ရန်ကုန်-၂၀၂၃ စက်တင်ဘာ ၂၁ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်အတွင်းက ကျေးရွာတွေကို အခုလအတွင်း စစ်ကောင်စီတပ်တွေ စီးနင်းပြီး ဒေသခံတွေကို သတ်ဖြတ်တာကြောင့် စစ်ကိုင်းမြို့အနီးမှာရှိတဲ့ ကျေးရွာတချို့ ကဒေသခံတွေ စစ်ရှောင်ကြဖို့ ကြိုပြင်ဆင်နေရတယ်လို့ စစ်ကိုင်းဒေသခံတွေက ပြောပါတယ်။
စစ်ကိုင်းမြို့အနီးကရွာတစ်ရွာဖြစ်တဲ့ သလွန်ဖြူရွာမှာ အခုလ ၁၃ ရက်က မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်ရဲတပ်ဖွဲ့က ဒုရဲအုပ်နဲ့ ဇနီး ပစ်သတ်ခံရပြီးနောက် ၁၅ ရက်နေ့မှာ စစ်ကောင်စီတပ်တွေက အဲဒီရွာကိုအင်အားတစ်ရာကျော်နဲ့ လက်နက်ကြီး လက်နက်ငယ်ပစ်ခတ် ဝင်ရောက်စီးနင်းခဲ့ပြီး ဒေသခံခုနစ်ဦးကို သတ်ဖြတ်ခဲ့ပါတယ်။
တစ်ဆက်တည်းမှာပဲ သလွန်ဖြူရွာနဲ့ကပ်လျက်မှာရှိတဲ့ ညောင်ကုန်းရွာကိုလည်း နောက်ထပ်စစ်ကြောင်းတစ်ခုက စီးနင်းခဲ့ပြီး ဒေသခံတွေကို စစ်ကိုင်းမြို့ဘက် ဖမ်းခေါ်သွားခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
အဲဒီဖြစ်စဉ်တွေကြောင့် သလွန်ဖြူနဲ့ ညောင်ကုန်းရွာအနီးမှာရှိတဲ့ ကျေးရွာတွေက ဒေသခံအများအပြားထွက်ပြေးရပြီး စစ်ကောင်စီစစ်ကြောင်း ပြန်ထွက်နိုင်မယ့် လမ်းကြောင်းပေါ်မှာရှိနေတဲ့ ကျေးရွာတွေက ဒေသခံတွေလည်း စိုးရိမ်ထိတ်လန့်နေပြီး ထွက်ပြေးကြဖို့ အဆင်သင့်ပြင်ဆင်နေရတာလို့ ဒေသခံတွေကပြောပါတယ်။
“သလွန်ဖြူကော ညောင်ကုန်းမှာကော စစ်ကြောင်းဝင်တော့ ကျန်ခဲ့တဲ့ဒေသခံတွေနဲ့ လမ်းမှာမိတဲ့ ဒေသခံတွေကို သူတို့ကဖမ်းထားတာ။ အခုထိအခြေနေအသေးစိတ်မသိရသေးဘူး။ သတ်ခံရတဲ့သူလည်း များတယ်လို့ကြားတယ်။ သူတို့ပြန်ထွက်လာပြီး တို့ရွာတွေဝင်ရင်လည်း အဲ့လိုဖြစ်မှာစိုးလို့ အကုန်ကြောက်လန့်နေကြတာ။ တချို့လည်း ပြေးကြပြီ။ ကျန်တဲ့သူတွေလည်း အထုတ်ပိုးအဆင်သင့်ပြင်ထားရတယ်” လို့ ဇီးချောင်းရွာခံတစ်ဦးကလည်း ပြောပါတယ်။
အဲဒီဖြစ်စဉ်တွေကြောင့် သလွန်ဖြူနဲ့ ညောင်ကုန်းရွာက ဒေသခံတွေအပါအဝင် အနီးကရွာတွေက ဒေသခံထောင်ချီထွက်ပြေးနေရပြီး စစ်ကိုင်းမြို့အနီးကရွာတွေက ဒေသခံတွေလည်း ထိတ်လန့်နေတယ်လို့ သိရပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး UNOCHA ရဲ့ မနေ့ညနေက ထုတ်ပြန်တဲ့ အချက်အလက်တွေအရ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတစ်ဝန်းမှာ ဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးရသူဦးရေဟာ ၁ ဒဿမ ၉ သန်းကျော်အထိရှိလာနေပြီး အနောက်မြောက်ပိုင်းနဲ့ အရှေ့တောင်ပိုင်းတွေမှာ အရပ်သားထိခိုက်သေဆုံးမှုတွေ ဆက်လက်ဖြစ်ပေါ်နေတယ်လို့ ဆိုထားပါတယ်။
ပုံစာ-စစ်ကောင်စီတပ်တွေစစ်ကြောင်းထိုး ဒေသခံတွေသတ်ဖြတ်ခဲ့တဲ့ စစ်ကိုင်းမြို့အနီးက ရွာနှစ်ရွာ
ဓာတ်ပုံ-MIMU
#Dailynews

