ရန်ကုန်- ၂၀၂၄ ဩဂုတ် ၂၃ (မော်ကွန်း)
ဒီသီတင်းပတ်ထဲမှာလည်း နိုင်ငံတစ်ဝန်း တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီအကြား တိုက်ပွဲတွေ ဆက်လက်ရှိနေခဲ့ပြီး နယ်မြို့ကြီးတချို့ကို မဆုံးရှုံးရစေဖို့ စစ်ကောင်စီဟာ အသည်းအသန်ခုခံနေရပါတယ်။
စစ်ကိုင်း
စစ်ကိုင်းတိုင်းက အင်းတော်၊ ထီးချိုင့်၊ ပင်လည်ဘူးနဲ့ ဒီပဲယင်းမြို့တွေက စစ်ကောင်စီတပ်စခန်းတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေ ဒီသီတင်းပတ်ထဲမှာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါတယ်။
ဒီလ ၁၆ ရက်မှာ အင်းတော်မြို့ပေါ်က စစ်ကောင်စီတပ်စွဲထားတဲ့နေရာတွေထိ တော်လှန်ရေးတပ်တွေက ဝင်တိုက်ခဲ့ပြီး မြို့ပေါ် တိုက်ပွဲတွေ ပြင်းထန်ခဲ့တာပါ။
အဲဒီတိုက်ပွဲတွေကြောင့် မန္တလေး-မြစ်ကြီးနား ကားလမ်းဟာ အင်းတော်ဒေသမှာ ပိတ်ထားလိုက်ရပြီး ကုန်တင်ကားနဲ့ ခရီးသည်တင်ကားတွေ ရာနဲ့ချီပိတ်မိခဲ့ကာ မန္တလေး- ရွှေဘို- မြစ်ကြီးနားလမ်းပိုင်းဟာ ပြတ်တောက်သွားခဲ့ပါတယ်။
ဒီလ ၁၅ ရက်မှာ စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်ထဲမှာရှိတဲ့ ပင်လည်ဘူးမြို့ကိုလည်း တော်လှန်ရေးပူးပေါင်းတပ်တွေက မြို့သိမ်းတိုက်ပွဲတွေ ဆင်နွှဲခဲ့ပြီး ၂၁ ရက်မှာတော့ ပင်လည်ဘူးမြိုက စစ်ကောင်စီတပ်စွဲထားရာ ရဲစခန်းတွေ၊ ဌာနဆိုင်ရာရုံးတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက တစ်ပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ကာ တိုက်ပွဲတွေဆက်လက်ပြင်းထန်လျက်ရှိပါတယ်။
စစ်ကိုင်းတိုင်းက ဒီပဲယင်းမြို့ကိုတော့ တော်လှန်ရေးပူးပေါင်းတပ်တွေက မြို့ကိုသိမ်းပိုက်ထိန်းချုပ်နိုင်တဲ့အထိ ထိုးစစ်အောင်မြင်ခဲ့ပေမယ့် နောက်ပိုင်းမှာ ပြန်ဆုတ်ခဲ့ရပါတယ်။ ဒီလ ၁၆ ရက်ထဲက တော်လှန်ရေးအင်အားစုတွေက ဒီပဲယင်းမြို့မှာ အခြေစိုက်ထားတဲ့ ရဲစခန်း၊ ထွေအုပ်ရုံးတွေကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ၁၇ ရက်မှာ ဒီပဲယင်းမြို့ပေါ်က တပ်စခန်းတွေ ဆုတ်ခွာသွားတာကြောင့် မြို့ကို သိမ်းပိုက်ထိန်းချုပ်ထားလိုက်နိုင်တာပါ။
ဒါပေမဲ့ စစ်ကောင်စီက လေးကြောင်းပစ်ကူ အပြင်းအထန်သုံးပြီး ပြန်လည် ထိုးစစ်ဆင်တဲ့အတွက် ၁၈ ရက်မှာ မြို့အတွင်းကနေ တော်လှန်ရေး တပ်တွေ ပြန်ဆုတ်ပေးခဲ့ပြီး ဝန်းရံပိတ်ဆို့ထားဆဲဖြစ်ပါတယ်။
မန္တလေး
ပြီးခဲ့တဲ့သီတင်းပတ်မှာ မန္တလေးတိုင်းအတွင်း တော်လှန်ရေးတပ်တွေစတင်ခဲ့တဲ့ မြင်းခြံခရိုင် စစ်ဆင်ရေးတိုက်ပွဲတွေဟာ ဒီသီတင်းပတ်ထဲမှာလည်း ဆက်လက်ဖြစ်ပွားခဲ့ပါတယ်။
မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်က ငါန်းမြာကြီးနယ်မြေရဲစခန်းကို ဒီလ ၁၉ ရက်မှာ တော်လှန်ရေးပူးပေါင်းတပ်တွေ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကာ စခန်းကိုလည်း အပြီးသတ်သိမ်းနိုင်ခဲ့ပါတယ်။
အဲဒီတိုက်ပွဲကနေ စစ်ကောင်စီရဲ့ ရဲတပ်ဖွဲ့ဝင်ခုနစ်ဦးကိုလည်း သုံ့ပန်းအဖြစ် ဖမ်းဆီးလိုက်တယ်လို့ တော်လှန်ရေးတပ်တွေက ထုတ်ပြန်ထားပါတယ်။
ဒီလ ၁၀ ရက်ကနေ ၂၁ ရက်ထိ မြင်းခြံခရိုင်အထူးစစ်ဆင်ရေးအတွင်း မြင်းခြံမြို့က ခမရ – ၁၅ တပ်ရင်းအပါအဝင် မြို့နယ်ထဲက စစ်ကောင်စီအခြေစိုက်စခန်းတွေ၊ ပျူစောထီးလို့ခေါ်တဲ့ စစ်ကောင်စီလက်အောက်ခံ ကျေးရွာပြည်သူ့စစ်တွေ အခြေပြုထားတဲ့ ကျေးရွာတွေမှာ တိုက်ပွဲတွေအများအပြားဖြစ်ပွားခဲ့ပါတယ်။
မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီးမြို့နယ်တွေမှာ ဒီသီတင်းပတ်ထဲ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေပြီး စစ်ဆင်ရေးတွေ ဆက်လက်လုပ်ဆောင်သွားမယ်လို့ တော်လှန်ရေးပူးပေါင်းတပ်တွေက ထုတ်ပြန်ထားပါတယ်။
ဒီလ ၂၀ ရက်မှာလည်း မြင်းခြံခရိုင်တော်လှန်ရေးတပ်တွေဟာ မန္တလေးမြို့အနီးက တံတားဦးမြို့နယ်မှာရှိတဲ့ စစ်ကောင်စီ လေကြောင်းရန် ကာကွယ်ရေးတပ်စခန်း တစ်ခုကို ဝင်တိုက်ခဲ့ကာ စစ်ကောင်စီတပ်သားတွေ ထွက်ပြေးသွားတဲ့နောက် အဲဒီစခန်းကိုမီးရှို့ဖျက်ဆီးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်က စစ်ကောင်စီရဲ့ အမှတ်(၁၃) တပ်မတော်တန်းမြင့် လေ့ကျင့်ရေး သင်တန်းကျောင်း (တတက-၁၃) ကို တော်လှန်ရေးပူးပေါင်းတပ်တွေက ထိုးစစ်ဆင်နေပြီး သပိတ်ကျင်းမြို့ကို သိမ်းနိုင်ဖို့ ကြိုးပမ်းနေပါတယ်။
ကချင်
ကချင်ပြည်နယ်မှာတော့ ဒီသီတင်းပတ်ထဲမှာ တိုက်ပွဲတွေ ပြန်လည်ပြင်းထန်လာပြီး ဗန်းမော်ခရိုင်ထဲမှာရှိတဲ့ မိုးမောက်မြို့ကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)နဲ့ ပူးပေါင်းတပ်တွေ ဒီလ ၁၉ ရက်မှာ သိမ်းလိုက်ပါတယ်။
မိုးမောက်မြို့အပြင်က စစ်ကောင်စီ နောက်ဆုံးလက်ကျန်စခန်း တစ်ခုဖြစ်တဲ့ ခမရ (၄၃၇) ကို KIA နဲ့ ပူးပေါင်းတပ်တွေသိမ်းလိုက်ပြီးနောက်မှာ မြို့ကို တော်လှန်ရေးတပ်တွေက ထိန်းချုပ်လိုက်နိုင်တာပါ။ ဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်ရဲ့ သံချပ်ကာကားတစ်စီးအပါအဝင် လက်နက်ခဲယမ်း အမြောက်အမြားကိုလည်း သိမ်းဆည်းရမိ ထားတယ်လို့ ဆိုပါတယ်။
ဒီလ ၂၀ ရက်မှာတော့ ဗန်းမော်-မံစီ ကားလမ်းပေါ်မှာရှိတဲ့ စစ်ကောင်စီရဲ့ ကောင်ဂျာယန် တပ်စခန်းကို KIA နဲ့ ပူးပေါင်း တပ်တွေက တိုက်ခိုက်သိမ်းပိုက်လိုက်ပါတယ်။ မိုးမောက်ကို KIA နဲ့ ပူးပေါင်းတပ်တွေ သိမ်းလိုက်ပြီးနောက်မှာတော့ မိုးမောက်မြို့နားက ဗန်းမော်မြို့ထိ စစ်ရေးခြိမ်းခြောက်လာနိုင်ပြီး ဗန်းမော်ဒေသခံတချို့ စစ်ဘေးရှောင်နေကြရပါတယ်။
ရှမ်းမြောက်
ရှမ်းပြည်နယ်မြောက်ပိုင်းက သီပေါ၊ မိုးမိတ်စတဲ့မြို့နယ်တွေမှာလည်း တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားခဲ့ပါတယ်။
စစ်ကောင်စီဟာ သီပေါ၊ ကျောက်မဲ၊ နောင်ချိုမြို့တွေကို ဒီလ ၁၆ ရက်ကစပြီး လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်လာတယ်လို့ TNLA က အသိပေးထားပါတယ်။ ဒါ့အပြင် စစ်ကောင်စီတပ်နဲ့ TNLA တို့အကြား သီပေါ၊ ကျောက်မဲ၊ နောင်ချို၊ မိုးမိတ် စတဲ့ မြို့နယ်တွေမှာ ဒီသီတင်းပတ်အတွင်း တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေတာပါ။
မကွေး
မကွေးတိုင်း၊ မြိုင်မြို့နယ်မှာတော့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တချို့ကို ဒေသကာကွယ်ရေး ပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်ခံခဲ့ကြပါတယ်။
မြိုင်မြို့နယ်က ကိုင်းတောမရွာသစ်မှာ အခြေပြုပြီး ပတ်ဝန်းကျင်ရွာတွေကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ကို ဒီလ ၂၁ ရက်က မြိုင်အခြေစိုက်ပြည်သူ့ကာကွယ်ရေးတပ်တွေက တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦး လက်နက်ချ အညံ့ ခံခဲ့ရပြီး လက်နက်ခဲယမ်းတွေလည်း ရရှိခဲ့တယ်လို့ မြိုင်တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ထားပါတယ်။
တိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၁၂ ဦးသေဆုံးခဲ့ကာ လက်နက်ချသူ ငါးဦးရှိပြီး လက်နက်မျိုးစုံ ၁၉ လက်အပါအဝင် ခဲယမ်း အများအပြားကိုလည်း သိမ်းဆည်းရခဲ့တာပါ။
ပဲခူး
ပဲခူးတိုင်း၊ တောင်ငူမြို့နယ်က တောင်ငူလေတပ်စခန်းကိုလည်း ဒီလ ၂၀ ရက်က တော်လှန်ရေးတပ်တွေ ရှော့တိုက်ဒုံးတွေနဲ့ တိုက်ခိုက်ခဲ့ပါသေးတယ်။ တောင်ငူလေတပ်ဝင်းထဲကို ၁၀၇ မမ ရှော့တိုက်ဒုံး ခုနစ်လုံးနဲ့ ပစ်ခတ်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေ ရှိတယ်လို့ တော်လှန်ရေးတပ်တွေက ထုတ်ပြန်ထားပါတယ်။
ရခိုင်
ရခိုင်ပြည်နယ်တောင်ပိုင်းမှာတော့ တောင်ကုတ်နဲ့ ဂွမြို့မှာ စစ်ကောင်စီဟာ ခုခံစစ်ပြင်လျက်ရှိပြီး အာရက္ခတပ်တော်(AA) ကလည်း ဂွမြို့နယ်ထဲကက ကျိန္တလီမြို့ကို ထိုးစစ်ဆင်နေတိုက်ခိုက်ခဲ့ပါတယ်။
ဒီတိုက်ပွဲတွေကြောင့် ဂွမြို့နယ်ထဲက ဒေသခံတွေဟာ ဧရာဝတီတိုင်းထဲကို အလုံးအရင်းနဲ့ ဒီသတင်းပတ်အတွင်း စစ်ရှောင်နေကြရပါတယ်။ သူတို့သိမ်းထားတဲ့ သံတွဲမြို့နယ်ထဲက စစ်ကောင်စီရဲ့ မောင်ရွှေလေးရေတပ်စခန်းကိုလည်း AA က ဆက်လက်တိုက်ခိုက်နေဆဲ ဖြစ်ပါတယ်။
ရခိုင်မြောက်ပိုင်းမှာတော့ လနဲ့ချီ ပိတ်ဆို့တိုက်ခိုက်နေတဲ့ မောင်တောမြို့ကို စစ်ကောင်စီထံက AA မရသေးဘဲ မြို့ခံတွေကို လူသားဒိုင်းလုပ်ခုခံနေတဲ့အတွက် လူကယ်ဆယ်ရေးတွေ ပူးတွဲလုပ်နေရတယ်လို့ AA က ထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီကတော့ မြေပြင်မှာ ဆုံးရှုံးသွားပြီဖြစ်တဲ့ ရခိုင်ပြည်နယ်ထဲက မြို့ရွာတွေကို ဝေဟင်ကနေ ဗုံးကြဲပြီးတိုက်ခိုက်နေတာကြောင့် ဒီသီတင်းပတ်အတွင်း အရပ်သားသေဆုံးမှုတွေလည်း ရခိုင်မှာ ရှိနေပါတယ်။
ပုံစာ – အခုသီတင်းပတ်ထဲ စစ်ကောင်စီတပ်စခန်းတွေကို ထိုးစစ်ဆင်ခဲ့တဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်များ
ဓာတ်ပုံ – 96 Soldiers, The Kachin net
🌐 Website
မြစ်ကြီးနားမှာ ရေသုံးပေလောက်ကျသွားပေမယ့် အနိမ့်ပိုင်းရပ်ကွက်တွေ ရေနစ်မြုပ်နေဆဲ
🌐 Telegram
https://t.me/MawkunMM
🌐 Facebook
https://facebook.com/mawkunmagazine
🌐 Youtube
https://youtube.com/@mawkunmagazine494/community
🌐 TikTok
https://tiktok.com/@mawkun.magazine
🌐 X
https://x.com/MawKunMM
🌐 Substack
https://mawkunmagazine.substack.com/
🌐 Linktree
https://linktr.ee/MawKunMagazine
Mawkun Magazine #Chronicle #dailynews

