မြန်မာ့အမွေအနှစ်မှသည် ကမ္ဘာ့အမွေအနှစ်ဆီသို့

မော်ကွန်းမဂ္ဂဇင်း အမှတ်စဉ် ၆၈ မှ Analysis ဖြစ်ပါသည်။

မျိုးဆက်စံ(ပုဂံဌာနေ) ရေးသည်။

ပျူမြို့ဟောင်းသုံးမြို့ဖြစ်တဲ့ သရေခေတ္တရာ၊ ဟန်လင်း၊ ဗိဿနိုးတို့ကို ၂၀၁၄ မှာ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဖြစ်ခဲ့ပြီးနောက် အထင်ကရပုဂံဒေသဟာလည်း ကမ္ဘာ့အမွေအနှစ်အဖြစ်ယူနက်စ်စကို (UNESCO) က အသိအမှတ်ပြုလိုက်ပြီဖြစ်ပါတယ်။

၁၉၉၆ မှာကတည်းက ပုဂံဒေသကိုကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖို့ ပထမအကြိမ်ကြိုးပမ်းခဲ့ကြပေမယ့် ရှေးဟောင်း အမွေအနှစ်ဒေသကာကွယ်ထိန်းသိမ်းရေးဥပဒေမရှိတာရယ်၊ ဂေါက်ကွင်း၊ တာဝါတိုင်၊ နှစ်လမ်းသွားလမ်းမကြီး၊ ရေစင်နဲ့အခြားခေတ်သစ်အဆောက်အအုံတွေကို ဘယ်လိုစီမံခန့်ခွဲဖို့ ပြင်ဆင်သလဲဆိုတာရယ် မဖော်ပြနိုင်ခဲ့လို့ ကမ္ဘာ့အမွေအနှစ်အဖြစ် အသိအမှတ်ပြုခံရခြင်းကလွဲချော်ခဲ့ရပါတယ်။

ယခုဒုတိယအကြိမ်မှာတော့ မြန်မာတို့ရဲ့နှလုံးသား အထင်ကရပုဂံဒေသကို ကမ္ဘာ့အမွေအနှစ်အဖြစ် အသိအမှတ်ပြုခံလိုက်ရပြီဖြစ်ပါတယ်။

ဒါကလည်းကမ္ဘာ့နိုင်ငံ ၁၉၃ နိုင်ငံလက်မှတ်ရေးထိုးထားတဲ့ ၁၉၉၄ ဧပြီ ၂၉ World Heritage Convention မှာ မြန်မာနိုင်ငံကလက်မှတ်ရေးထိုးထားခဲ့ခြင်းကြောင့်ဖြစ်ပါတယ်။

ထို့အတူ ၂၀၁၈ ဇန်နဝါရီနောက်ဆုံးပတ်မှာ ပုဂံဒေသကိုကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရောက်ခွင့် ရရှိစေဖို့ ယူနက်စ်စကို (UNESCO) ထံတင်သွင်းခဲ့ပါတယ်။

အဲဒါကြောင့် အဇာဘိုင်ဂျန်နိုင်ငံ၊ ဘာကုမြို့မှာကျင်းပတဲ့  ၄၃ ကြိမ်မြောက်ကမ္ဘာ့အမွေအနှစ်ကော်မတီ အစည်းအဝေးဖြစ်တဲ့အဖွဲ့ဝင် ၂၁ နိုင်ငံက တစ်စုံတစ်ရာကန့်ကွက်မှုမရှိဘဲ ယခုနှစ်ဇူလိုင် ၆ ရက်မှာ ပုဂံဒေသကို ကမ္ဘာ့အမွေအနှစ်ဖြစ်ကြောင်း ကြေညာလိုက်ပါတယ်။

ပုဂံဒေသ ပုဂံယဉ်ကျေးမှုအမွေအနှစ်တွေကို အမြတ်တနိုးတန်ဖိုးထားသူတွေအနေနဲ့ အင်မတန် ပျော်ရွှင်ဖွယ်သတင်းကိုကြားလိုက်ရတဲ့အချိန်၊ တစ်မျိုးသားလုံးဝမ်းသာပီတိဖြစ်နေတဲ့အချိန် ပုဂံရဲ့မြေပြင် အခြေအနေမှာ အချို့ဟိုတယ်စီမံကိန်းတွေက စက်ယ္တရားကြီးတွေအသုံးပြုကာ ရှေးဟောင်းအမွေအနှစ် ဘေးပတ်ဝန်းကျင်မှာ တည်ဆောက်မြဲတည်ဆောက်နေကြပါတယ်။ ဒါဟာပုဂံကို ကမ္ဘာ့အမွေအနှစ် အသိအမှတ်ပြုကြေညာတဲ့နေ့ရက်မှာပဲ ဝမ်းသာ၊ဝမ်းနည်းမှတ်တမ်းတစ်ခုအဖြစ် တစ်ပြိုင်တည်း တွေ့ကြုံခံစားခဲ့ရတဲ့ ဖြစ်ရပ်တစ်ခုဆိုရင်မမှားပါဘူး။

ဘယ်လိုကောင်းကျိုးတွေ ရမလဲ

ပုဂံဒေသကို ကမ္ဘာ့အမွေအနှစ်အဖြစ် အသိအမှတ်ပြုခံလိုက်ရတဲ့အပေါ်မှာ ဘယ်လိုကောင်းကျိုးတွေ ရနိုင်မလဲဆိုရင် အောက်ပါအချက်တွေအရသိရှိထားပါတယ်။

၁။ သဘာဝဘေးကြောင့်ပျက်စီးပါက ထိန်းသိမ်းခြင်းနည်းပညာနဲ့ အကူအညီများပေးခြင်း။

၂။ စစ်ပွဲကြီးများဖြစ်လာပါက ယဉ်ကျေးမှုအမွေအနှစ်ဒေသများကို လုံးဝမထိရောက်စေခြင်း၊ စစ်မဲ့ဇုန်အဖြစ် သတ်မှတ်ပေးခြင်း။

၃။ အလှူရှင်နိုင်ငံများမှပေးလှူသောငွေများအား ယဉ်ကျေးမှုအမွေအနှစ်များထိန်းသိမ်းရေးအတွက် ခွဲဝေသုံးပေးခြင်း။

၄။ မြန်မာနှင့်ပုဂံ၏ဂုဏ်ကို နိုင်ငံတကာအလယ်တွင်တိုးတက်စေခြင်း။

၅။ ခရီးသွားများပိုမိုရောက်လာခြင်းကြောင့် လူမှုစီးပွားဘဝများ တိုးတက်ရရှိခြင်း။

၆။ ယဉ်ကျေးမှုအမွေအနှစ်များ ရေရှည်တည်တံ့စေရန်အတွက် ထိန်းသိမ်းပေးနိုင်ခြင်း။

၇။ ယဉ်ကျေးမှုအမွေအနှစ်များကို ပိုမိုချစ်မြတ်နိုးတတ်လာပြီး ထိန်းသိမ်းခြင်းအသိပညာ၊ အတတ်ပညာများ ပိုမိုရရှိလာစေခြင်းများပဲဖြစ်ပါတယ်။

mawkun-68-analysis-bagan-jpg

Photo – Myo Set San
အဂ္ဂတော့ဘုရားနှင့် ပေါင်းကူးဘုရားကြားတွင် တည်ဆောက်လျက်ရှိသော ဧဒင်အုပ်စု ကုမ္ပဏီရဲ့အဆင့်မြင့်ဟိုတယ် စီမံကိန်း

ပြည်သူတွေ စိတ်ဝင်စားတဲ့ အရာ

ပုဂံဒေသကို ကမ္ဘာ့အမွေအနှစ်အဖြစ် အသိအမှတ်ပြုခံလိုက်ရပြီးနောက်ပိုင်း ပြည်သူတွေကဘယ်အရာတွေကို စိတ်ဝင်စားကြသလဲဆိုရင် ပုဂံရှေးဟောင်းအမွေအနှစ်တွေတည်ရှိရာ ရှေးဟောင်းဇုန်အတွင်းက စီးပွားရေးအဆောက်အအုံတွေ(သို့) ခေတ်သစ်အဆောက်အအုံတွေအတွက် ဘယ်လိုစီမံခန့်ခွဲမလဲ ဆိုတာပဲဖြစ်တယ်။

မြန်မာနိုင်ငံအတွင်းရှိ မည်သည့် အထင်ကရ နေရာဒေသ ကိုမဆို ယူနက်စ်စကို (UNESCO) ဝင်ဖို့ဆိုတာ နိုင်ငံတော် အစိုးရအကြီးအကဲရဲ့ သဘောတူလက်မှတ်ရေးထိုးထားမှသာ ဖြစ်နိုင်ပါတယ်။ နိုင်ငံတော်အစိုးရနဲ့ ယူနက်စ်စကို (UNESCO) ကြားမှာ စာချုပ်စာတမ်း ကတိကဝတ်တွေရှိနေပါတယ်။ အဲဒီစာချုပ်စာတမ်း ကတိကဝတ်တွေကို ပြည်သူတွေသိရှိနိုင်စေရန် နိုင်ငံတော်အစိုးရမှ တရားဝင်ကြေညာချက်ထုတ်ပြန်ပေးသင့်     ပါတယ်။

ဥပမာ-ပုဂံမြို့ဟောင်းသရပါမြို့ရိုး ကျုံးကြီးအတွင်းယဉ်ကျေးမှုအမွေအနှစ်တွေအလယ်မှာ နေရာယူ တည်ဆောက်ထားတဲ့ စီးပွားရေးအဆောက်အအုံတွေ၊ ဘုရားဉာဏ်တော်ထက်မြင့်တဲ့ မျှော်စင်ကြီးနဲ့ ဘုရားပုထိုးတွေဘေးမှာ တည်ဆောက်ထားတဲ့ဟိုတယ်ကြီးတွေ၊ ဝန်ထမ်းအိမ်ရာခေတ်သစ်အဆောက်အအုံ တွေ၊ ယဉ်ကျေးမှုအမွေအနှစ်တွေနဲ့ လိုက်လျောညီထွေမှုမရှိတဲ့ ဖန်တီးထားတဲ့အရာတွေဟာ ပုဂံဒေသ ကမ္ဘာ့အမွေအနှစ်ဖြစ်ကြောင်း အသိအမှတ်ပြုကြေညာပြီးတဲ့အချိန်ကစပြီး ဘယ်နှနှစ်အတွင်း ရွှေ့ပြောင်းပေးရမယ်။ ဒါမှမဟုတ် ဒီအတိုင်းပဲဆက်ရှိခွင့်ပေးမလားဆိုတာ ပြည်သူတွေအနေနဲ့ အင်မတန် စိတ်ဝင်စားကြတယ်။

နောက်တစ်ခုက ပုဂံယဉ်ကျေးမှုအမွေအနှစ်တွေရဲ့အလယ်မှာ ရှေးဟောင်းအမွေအနှစ် ကာကွယ်ထိန်းသိမ်းရေး ဥပဒေကို ချိုးဖောက်ပြီး ပုဂံယဉ်ကျေးမှုအမွေအနှစ်တွေကို ခြံခတ်သိမ်းပိုက်ထားတဲ့ ခြံဝင်းတွေ၊ ပုဂံယဉ်ကျေးမှုအမွေအနှစ်တွေကို အကာအကွယ်အတားအဆီးအနှောင့်အယှက်ပြုနေတဲ့ ခေတ်သစ်စီးပွားရေး အဆောက်အအုံတွေ၊ အစိုးရပိုင်ပုဂ္ဂလိကပိုင် ခေတ်သစ်အဆောက်အအုံတွေကို နိုင်ငံတော်အစိုးရမှ တရား ဝင်ထုတ်ပြန်ထားတဲ့ဥပဒေအတိုင်း လုပ်ထုံးလုပ်နည်းနဲ့အညီ စီမံခန့်ခွဲသွားမလားဆိုတာ အင်မတန်စိတ်ဝင်စားကြတယ်။ အဲဒီလိုအစိုးရနဲ့ ယူနက်စ်စကို (UNESCO) ကြားက စာချုပ်စာတမ်း ကတိကဝတ်တွေကို ပွင့်လင်းမြင်သာစွာ တရားဝင်ထုတ်ပြန်ကြေညာပေးဖို့ ပြည်သူတွေက မျှော်လင့်တကြီး သိချင်နေကြတယ်။ ဒါမှသာကမ္ဘာ့အမွေအနှစ်ဝင်ထားတဲ့ ပုဂံဒေသကြီးကို ဘယ်လိုစီမံခန့်ခွဲသွားမလဲဆိုတာ ပြည်သူအများ ရှင်းရှင်းလင်းလင်းသိရှိနိုင်မှာဖြစ်ပါတယ်။

mawkun-68-analysis-bagan-unesco-jpg

Photo – Myo Set San
ဝိနည်းထိုရ်ဘုရားစုဘေးတွင် နန်းမြင့်မျှော်စင်မှ ဘူဒိုဇာထိုးနေပုံမြင်ကွင်း (မင်းနန်းသူကျေးရွာ)

ဘယ်လို စီမံခန့်ခွဲမလဲ

ဒါဟာ အင်မတန်အရေးကြီးတဲ့ အခန်းကဏ္ဍဖြစ်တယ်။ ပုဂံဆိုတာ ရှေးအစဉ်အဆက်ကတည်းက အမွေအနှစ်နဲ့ လူတွေ၊ နောက် ရိုးရာဓလေ့ထုံးတမ်းတွေ၊ အသက်မွေးဝမ်းကျောင်းမှုတွေဟာ ယှဉ်တွဲစွာတည်ရှိနေခဲ့ကြပါတယ်။ ၁၉၉၀ တုန်းကတော့ ယဉ်ကျေးမှုအမွေအနှစ်တွေတည်ရှိရာပုဂံမြို့ဟောင်းအတွင်း နေထိုင်ကြတဲ့ ပုဂံသူ ပုဂံသားတွေကို အကြောင်းအမျိုးမျိုးပြကာ နှင်ထုတ်ခဲ့ကြတယ်။ တကယ်တော့ ပုဂံဒေသကို ကမ္ဘာ့အမွေအနှစ်ဝင်ဖြစ်ဖို့ ဘဝတွေ စတေးခံ ဒဏ်ရာဒဏ်ချက်တွေတပွေ့တပိုက်နဲ့ ကြိုဆိုဂုဏ်ပြုခဲ့တာက ပုဂံသူပုဂံသားတွေဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ် ၃၀ ကျော်အတွင်းမှာ ပုဂံမြို့ဟောင်းအတွင်းကထွက်ခွာပေးခဲ့ရတဲ့ ပုဂံသူပုဂံသားတွေဖြစ်တယ်။

အဲဒီလိုပုဂံယဉ်ကျေးမှုအမွေအနှစ်တွေ ရေရှည်တည်တံ့စေဖို့ဆိုပြီးအကြောင်းပြကာ မိသားစုပေါင်းများစွာရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို စွန့်လွှတ်အနစ်နာခံခဲ့ပေးရတဲ့ ပုဂံသူပုဂံသားတွေက သူတို့သိပ်ချစ်၊ သိပ်မြတ်နိုးတဲ့ပုဂံကို ဘဝတွေစတေးပြီးချစ်ပြခဲ့ကြတယ်။

ဒီကနေ့ ပုဂံသူပုဂံသားတွေ အစဉ်အဆက်နေထိုင်ခဲ့ကြတဲ့ ပုဂံမြို့ဟောင်းနယ်နိမိတ်အတွင်းမှာ နေရာယူစီးပွားရှာနေကြတဲ့ မိုးကျရွှေကိုယ်တစ်စုကို ရှေးဟောင်းအမွေအနှစကာကွယ်ထိန်းသိမ်းရေးဥပဒေ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ဘယ်လိုစီမံခန့်ခွဲမလဲဆိုတာ လေ့လာစောင့်ကြည့်ချင်စရာပုဂံရဲ့ စိန်ခေါ်မှုတစ်ရပ်ဖြစ်နေပါတယ်။

ထို့ကြောင့် အခြေခံပြည်သူပုဂံညောင်ဦးဒေသခံတွေအပေါ်မှာတော့ ရိုးသားဖို့တန်းတူညီမျှဖြစ်ဖို့ ပြဋ္ဌာန်းထားတဲ့ဥပဒေနဲ့အညီဖြစ်ဖို့ အရေးတကြီးလိုအပ်နေပါတယ်။

ထိန်းသိမ်းကာကွယ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု

ဒီအချက်နှစ်ချက်ဟာ ပုဂံဒေသအတွက် အင်မတန်အရေးကြီးပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ရှေးဟောင်းအဆောက်အအုံတွေပေါများစွာ တစ်စုတစ်ဝေးတည်းတည်ရှိနေတဲ့ ရှေးဟောင်း ယဉ်ကျေးမှုနယ်မြေကြီးအတွက် ထိန်းသိမ်းကာကွယ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကိုချိန်ညှိဖို့တော့လိုပါလိမ့်မယ်။ ရှေးဟောင်းအဆောက်အအုံတွေရဲ့ဘေးမှာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေစီမံကိန်းတွေကို အလျင်စလို ဖော်ဆောင်လိုက်မယ်ဆိုရင် ထိန်းသိမ်းကာကွယ်ရေးလုပ်ငန်းတွေအရာမထင်ဖြစ်ပြီး ရှေးဟောင်း အမွေအနှစ်တွေကို ရေရှည်တည်တံ့ဖို့အတွက် စိုးရိမ်စရာတွေဖြစ်လာပါမယ်။

နိုင်ငံတကာရဲ့ကမ္ဘာလှည့်ခရီးသွားတွေ လာရောက်လည်ပတ်တဲ့ဒေသကြီးမှာ နိုင်ငံတကာစံချိန်စံညွှန်းတွေနဲ့ညီတဲ့ ဟိုတယ်ကြီးတွေ၊ စားသောက်ဆိုင်ကြီးတွေ အနားယူအပန်းဖြေစရာ ခေတ်သစ်ဖန်တီးမှု အဆောက်အအုံတွေလည်းရှိရပါမယ်။ ခရီးသွားလုပ်ငန်းအတွက် အထောက်အကူဖြစ်စေမယ့် ဆွဲဆောင်မှုရှိစေမယ့် ဖန်တီးဖော်ဆောင်ခြင်းတွေရှိရပါမယ်။ ဒါပေမဲ့ရှေးဟောင်း အဆောက်အအုံတွေနဲ့လွတ်ကင်းရာ ရှေးဟောင်းအမွေအနှစ် ကာကွယ်ထိန်းသိမ်းရေးဥပဒေနဲ့အညီ လွတ်ကင်းရာနေရာတွေမှာ ဖော်ဆောင်ရမှာဖြစ်ပါတယ်။ အထင်ကရ ရှေးဟောင်းဘုရားစေတီပုထိုးဘေး သို့မဟုတ် ရှေ့တည့်တည့်မှာ ဂေါပကရုံးတည်ဆောက်လိုက်တာ၊ သန့်စင်ခန်း(အိမ်သာ)တွေဆောက်လိုက်တာ၊ တာဝါတိုင်၊ ထရန်စဖော်မာတည်ဆောက်တာ၊ ဓာတ်တိုင်၊ ဓာတ်ကြိုး၊ ဖုန်းတိုင်၊ ဖုန်းကြိုး တည်ဆောက်လိုက်တာ၊ အဝီစိရေတွင်း တူးဖော်လိုက်တာ၊ ကွန်ကရစ်ခင်းလိုက်တာ၊ သစ်ပင်အကြီးမျိုးတွေစိုက်ပျိုးလိုက်တာ၊ ရှေးဟောင်းအဆောက်အအုံရဲ့မြင်ကွင်းကို အဟန့်အတားဖြစ်စေတဲ့ ဖန်တီးမှုတွေလုပ်လိုက်တာတွေဟာ ဖွံ့ဖြိုးတိုးတက်ရေးဆိုတဲ့လမ်းစဉ်ကိုမရောက်ဘဲ ရှေးဟောင်းအမွေအနှစ် ကာကွယ်ထိန်းသိမ်းရေးအတွက် အားနည်းသွားစေသလို ရှေးဟောင်းအမွေအနှစ်တွေရဲ့မြင်ကွင်းနဲ့ ရေရှည်တည်တံ့မှုတွေကို ထိခိုက်စေတဲ့ဆိုးကျိုးတွေဖြစ်လာပါတယ်။

ဖွံ့ဖြိုးတိုးတက်ရေးဆိုတဲ့လမ်းစဉ်ဟာ ခရီးသွားလုပ်ငန်းနဲ့ ဒေသနေပြည်သူလူထုအတွက်သာ အဓိကထားဖော်ဆောင်ပေးရမယ့်အချက်ဖြစ်ပြီး အခုလိုရှေးဟောင်းအမွေအနှစ်တွေ တည်ရှိရာရှေးဟောင်းဇုန်အတွင်းမှာတော့ ထပ်မံမလုပ်သင့်တော့ပေ။  ဒါကြောင့် ထိန်းသိမ်းကာကွယ်ရေးသမားတွေနဲ့ ဖွံ့ဖြိုးတိုးတက်ရေးသမားတွေရဲ့ အားပြိုင်မှုကြားမှာ တန်ဖိုးဖြတ်မရတဲ့ ရှေး ဟောင်းအမွေအနှစ်တွေကို ရေရှည်တည်တံ့ဖို့နဲ့ ဒီထက်ပိုအရေးကြီးတာက ကမ္ဘာ့အမွေအနှစ်ဝင်ထားတဲ့မြို့ဆိုတာ သတိကြီးစွာထားရမယ့် အခြေအနေဖြစ်နေပါတယ်။

တိုးချဲ့ဟိုတယ်စီမံကိန်းတွေ ဘယ်သူခွင့်ပြုသလဲ

ရှေ့ကကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖို့ ကြိုးပမ်းနေကြတဲ့သူတွေက ကြိုးပမ်းနေတဲ့အချိန်မှာပဲ နောက်တိုးချဲ့ဟိုတယ်စီမံကိန်းတွေကို တစ်ခုပြီးတစ်ခု ခွင့်ပြုပေးနေကြတယ်။ ဘယ်သူခွင့်ပြု ပေးသလဲဆိုတဲ့အခါမှာလည်း ပွင့်လင်းမြင်သာတဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုမရှိကြပေ။ အထက် အလယ် အောက် ဘော်လီဘောပုတ်သလို တိကျပြတ်သားတဲ့ ခွင့်ပြုမိန့်ပိုင်ရှင် မရှိဖြစ်ကြတယ်။ ပုဂံဒေသကိုကမ္ဘာ့အမွေအနှစ်ဖြစ်ဖို့ ကြိုးပမ်းနေတဲ့အချိန်ကာလတွေအတွင်းမှာပဲ ရှေးဟောင်းဘုရားစေတီပုထိုးတွေဘေးမှာ ဘူဒိုဇာနဲ့ထိုး၊ ကရိန်းနဲ့ရမ်းနေတဲ့ တိုးချဲ့ဟိုတယ်စီမံကိန်းကြီးတွေ လုပ်ဆောင်နေကြတယ်။ ဘုရားအမှတ် ၁၉၇၄၊ ၁၉၇၅ နဲ့ ၁၂ ရာစုက အမိန့်တော်ပြန်ဘုရားတွေကို ခြံခတ်သိမ်းပိုက်ထားပြီး အဲဒီဘုရားတွေရဲ့ဘေးမှာ ဘူဒိုဇာထိုး၊ ဖောင်ဒေးရှင်းတူး၊ သံချည်သံကွေးတွေထောင်၊ မဆလာလောင်းတိုးချဲ့ဟိုတယ်ဆောက်နေတဲ့မြင်ကွင်းတွေဟာ ပုဂံကိုစီမံခန့်ခွဲနေတဲ့ တာဝန်ရှိပုဂ္ဂိုလ်တွေရဲ့ ရှေးဟောင်းအမွေအနှစ်အပေါ်မှာတန်ဖိုးထားမှု၊ ချစ်မြတ်နိုးမှုဘယ်လောက်ရှိသလဲဆိုတာ တိုင်းထွာတွက်ချက်လို့ရပါတယ်။

ဒါ့အပြင် အထင်ကရပေါင်းကူးဘုရားနဲ့ အဂ္ဂတေ့ဘုရားကြားမှာ စက်ယန္တရားတွေအသုံးပြုကာ ဧဒင်အုပ်စုကုမ္ပဏီရဲ့ အဆင့်မြင့်ဟိုတယ်စီမံကိန်းကြီးဟာလည်း ပုဂံဒေသကကမ္ဘာ့အမွေအနှစ်ဖြစ်ဖို့အတွက် အကြီးမားဆုံးအန္တရာယ်ဖြစ်နေပါတယ်။

မင်းနန်သူရွာ၊ ဝိနည်းထိုရ်ဘုရားစုဘေးမှာဘူဒိုဇာထိုးခွင့်ပြုတာ၊ ဝက်ကြီးအင်း၊ ဂူပြောက်ကြီးဘုရားဘေးမှာ တိုးချဲ့ဟိုတယ်အဆောက်အအုံဆောက်ခွင့်ပြုတာ၊ ပုဂံမြို့ဟောင်းသံတဲဟိုတယ်ရဲ့တိုးချဲ့အဆောက်အအုံ ခွင့်ပြုတာတွေအားလုံးဟာတရားဝင်ထုတ်ပြန်ထားတဲ့ ရှေးဟောင်းအမွေအနှစ်ကာကွယ်ထိန်းသိမ်းရေးဥပဒေကို ပေါ်ပေါ်ထင်ထင်ချိုးဖောက်ထားပြီး အန္တရာယ်ရှိတဲ့ကမ္ဘာ့အမွေအနှစ်ဆီကို ဦးတည်နေသလိုဖြစ်နေပါတယ်။

ယဉ်ကျေးမှုအမွေအနှစ်တွေကို သာသနာရေးနဲ့ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနဦးစီးဌာနတို့မှ တိုက်ရိုက်တာဝန်ယူကာကွယ်ထိန်းသိမ်းကြတယ်။ အဲဒီယဉ်ကျေးမှုအမွေအနှစ်တွေဖြစ်တဲ့ ဘုရားစေတီတွေမှာ ဂေါပကအဖွဲ့အစည်းတွေထားရှိကြတယ်။ အဲဒီဂေါပကအဖွဲ့အစည်းတွေကိုတော့ ယခင် ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်၊ ယခုတိုင်းဒေသကြီး အစိုးရလက်အောက်ကအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စီမံအုပ်ချုပ်တယ်။

တကယ်ဆိုရင် ရှေးဟောင်းအမွေအနှစ်ကိုကာကွယ်ထိန်းသိမ်းနေတဲ့ ဂေါပကအဖွဲ့အစည်းတွေအားလုံးဟာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနဦးစီးဌာန (ပုဂံဌာနခွဲ)ရဲ့ လက်အောက်မှာရှိသင့်တာမဟုတ်ဘူးလား။ ဒီနေရာမှာ ပုဂံဒေသအတွက် အလွဲကြီးလွဲနေတဲ့နေရာချထားမှုဖြစ်ပြီး အမြန်ပြောင်းလဲပေးရမယ့် အရေးတကြီးကိစ္စလည်းဖြစ်တယ်။ အမွေအနှစ်နဲ့ဂေါပကအဖွဲ့အစည်းဆိုတာ တူယှဉ်တွဲရှိနေတာကြောင့် ဂေါပကအဖွဲ့အစည်းအားလုံးကို အမွေအနှစ်ကာကွယ်ထိန်းသိမ်းနေတဲ့ ဝန်ကြီးဌာနသို့မဟုတ်ဦးစီးဌာနရဲ့ လက်အောက်မှာထားပြီး စီမံကိုင်တွယ်သင့်တယ်။

နောက်တစ်ခုက အရေးကြီးတာက ရှေးဟောင်းအမွေအနှစ်တွေအလယ်မှာ ဘုရားစေတီပုထိုးတွေဘေးမှာ ဘူဒိုဇာ၊ ကရိန်းတွေအသုံးပြုပြီး တိုးချဲ့ဟိုတယ်စီမံကိန်းတွေကို ရှေးဟောင်းအမွေအနှစ်ကာကွယ်ထိန်းသိမ်းနေတဲ့ ဝန်ကြီးဌာနနဲ့ဦးစီးဌာနကတားဆီးနိုင်ခြင်း ဥပဒေပါပြဋ္ဌာန်းချက်နဲ့အညီ အရေးယူဆောင်ရွက်နိုင်ခြင်း တစ်စုံတစ်ရာမရှိတာကလည်း အင်မတန် အံ့ဩစရာဖြစ်ရပ်တစ်ခုပါပဲ။

mawkun-68-analysis-bagan-jpg

Photo – Myo Set San
ရှေးဟောင်းဘုရား ၂၂ ဆူကြားတွင် တည်ဆောက်လျက်ရှိသော ဧဒင်အုပ်စု ကုမ္ပဏီရဲ့ အဆင့်မြင့်ဟိုတယ်စီမံကိန်း

ယူနက်စ်စကို (UNESCO) ရဲ့လေ့လာစောင့်ကြည့်မှု သုံးနှစ်တာကာလအတွင်းမှာ အန္တရာယ်ရှိတဲ့ကမ္ဘာ့အမွေအနှစ်အဖြစ်သို့ ကြေညာနိုင်ပါတယ်။ စီမံခန့်ခွဲမှုလွဲမှားနေတာတွေနဲ့ အဂတိလိုက်နေတဲ့ ခွင့်ပြုမိန့်တွေကို အမြန်ဆုံး ရပ်တန့်နိုင်မှသာ လျှင် မြန်မာ့အမွေအနှစ်မှသည် ကမ္ဘာ့အမွေအနှစ်ဆီသို့သွားရာလမ်းခရီးမှာ ဖြောင့်ဖြူးနိုင်ပြီး နိုင်ငံဂုဏ်၊ မြန်မာတစ်မျိုးသားလုံးရဲ့ဂုဏ်၊ အထင်ကရပုဂံရဲ့ဂုဏ်သိက္ခာတွေဟာ ကမ္ဘာ့အလယ်မှာ တင့်တယ်ခံ့ညားစေနိုင်မှာဖြစ်ပါတယ်။

mawkun-68-analysis-bagan-jpg

Photo – Myo Set San
ဘုရားအမှတ် ၁၉၇၄ နှင့် ၁၉၇၅ ဘေးတွင် ဟိုတယ်စီမံကိန်းတည်ဆောက်နေပုံမြင်ကွင်း ဧရာဟိုတယ် ပုဂံမြို့ဟောင်း

အန္တရာယ်ရှိတဲ့ကမ္ဘာ့အမွေအနှစ်ဆိုတာ ဘယ်လိုလဲ

ယူနက်စ်စကို (UNESCO) ရဲ့ လုပ်ထုံးလုပ်နည်းအရ အမွေအနှစ်ကိုကာကွယ်ဖို့ စီမံခန့်ခွဲနိုင်တဲ့အရည်အချင်းမရှိရင်…

အမွေအနှစ်ကိုစောင့်ရှောက်တဲ့ တည်ဆဲဥပဒေမှာ အဲဒီအမွေအနှစ်ကို ကာကွယ်စောင့်ရှောက်နိုင်တဲ့ အနေအထားမရှိရင်…

အမွေအနှစ်တွေတစ်စုံတစ်ခုကြောင့် အကြီးအကျယ်ထိခိုက်ပျက်စီးသွားရင် …

စတဲ့အချက်သုံးချက်ထဲက အနည်းဆုံးတစ်ချက်ချက်နဲ့ ငြိစွန်းခဲ့ရင် အန္တရာယ်ရှိတဲ့ကမ္ဘာ့အမွေအနှစ်အဖြစ် ကြေညာနိုင်တယ်လို့သိရပါတယ်။

ဖော်ပြပါအန္တရာယ်ရှိတဲ့ကမ္ဘာ့အမွေအနှစ် ဖြစ်ပေါ်မလာဖို့ဆိုရင် ပုဂံဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်စေရန် သဘောတူထောက်ခံ လက်မှတ်ရေးထိုးထားတဲ့ လက်ရှိနိုင်ငံတော်အစိုးရအနေနဲ့ မြန်မာ့အမွေအနှစ်မှသည် ကမ္ဘာ့အမွေအနှစ်ဆီသို့ အသိအမှတ်ပြု တိုးမြှင့်ဂုဏ်ပြုခံထားရတဲ့ ပုဂံဒေသယဉ်ကျေးမှုအမွေအနှစ်များကို ယူနက်စ်စကို(UNESCO)စံချိန်စံညွှန်းတွေနဲ့အညီ နိုင်ငံတော်အစိုးရမှတရားဝင်ပြဋ္ဌာန်းထားတဲ့ရှေးဟောင်းအမွေအနှစ် ကာကွယ်ထိန်းသိမ်းရေးဥပဒေနဲ့အညီ စီမံခန့်ခွဲမှု၊ လမ်းညွှန်မှုတွေပေးဖို့ အကြံပြုတိုက်တွန်းရင်း ရေးသားဖော်ပြလိုက်ပါတယ်။


#mawkun #magazine #chronicle #analysis #no.68 #unesco #bagan


 

အမျိုးအစား - သုံးသပ်ချက်

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."