ဦးထင်ကျော်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုနဲ့ဖမ်းဝရမ်းကို ပြန်လည်ဖယ်ရှားပေးဖို့ NUG ထုတ်ပြန်

ဦးထင်ကျော်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုနဲ့ဖမ်းဝရမ်းကို ပြန်လည်ဖယ်ရှားပေးဖို့ NUG ထုတ်ပြန်

ရန်ကုန် – ၂၀၂၅ ဖေဖော်ဝါရီ ၁၉ (မော်ကွန်း)

အာဂျင်တီးနားနိုင်ငံတရားရုံးက သမ္မတဟောင်း ဦးထင်ကျော်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို ရိုဟင်ဂျာတွေ လူမျိုးတုံးသတ်ဖြတ်ခံရမှုနဲ့ ဖမ်းဝရမ်းထုတ်လာတဲ့အပေါ် စွပ်စွဲချက်ကို ပြန်လည်ဖယ်ရှားပေးဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က မနေ့က ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။

ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောဒေသမှာ ၂၀၁၇ က ရိုဟင်ဂျာတွေ မျိုးတုံးသတ်ဖြတ်ခံရမှုဖြစ်စဉ်နဲ့ ပတ်သက်လို့ အာဂျင်တီးနားနိုင်ငံတရားရုံးက ဒီကာလမှာ တာဝန်ယူထားတဲ့ စစ်ခေါင်းဆောင်တွေနဲ့ အစိုးရတာဝန်ရှိသူတွေအပါအဝင် စုစုပေါင်း လူပုဂ္ဂိုလ် ၂၅ ဦးကို အခုလ ၁၃ ရက်မှာ ဖမ်းဝရမ်းထုတ်ပြန်ခဲ့တာပါ။

ဒီဖမ်းဝရမ်းမှာ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ဒုခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းအပါအဝင် စစ်ဘက်ဆိုင်ရာအရာရှိတွေအပြင် အဲဒီ့ကာလမှာ သမ္မတအဖြစ်တာဝန်ယူထားတဲ့ ဦးထင်ကျော်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကိုလည်း အမည်စာရင်းမှာ ထည့်သွင်းဖော်ပြခဲ့တာပါ။

အခုလို လူမျိုးတုံးသတ်ဖြတ်မှုနဲ့ စစ်ရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့တာဟာ စစ်ခေါင်းဆောင်တွေနဲ့ ၎င်းတို့ရဲ့ လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့တွေသာဖြစ်ပြီး ဒီတရားခံစာရင်းမှာ ဦးထင်ကျော်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကို ထည့်သွင်းတာက မှားယွင်းတဲ့စွပ်စွဲမှုဖြစ်တာကြောင့် တရားစွဲဆိုထားခြင်းကနေပယ်ဖျက်ပေးဖို့ NUG က ထုတ်ပြန်တောင်းဆိုထားတာပါ။

ဒါ့အပြင် သမ္မတဦးထင်ကျော်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့လက်ထက်မှာ ရိုဟင်ဂျာအရေးအတွက် ခိုင်မာကောင်းမွန်ပြီး ငြိမ်းချမ်းပြေလည်မယ့်အဖြေရဖို့ နည်းလမ်းအမျိုးမျိုးနဲ့ကြိုးပမ်းခဲ့တဲ့နည်းတူ လက်ရှိမှာ NUG အစိုးရအနေနဲ့လည်း “ရိုဟင်ဂျာမူဝါဒ” တစ်ရပ်ပြဋ္ဌာန်းပြီး ရိုဟင်ဂျာပြည်သူတွေ တရားမျှတမှုရရှိရေးနဲ့ ပတ်သက်လို့ တစိုက်မတ်မတ်ဆောင်ရွက်နေတယ်လို့လည်း ထုတ်ပြန်ချက်က ဆိုပါတယ်။

” ယခုကဲ့သို့အခြေအနေတွင် အမျိုးသားညီညွတ်ရေးအစိုးရ၏ ခေါင်းဆောင်တစ်ဦးဖြစ်သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဟောင်း ဦးထင်ကျော်တို့ကို အာဂျင်တီးနားတရားရုံးတွင် မှားယွင်းစွာ ထည့်သွင်းတရားစွဲဆိုခြင်းသည် ရိုဟင်ဂျာပြည်သူလူထုနှင့် အခြားပြည်သူလူထုများအကြား နားလည်မှု လွဲမှားခြင်းများ ဖြစ်ပေါ်လာနိုင်ပြီး၊ ရေရှည်ငြိမ်းချမ်းရေး၊ သင့်မြတ်ရေးနှင့် အနာဂတ်ကာလ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ဖော်ဆောင်ရေးကို များစွာအနှောင့်အယှက် အဟန့်အတား ဖြစ်လာနိုင်ပါသည်” လို့လည်း NUG ရဲ့ ထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး နိုင်ငံတကာက လူ့အခွင့်အရေးလှုပ်ရှားသူတွေက ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ တရားရုံးတွေမှာ အမှုဖွင့်တိုင်ကြားမှုတွေရှိခဲ့ပြီး လက်ရှိ အာဂျင်တီးနားဖက်ဒရယ်တရားရုံးက စစ်တပ်အရာအရှိ ၂၂ ဦးနဲ့ အရပ်ဖက် ပုဂ္ဂိုလ်သုံးဦးကို ဖမ်းဝရမ်းခဲ့တာဖြစ်ပါတယ်။

ဖမ်းဝရမ်းထုတ်ခံရတဲ့ အရပ်ဖက်ပုဂ္ဂိုလ်သုံးဦးထဲမှာ ဦးထင်ကျော်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့အပြင် ကြံ့ခိုင်ရေးပါတီ သမ္မတဟောင်း ဦးသိန်းစိန်လည်း ပါဝင်နေတာပါ။

NUG အနေနဲ့ လက်ရှိထုတ်ပြန်ချက်ထုတ်ပြန်ခဲ့တဲ့အပေါ် တက်ကြွလှုပ်ရှားသူတချို့နဲ့ လူမှုကွန်ရက်သုံးစွဲသူတွေက ဝေဖန်မှုတွေရှိနေပြီး ဒီဖြစ်စဉ်မှာ နိုင်ငံတကာတရားရုံးဖြစ်တဲ့ ICJ ထိ သွားရောက်ပြီး ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုကို ကာကွယ်ခဲ့တာဟာ ၎င်းတို့မှာလည်း တာဝန်တစ်စိတ်တစ်ပိုင်းရှိတယ်လို့ ဝေဖန်ပြောဆိုနေကြပါတယ်။

တော်လှန်ရေးအင်အားစုတွေနဲ့ တခြားသောလူမှုကွန်ရက်သုံးစွဲသူတွေကတော့ လက်ရှိမှာ အရပ်သားအစိုးရကို စစ်တပ်အာဏာသိမ်းထားပြီး အကျဉ်းထောင်အတွင်း ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အခုလို တရားခံစာရင်းမှာထည့်သွင်းတာ မမျှတတဲ့အတွက် စွပ်စွဲချက်ကို ပြန်လည်ပယ်ဖျက်သင့်တယ်လို့လည်း လူမှုကွန်ရက်ပေါ်မှာ ပြောဆိုနေကြပါတယ်။

အာဏာသိမ်းစစ်ကောင်စီဘက်ကတော့ အခုလို စစ်ခေါင်းဆောင်တွေကို ဖမ်းဝရမ်းထုတ်ဆင့်ခဲ့တာနဲ့ ပတ်သက်လို့ တုံ့ပြန်ပြောဆိုတာတွေ ထုတ်ပြန်ချက်တစ်စုံတစ်ရာထုတ်ပြန်တာတွေ လက်ရှိအချိန်ထိတော့ မတွေ့ရသေးပါဘူး။

၂၀၁၇ က ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ စစ်တပ်ရဲ့ နယ်မြေရှင်းလင်းမှု လုပ်ငန်းစဉ်တွေကြောင့် ဒီဒေသမှာ နေထိုင်တဲ့ ရိုဟင်ဂျာတွေ ညှဉ်းပမ်းနှိပ်စက်ခံရတာ၊ သတ်ဖြတ်ခံရတာတွေ ဖြစ်ပွားခဲ့ပြီး သောင်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေဟာ တစ်ဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ရကာ ဒုက္ခသည်စခန်းတွေမှာ လက်ရှိအချိန်ထိ ခိုလှုံနေရဆဲဖြစ်ပါတယ်။

ပုံစာ – နေပြည်တော်မှာ ပြုလုပ်တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံပွဲတစ်ခုမှာတွေ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်

ဓါတ်ပုံ – Myanmar State Counsellor Office

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."