မန္တလေး – ၂၀၂၁ မေ ၁၈ (မော်ကွန်း)
မန္တလေးမြို့မှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ တိုးမြှင့်ချထားထားပေမယ့် ဒီကနေ့ မေလ ၁၈ ရက်နေ့မှာလည်း စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်မှုတွေ သပိတ်စစ်ကြောင်းအသီးသီးက ပြုလုပ်ခဲ့ကြပါတယ်။
သံဃာတော်တွေပါဝင်တဲ့ ဘုရားကြီးသံဃာ့သပိတ်စစ်ကြောင်း၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအဖွဲ့ချုပ်၊ စိန်ပန်းသပိတ်စစ်ကြောင်း၊ MIIT ကျောင်းသားများ သပိတ်စစ်ကြောင်း၊ တမ္ပဝတီသပိတ်စစ်ကြောင်း၊
စတဲ့ သပိတ်စစ်ကြောင်း၊ မဟာအောင်မြေလူထု သပိတ်စစ်ကြောင်းတွေ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
ကျောင်းသားလူငယ်တွေရဲ့ မန္တလာတက္ကသိုလ် ကျောင်းသား/သူများသပိတ် စစ်ကြောင်းဟာ မြို့တွင်းနေရာတစ်ခုမှာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
နောက်ထပ်ကျောင်းသားလူငယ်တွေရဲ့ အဖွဲ့တစ်ခုဖြစ်တဲ့ တက္ကသိုလ်ကျောင်းသားများ သမဂ္ဂအဖွဲ့လည်း မန္တလေးရဲ့ အဓိကကျတဲ့ လမ်းမကြီးတစ်ခုဖြစ်ပြီး စစ်တပ်နဲ့ရဲတွေပါ ရှိတတ်တဲ့ ၃၅လမ်းမကြီးပေါ်တက်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
ဓာတ်ပုံများ – Simulation
#Dailynews

