အာဇာနည်ခေါင်းဆောင် မိုင်းပွန်စော်ဘွားရဲ့မြို့ကတိုက်ပွဲ စစ်ကောင်စီကို ဘယ်လောက်အထိ အကျပ်ရိုက်စေမလဲ

တောင်ကြီး-၂၀၂၄ (ဖေဖော်ဝါရီ-၂၃)

ရှမ်းတောင်ပိုင်းနဲ့အရှေ့ပိုင်းကို ဆက်သွယ်ထားတဲ့ပြည်ထောင်စုလမ်းမပေါ်က အာဇာနည်ခေါင်းဆောင် မိုင်းပွန်စော်ဘွား စဝ်စံထွန်းရဲ့မြို့မှာ တိုက်ပွဲတွေ ဖြစ်ပွားလာပါပြီ။ ဒီမြို့ငယ်လေးဟာ ကုန်သွယ်ရေးနဲ့ စစ်ရေးအရ မဟာဗျူဟာကျတဲ့ မြို့တစ်ခု ပါ။

ဒီမြို့ဟာ စစ်ကောင်စီရဲ့ရှမ်းပြည်အစိုးရရုံးစိုက်ရာ ပြည်နယ်မြို့တော်တောင်ကြီးရဲ့အရှေ့ဘက် မိုင် ၄၀ သာကွာဝေးပါတယ်။ တောင်တန်းတွေပတ်ရံဝိုင်းပြီး သေးငယ်တဲ့ဒီမြို့လေးဟာ ရှမ်းပြည်တောင်ပိုင်းနဲ့ အရှေ့ပိုင်းကို ဆက်သွယ်ထားတဲ့ ပြည်ထောင်စုလမ်းမကြီးပေါ်မှာတည်ရှိပါတယ်။

ယခင်က တရုတ်နဲ့ကုန်သွယ်ရာမှာ အဓိကအသုံးပြုတဲ့ ရှမ်းမြောက်ပိုင်းလမ်းကြောင်းကနယ်မြေတွေကို ‘၁၀၂၇-စစ်ဆင်ရေး’အတွင်းမှာ မြောက်ပိုင်းညီနောင်သုံးဖွဲ့ကထိန်းချုပ်ခဲ့ပြီးနောက်ပိုင်း တရုတ်ပြည်ကိုကုန်တွေတင်ပို့ဖို့ ဒီလမ်းကြောင်းကို ကုန်သည်တွေပြောင်းလဲအသုံးပြုခဲ့ရတာပါ။

တောင်ကြီးကနေသွားရင် ရှမ်းမြောက်နဲ့ ရှမ်းအရှေ့ကိုလမ်းခွဲထွက်ရတဲ့လမ်းဆုံမြို့ဖြစ်တဲ့ လွိုင်လင်မရောက်ခင် မိုင်းပွန်မြို့ကိုပါ တော်လှန်ရေးတပ်ဖွဲ့တွေက ထိန်းချုပ်ဖို့ကြိုးပမ်းလာတဲ့အခါ ဒီကုန်သွယ်ရေးလမ်းကြောင်းမှာ ဝန်စည်စလွယ်တွေ တင်ဆောင်လာတဲ့ ကုန်တင်ယာဉ်တွေရာနဲ့ချီပိတ်ဆို့ကုန်ပါတယ်။

တောင်ကြီးမြို့နဲ့ နယ်ချင်းစပ်နေတဲ့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲမှာ စစ်ကောင်စီနဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်(PNLA)အကြား ဖြစ်ပွားနေတဲ့တိုက်ပွဲတွေဟာ ဒီလ ၂၀ ရက်ကစလို့ တောင်ကြီး-ကျိုင်းတုံလမ်းပိုင်း၊ လွိုင်လင်မြို့နယ်ထဲက မိုင်းပွန်မြို့အထိ ရွေ့လာတာပါ။ ဒီမတိုင်ခင်တုန်းကတော့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသထဲက ဟိုပုံးမြို့နယ်နဲ့ ဆီဆိုင်မြို့နယ်တွေထဲမှာပဲ နှစ်ဖက်တိုက်နေကြတာပါ။

ဟိုပုံးမြို့နယ်နဲ့ လွိုင်လင်မြို့နယ်အစပ်က မိုင်းပွန်မြို့ပေါ်မှာ တိုက်ပွဲမဖြစ်သေးပေမယ့် မြို့အနီးကရွာတွေကို စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်တာ၊ လေကြောင်းကနေ ဗုံးကြဲတာကို ဒီရက်ပိုင်းတွေအတွင်း ဆက်တိုက်လုပ်ဆောင်လာတာလို့ ဒေသခံ တွေက ဆိုပါတယ်။ တော်လှန်ရေးတပ်တွေဘက်က မိုင်းပွန်ကို ဝိုင်းလာတဲ့သဘောပါ။

“ မနက်ကတည်းက လက်နက်ကြီးပစ်သံတွေကြားရတယ်၊ လေယာဉ်နဲ့လည်း ရွာတွေဘက်ကို ဗုံးကြဲတယ်လို့ ပြောကြတယ်” လို့ မိုင်းပွန်မြို့မှာ ပိတ်မိနေတာ နှစ်ရက်ရှိပြီဖြစ်တဲ့ ပြောင်းတင်ကုန်ကားဆရာတစ်ဦးက ဒီနေ့မှာပြောပါတယ်။

တိုက်ပွဲတွေကြောင့် မြို့ပေါ်မှာလူနည်းသွားသလို မပြေးသေးသူတချို့က ပိတ်မိနေတဲ့ခရီးသည်ကားတွေ၊ အိမ်စီးကားတွေနဲ့ ကုန်ကားတွေကို ထမင်းထုပ်လှူတာမျိုး ပြည်သူကိုပြည်သူကကူညီနေတာရှိပေမယ့် စစ်ကောင်စီကတော့ မြို့ကို အလုံးစုံ ပိတ်ဆို့ထားပြီး သူတို့နဲ့အတူ လူထုကိုဓါးစာခံအဖြစ်ရှိစေချင်ပုံရတယ်လို့ မြေပြင်အခြေအနေကို သူကပြောပြတယ်။

လတ်တလောမှာတော့ ဘယ်ကားကိုမှ မိုင်းပွန်ကိုဖြတ်သန်းဖို့ စစ်ကောင်စီကခွင့်မပြုဘူးလို့ ၎င်းကားဆရာက ပြောပြတယ်။ ဒါကြောင့် သူအပါအဝင် ရာနဲ့ချီကားတွေ မြို့ထဲမှာရော၊ မြို့ပြင်မှာပါ ပိတ်မိနေကြတယ်လို့ ဆိုပါတယ်။

တောင်ကြီးဘက်ကလာရင် မိုင်းပွန်မြို့အဝင်မှာ တောင်ကျချောင်းတစ်ခုကို ဖြတ်ထိုးထားတဲ့ တံတားတစ်ခုရှိပြီး အဲဒီမှာ ဂိတ် ပိတ်ကာ စစ်ကောင်စီက အခိုင်အမာစခန်းတစ်ခုကို တိုက်ပွဲတွေမဖြစ်ခင်ကတည်းက အထိုင်ချထားတာကို မော်ကွန်းက တွေ့ခဲ့ရပါတယ်။

မိုင်းပွန်မြို့ပါဝင်တဲ့ လွိုင်လင်မြို့နယ်ရဲ့အရှေ့ဘက်မှာ မောက်မယ်မြို့နယ်ရှိပြီး နွေဦးတော်လှန်ရေးမှာ လူထုနဲ့အတူ စစ်ကောင်စီကို ခုခံတွန်းလှန်နေတဲ့ PNLA က မောက်မယ်နယ်မှာ အခြေစိုက်လှုပ်ရှားပါတယ်။

ပအိုဝ်းတိုင်းရင်းသားအများစုနဲ့ ရှမ်းလူမျိုးတွေနေထိုင်ရာ မိုင်းပွန်မြို့ကိုဖြတ်သန်းထားတဲ့ ပြည်ထောင်စုလမ်းမကြီးဟာ စစ်ကောင်စီလေတပ်ဌာနချုပ်ရှိရာ နမ့်စန်မြို့၊ ရှမ်းပြည်အရှေ့ပိုင်းမြို့တော် ကျိုင်းတုံ၊ ‘ဝ’ဒေသ၊ မိုင်းလားဒေသတွေကို ဆက်သွယ်ပေးထားပြီး အဲဒီကတစ်ဆင့် ထိုင်း၊ လာအို၊ တရုတ်နိုင်ငံတွေကို ဆက်သွယ်ကုန်ကူးနိုင်ပါတယ်။ တစ်ချိန်တုန်းက ဘိန်းနဲ့ မူးယစ်ဆေးဝါးထုတ်လုပ်မှုကြောင့် နာမည်ဆိုးနဲ့ ကမ္ဘာမှာကျော်ကြားတဲ့ရွှေတြိဂံဒေသကို ပေါက်ရောက်တဲ့ လမ်းပိုင်းပါ။

အခုတော့ ဒီမြို့လေးမှာ တိုက်ပွဲတွေပေါ်ပေါက်လာပြီး စစ်ကောင်စီဟာ သူ့ရဲ့ အကြီးဆုံးကုန်သွယ်ဘက် တရုတ်နိုင်ငံနဲ့ နယ်စပ် ကုန်သွယ်မှုလမ်းကြောင်း အဆက်ဖြတ်ခံရမယ့်အရေးကို စတင်ရင်ဆိုင်နေရတာပါ။

“ မိုင်းပွန်ကိုကျော်ပြီး ဘယ်ကားမှအသွားမခံတော့ဘူး။ ပိတ်မိနေတဲ့ ကားတွေလည်း အများကြီးပဲ” လို့ တောင်ကြီး-ရန်ကုန် လမ်းပိုင်းမှာ မောင်းနှင်နေတဲ့ ကုန်တင်ယာဉ်မောင်းတစ်ဦးကလည်း ဒီနေ့ ပြောပါတယ်။

စစ်ကောင်စီက တောင်ကြီး-ကျိုင်းတုံလမ်းပိုင်းကို အသုံးပြုမယ့်ကားတွေကို တောင်ကြီးမြို့မရောက်ခင် အေးသာယာမြို့မှာ တစ်ဖြတ်၊ တောင်ကြီးမြို့အလွန်က လေးမိုင်စစ်ဆေးရေးဂိတ်မှာတစ်ဖြတ်၊ ဟိုပုံးမြို့က တိုးဂိတ်မှာတစ်ဖြတ်နဲ့ မိုင်းပွန်မြို့မှာ တစ်ဖြတ် ပိတ်ဆို့ရပ်တန့်ခိုင်းထားတယ်လို့ လမ်းပိုင်းအခြေအနေကို သူကပြောပြတယ်။

မိုင်းပွန်မြို့ကိုဖြတ်သွားရတဲ့ တောင်ကြီး-ကျိုင်းတုံလမ်းပိုင်းကိုအသုံးပြုပြီး လက်ရှိမှာ ကုန်သည်တွေဟာ တရုတ်ကုန်စည် အများစုနဲ့ ထိုင်းကုန်စည်တချို့ကိုတင်သွင်းနေကြသလို ဒီဘက်ကနေ ဖရဲ၊ သခွားမွှေး၊ တိရစ္ဆာန်ထွက်ပစ္စည်း၊ ရေထွက်ပစ္စည်းနဲ့ လယ်ယာထွက်ကုန်တွေကို တင်ပို့နေတာပါ။

လေးရက်ကြာလာပြီဖြစ်တဲ့ မိုင်းပွန်တိုက်ပွဲကြောင့် အဲဒီလမ်းပိုင်းပေါ်မှာ တရုတ်ကိုတင်ပို့မယ့် ဖရဲ၊သခွားမွှေး တင်ထားတဲ့ ကုန်ကားစီးရေ ရာနဲ့ချီပြီးပိတ်မိနေပြီလို့ တရုတ်ကို ဖရဲ၊ သခွားတင်ပို့နေတဲ့ စစ်ကိုင်းတိုင်းထဲက ကုန်သည်တစ်ဦးက ဒီနေ့ ပြောပါတယ်။

ရှမ်းပြည်မြောက်ပိုင်းက တရုတ်နဲ့ကုန်သွယ်တဲ့နယ်စပ်ဂိတ်တွေ တော်လှန်ရေးမဟာမိတ်တပ်တွေလက်ထဲ ကျရောက်ခဲ့ ပြီးနောက် ကုန်သည်တွေဟာ ဒီလမ်းကြောင်းကို ပြောင်းပြီး တင်ပို့နေကြတာပါ။

ဖရဲ၊ သခွားမွှေးကုန်ကားတစ်စီးကို ဒီလမ်းပိုင်းကနေ တရုတ်ဘက်ကိုတင်ပို့ရောင်းချတဲ့အခါ ယာဉ်တစ်စီးကို ပျမ်းမျှ ကျပ် သိန်း ၂၅၀ ခန့်ရပြီး ဒီလမ်းကြောင်းပိတ်လို့ တရုတ်နဲ့နယ်စပ်ကုန်သွယ်ရေး လုံးလုံးရပ်သွားရင် ဒီစိုက်ပျိုးရေးကဏ္ဏကို ဗုန်းဗုန်းလဲ စေမှာပါ။ တရုတ်နိုင်ငံကို တင်ပို့ရင် ကျပ်သိန်း ၂၅၀ ခန့် ရနိုင်တဲ့ ဖရဲ၊ သခွားမွှေး ယာဉ်တစ်စီးကို ပြည်တွင်းမှာ ရောင်းချရင် ကျပ်သိန်း ၅၀ ထက်ပိုမရဘူးလို့ အထက်ပါကုန်သည်က ရှင်းပြပါတယ်။

ဒါအပြင် တရုတ်ထံက အပ်တိုကအစ လယ်ယာသုံးစက်ပစ္စည်းအဆုံး တင်သွင်းနေရတဲ့စစ်ကောင်စီရဲ့ ဈေးကွက်ကိုလည်း ရိုက်ခတ်ဦးမှာ ဖြစ်ပါတယ်။

ပြီးတော့ လက်ရှိထိုင်းနိုင်ငံက အဓိကဝယ်ယူနေတဲ့ပြောင်းဟာ ရှမ်းတောင်ပိုင်းက အဓိကထွက်ရှိနေတာကို တင်ပို့နေရ တာဖြစ်ပြီး လွိုင်လင်၊ ပင်လုံ၊ နမ့်စန်၊ ခိုလန်နဲ့ ကွန်ဟိန်းစတဲ့ သံလွင်မြစ် အနောက်ဘက်ခြမ်းကဒေသတွေက ထွက်တဲ့ ပြောင်းကိုသယ်ဖို့ မိုင်းပွန်မြို့ကိုဖြတ်သန်းရပါတယ်။

ဒီမြို့လေးသာ တော်လှန်ရေးတပ်ဖွဲတွေထံကျရောက်သွားရင် စစ်ကောင်စီအတွက် စစ်ရေးသာမက နိုင်ငံခြားဝင်ငွေ လျော့သွားမှာမို့ စီးပွားရေးအရလည်း ထိုးနှက်ချက်တစ်ခုဖြစ်လာနိုင်ပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကတော့ ရှမ်းမြောက်ပိုင်းတိုက်ပွဲတွေစတင်တုန်းက မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းပိုင်း ပေါ်က သန္နီမြို့ကို အရင်တိုက်ပြီး အောင်ပွဲတွေရယူနိုင်ခဲ့သလို အခုလည်း ရှမ်းတောင်ပိုင်းရဲ့ ပြည်ထောင်စုလမ်းပိုင်းပေါ်က မိုင်းပွန်ကို တိုက်လာတာကိုတွေ့ရပါတယ်။ ဒီမိုင်းပွန်တိုက်ပွဲမတိုင်ခင်တုန်းအထိ ရှမ်းတောင်နဲ့ အရှေ့ပိုင်းကို ဆက်သွယ်ထားတဲ့ ပြည်ထောင်စုလမ်းပိုင်းပေါ်က မြို့ရွာတွေမှာ တိုက်ပွဲမရှိသေးပါဘူး။

ဒါအပြင် နမ်စန်နဲ့ခိုလန်နယ်ကြားမှာ အခြေစိုက်လှုပ်ရှားတဲ့ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည် တပ်မတော် (RCSS/SSA) ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း ရှမ်းအမျိုးသားတွေကို စစ်မှုထမ်းဖို့ ဆင့်ခေါ်ထားပေမယ့် ရှမ်းတောင်ပိုင်းက စစ်ပွဲတွေထဲ ပါ၊ မပါကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

လတ်ရှိမှာတော့ မိုင်းပွန်ဒေသခံတွေဟာ အနီးက လွိုင်လင်၊ ပင်လုံ၊ ဟိုပုံးစတဲ့မြို့တွေအပြင် စစ်မက်လွတ်ကင်းရာ ကျေးရွာ တွေထံ တိမ်းရှောင်နေကြတယ်လို့ ဒေသခံတချို့ရဲ့ လူမှုကွန်ယက်တွေမှာ ရေးသားနေကြပါတယ်။

PNLA ရဲ့ သတင်းထုတ်ပြန်ချက်တွေအရတော့ စစ်ကောင်စီဟာ ပအိုဝ်းလူမျိုးတွေရဲ့ အထွဋ်အမြတ်ထားရာ ဘုရားကျောင်းကန်တွေကို စစ်ရေးပစ်မှတ်အဖြစ်လုပ်လာပြီး ဒေသခံတွေနေရာထိုင်ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ ပြောထားပါတယ်။ ရှမ်းတောင်ပိုင်းကတိုက်ပွဲတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ လတ်တလော သတင်းမထုတ်ပြန်သေးပါဘူး။

အာဇာနည်ခေါင်းဆောင် မိုင်းပွန်စော်ဘွားစဝ်စံထွန်းရဲ့ ဇာတိမြို့လေးဟာ စစ်အာဏာရှင်ဆိတ်သုန်းရေး နွေဦးတော်လှန်ရေးမှာ အဓိကကျတဲ့ အခန်းက ပါဝင်ကပြလာမယ့် မြို့လေးတစ်ခု ဖြစ်လာမလားဆိုတာကတော့ ဆက်လက်စောင့်ကြည့်ရဦးမှာပါ။

ပုံစာ – မိုင်းပွန်မြို့အထွက် ကားများဖြတ်သန်းခွင့်မပြုဘဲပိတ်ထားသည့် စစ်တပ်ဂိတ်နေရာ

ဓာတ်ပုံ – မော်ကွန်း

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."