ဒူးပလာယာ – ၂၀၂၄ ဖေဖော်ဝါရီ ၆ (မော်ကွန်း)
ကေအဲန်ယူ၊ တပ်မဟာ (၆)၊ ကျိုက်ဒုံမြို့မှာ အာဏာသိမ်းစစ်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ပွဲပြင်းထန်နေပြီး စစ်ရှောင်တွေတိုးလာနေပြီး အကူအညီတွေလိုအပ်နေပါတယ်။
ကျိုက်ဒုံမြို့ဟာ ကေအဲန်ယူ-ကော့ကရိတ်မြို့နယ်ရဲ့အောက်ကဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၄ နှစ်ကုန်ပိုင်းအထိ ကော့ကရိတ်တစ်မြို့နယ်လုံးမှာ စစ်ရှောင် ၃၀,၀၀၀ ကျော်ရှိခဲ့ရာကနေ အခုတော့ ကျိုက်ဒုံတိုက်ပွဲကြောင့် နောက်ထပ် စစ်ရှောင်အနည်းဆုံး ၅,၀၀၀ လောက်ရှိလာနိုင်တယ်လို့ မြေပြင်သတင်းရင်းမြစ်ဆီကသိရပါတယ်။
လက်ရှိ ကျိုက်ဒုံမြို့ပေါ်မှာ လူနေထိုင်မှုမရှိတော့သလို အနီးတဝိုက်ကျေးရွာတွေလည်း တိုက်ပွဲတွေစဖြစ်ကတည်းက ထွက်ပြေးနေကြရပြီး စားနပ်ရိက္ခာနဲ့ လတ်တလော နေထိုင်ရေး အဆင်မပြေကြဘူးလို့ ဒေသခံတွေကပြောပါတယ်။
“ဘယ်လိုပုံစံမျိုးလည်းဆိုတော့ စားဝတ်နေရေးရော အိပ်ဖို့ရော အစစအရာရာ အဆင်မပြေလို့ဖြစ်တာပေါ့။ ဘာဖြစ်လဲဆိုတော့ ကိုယ်က ကလေးနဲ့ဆိုတော့ ခြင်တို့၊ပိုးကောင်တို့ အကုန်းလုံးကုန်လုံး ပိုးကောင်တွေအကုန်လုံးရှိတာပေါ့။ အိပ်ရတာလည်း ချိုင့်ထဲမှာဆိုတော့ အဆင်မပြင်ဘူးဖြစ်နေတယ်ပေါ့”လို့ တောထဲမှာ စစ်ရှောင်နေရတဲ့ ကျိုက်ဒုံဒေသခံတစ်ဦးကပြောပါတယ်။
လက်ရှိ စစ်ရှောင်တွေဟာ နီးစပ်ရာရွာတွေနဲ့ တောထဲမှာ ကြုံသလို စစ်ရှောင်နေကြရတာဖြစ်ပြီး တိုက်ပွဲတွေကြောင့် သယ်ယူပို့ဆောင်ရေးလမ်းကြောင်းတွေပိတ်ဆို့နေလို့ စားနပ်ရိက္ခာအခက်အခဲလည်းပိုကြုံနေရပါတယ်။
“စားစရာကုန်သွားရင်တော့ ဝယ်စားဖို့လည်း ပိုက်ဆံမရှိဘူး။ အဲဒါက ဒုက္ခ လက်ကုန်ဖြစ်နေတယ်၊ ဘာနဲ့သွားဝယ်စားရမလဲ၊ ဘယ်မှာ သွားရှာရမလဲ၊ သွားရှာလို့ မရတော့ဘူး။ အဲ့လိုမျိုးပဲ လိုက်တွေးနေတယ်၊ ဘယ်လိုလုပ်ရမလဲ စားဖို့သောက်ဖို့ ကုန်သွားမယ်ဆိုရင်တော့ ဒုက္ခရောက်ကုန်ကြတာပေါ့”လို့ ကျိုက်ဒုံမြို့၊ ကော့တနုရွာဒေသခံ အသက် ၅၀ ကျော် အမျိုးသမီး ရှဖွေးလာကပြောပါတယ်။
ဒေသခံတွေအများစုဟာ ခက်ခဲဆင်းရဲကြသူတွေဖြစ်တဲ့အတွက် စတင်စစ်ရှောင်စဉ်က ပါလာတဲ့ ရိက္ခာအနည်းငယ်လောက်ပဲရှိပြီး နေရာထိုင်ခင်းအတွက်လည်း လိုအပ်ချက်တွေရှိနေပါတယ်။
” အမိုးအကာတွေရှိတယ်၊ မရှိတဲ့လူတွေလည်းရှိတယ်၊ ဘာကြောင့်လဲဆိုတော့ လောလောဆယ်ဆယ်ကြီး ပြေးလာတယ်ဆိုတော့ အဆင်သင့်မရှိတဲ့လူတွေလည်းရှိတယ်လေး… အဲဒီအခါကျတော့ ဘယ်လိုလုပ်ကြလဲဆိုတော့ သုံးလေးငါးဦး စုပြီးနေကြတာပေါ့”လို့ နောက်ထပ်စစ်ရှောင်တစ်ဦးကပြောပါတယ်။
ကေအဲန်ယူ – ကော့ကရိတ်မြိုနယ်ကတော့ ဒေသအခြေစိုက်ကူညီကယ်ဆယ်ရေးအဖွဲ့တွေ၊ Free Burma Ranger အဖွဲ့တွေနဲ့အတူ တချို့နေရာတွေမှာ စစ်ရှောင်တွေကို သွားရောက်ကူညီနေတာတွေရှိပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ လကုန်ပိုင်းလောက်က တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့တဲ့ ကျိုက်ဒုံမြို့မှာ မြို့ပေါ်အပါအဝင် အနီးတဝိုက်က မိတန်၊ မိနန်းအပ်၊ ပူရေးစတဲ့ ကျေးရွာတွေဟာ ရွာလုံးကျွတ် စစ်ရှောင်နေရပါတယ်။
ပုံစာ – ကျိုက်ဒုံစစ်ရှောင်များ လက်ရှိမြင်ကွင်း
ဓါတ်ပုံ – Mawkun Magazine

