ကနီမှာ စစ်ကောင်စီတပ်တွေနဲ့ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေတိုက်ပွဲပြင်းထန်၊ မြို့ခံအများအပြား မြို့တွင်းမှာပိတ်မိနေ

ကနီ-၂၀၂၄ မတ် ၄ (မော်ကွန်း)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ကနီမြို့ပေါ်မှာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်ပွားနေတာကြောင့် မြို့ခံအများအပြား မြို့တွင်းမှာပိတ်မိနေပြီး ထွက်ပြေးတိမ်းရှောင်ရတဲ့ ဒေသခံဦးရေလည်းထောင်ချီရှိနေပြီလို့ ကနီဒေသခံတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက မော်ကွန်းကိုပြောပါတယ်။

ကနီမြို့ပေါ်မှာ အခုလ ၂ ရက် မနက်အစောပိုင်းကစလို့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက စစ်ကောင်စီတပ်တွေ တပ်စွဲထားရာနေရာတွေကို စတင်တိုက်ခိုက်ခဲ့ပြီးနောက် ဒီနေ့အထိ တိုက်ပွဲတွေဖြစ်ပွားနေတာလို့ ဒေသခံတွေကဆိုပါတယ်။

“ထွက်ပြေးနေကြရတဲ့ ဒေသခံတွေက ထောင်ဂဏန်းရှိတယ်။ မြို့ထဲပိတ်မိတဲ့ဒေသခံက တော်တော်များတယ်။ တချို့တွေ့တဲ့ဟာတွေတော့ ရရင်ရသလို ကယ်ထုတ်ပေးထားတယ်။ မထွက်ပြေးနိုင်တဲ့သူတွေ ကျန်နေတာတွေလည်းရှိတယ်။ တိုက်ပွဲကြား ဒေသခံတွေထိခိုက်သေဆုံးတာက အတိအကျပြောဖို့တော့ လိုသေးတယ်” လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

ကနီမြို့ပေါ်က ဘုရားကုန်းနဲ့အနီးတစ်ဝိုက်မှာ စစ်ကောင်စီတပ်သားတွေကျန်ရှိနေသေးတာကြောင့် လက်ရှိအချိန်အထိ တိုက်ပွဲမပြီးသေးသလို နှစ်ဖက်အထိခိုက်အကျဆုံးကိုလည်း မသိရသေးဘူးလို့ သူကဆက်ပြောပါတယ်။

မနှစ်က နိုဝင်ဘာ ၆ ရက်တုန်းကလည်း တော်လှန်ရေးမဟာမိတ်တပ်ပေါင်းစုတွေက ကနီမြို့သိမ်းတိုက်ပွဲစစ်ဆင်ရေးဆင်နွှဲခဲ့ပေမယ့် မသိမ်းလိုက်နိုင်ဘဲ ပြန်ဆုတ်ခွာခဲ့ရပါသေးတယ်။

ကနီမြို့ပေါ်တိုက်ပွဲတွေဖြစ်ပွားပြီးနောက်မှာတော့ ဆက်သွယ်ရေးလိုင်းအားလုံးလည်း ဖြတ်တောက်ခံလိုက်ရတယ်လို့ ကနီဒေသခံတစ်ဦးက ဆိုပါတယ်။

“ဖုန်းအဆက်အသွယ်တွေက ပျက်သွားပြီ၊ လိုင်းမိတဲ့နေရာက ဆက်မှရမယ်။ လိုင်းတွေအဖြတ်ခံလိုက်ရတာ။ တိုက်ပွဲစဖြစ်တဲ့နေ့ကနေ အခုချိန်ထိ တိုက်လေယာဉ်နဲ့ ဗုံးခဏခဏလာကြဲတယ်။ အရေအတွက်အားဖြင့် အကြိမ် နှစ်ဆယ်ကျော်ပြီ” လို့ သူကဆိုပါတယ်။

ကနီမြို့ပေါ်က စစ်ကောင်စီတပ်တွေတပ်စွဲထားတဲ့နေရာတွေတိုက်ခိုက်ခံရတာနဲ့ပက်သက်လို့ အာဏာသိမ်းစစ်ကောင်စီဘက်ကတော့ လက်ရှိအချိန်အထိ သတင်းတစ်စုံတစ်ရာမထုတ်ပြန်သေးပါဘူး။

စစ်ကောင်စီရဲ့ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တွေမှာတော့ ကနီမြို့ပေါ်မှာ တိုက်ပွဲတွေပြင်းထန်နေသလို ပညာရေးနဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။

ကနီမြို့ဟာ မြို့ပေါ်ရပ်ကွက်သုံးခု၊ ကျေးရွာပေါင်းတစ်ရာကျော်နဲ့ဖွဲ့စည်းထားတဲ့ စိုက်ပျိုးရေးလုပ်ကိုင်တဲ့ မြို့နယ်တစ်ခုဖြစ်ပြီး မုံရွာ-ယာကြီး-ကလေးဝ ကားလမ်းအနီးကမြို့နယ်တစ်ခုဖြစ်ပါတယ်။

ကနီမြို့နယ်နဲ့ထိစပ်နေတဲ့ ယင်းမာပင်၊ ပုလဲ၊ ဘုတလင်၊ ရေဦး၊ မင်းကင်း၊ ဒီပဲယင်းစတဲ့မြို့နယ်တွေမှာလည်း စစ်ကောင်စီတပ်တွေက မကြာခဏစစ်ကြောင်းထိုးလို့ ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ ဒေသခံအများအပြားရှိနေပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးချိန်ကစလို့ ဖြစ်ပေါ်လာတဲ့ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ စစ်ဘေးဒုက္ခသည်ဦးရေဟာ ၂ ဒဿမ ၇ သန်းကျော်အထိရှိလာနေပြီလို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA က မနေ့က ထုတ်ပြန်ထားပါတယ်။

ပုံစာ-ကနီမြို့အဝင်ဆိုင်းဘုတ်အနီးက တော်လှန်ရေးရဲဘော်များကို တွေ့ရစဉ်။
ဓာတ်ပုံ-DPRA

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."