ရန်ကုန် – ၂၀၂၄ ဖေဖော်ဝါရီ ၁၄ (မော်ကွန်း)
ရခိုင်ပြည်နယ်တောင်ပိုင်းက ရမ်းဗြဲမြို့မှာ မနေ့ကနဲ့ ဒီနေ့ နှစ်ရက်ဆက်တိုက် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က လေကြောင်းကနေတိုက်ခိုက်တာကြောင့် နေအိမ်အချို့ မီးလောင်ပျက်စီးသွားတယ်လို့ ရမ်းဗြဲဒေသခံတွေက ပြောပါတယ်။
“မနေ့ကတော့ တစ်နေကုန်ကို ဗုံးကြဲလိုက်၊ လက်နက်ကြီးတွေနဲ့ ပစ်လိုက်နဲ့ မနေ့ကလည်း အိမ်တွေထိတယ်။ ပြည်သူတွေကတော့ ရပ်ကွက်တွေထဲ မရှိတော့ဘူး။ အိမ်တွေပဲ မီးလောင်ပျက်စီးတာတွေရှိတယ်။ ဒီနေ့လည်း ပစ်နေတုန်းပဲလို့ ကြားရပါတယ်” လို့ ရမ်းဗြဲမြို့က ဒေသခံတစ်ဦးကပြောပါတယ်။
နေအိမ်အများအပြား မီးလောင်သွားတယ်လို့ ကနဦးသိရပြီး ပျက်စီးတဲ့ အရေအတွက်နဲ့ တိုက်ပွဲဖြစ်နေတဲ့ အခြေအနေတွေကိုတော့ သေချာမသိရသေးဘူးလို့ သူကပြောပါတယ်။
မနေ့က တစ်ရက်တည်းမှာ စစ်ကောင်စီဟာ ရမ်းဗြဲမြို့နဲ့ အနီးတစ်ဝိုက်နေရာတွေကို လေကြောင်းကနေ ဂျက်ဖိုက်တာ၊ Y-12 ထောက်ပို့လေယာဉ်တွေနဲ့ အကြိမ်ပေါင်း ၁၀၀ ကျော် အပြင်းအထန် ပစ်ခတ်တိုက်ခိုက်ခဲ့သလို စစ်ကောင်စီတပ်ရဲ့ စစ်ရေယာဉ်တွေကလည်း လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်ခဲ့တယ်လို့ AA ကသတင်းထုတ်ပြန်ထားပါတယ်။
လက်ရှိမှာ AA နဲ့ စစ်ကောင်စီတပ်တို့အကြား ရခိုင်ပြည်နယ်က မြို့နယ်အချို့မှာ ပြင်းထန်တဲ့ တိုက်ပွဲတွေ ဆက်လက်ရှိနေပြီး စစ်ကောင်စီရဲ့ ကြည်း၊ ရေ၊ လေ ခုခံစစ်နဲ့အတူ ထိုးစစ်-ခံစစ်တိုက်ပွဲတွေလည်း ဆက်လက်ကျယ်ပြန့်နေတယ်လို့ AA က ထုတ်ပြန်ထားပါတယ်။
ရက္ခိုင့်တပ်တော် (AA) ဟာ ချင်းပြည်နယ် ပလက်ဝမြို့ကို သိမ်းပိုက်ပြီးနောက် ယခုလ ပထမပတ်အတွင်းမှာပဲ ပေါက်တော၊ မင်းပြား၊ ကျောက်တော်၊ မြောက်ဦးမြို့တွေကို သိမ်းပိုက်ထားနိုင်ခဲ့ပါတယ်။
မနေ့က ညပိုင်းကတော့ AA ဟာ ကျောက်တော်မြို့ကို သိမ်းပိုက်နိုင်မှု အခြေအနေ မှတ်တမ်းဓာတ်ပုံတွေကို ထုတ်ပြန်ခဲ့ပြီး AA တပ်ဖွဲ့က ကျောက်တော်မြို့က စစ်ကောင်စီတပ်မဌာနချုပ်၊ စစ်ကောင်စီဌာနဆိုင်ရုံးတွေကို သိမ်းပိုက်ထားတဲ့ မှတ်တမ်းတွေနဲ့ သိမ်းဆည်းရမိခဲ့တဲ့ လက်နက်ခဲယမ်းအများအပြားကို ထုတ်ဖော်ပြသခဲ့ပါသေးတယ်။
ကျောက်တော်မြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ရဲ့ စစ်ရေယာဉ်သုံးစီးကိုလည်း AA က တိုက်ခိုက်နှစ်မြုပ်နိုင်ခဲ့ပါတယ်။
AA ရဲ့ ထိုးစစ်ကြောင့် စခန်းတွေ အများအပြားစွန့်လွှတ်ထားရတဲ့ရခိုင်ပြည်နယ်မှာ စစ်ကောင်စီဟာ ဒေသတစ်ခုလုံးကို ခရီးသွားလာခွင့်တွေ ပိတ်ထားသလို၊ အင်တာနက်လိုင်း၊ ဖုန်းလိုင်းတွေလည်း ဖြတ်တောက်ပြီး သတင်းအမှောင်ချထားပါတယ်။
ပုံစာ – ရမ်းဗြဲမြို့မှာ ဒီနေ့မနက်ပိုင်းက နေအိမ်အချို့ မီးလောင်နေတဲ့ မြင်ကွင်း
ဓာတ်ပုံ – Ramawady

