ကြက်သွန်နီ စျေးမြင့်တက်လာ

ကြက်သွန်နီ စျေးမြင့်တက်လာ

ရန်ကုန် – ၂၀၂၃ ဩဂုတ် ၁၈ (မော်ကွန်း)

ယခုရက်ပိုင်းအတွင်း ကြက်သွန်နီဈေးနှုန်းမြင့်တက်နေတဲ့အတွက် ကြက်သွန်စိုက်တဲ့ တောင်သူတွေ ဈေးကောင်းရနေတယ်လို့ အဆိုပါတောင်သူတွေဆီက သိရပါတယ်။

ဘုရင့်နောင်ကုန်စည်ဒိုင်ဈေးနှုန်းအရ မုံရွာနဲ့ ဆိပ်ဖြူဒေသထွက် ကြက်သွန်နီအသန့်ဈေးက တစ်ပိဿာကို ၂,၆၀၀ ကျပ်ထိ မြင့်တက်နေပြီး ယခုလဆန်းပိုင်းကထက် တစ်ပိဿာကို ၅၀၀ ကျပ်ဝန်းကျင်ထိ ဈေးမြင့်တက်သွားတယ်လို့ ကုန်စည်ဒိုင်ဈေးနှုန်းအရ သိရပါတယ်။

ယခုရက်ပိုင်းမှာ တရုတ်နိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့က ကြက်သွန်နီအဝယ်လိုက်လာတဲ့အတွက် အခုလို ဈေးတက်လာတာဖြစ်တယ်လို့ ကုန်စည်ဒိုင်က ကုန်သည်တစ်ဦးက ပြောပါတယ်။

“ အရင်က ကုန်စည်ဒိုင်အဝင်ဈေးက တစ်ပိဿာ ၂,၀၀၀ ဝန်းကျင်မှာရှိတာ တစ်ပတ်အတွင်းမှာ ၂,၅၀၀ ထိ တက်လာတယ်၊ ပြည်ပက ကျွန်တော်တို့ တရုတ်တို့ ဘင်္ဂလားဒေ့ရှ်တို့ကို ပို့တာရှိတယ်၊ ဘင်္ဂလားဒေ့ရ်ှကလည်း ဒီရက်ပိုင်း ကုန်အမှာတွေလိုက်လာတယ်၊ ပြောရရင် ဈေးက ဆက်တက်နိုင်သေးတယ်” လို့ သူက‌ ပြောပါတယ်။

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်က ကြက်သွန်စိုက်တောင်သူတစ်ဦးကတော့ “ကျွန်တော်တို့ တောင်သူတွေကတော့ ဈေးကောင်းရတယ်ဆိုပြီး ရောင်းကြတာပေါ့၊ ဆက်တက်အုံးမယ်လို့လည်း ခန့်မှန်းထားကြတယ်။ဒီနှစ်က ကြက်သွန်ဈေးက ပုံမှန်ထက်ကောင်းနေတာ၊ အခုကာလက သွင်းအားစုတွေ၊ ဓာတ်မြေဩဇာဈေးတွေကလည်း ခေါင်ခိုက်နေတော့ သိပ်တော့အဆင်မပြေဘူးပေါ့။ အခုက ဈေးကထပ်တက်လာမှာဆိုတော့ နည်းနည်းတော့ ကိုယ့်အတွက်ကျန်တာပေါ့” ပြောပါတယ်။

လက်ရှိမှာ ဘုရင့်နောင်ကုန်စည်ဒိုင်ထုတ်ပြန်ဈေးနှုန်းအရ ကြက်သွန်နီ အသန့်ကို တစ်ပိဿာ ၂,၆၀၀ ကျပ်၊ အလုံးကြီး ၂,၅၀၀ ကျပ်၊ အရောက ၂,၀၀၀ ကျပ်ဝန်းကျင်မှာ ရှိတယ်လို့ သိရပါတယ်။

ရပ်ကွက်အတွင်းမှာတော့ တစ်ပိဿာကို ကျပ် ၃,၀၀၀ ကနေ ၃,၅၀၀ ကျပ်ထိ ထိ မြင့်တက်နေတယ်လို့ တောင်ဒဂုံမြို့နယ်က အိမ်ရှင်မတစ်ဦးက ပြောပါတယ်။

“ကြက်သွန်နီက ရပ်ကွက်ထဲမှာလည်း ဈေးကောင်းတယ်၊ သူ့အမျိုးအစားအလိုက် ကောင်းတဲ့ဟာဆို တစ်ပိဿာကို ၃၅၀၀ ထိဖြစ်နေတယ်” လို့ ပြောပါတယ်။

ကြက်သွန်နီကို မုံရွာ၊ ဆိပ်ဖြူ၊ ပခုက္ကူ စတဲ့ ဒေသတွေမှ အဓိက စိုက်ပျိုးနေပြီး ယခုနှစ်အတွင်း မနှစ်ကထက် ကြက်သွန်အထွက်နှုန်း ပိုမိုမြင့်တက်ခဲ့တယ်လို့ ကြက်သွန်စိုက်တောင်သူတွေဆီက သိရပါတယ်။

မနှစ်က ကြက်သွန်ဈေးနှုန်းက တစ်ပိဿာကို ၅,၀၀၀ ကျပ်ထိ ဈေးမြင့်တက်ခဲ့ပေမယ့် ကြက်သွန်အထွက်နှုန်းကတော့ လျော့ကျခဲ့တာကြောင့် တောင်သူတွေအတွက် အဆင်မပြေခဲ့ဘူးလို့ ကြက်သွန်စိုက်တောင်သူတစ်ဦးက ပြောပါတယ်။

“ပုံမှန် တစ်ဧကကို ပိဿာ ၃,၀၀၀ လောက်ထွက်ရမှာ၊ မနှစ်က ၈၀၀၊ ၇၀၀ လောက်ပဲ ထွက်တာတွေရှိတယ်။ အထွက်နှုန်းအရမ်းကျပြီး ဈေးကြီးသွားတာ။ ဒီနှစ်ကတော့ ပုံမှန်စိုက်တဲ့ ဆိပ်ဖြူတို့၊ မုံရွာတို့က အထွက်ကောင်းတယ်၊ ဈေးလည်း သင့်တဲ့ အနေအထားနဲ့ ထိန်းရောင်းနေကြတာပေါ့” လို့ ပြောပါတယ်။

လက်ရှိမှာ ဘုရင့်နောင်ကုန်စည်ဒိုင်ကို ကြက်သွန်နီ ပိဿာ ၉,၀၀၀ ခန့် နေ့စဉ် ပျှမ်းမျှ ကုန်အဝင်ရှိတယ်လို့ ကုန်စည်ဒိုင်က ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ – ကိုစိန်ရွှေကျော်
ပုံစာ – ရန်ကုန်မြို့က ကြက်သွန်သိုလှောင်ရုံတစ်ခုကို တွေ့ရစဉ်


#Dailynews

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."