ရန်ကုန် – ၂၀၂၄ ဇန်နဝါရီ ၂ (မော်ကွန်း)
၂၀၂၃ တစ်နှစ်တာကာလအတွင်း အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေးအကျဉ်းသား ၇၀၀ ကျော် ဥပဒေမဲ့ ရိုက်နှက်ညှဉ်းပန်းခံခဲ့ရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက် (PPN-Myanmar) က မနေ့ကထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
၂၀၂၃ ဇန်နဝါရီကနေ ဩဂုတ်အတွင်း ပုသိမ်အကျဉ်းထောင်၊ မန္တလေးအိုးဘိုထောင်၊ သာယာဝတီထောင်၊ မြင်းခြံထောင်၊ ဒိုက်ဦးထောင်၊ မုံရွာထောင် အစရှိတဲ့ အကျဉ်းထောင်တွေမှာ ဖြစ်ပွားခဲ့တဲ့ ဥပဒေမဲ့ ညှင်းပန်းနှိပ်စက်ခံရမှုတွေကို မှတ်တမ်းအဖြစ် PPN-Myanmar က ထုတ်ပြန်ခဲ့တာပါ။
အဲ့ဒီအကျဉ်းထောင်တွေအတွင်း နိုင်ငံရေးအကျဉ်းသားတွေအပေါ် အကျဉ်းဦးစီးတာဝန်ရှိသူတွေက ထောင်ဆူတယ်ဆိုကာ ဥပဒေမဲ့ ရိုက်နှက်မှုတွေ၊ အကျဉ်းသားအချင်းချင်းဖြစ်တဲ့ ပြဿနာအပေါ် ပြေလည်အောင်မဖြေရှင်းပေးဘဲ ရိုက်နှက်မှုတွေ၊ ထောင်တွင်းနိုင်ငံရေး လှုပ်ရှားမှုတွေကြောင့် ရိုက်နှက်တိုက်ပိတ်မှုတွေ ရှိခဲ့တယ်လို့ အဲဒီ့ထုတ်ပြန်ချက်က ဆိုပါတယ်။
၂၀၂၃ အတွင်းမှာ ဥပဒေမဲ့ သတ်ဖြတ်ခံရတဲ့ နိုင်ငံရေးအကျဉ်းသား ၁၈ ဦးရှိခဲ့ပြီး ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာမရတဲ့အတွက် သေဆုံးခဲ့ရသူ ၁၇ ဦး၊ ဥပဒေမဲ့ ညှဉ်းပန်းနှိပ်စက်ခံခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူ ၇၁၄ ဦး၊ ထောင်ပြောင်းရွှေ့ခံရသူ ၈၈၃ ဦး၊ တိုက်ပိတ်ပြီး ညှဉ်းပန်းခံရသူ ၂၃၈ ဦး၊ ကလေးနဲ့အတူ ရှိနေတဲ့ မိခင်နိုင်ငံရေးအကျဉ်းသူ ၁၅ ဦး ရှိခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီနဲ့ အကျဉ်းဦးစီးဌာနတို့ဟာ ဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေအပေါ် လူ့ဂုဏ်သိက္ခာထိခိုက်စေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို သိသာထင်ရှားစွာ ပြုကျင့်နေကြတယ်လို့လည်းမြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPN-Myanmar) က ထုတ်ပြန်ထားတာပါ။
အကျဉ်းထောင်တွေအတွင်း နိုင်ငံရေးအကျဉ်းသားတွေကို နှိပ်စက်ညှင်းပန်းမှုတွေက အခုထုတ်ပြန်ထားတာထက် ပိုများနိုင်ပြီး အချို့အကျဉ်းသားတွေဟာ ကျန်းမာရေးစောင့်ရှောက်မှုတွေ လုံလောက်စွာမရရှိဘူးလို့ နိုင်ငံရေးအမှုနဲ့ ဖမ်းဆီးခံထားရသူတွေရဲ့ မိသားစုဝင်တွေက ပြောပါတယ်။
အကြမ်းဖက်မှု ပုဒ်မနဲ့ အင်းစိန်ထောင်မှာ အကျဉ်းကျနေသူတစ်ဦးရဲ့ အစ်မဖြစ်သူကတော့ သူ့ရဲ့မောင်ဖြစ်သူဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက အကျဉ်းထောင်အတွင်း အပြင်းအထန်ထိခိုက်ဒဏ်ရာရခဲ့ပေမယ့် ဆေးကုသခွင့် မရခဲ့ဘူးလို့ ပြောပါတယ်။
“ သူ့ခြေထောက်မှာ အနာရင်းနေတာ၊ ခြေချင်းကြီးနဲ့ ထော့နဲ့ထော့နဲ့ ဖြစ်နေတာကို အဲ့ဒီတုန်းက ကျွန်မတို့တော့ တစ်ဆင့်ပြန်ကြားရတော့ ဆေးကုသခွင့်ပေးဖို့ တောင်းဆိုတာ မရဘူး။ ဆေးလည်း ပို့လို့မရဘူး။ အထဲမှာ သူတို့ နိုင်ကျဉ်းတွေပဲ အချင်းချင်းကူညီပြီး နေခဲ့ရတယ်။ တကယ်ဆို သူ့ခြေထောက်က လမ်းတောင်မလျှောက်နိုင်တော့ဘူး။ ဆေးကုသဖို့ ဆေးရုံတက်ဖို့လိုအပ်နေခဲ့တာ။” လို့ ၎င်းက ပြောပါတယ်။
မနှစ်ကလွတ်လပ်ရေးနေ့မှာတော့ စစ်ကောင်စီဟာ တစ်နိုင်ငံလုံးက အကျဉ်းသား ခုနှစ်ထောင်ကျော်ကို ပြန်လွှတ်ပေးခဲ့ပြီး ယခုနှစ်မှာလည်းလွှတ်ပေးဖို့ နိုင်ငံရေးအကျဉ်းသားမိသားစုဝင်အချို့က မျှော်လင့်နေပါတယ်။
အင်းစိန်ထောင်အတွင်း အကျဉ်းကျနေသူတစ်ဦးရဲ့ မိသားစုဝင်ကတော့ “ကျွန်မတို့ မနှစ်ကလည်း မျှော်တယ်၊ ဒီနှစ်လည်း မျှော်လင့်တယ်၊ အမြန်ဆုံးပြန်လွတ်ဖို့ပေါ့။ အထဲမှာ ကလေးက တော်တော်လေး စိတ်ဓာတ်ကျနေတယ်။ ဒီလွတ်ငြိမ်းမှာလည်း နိုင်ငံရေးအမှုတွေ များများပါလာဖို့ မျှော်လင့်ပါတယ်” လို့ ပြောပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာ နိုင်ငံရေးဖြစ်စဉ်တွေနဲ့ ဆက်စပ်ပြီး ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်းဟာ ၂၅,၀၀၀ ကျော် အထိ ရှိခဲ့ပြီး အဲ့ဒီအထဲက ၁၉,၀၀၀ ခန့်ဟာ ထိန်းသိမ်းခံထားရဆဲဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP) က ပြုလုပ်ထားတဲ့ စာရင်းတွေအရ သိရပါတယ်။
ပုံစာ – ၂၀၂၃ မေလက အင်းစိန်အကျဉ်းထောင်အရှေ့မှာ စောင့်ဆိုင်းနေကြသူများ
ဓာတ်ပုံ – မော်ကွန်း

