ရန်ကုန် – ၂၀၂၅ မတ် ၁၀ (မော်ကွန်း)
ကချင်ပြည်နယ် ဗန်းမော်ြမို့မှာ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တပ်တွေနဲ့ စစ်ကောင်စီတပ်တွေအကြား မနေ့ကနဲ့ ဒီနေ့ နှစ်ရက်ဆက် တိုက်ပွဲတွေဆက်လက်ပြင်းထန်နေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တချို့က ပြောပါတယ်။
မနေ့ကညပိုင်းကစပြီး ဗန်းမော်မှာအခြေပြုထားတဲ့ စစ်ကောင်စီရဲ့ အမှတ် (၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) နဲ့ ခလရ (၄၇) ခြေလျင်တပ်ရင်းတို့ကို KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ ထိုးစစ်ဆင်နေပြီး ဒီနေ့လယ်ပိုင်းထိ တိုက်ပွဲတွေဆက်ဖြစ်နေတာပါ။
KIA ပူးပေါင်းတပ်တွေဟာ လက်ရှိမှာ စကခ (၂၁) ရဲ့ အတွင်းပိုင်း နေရာတွေထိ ထိုးဖောက်လာနေပြီး စစ်ကောင်စီကလည်း လေကြောင်းပစ်ကူနဲ့ အပြင်းအထန်တိုက်ခိုက်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
“၂၁ မှာတော့ အတွင်းပိုင်းထဲထိ ရောက်နေပြီ။ ခလရ ၄၇ ကတော့ သူတို့ (စစ်ကောင်စီတပ်) တွေ အဲဒီပိတ်မိနေတယ်ပြောတယ်။ တိုက်ပွဲကဆက်ဖြစ်နေတယ်” လို့ ၎င်းသတင်းရင်းမြစ်က ပြောပါတယ်။
ဒါ့အပြင် ၎င်းတိုက်ပွဲအတွင်း KIA တပ်တွေဟာ စစ်ကောင်စီရဲ့ စစ်ဖက်ဆိုင်ရာ တိုက်ခိုက်ရေးဒရုန်း ခုနစ်စင်းထိ ပစ်ချနိုင်ခဲ့တယ်လို့လည်း ဒေသတွင်းသတင်းတချို့ကဆိုပါတယ်။
ကချင်ပြည်နယ်ရဲ့ ဒုတိယမြို့တော်ဖြစ်ပြီး ကုန်းလမ်း၊ ရေလမ်း ဆုံရာ အချက်အခြာတဲ့ ဗန်းမော်မြို့ကို ထိန်းချုပ်နိုင်ဖို့အတွက် KIA ဟာ ပူးပေါင်းတပ်တွေဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလဆန်းပိုင်းမှာ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါတယ်။
လက်ရှိမှာ တိုက်ပွဲကာလ သုံးလကျော်ကြာတဲ့အထိ ဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ရဲ့ ဒရုန်းတိုက်ခိုက်မှုတွေကြောင့် ပူးပေါင်းတပ်တွေဘက်ကလည်း ထိခိုက်ကျဆုံးမှုတွေရှိခဲ့ပါတယ်။
ဗန်းမော်စစ်ပွဲမှာ စစ်ကောင်စီက စစ်သုံးဒရုန်းတွေအပြင် ရဟတ်ယာဉ်တွေ၊ ဂျက်ဖိုက်တာတွေနဲ့ Y-12 ထောက်ပို့လေယာဉ်တွေကိုပါ အသုံးပြုပြီး တိုက်ခိုက်နေတယ်လို့ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
ဒီတိုက်ပွဲကာလအတွင်း KIA ပူးပေါင်းတပ်တွေဟာ ဗန်းမော်လေဆိပ်အပါအဝင် ဗန်းမော်အခြေစိုက် တင့်ကားတပ်ရင်းနဲ့ သံချပ်ကာတပ်ရင်းတွေကိုလည်း သိမ်းယူထားနိုင်ပြီဖြစ်ပါတယ်။
လက်ရှိတိုက်ပွဲတွေကြောင့် လူဦးရေတစ်သိန်းကျော်နေထိုင်တဲ့ဗန်းမော်မြို့မှာ မြို့လုံးကျွတ်နီးပါး စစ်ဘေးရှောင်နေကြရတာပါ။
ပုံစာ – ဗန်းမော်မြို့က KIA တပ်တွေ သိမ်းယူထားတဲ့ စစ်ကောင်စီတပ်စခန်းတစ်ခု
ဓါတ်ပုံ – Myu Tasw Kasa

