ရန်ကုန်-၂၀၂၄ မတ် ၁၅ (မော်ကွန်း)
စစ်မှုမထမ်းချင်တဲ့လူငယ်တွေရဲ့ မိသားစုတွေဆီကနေ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ၊ ရာအိမ်မှူးနဲ့ ဆယ်အိမ်မှူးတွေက ငွေတောင်းပြီး လူစားထိုးပေးတာတွေလုပ်ဆောင်နေတယ်လို့ ကိုယ်တိုင်ကြုံခဲ့ရသူတွေက မော်ကွန်းကိုပြောပါတယ်။
“တနေ့က သားကိုစစ်မှုထမ်းဖို့ စာရင်းပါတယ်ဆိုပြီးလာပြောလို့ ရှောင်ဖို့အတွက် ရပ်ကွက်အုပ်ကြီးနဲ့ ရာအိမ်မှူး၊ ဆယ်အိမ်မှူးတွေ အကူအညီတောင်းပြီး ညှိလိုက်တာ ငါးသိန်းပေးရတယ်။ ပထမအသုတ်တော့ လွတ်မယ်၊ နောက်အသုတ်တွေအတွက်တော့ အာမမခံဘူးလို့တော့ပြောတယ်။ အဓိကက စစ်မှုမထမ်းရဖို့ပဲ” လို့ စစ်မှုထမ်းစာရင်းပါသူတစ်ဦးရဲ့ မိခင်က ပြောပါတယ်။
စစ်မှုထမ်းဖို့အတွက် ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်အပါအဝင် မြို့နယ်အသီးသီးမှာ စာရင်းတွေ စတင်ကောက်ယူနေပြီး အသက်ပြည့်တဲ့လူငယ်တွေရဲ့ အုပ်ထိန်းသူတွေကို စစ်မှုထမ်းဥပဒေနဲ့ပတ်သက်လို့ ရပ်ကွက်ရုံးတွေမှာခေါ်ယူပြီး ယူဆွေးနွေးတာတွေလုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
မြောက်ဥက္ကလာမြို့နယ်က မိခင်တစ်ဦးကလည်း သားဖြစ်သူ စစ်မှုထမ်းဖို့ စာရင်းထဲပါနေတာပယ်ဖျက်ပေးဖို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးကို ကျပ်လေးသိန်းပေးခဲ့ရတယ်လို့ ပြောပါတယ်။
“ပထမတော့ သူတို့ကလုပ်ပေးလို့မရဘူး၊ တပ်က တိုက်ရိုက်ချပေးတာလို့ပြောတယ်။ အခုတစ်ခေါက်တော့ မဖြစ်သေးဘူး၊ ကူညီပါဦးဆိုပြီး အတင်းပြောပြီး နှစ်သိန်းအရင်ပေးလိုက်တာ၊ နောက်ရက်ကျတော့ စာရင်းထဲက ထုတ်လို့ရအောင်လုပ်ပေးမယ်လို့ ဖုန်းဆက်ပြောတယ်၊ နှစ်သိန်းထပ်တောင်းတာနဲ့ ပေးလိုက်ရတယ်” လို့ သူကပြောပါတယ်။
ရန်ကုန်တိုင်းအတွင်းမှာတော့ ရွှေပြည်သာ၊ လှိုင်သာယာ၊ ထောက်ကြံ့၊ ဗဟန်း၊ ဒေါပုံ၊ သင်္ဃန်းကျွန်း စတဲ့မြို့နယ်တွေမှာလည်း စစ်မှုထမ်းဖို့ လူငယ်တွေကို ဆင့်ခေါ်တာတွေရှိသလို တချို့ရပ်ကွက်တွေမှာလည်း မဲနှိုက်ရွေးချယ်တာတွေ စတင်ပြုလုပ်နေပြီလို့ ဒေသခံတွေကပြောကြပါတယ်။
“ရပ်ကွက်ရုံးမှာ မဲနှိုက်ခိုင်းတာ၊ ပေါက်မဲက နှစ်မဲပါတယ်။ ပေါက်တဲ့သူက စစ်မှုထမ်းရမယ်ပြောတယ်” လို့ သင်္ဃန်းကျွန်းမြို့နယ်မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။
ရန်ကုန်တိုင်းစစ်ကောင်စီနဲ့ နီးစပ်သူတစ်ဦးကတော့ စစ်တပ်နဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေက စည်းရုံးရေးကောင်းတဲ့နေရာတွေမှာတော့ မဲနှိုက်ရွေးချယ်စရာမလိုဘဲ စည်းရုံးရေးအားနည်းတဲ့ ရပ်ကွက်တွေ၊ မြို့နယ်တွေမှာသာ မဲနှိုက်ရွေးချယ်တာတွေလုပ်ဆောင်တာလို့ ဆိုပါတယ်။
“ရန်ကုန်တိုင်းအတွင်းမှာ စစ်မှုမထမ်းချင်လို့ အခုပြေးလည်း နောက်တစ်ခေါက်ပါမှာပဲ” လို့ သူကပြောပါတယ်။
အာဏာသိမ်းစစ်ကောင်စီက အရွယ်ရောက်ပြီးသူတိုင်း စစ်မှုထမ်းရမယ့် ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၀ ရက်က အတည်ပြုပြဌာန်းခဲ့တာပါ။
စစ်ကောင်စီက ပြဋ္ဌာန်းလိုက်တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေအရ အမျိုးသားဆိုရင် အသက် ၁၈ နှစ် ကနေ ၃၅ နှစ်အထိ၊ အမျိုးသမီးဆိုရင် အသက် ၂၇ နှစ်ထိ အကျုံးဝင်နေပြီး တတ်သိပညာရှင်အမျိုးသားဆိုရင်တော့ ၄၅ နှစ်ထိ၊ အမျိုးသမီးဆိုရင်တော့ ၃၅ နှစ်အထိ စစ်မှုထမ်းဖို့ အကျုံးဝင်နေတာပါ။
အာဏာသိမ်းစစ်ကောင်စီပြောခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း သူတို့ရဲ့ဝါဒဖြန့်သတင်းစာကနေတစ်ဆင့် ၂၀၁၉ ကြားဖြတ်သန်းခေါင်စာရင်းအရ စစ်မှုထမ်းဥပဒေမှာ အကျုံးဝင်တဲ့ အမျိုးသား ၆ သန်းကျော်နဲ့ အမျိုးသမီး ၇ သန်းကျော်ရှိတယ်လို့ ပြောဆိုထားပြီး အမျိုးသမီးတွေကိုတော့ လတ်တလော စစ်မှုထမ်းဆင့်ခေါ်ဖို့ အစီစဉ်မရှိသေးဘူးလို့ ဆိုထားပါတယ်။
ပုံစာ-စစ်မှုထမ်းရန်စာရင်းသွင်းရမည့်ပုံစံစာရွက်
Photo – Supplied

