ရန်ကုန် – ၂၀၂၄ ဇန်နဝါရီ ၂၄ (မော်ကွန်း)
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဆီဆိုင်မြို့မှာ စစ်ကောင်စီတပ်နဲ့ ပအိုးဝ်လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO/PNLA) အဖွဲ့တို့အကြား စစ်ရေးတင်းမာနေတာကြောင့် မြို့ပေါ်ကလူတွေ စစ်ဘေးရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဟိုပုံးမြို့နယ်၊ စံဖူးကျေးရွာမှာ စစ်ကောင်စီတပ်ရဲ့ လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ဖြစ်တဲ့ PNO အဖွဲ့နဲ့ PNLO တို့ ပြီးခဲ့တဲ့ ရက်ပိုင်းက ပစ်ခတ်မှုဖြစ်ခဲ့ပြီး ဒေသတွင်းစစ်ရေးတင်းမာလာတာပါ။
ဒီနေ့မနက်ပိုင်းမှာတော့ ဆီဆိုင်မြို့အနီးတစ်ဝိုက်မှာ စစ်ကောင်စီတပ်ရဲ့ လေယာဉ်တွေ ပျံဝဲနေသလို ဒေသတွင်း စစ်ရေးတင်းမာနေတဲ့ အခြေအနေကြောင့် ဆီဆိုင်မြို့ခံတွေဟာ တောင်ကြီးမြို့ဘက်ကို ထွက်ပြေးကြတယ်လို့ အဲ့ဒီ ထွက်ပြေးလာတဲ့ စစ်ဘေးရှောင်တစ်ဦးက မော်ကွန်းကိုပြောပါတယ်။
ဆီဆိုင်မြို့ပေါ်က စစ်ကောင်စီလက်အောက်ခံဝန်ထမ်းတွေပါ ရုံးတွေပိတ်ပြီး ထွက်ပြေးကြရသလို မြို့လုံးကျွတ်နီးပါး ထွက်ပြေးနေကြတာကြောင့် မြို့ပေါ်မှာ လူသူမရှိသလောက်ဖြစ်နေတယ်လို့ သူက ပြောပါတယ်။
“ဒီမနက်လေယာဉ်တွေ လာဝဲနေတော့ အကုန်အိမ်တွေ ပစ်ပြီးပြေးကြတာပေါ့။ မြို့ပေါ်က ဝန်ထမ်းတွေ အလုပ်ရုံတွေ အကုန်ပိတ်ပြီးပြေးကြတာ။ ကျွန်တော်တို့ မနက်ကထွက်လာတော့ တစ်မြို့လုံး လူမရှိတော့ဘူး။ အချို့အိမ်တွေတော့ အိမ်စောင့်လောက်ပဲရှိတော့တယ်” လို့ အဲ့ဒီ ဆီဆိုင်မြို့ခံက ပြောပါတယ်။
ဒါ့အပြင် ကယားပြည်နယ်ကနေ ထွက်ပြေးလာတဲ့ စစ်ဘေးရှောင်အများအပြားကို လက်ခံထားတဲ့ ဆီဆိုင်မြို့နယ် ဆိုက်ခေါင်စံပြကျေးရွာက ဒေသခံတစ်ဦးကတော့ ဒီနေ့မနက်ပိုင်းမှာ အဲ့ဒီစစ်ရှောင်တွေဟာ ထပ်မံပြီး စစ်ဘေးရှောင်နေကြရတယ်လို့ ပြောပါတယ်။
“ဒီမနက်ပဲ ဆိုက်ခေါင်က စာသင်ကျောင်းတွေလည်း ပိတ်လိုက်ရတယ်။ စစ်ဘေးရှောင်တွေ ဆိုက်ခေါင်မှာရှိတယ်လေ။ သူတို့လည်း ထပ်ပြီး ရှောင်ကြရတယ်” လို့ အဲ့ဒီ ဒေသခံက ပြောပါတယ်။
အဲ့ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ PNLO ဆီဆိုင်မြို့ ဆက်ဆံရေးရုံးကို မော်ကွန်းက အကြိမ်ကြိမ်ဆက်သွယ်ပေမယ့် ဖုန်းမဖြေကြားပါဘူး။
ယခုလ ၂၀ ရက်က ဟိုပုံးမြို့နယ်၊ စံဖူးကျေးရွာအနီးမှာ စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်အဖွဲ့ဟာ လက်နက်တွေ တင်ဆောင်လာတဲ့ PNLO တပ်ဖွဲ့ဝင်တွေရဲ့ ကားကို တားဆီးရာက တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
အဲ့ဒီတိုက်ပွဲမှာ PNLO တပ်ဖွဲ့ဝင်တွေဟာ လက်နက်တွေတင်လာတဲ့ ကားတွေကို မီးရှို့ခဲ့ရာက စံဖူးကျေးရွာက နေအိမ်အချို့မီးလောင်ခဲ့သလို လက်နက်ငယ်မျိုးစုံ ၅၀၄ လက်၊ RPG ၁၀ လက်၊ ၁၀၇ မမ ရှော့တိုက်ဒုံး ၆ လုံးကိုလည်း စစ်ကောင်စီက သိမ်းဆည်းခဲ့ပြီး PNLO တောင်ကြီးရုံးမှ ဆက်ဆံရေးတာဝန်ခံ သုံးဦးကိုလည်း စစ်ဆေးမေးမြန်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။
ယခုလ ၂၂ ရက်ညနေပိုင်းကလည်း ဆီဆိုင်မြို့နယ်၊ နောင်ထော်ကျေးရွာကို စစ်ကောင်စီတပ်ဘက်က လေကြောင်းကနေလာရောက်ပစ်ခတ်ခဲ့သလို PNLA ကလည်း နောင်ထော်ကျေးရွာအနီးက စစ်ကောင်စီတပ်စခန်းနဲ့ PNO ပြည်သူ့စစ်စခန်းတွေကို ရှင်းလင်းခဲ့ပြီး ဒေသတွင်း တိုက်ပွဲတွေဖြစ်လာနိုင်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။
ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO/PNLA) အဖွဲ့ဟာ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) မှာ လက်မှတ်ထိုးထားတဲ့ အဖွဲပါ။
ဒါ့အပြင် PNLO ဟာ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကိုလည်း တက်ရောက်ဆွေးနွေးနေပြီး ဒေသတွင်းမှာလည်း စစ်ဘေးရှောင်တွေကို ကူညီနေတဲ့အဖွဲ့ဖြစ်ပါတယ်။
ပုံစာ – ဒီနေ့မနက်ပိုင်း လူသူကင်းမဲ့နေတဲ့ ဆီဆိုင်မြို့မြင်ကွင်း
ဓာတ်ပုံ – Khun Iceforest

