ရှမ်းတောင်-၂၀၂၄ ဖေဖော်ဝါရီ ၂၈ (မော်ကွန်း)
ရှမ်းပြည်နယ်တောင်ပိုင်းက ဟိုပုံး၊ လွိုင်လင်၊ မိုင်းပွန်နဲ့ ဆီဆိုင်မြို့နယ်တွေမှာ အာဏာသိမ်းစစ်ကောင်စီတပ်နဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA တို့ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်ရတဲ့ ဒေသခံတစ်သိန်းနီးပါးအထိရှိလာပြီး စစ်ရှောင်ဦးရေဆက်တိုးလာနိုင်တယ်လို့ ပအိုဝ်းလူငယ်အစည်းအရုံး PYO ကတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
တိုက်ပွဲတွေကြောင့် စစ်ရှောင်ရတဲ့ကျေးရွာ ၁၂၀ ကျော်နဲ့ မြို့ပေါ်ရပ်ကွက်ခြောက်ခုရှိပြီး“ အခုလည်း လွိုင်လင်၊ မိုင်းပွန်ဘက်တွေမှာ တိုက်ပွဲတွေဆက်ဖြစ်လာနိုင်တဲ့အခြေအနေရှိတယ်။ စစ်ကောင်စီက သူတို့စခန်းတွေကနေ လက်နက်ကြီးနဲ့ နေ့တိုင်းရွာတွေဘက်ကို ပစ်တာတွေရှိတော့ ရွာတွေမှာနေမရတော့လို့ ရှောင်လာကြတဲ့သူက ပိုများလာတယ်။ တိုက်ပွဲတွေကလည်း ဆက်ဖြစ်လာနိုင်ချေရှိလို့ စစ်ရှောင်ဦးရေက ထပ်တိုးလာနိုင်တယ်လို့ ပြောလို့ရပါတယ်”လို့ သူကပြောပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်းမှာ စစ်ကောင်စီတပ်၊ လက်အောက်ခံပြည်သူ့စစ်အဖွဲ့တွေနဲ့ PNLA မဟာမိတ်တပ်တွေဟာ ပြီးခဲ့တဲ့လ ၂၁ ရက်ကစလို့ တိုက်ပွဲဖြစ်ပွားခဲ့တာပါ။
တိုက်ပွဲတွေစတင်ဖြစ်ပွားခဲ့တဲ့ ဇန်နဝါရီ ၂၁ ရက်ကနေ အခုလ ၂၄ ရက်အထိ ၃၅ ရက်အတွင်းမှာ ထွက်ပြေးတိမ်းရှောင်ရတဲ့ ဒေသခံဦးရေဟာ ၉၄,၃၀၀ဦးအထိ ရှိလာတယ်လို့ PYO က ဆိုပါတယ်။
အဲဒီစစ်ဘေးရှောင်တွေဟာ လက်ရှိအချိန်မှာတော့ နီးစပ်ရာတော၊ ရွာတွေနဲ့ ဘုန်းကြီးကျောင်းတွေမှာရှောင်နေကြရပြီး စားနပ်ရိက္ခာ၊ ဆေးဝါးစတဲ့အကူအညီတွေလည်း လိုအပ်တယ်လို့ PYO တာဝန်ရှိသူကပြောပါတယ်။
ဟိုပုံးမြို့နယ်ထဲက ကျောက္ကချားရွာမှာလည်း အခုလ ၁၃ ရက်ကစလို့ စစ်ကောင်စီတပ်တွေနဲ့ လက်အောက်ခံပြည်သူ့စစ်အဖွဲ့တွေ တပ်စွဲထားတာကြောင့် ဒေသခံတွေဟာ ရွာထဲမနေရဲတော့လို့ ထွက်ပြေးတိမ်းရှောင်နေရတယ် ရွာခံတစ်ဦးက အခုလိုပြောပါတယ်။
“ရွာကတော့ နည်းနည်းပျက်စီးသွားတာတော့ရှိတယ်။ အိမ် ၁၀ လုံး ၁၁ လုံးလောက်ပျက်သွားတယ်။ အိမ်တွေပျက်တာက လက်နက်ကြီးထိမှန်လို့မီးလောင်ပျက်ကုန်တာ။ အခုထိရွာထဲမှာ (စစ်ကောင်စီတပ်တွေ) တပ်စွဲထားလို့ အကုန်ရှောင်နေကြရတာ။ မဲနယ်တောင်တကြောက ရွာတွေအကုန်လုံးပြေးရတယ်။ ပြီးရင်ဆီဆိုင်အစပ်ကရွာတွေကော အကုန်ပြေးနေရတာ။ အခုလောလောဆယ်တော့ အခြေနေမကောင်းဘူးပေါ့” လို့ သူက ပြောပါတယ်။
ရှမ်းတောင်တကြော ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်တွေဟာ ဆီဆိုင်၊ လွိုင်လင်၊ ဟိုပုံးစတဲ့မြို့နယ်တွေထဲက ဒေသတွေကို လေကြောင်းတိုက်ခိုက်မှု အကြိမ်သုံးရာနီးပါးလုပ်ဆောင်ခဲ့သလို လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှု အကြိမ်ရှစ်ရာကျော်ပြုလုပ်ခဲ့တယ်လို့ PYO က ဆိုပါတယ်။
အဲဒီပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ဒေသခံ ၄၀ ဦးသေဆုံးကာ ၅၁ ဦးထိခိုက်ဒဏ်ရာရခဲ့ပြီး ၁၃ ဦး ဖမ်းဆီးခံထားရဆဲဖြစ်တယ်လို့ PYO တာဝန်ရှိသူက ပြောပါတယ်။
ဒီနေ့မနက်ပိုင်းကလည်း စစ်ကောင်စီတပ်က ဆီဆိုင်မြို့နယ်ထဲက နားခိုက်ရွာကို တိုက်ပွဲမဖြစ်ဘဲ လေကြောင်းကနေ ရှစ်ကြိမ်ဗုံးကြဲတိုက်ခိုက်တဲ့အပြင် လေယာဉ်ပေါ်ကနေ စက်သေနတ်နဲ့ပစ်လို့ အသက် ၆၃ နှစ်အရွယ် အမျိုးသားတစ်ဦးသေဆုံးကာ နေအိမ်လေးလုံးပျက်စီးသွားတယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA က ဒီနေ့သတင်းထုတ်ပြန်ထားပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA က အခုလ ၂၁ ရက်က ထုတ်ပြန်ခဲ့တဲ့ အချက်အလက်တွေအရ စစ်တပ်အာဏာသိမ်းပြီးချိန်ကစလို့ ဖြစ်ပေါ်လာတဲ့ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် နိုင်ငံအနှံ့မှာ ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ စစ်ဘေးဒုက္ခသည်ဦးရေဟာ ၂ ဒဿမ ၇ သန်းနီးပါးရှိလာနေပြီလို့ ဆိုထားပါတယ်။
ပုံစာ-တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ရှမ်းပြည်နယ်တောင်ပိုင်းက စစ်ဘေးရှောင်များ။
ဓာတ်ပုံ-PNLA