ရန်ကုန် – ၂၀၂၄ ဇန်နဝါရီ ၂၂ (မော်ကွန်း)
၂၀၂၂ အတွင်း KNU ထိန်းချုပ်ဒေသမှာ စစ်ဘေးရှောင် ငါးသိန်းရှိရာက ၂၀၂၃ အတွင်း နောက်ထပ် နှစ်သိန်းခွဲကျော် ထပ်တိုးလာပြီး အာဏာသိမ်းထားတဲ့ သုံးနှစ်တာကာအတွင်း နေရပ်စွန့်ခွာထွက်ပြေးရသူ ခုနစ်သိန်းခွဲကျော်ထိ ရှိလာပြီလို့ ပြီးခဲ့တဲ့ ရက်ပိုင်းက KNU ကထုတ်ပြန်တဲ့ တိုက်ပွဲအနှစ်ချုပ် အစီရင်ခံစာမှာ ထည့်သွင်းဖော်ပြထားပါတယ်။
အဲ့ဒီစစ်ဘေးရှောင်တွေဟာ ကရင်ပြည်နယ်၊ ပဲခူးတိုင်းနဲ့ ထိုင်း-မြန်မာနယ်စပ်တွေကိုပါ ပြန့်ကျဲရောက်ရှိနေပြီး သူတို့အတွက် အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ စစ်ဘေးရှောင် အကူအညီပေးနေသူတွေက ပြောပါတယ်။
KNU ရဲ့ ထုတ်ပြန်ချက်အရတော့ တပ်မဟာ (၃) နယ်မြေ ညောင်လေးပင်ခရိုင်အတွင်း စစ်ဘေးရှောင် နှစ်သိန်းခွဲခန့်ထိရှိနေကာ၊ တပ်မဟာ (၆) ဒူးပလာယာခရိုင်မှာစစ်ရှောင် တစ်သိန်းခွဲခန့်ထိ ရှိနေပြီး အခြားဒေသတွေမှာလည်း စစ်ဘေးရှောင်တွေ ပျံ့နှံ့ရောက်ရှိနေတယ်လို့ ဆိုပါတယ်။
အဲ့ဒီ စစ်ဘေးရှောင်တွေအနက် ထိုင်းနယ်စပ်ကို ရောက်ရှိနေသူတွေဆီကိုပဲ အကူအညီတွေ ရောက်ရှိနေပြီး ပြည်တွင်းက ဒုက္ခသည်တွေကို ကူညီဖို့ လက်လှမ်းမမီဖြစ်နေတယ်လို့ ကရင်စစ်ဘေးရှောင် ကူညီနေသူတစ်ဦးက ပြောပါတယ်။
“အခုက တိုက်ပွဲဖြစ်နေတဲ့ ပဲခူးတိုင်းလို၊ ကော့ကရိတ်လို နေရာတွေမှာ အများကြီးရောက်နေတယ်။ မြေပြင်က ဘယ်လိုမှ မထောက်ပံ့နိုင်ဘူးပေါ့။ ဟိုဘက် ထိုင်းနယ်စပ်လို နေရာမျိုးနေတဲ့ သူတွေလောက်ကိုပဲ ထောက်ပံ့နိုင်တာမျိုးရှိတယ်။ ဒီ ဘီးလင်းတို့ ကော့ကရိတ်တို့၊ ကျောက်ကြီးတို့လို နေရာတွေက ဘယ်လိုမှ လက်လှမ်းမမီဘူးဖြစ်နေတယ်” လို့ ၎င်းက ပြောပါတယ်။
အဲ့ဒီက စစ်ဘေးရှောင်တွေဟာ ဒေသခံတွေက လှူဒါန်းမှုတွေ၊ ဒေသတွင်း အရပ်ဘက်လူမှုအဖွဲ့အစည်းတွေရဲ့ အကူအညီတွေနဲ့ ရပ်တည်နေကြရတာပါ။
ကော့ကရိတ်မြို့နယ်က စစ်ဘေးရှောင်တွေကို အကူအညီပေးနေသူတစ်ဦးကလည်း ဒေသတွင်း တိုက်ပွဲတွေ မတည်ငြိမ်သေးတာကြောင့် အကူအညီအတွက် လမ်းကြောင်းတွေ ခက်ခဲနေတယ်လို့ ပြောပါတယ်။
“တိုက်ပွဲခဏဖြစ်လို့ ရှောင်တာလောက်တော့ ဘာမှမဖြစ်ပေမယ့်။ ရေရှည်ဖြစ်လာတဲ့အခါ အကူအညီတွေ ပိုပြီးလိုလာတယ်။ ပြန်လာလို့လည်းမရတော့တဲ့ စစ်ရှောင်တွေကို ရေရှည်အထောက်အပံ့ပေးဖို့က မလွယ်ကူဘူးဖြစ်နေတယ်” လို့ သူက ပြောပါတယ်။
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး ကတော့ နိုင်ငံတစ်ဝန်းလုံးမှာ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးရတဲ့ ဒုက္ခသည်အရေအတွက် ၂ ဒသမ ၆ သန်းကျော်ထိ ရှိလာပြီလို့ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။
UNOCHA အနေနဲ့လည်း အဲ့ဒီ စစ်ဘေးရှောင်အားလုံးရဲ့ ၂၉ ရာခိုင်နှုန်းကိုပဲ ကူညီပေးနိုင်ခဲ့ပြီး မြန်မာစစ်ဘေးရှောင်တွေအတွက် အရေးပေါ်ရန်ပုံငွေတွေ လိုအပ်နေတယ်လို့ ကုလက ထုတ်ပြန်ထားပါတယ်။
ပုံစာ – KNU ထိန်းချုပ်နယ်မြေမှာ ရောက်ရှိနေတဲ့ စစ်ဘေးရှောင်များ
ဓာတ်ပုံ – KNU HQ

