖက်တစ်ချက်က ဆွဲလိုက်နှင့် ရွှံ့လူးလျက်ရှိသည်ကို ကျွန်မ သဲသဲကွဲကွဲ မြင်လိုက် ရသည်။
ဆိတ်မကြီး၏ ပြည့်ဝမ်းသော ဝမ်းဗိုက်ပြောင်ပြောင်ကို ကိုက်ဖောက်ရန် ကြိုးစားနေသည့် ခွေးများဆီသို့ ကျွန်မ တစ်ဟုန်ထိုး ဆင်းပြေးမိသည်။ ပါးစပ်ကလည်း ”လုပ်ကြပါဦး၊ ဆိတ်ကို ခွေးတွေ ကိုက်နေပြီ။ ကူညီကြပါဦး၊ ဘယ်သူ့အိမ်က ခွေးတွေလဲ၊ ဟန့်ကြပါဦး”ဟု အသံကုန် ဟစ်မိလေသည်။ ခွေးများကို ပစ် ပေါက်ရန် ခဲတစ်လုံးမျှ မတွေ့သဖြင့် အနီးရှိ တုတ်ပိုင်းဖြင့် ပေါက် သည်။ ခြောက်သည်။ ကျယ်လောင်သော ကျွန်မ၏ အော်သံ ကြောင့် ခွေးတချို့က လမ်းမပေါ်သို့ ထွက်ပြေးသွားကြသည်။ တချို့ခွေးများက ဆိတ်မကြီးဘေး မလှမ်းမကမ်းမှနေ၍ မာန်ဖီ လျက်ရှိသည်။ ကျွန်မ၏ အမျိုးသားကလည်း ခွေးများကို ခြောက် လှန့်မောင်းထုတ်ရန် ကြိုးစားနေသည်။
ကျွန်မသည် ရွှံ့တောထဲတွင် ပက်လက်လန်နေသည့် ဆိတ် မကြီးကို ဗိုက်မှပင့်၍ မှောက်လိုက်ရန် ကြိုးစားလိုက်သည်။ အတင့်ရဲလှသော ခွေးတစ်ကောင်သည် ဆိတ်မကြီးကို ဝင်၍ ခဲလိုက်ရာ ကျွန်မ၏ မျက်စိရှေ့တွင်ပင် ဆိတ်မကြီး၏ နားရွက် တစ်ဖက် လက်တစ်ဆစ်ခန့်ပြတ်သွားလေသည်။ သွေးများသည် ရွှံ့၊ မြက်တောနှင့် ရေထဲသို့ ကျသည်။ အလွန်အမင်း ထိတ်လန့်နေ သော ဆိတ်မကြီးသည် မှောက်ခုံဖြစ်သွားသော်လည်း ရုတ် တရက် ထ၍ မရပ်နိုင်။ ခြေထောက်များ အကြောသေသွားသလို တစ်ခဏမျှဖြစ်သွားပြီး ထပြေးရန် ကြိုးစားလေသည်။
အသံကုန် အော်ဟစ်နေသည့် ဆိတ်မကြီး၏ အသံနှင့် ကူပါ ကယ်ပါ အော်နေသည့် ကျွန်မ၏ အသံတို့ကို ခပ်လှမ်းလှမ်းရှိ တဲ များမှ အတိုင်းသားကြားနေရသော်လည်း တစ်ဦးတစ်ယောက်မျှ ထွက်လာကာ ကူညီရန် မကြိုးစားကြ။ ကလေးအချို့နှင့် အမျိုး သမီးအချို့က လှမ်း၍ ကြည့်နေသည်။ ခွေးများအ္တရာယ်ကြားက ဆိတ်မကြီး လွတ်မြောက်သွားချိန်တွင် တဲတစ်လုံးထဲမှ ယောကျ်ားတစ်ယောက်ထွက်လာသည်။ သူတို့ခွေး မဟုတ် ကြောင်း ပြောကာ ခွေးများကို ခြောက်ယောင်ပြုသည်။ ဆိတ်က လည်း သူတို့ ဆိတ်မဟုတ်။
တပဲပဲဖြင့် အသံကုန်ဟစ်အော်နေသည့် ဆိတ်မကြီးသည် လမ်းအတိုင်း ထွက်သွားသည်။ စောစောက ပြေးထွက်သွားသည့် ခွေးများသည် ဆိတ်မကြီး၏ နောက်သို့ လိုက်ကြပြန်သည်။ တုတ် တချောင်းကိုင်ထားသည့် ကျွန်မသည် ဆိတ်မကြီး နောက်မှနေ၍ ခွေးများကို ခြောက်လှန့်မောင်း ထုတ်ရင်း တရွေ့ရွေ့ လိုက်သွားမိသည်။ ပါးစပ်မှ လည်း ”အေး အေး ဆိတ်ကလေးရေ… သွား သွား၊ နင့်အိမ်ရောက်အောင်သွား”ဟု တတွတ်တွတ် ပြောနေမိလေသည်။ ဆိတ်မကြီး၏ နားရွက်မှ သွေး များသည် လမ်းမပေါ်သို့ တတောက်တောက် ကျ လျက်ရှိသည်။
စောစောက ခွေးများနှင့် ဆိတ်မကြီး တိုက်ပွဲ ဝင်နေသော နေရာမှ ခပ်လှမ်းလှမ်းသို့ရောက်သော် ကလေးငယ်တစ်ဦးသည် စက်ဘီးစီး၍ လာနေ သည်ကို တွေ့ရသည်။ ဆိတ်ပိုင်ရှင်၏ အိမ်ကို သိသလားဟု မေးသော် ဆိတ်မကြီး ဦးတည်သွား နေသည့်အရပ်ကို ညွှန်ပြသည်။
လယ်ကွင်းပြင်ထဲတွင် ကုက္ကိုပင်ကြီးတစ်ပင် တွေ့ရပြီး ထိုအပင်အောင်တွင် လယ်စောင့်တဲအကြီးစားတစ်လုံး ကို လှမ်းမြင်နေရသည်။ ထိုအိမ်သို့ သွား၍ အကြောင်းကြားပေးရန် ကလေးငယ်အား အကူအညီတောင်းရာ ကလေးငယ်က ချက်ချင်းပင်ကူညီသည်။
မကြာမီ ထိုတဲအတွင်းမှ လူငယ်နှစ်ဦး ဆိုင်ကယ်စီး၍ ထွက်လာသည်။ နောက်မှ စီးနင်းလာသူ၏ လက်ထဲတွင် တုတ်တစ် ချောင်းကိုင်ထားသည်။ ကျွန်မနားသို့ရောက်လာသော် ဖြစ် ကြောင်းကုန်စင် ရှင်းပြကာ ဆိတ်နားရွက်မှ ဒဏ်ရာကို နနွင်းသိပ် ပေးရန် ပြောလိုက်သည်။ ဆိုင်ကယ်မောင်းသူလူငယ်က ကျွန်မ အား ကျေးဇူးတင်ကြောင်း၊ ဆိတ်များ မကြာခဏ ပျောက် ကြောင်း ပြောကာ ဆိတ်ကို သူတို့အိမ်ဆီသို့ မောင်းလွှတ်လိုက်ပြီး သူတို့ နှစ်ယောက်က ဆိုင်ကယ်ပေါ်သို့ တက်ကာ ခွေးများရှိရာ တဲအိမ်စုစုဆီသို့ အတင်းမောင်းထွက်သွားလေသည်။
စောစောက အလွန်မုန်းမိသော ခွေးများကို ယခုတစ်ဖန် စိတ်ပူမိပြန်သည်။ ကျွန်မသည် ထိုလူငယ် နှစ်ဦးနောက်မှ အပြေး လိုက်သွားကာ တားဆီးရပြန်သည်။ မိသည့် ခွေးကို အသေရိုက် သတ်မည့် ဆုံးဖြတ်ချက်သည် သူတို့၏ မျက်နှာနှင့် အမူအရာတွင် အတိုင်းသားပေါ်နေသည်။ ချောင်ပိတ်မိသော ခွေးသည် အိမ်ရာ ထဲမှာ လူမနေသည့် အိမ်ကြီးတစ်လုံးဆီသို့ အသက်လု၍ ပြေး သည်။ ထိုလူငယ်နှစ်ဦးက တုတ်တစ်ချောင်းစီကိုင်လျက် ခွေးဆီ ကိုပြေးသည်။ ကျွန်မက ထိုလူငယ်နှစ်ဦးနောက်သို့လိုက်သည်။ သူတို့က ခွေးကို အတင်းရိုက်သည်။ ကျွန်မက ထိုသို့မလုပ်ရန် တားသည်။ သူတို့၏ ဆိတ်ကို ကယ်တင်ထားသည့် မျက်နှာလည်း ရှိနေပြန်ရာ ထိုလူငယ်နှစ်ဦးက ကျွန်မ၏ စကားကို ရိုင်းရိုင်းစိုင်းစိုင်း မတုံ့ပြန်။
ဆောက်တည်ရာမရ စိတ်သောကတို့ကြောင့် ကျွန်မတစ် ကိုယ်လုံး တုန်ယင်နေသည်။ ခြေကုန်လက်ပန်းကျကာ အိမ်သို့ ပြန်ရန်ပြင်လိုက်သည်။ စိမ်းလန်းသောရှုခင်း၊ သန့်ရှင်းသောလေ တို့ကြောင့် သည်နေရာသို့ လာလည်သည့် ကျွန်မတို့၏ မူလရည် ရွယ်ချက်ကို မေ့လျော့ကာ အိမ်သို့ ပြန်ကြလေသည်။
ကျွန်မ၏ စိတ်တွင် ဒဏ်ရာရနေသော ဆိတ်ကို သူတို့ ဆက်မမွေးတော့ဘဲ သတ်လိုက်မည်လားဟူသည့် အတွေးသည် ဖျောက်၍ မရအောင် ထပ်တလဲလဲ ပေါ်လာနေသည်။ ဆိတ်အရှင်လတ်လတ်ကို ဗိုက်ဖောက်ရန် ကြိုးစားနေသည့် ခွေးများ၊ ကူကယ်ရာမဲ့သည့် ဆိတ်မကြီး၏ ဖြစ်အင်၊ မကြားဟန် မမြင်ဟန် ပြုကာ ဘာသိဘာသာ နေကြသည့် ဘေးပတ်ဝန်းကျင်တဲများမှ လူများ၊ ခွေးများကို သတ်ချင်သည့် လူငယ်နှစ်ဦး၏ ဒေါသ၊ အသက်လုကာ ပြေးပေါက်ရှာနေသော ခွေး စသည့် မြင်ကွင်းများ သည် ကျွန်မ၏ စိတ်နှလုံးကို များစွာတုန်လှုပ်စေခဲ့လေသည်။
ထိုမြင်ကွင်းကို အစအဆုံး မြင်တွေ့ ကြားသိလိုက်ရသည့် ခင်ပွန်းဖြစ်သူကို ထိုမြင်ကွင်းအကြောင်း ထပ်တလဲလဲ ပြန်ပြော နေမိသည်။ တဲအတွင်းမှ လူများ အကြောင်းကို မကျေမနပ် ထုတ်ဖော်မိသော် သူက တစ်ခွန်းတည်းသာ ပြောသည်။
”သူတို့က ခွေးတွေကို ဘယ်ခြောက်လွှတ်မလဲ၊ ခွေးတွေ ကိုက်လိုက်လို့ ဆိတ်သေသွားရင် အဲဒီဆိတ်သားကို သူတို့စားမှာလေ”
ကျွန်မသည် ထိုစကားတစ်ခွန်းကြောင့် များစွာ တုန်လှုပ် မိလေသည်။ နားရွက်ပြတ်နေသည့် ဆိတ်မကြီးကို သနားသည်။ သူ့ခမျာ အသက်ဆက်ရှင်ပါ့မလား ဟူသော အတွေးဖြင့် မမေ့နိုင် အောင် ဖြစ်ရသည်။
ထိုတစ်နေ့လုံး မကြည်မသာဖြစ်နေသည့်စိတ်ကြောင့် ထို ညက ကောင်းစွာအိပ်၍ မပျော်နိုင်ဖြစ်ရသည်။ မြင်ခဲ့၊ ကြုံတွေ့ခဲ့ရ သည့်မြင်ကွင်းကို ထပ်တလဲလဲ မြင်ယောင်ကာ စိတ်မထိန်းနိုင်ဘဲ ညသန်းခေါင်ကြီး ကျူကျူပါအောင် ငိုချမိလေသည်။ အငိုတိတ် ရန် ကြိုးစားလိုက်တိုင်း နားရွက်ပြတ်နေသည့် ဆိတ်မကြီး၏ မျက်နှာကိုမြင်ယောင်ကာ ဆက်ကာဆက်ကာ ငိုမိလေသည်။ ထို အတွေ့အကြုံသည် တစ်နှစ်ခန့် ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း ထို အဖြစ်အပျက်ကို ယခုတိုင် အသေးစိတ်ကအစ မှတ်မိနေဆဲ ဖြစ်သည်။ ယင်းအဖြစ်အပျက်ကပင် ဆိတ်သားအလွန်ကြိုက် သော ကျွန်မကို ဆိတ်သားမစားသူတစ်ဦး ဖြစ်စေခဲ့လေသည်။
သည်ကြားထဲတွင် ကျွန်မကြိုက်သော ဆိတ်သားခြောက် ပေါများရာ အညာဒေသသို့ရောက်ခဲ့သော်လည်း ကျွန်မသည် ထိုဆိတ်သားကို မျက်စောင်းပင်ထိုး၍ မကြည့်ဘဲ နေနိုင်လောက်အောင် စိတ်ပြတ်သားခဲ့လေသည်။ ဆိတ်သားလွတ် ဟင်းပွဲများနှင့် စားတိုင်း ကျွန်မသည် နားရွက်ပြတ်နေသော ဆိတ်မကြီး မျက်နှာကို မြင်ယောင်ကာ ကိုယ့်ကိုယ်ကိုယ် လိပ်ပြာလုံသည့် စိတ်ကို ပြည့်ပြည့်ဝဝ ခံစားရမိလေသည်။
#MawKunMagazine
#Su Myat Mon
၂ဝ၁၈၊ သြဂုတ်လထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၅၇)မှ အက်ဆေး ဖြစ်ပါသည်။