ကန့်ဘလူ – ၂၀၂၃ မတ် ၃၀ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ အလယ်ခုံကျေးရွာက စစ်ရှောင်အမျိုးသားတစ်ဦးကို ဒီနေ့မနက် ၆ :၄၀ မိနစ်ဝန်းကျင်မှာ အာဏာသိမ်းစစ်တပ်ကသေနတ်နဲ့ပစ်သတ်သွားခဲ့တယ်လို့ ကိုးတောင်ဘို့တိုက်နယ်စစ်ရှောင်တွေကိုကူညီပေးနေသူတစ်ဦးကမော်ကွန်းကိုပြောပါတယ်။
“စစ်ကြောင်းလာလို့ စစ်ရှောင်တဲမှာသွားရှောင်တာ၊ စစ်ကြောင်းကတဲနားရောက်လာလို့ တိမ်းရင်းရှောင်ရင်းထွက်ပြေးကြတာပေါ့၊ အဲ့ဒါကိုပစ်ဖမ်းတာ၊ ပစ်တော့ထိမိရော၊ လက်ပြန်ကြိုးတုပ်ပြီးသူတို့နောက်လိုက်ခိုင်းတာ၊ မလိုက်နိုင်တော့ တရွတ်တိုက်ဆွဲသွားတယ်”လို့ စစ်ရှောင်တွေကို ကူပေးနေသူကဆိုပါတယ်။
ပစ်သတ်ခံရသူက အသက် ၂၂ နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး အာဏာသိမ်းစစ်တပ်၊ စစ်ကြောင်းထိုးလာချိန်မှာ အခြား ၁၃နှစ်အရွယ် အမျိုးသားတစ်ဦးနဲ့ အတူလက်ပြန်ကြိုးတုပ်ဖမ်းဆီးခံခဲ့ရတာလ်ို့ ဒေသခံကဆိုပါတယ်။
“မျက်နှာကိုတေ့ပြီးပစ်သွားတာ၊ ဦးခေါင်းပွင့်သွားတဲ့အနေအထားပါ၊ဒါကလည်း အလောင်းကိုတွေ့လို့အတည်ပြုနိုင်တာ၊ သူတို့ကစုပုံပြီးမီးရှို့ရအောင်လို့မှောက်ခုံထားတယ်၊ သစ်ကိုင်းတွေပါတင်ထားတာ”လို့ ဒေသခံကပြောပါတယ်။
ကျန်ရှိတဲ့ အသက် ၁၃နှစ်အရွယ်အမျိုးသားတစ်ဦးကိုလည်း လက်ပြန်ကြိုးတုပ်ပြီး စစ်ကြောင်းနဲ့ အတူဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံကပြောပါတယ်။
“ဒါကပြည်သူတွေကို ပစ်မှတ်ထားတဲ့သဘောပဲ၊ စစ်ရှောင်ဆိုတာ ပြည်သူပဲအပြစ်မရှိဘူး”လို့ ဒေသခံက ဆိုပါတယ်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဒီကနေ့ထုတ်ပြန်ချက်အရ အာဏာသိမ်းစစ်တပ်လက်ချက်နဲ့ နွေဦးတော်လှန်ရေးမှာ သေဆုံးရတဲ့ပြည်သူဟာ ၃,၂၀၀ နီးပါးရှိလာပါပြီ။
အလယ်ခုံကျေးရွာကို ကိုးတောင်ဘို့အထိုင် ခလရ ၁၃၇စစ်ကြောင်းက မတ်လ ၂၉ရက်နေ့မှာ ဝင်ရောက်တပ်စွဲခဲ့ပြီး ဒီနေ့မနက် ၅နာရီမှာ ကျေးရွာ ထဲကထွက်သွားခဲ့ပြီးချပ်သင်းဘေးမဲ့ကြိုးဝိုင်းထဲမှာလက်ရှိနေနေတယ်လို့ ဒေသခံကပြောပါတယ်။
အလယ်ခုံကျေးရွာမှာ အိမ်ခြေ ၄၁၈ အိမ်ရှိပြီး ၂၀၂၂ ခုနှစ် ဇွန်လနဲ့ အောက်တိုဘာလတွေမှာ အာဏာသိမ်းစစ်တပ်က နှစ်ကြိမ်တိုင် ဝင်ရောက်စီးနင်း၊ မီးရှို့မှုကြောင့် ပြည်သူ့နေအိမ် ၁၇၀ အထိ မီးလောင်ပျက်ဆီးဆုံးရှုံးခဲ့ရတယ်လို့ ဒေသခံဆီကသိရပါတယ်။
Data for Myanmar ရဲ့ ၂၀၂၃ ဖေဖော်ဝါရီ ၂၈ နောက်ဆုံးတွက်ချက်မှုတွေအရ စစ်ကိုင်းတိုင်းမှာ အာဏာသိမ်းစစ်တပ်နဲ့အပေါင်းအပါတွေ မီးရှို့ခဲ့တဲ့ နေအိမ်အရေအတွက်ဟာ ၄၈,၀၀၀ နီးပါး ရှိနေပါတယ်။
ပုံစာ – သေဆုံးသူ စစ်ရှောင်အမျိုးသား
ဓါတ်ပုံ – ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့
#Dailynews

