ချောင်းသာ – ၂၀၂၁ နိုဝင်ဘာ ၂၆ (မော်ကွန်း)
ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ချောင်းသာမြို့၊ သစ်ပုတ်တံခါးရွာမှာ စစ်ကောင်စီတပ်တွေဟာ မနေ့က ဒေသခံတွေရဲ့ နေအိမ်သုံးလုံးကို မီးရှို့ဖျက်ဆီးကာ ရွာသားတစ်ဦးကို ဖမ်းဆီးသွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မနေ့ညပိုင်းမှာ စစ်ကောင်တပ်သားအများအပြား ရွာထဲကိုဝင်ရောက်စီးနင်းလာပြီး နေအိမ်တွေကိုမီးရှို့တဲ့အပြင် အဲ့ဒီအိမ်မှာရှိနေတဲ့ ဒေသခံတစ်ယောက်ကိုပါ ဖမ်းဆီးခဲ့တာပါ။
” ရွာထဲကိုဝင်လာတဲ့အင်အားက အရမ်းများတယ်။ စစ်ကား ၇ စီးလောက်နဲ့လာတာ။ သူတို့ လာရှာတဲ့အိမ်တွေကိုဝင်ပြီးတော့ မွှေတော့တာ တစ်ယောက်တော့ပါသွားတယ်။ ပြီးတော့ အိမ်တွေ ကိုမီးရှို့ခဲ့တယ်” လို့ဒေသခံတစ်ဦးကပြောပါတယ်။
စစ်ကောင်စီတပ်တွေက သစ်ပုတ်တံခါးကျေးရွာမှာ အထိုင်ချတပ်စွဲထားပြီးတော့ အဲ့ဒီရွာအပြင် အနီးတဝိုက်ကရွာတွေကို ဝင်ရောက်စီးနင်းဖို့ ရှိနေကြောင်း ကြားနေရလို့ ဒေသခံတွေကစိုးရိမ်နေကြပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၅ ရက်နေ့က ချောင်းသာ ကမ်းခြေမှာ ဟိုတယ်ဖွင့်ပွဲပြုလုပ်ပြီး ပြန်လာတဲ့ ဧရာဝတီတိုင်း စစ်ကောင်စီဝန်ကြီးချုပ်နဲ့ဟိုတယ်/ခရီးပြည် ထောင်စုဝန်ကြီးတို့ပါဝင်တဲ့ ယာဥ်တန်းကို ပုသိမ်- ချောင်းသာလမ်းပိုင်းမှာ PDF တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ပါတယ်။
အဲဒီနောက်ပိုင်း စစ်ကောင်စီတပ်တွေဟာ ချောင်း သာအနီးတဝိုက်ကရွာတွေကို အင်အားအလုံးအရင်းနဲ့ဝင်ရောက်စီနင်း၊ ဖမ်းဆီးတာတွေလုပ်ဆောင်နေတဲ့အပြင် အခုလိုနေအိမ်မီးရှို့တာတွေကိုပါ လုပ်ဆောင်လာတာဖြစ်တယ်လို့ ဒေသခံတွေကပြောကြပါတယ်။
#Dailynews

