အောင်ထူးနိုင်
ရန်ကုန် – ၂၀၂၀ နိုဝင်ဘာ ၁၈ (မော်ကွန်း)
လာမည့်အစိုးရသစ်လက်ထက်တွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်သည့်အနေဖြင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်များ(EAO) အစုအဖွဲ့ ဖြစ်သော ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ(UPDJC) အစည်းအဝေးကို ယနေ့နံနက်က Online Video Conference ဖြင့် ကျင်းပသည်။
ယင်းအစည်းအဝေးတွင် EAO UPDJC အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီးစိုင်းငင်းက ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၃) တွင် သဘောတူထားသည့်အတိုင်း နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ပြင်ဆင်ခြင်း၊ ဖက်ဒရယ် တည်ဆောက်ရေးဆိုင်ရာ ၂၀၂၀ အလွန် အဆင့်လိုက် လုပ်ငန်းစဉ်နှင့် အကောင်အထည်ဖော်မှုဆိုင်ရာ လုပ်ငန်း စဉ်များ၊ ဖက်ဒရယ်အခြေခံမူများနှင့်ပတ်သက်သည့် လုပ်ငန်းစဉ်များကို ဆွေးနွေးပြင်ဆင်ထားရန် လိုအပ်ကြောင်း ပြောသည်။
“တစ်ဖွဲ့ချင်းစီမှရရှိလာတဲ့ သဘောထားရပ်တည်ချက်များကို မိမိတို့ NCA-S EAO များအတွင်း ပြန်လည် ဆွေးနွေးပြီး အားလုံးလက်ခံတဲ့ ဘုံသဘောထားကို ချမှတ်သွားကြမယ်လို့ နားလည်ပါတယ်။ ရရှိလာတဲ့ ဘုံသဘောထားကို လက်ကိုင်ပြီး တစ်ဖက်က မိမိတို့ ဆွေးနွေးဖော်ဆွေးနွေးဖက်တို့နဲ့ ဆက်လက်ဆွေးနွေးသွားမယ်” ဟု ဗိုလ်မှူးကြီးစိုင်းငင်းက ပြောသည်။
ယနေ့တွေ့ဆုံမှုနှင့်ပတ်သက်၍ ပအိုးဝ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO) ဒုဥက္ကဋ္ဌ ဦးခွန်မြင့်ထွန်းက “ကျွန်တော်တို့ UPDJC အစည်းအဝေးမှာလည်း မတွေ့တာကြာပြီလေ၊ ပြီးတော့ ဒီနေ့ လက်ရှိအခြေအနေလေးတွေ ကို ဆွေးနွေးကြပါတယ်။ ၂၅ ရက်နေ့မှာတော့ ကျွန်တော့်တို့ PPST အစည်းအဝေးရှိပါတယ်။ အဲဒီမှာတော့ ကျွန်တော်တို့တွေ ဘယ်လိုတွေ ရှေ့ဆက်သွားမယ်ဆိုတာ ဆွေးနွေးသွားကြမှာပါ”ဟု ပြောသည်။
ပြီးခဲ့သည့် လေးကြိမ်မြောက် ၂၁ ရာစုပင်လုံအစည်းအဝေးတွင် ပြည်ထောင်စုသဘောတူစာချုပ်အစိတ်အပိုင်း(၃) ကို သဘောတူညီမှု ရရှိခဲ့သည်။ ယင်းသဘောတူညီချက်များတွင် လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်း လုပ်ငန်းစဉ်များအပါအဝင် NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင် သဘောတူညီချက် ၁၅ ချက်၊ ၂၀၂၀ အလွန်တွင် အဆင့်လိုက် အကောင်အထည်ဖော်ရမည့် လုပ်ငန်းစဉ်များနှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ် ပြည်ထောင်စု ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာ လမ်းညွှန်အခြေခံမူ ငါးချက်ကို သဘောတူညီချက် ရရှိခဲ့ သည်။
လက်ရှိရွေးကောက်ပွဲတွင် ကိုယ်စားလှယ်အများစုအနိုင်ရရှိထားသည့် NLD ပါတီက “နောင်အနာဂတ် မြန်မာနိုင်ငံအတွက် ပြည်ထောင်စုအရေးကိစ္စ” နှင့်ပတ်သက်၍ ပူးပေါင်းဆောင်ရွက်ရန် ပြီးခဲ့သည့်တစ်ပတ်က တိုင်းရင်းသားနိုင်ငံရေးပါတီ ၄၈ ခုကို ဖိတ်ခေါ်ထားသည်။
ယင်းဖိတ်ခေါ်မှုနှင့်ပတ်သက်၍ ကချင်ပြည်နယ် ပြည်သူ့ပါတီ(KSPP)၏ ယနေ့အကြောင်းပြန်ကြားစာတွင် NLD အနေဖြင့် ၁၉၄၇ ပင်လုံသဘောတူညီချက်နှင့်အညီ ဖက်ဒရယ်ဒီမိုကရေစီပြည် ထောင်စုပေါ်ထွန်းလာရေးအတွက် လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်ရန် ကချင်ပြည်နယ် ပြည်သူ့ပါတီမှ လိုလာကြောင်းဖော်ပြထားသည်။
EAO UPDJC အစည်းအဝေးကျင်းပနေစဉ် ဓာတ်ပုံ – NCA-S EAO
#Dailynews

