ဒီဇင်ဘာ-၂၀၁၂ – ဇန်နဝါရီ-၂၀၁၃ထုတ်၊မော်ကွန်းမဂ္ဂဇင်း အမှတ်(၃) မှ ကဗျာဖြစ်ပါသည်။
မင်းထက်မောင် ရေးသည်။
ဟိုဘက်စစ်တပ်နဲ့ ဒီဘက်စစ်တပ်
စစ်တပ်ကြီးနှစ်တပ် စစ်တိုက်ကြတယ်
စစ်တိုက်ကြတော့
ဟိုဘက်နဲ့ ဒီဘက်က
စစ်သားတွေနဲ့ စစ်ဗိုလ်ငယ်တွေဟာ
သူသေ ကိုယ်သေ
သေနတ်တွေနဲ့ပစ်ခတ်ကြတယ်
အမြောက်တွေနဲ့ လှမ်းထုကြတယ်
လက်ပစ်ဗုံးနဲ့ မိုင်းဗုံးတွေလည်း
ဖောက်ခွဲကြတယ်
တအုန်းအုန်း တဒိုင်းဒိုင်းပေါက်ကွဲသံတွေ ဆူညံပွက်လို့
ယမ်းငွေ့ညှော်နံ့တွေ တအူအူထနေတဲ့
စစ်မြေပြင်မှာ
ကျည်ဆန်မိုးတွေ တရစပ်ရွာသွန်းဖြိုးကြသလို
အနီးကပ်ရင်ဆိုင်တိုက်ပွဲတွေမှာလည်း
လှံစွပ်တွေ ဓားမြှောင်တွေနဲ့
တစ်ယောက်ကို တစ်ယောက်
ရက်ရက်စက်စက် ထိုးသတ်ကြ
သူ့ကို ကိုယ်မသတ်ရင် ကိုယ့်ကို သူသတ်လိမ့်မယ်တဲ့
အပြင်းအထန် သတ်ကြ ဖြတ်ကြ လုပ်ကြံကြပေါ့။
ဟိုဘက်စစ်တပ်နဲ့ ဒီဘက်စစ်တပ်
စစ်တပ်ကြီးနှစ်တပ် စစ်တိုက်ကြတယ်
ရုပ်ရှင်ရိုက်တာမဟုတ်တဲ့
တကယ့်စစ်တိုက်ခြင်းမြင်ကွင်းဟာ
ဘယ်မှာလာပြီး အနုပညာမြောက်ပါ့မလဲ
မမြောက်တဲ့အပြင် အနိဌာရုံငရဲအသွင်
ဒီဖြစ်စဉ်အခင်းအကျင်းကိုပဲ
သူရဲကောင်းတို့ရဲ့ ရဲစွမ်းသတ္တိကို
ထုတ်ဖော်ပြသခြင်းလို့ ဆိုကြမှာလား
ဒါမှမဟုတ်
မိုက်မဲတဲ့လူသားရဲ့ ဆိုးယုတ်ရက်စက်မှုကို
မျက်ဝါးထင်ထင်ပြသခြင်းလို့ ဆိုကြမှာလား။
သိပ်မကြာလှတဲ့ စစ်ပွဲငယ်တစ်ပွဲ ဆင်နွှဲအပြီးမှာတော့
သွေးချောင်းတွေက စီးမြဲစီးလို့
ဟိုဘက်ကရော ဒီဘက်ကရော
ကျဆုံးသူအလောင်းတွေ တောင်လိုပုံတယ်
အိုးအိမ်တိုက်တာ အဆောက်အအုံတွေလည်း
ပျက်စီးကြေမွတာ ကြေမွ
မီးလောင်ပြာကျတာ ပြာကျလို့
စစ်ပွဲရဲ့ အမှတ်သင်္ကေတကို ရိုက်နှိပ်ကြ
ဒီစစ်ပွဲမှာ
ဘယ်ဘက်ကနိုင်နိုင်
တကယ်တမ်းဆုံးရှုံးရတာကတော့
လူ့အသက်ခန္ဓာတွေနဲ့ ဥစ္စာဓနတွေပဲပေ့ါ။
ဟိုဘက်စစ်တပ်နဲ့ ဒီဘက်စစ်တပ်
စစ်တပ်ကြီးနှစ်တပ် စစ်တိုက်ကြတယ်
ကလေးတွေလို ပျော်သဘောနဲ့
စစ်တိုက်တမ်း ကစားကြတာမဟုတ်ဘူး
တကယ့်သေနတ်အစစ်၊ တကယ့်ကျည်ဆန်အစစ်တွေနဲ့
တကယ်သေအောင် ကျေအောင် တိုက်ကြတာ
တိုက်ပွဲဖြစ်ပွားရာမှာ
ဟိုဘက် ဒီဘက် နှစ်ဘက်စလုံးက
စစ်သားတွေသေတယ်
စစ်ဗိုလ်တွေသေတယ်
စစ်သား၊ စစ်ဗိုလ်တွေသာမက
ဒေသခံပြည်သူတွေလည်းသေတယ်
ကလေးငယ်တွေနဲ့ မိန်းမတွေများများသေတယ်
လူတွေသေသလို
ကျွဲတွေ၊ နွားတွေလည်းသေတာပဲ
စားပင်၊ သီးပင်တွေလည်းသေတာပဲ
တချို့ မသေဘူး
မသေဘဲ ခြေထောက်ပြတ်သွားတယ်
မသေဘဲ လက်ပြတ်သွားတယ်
မသေဘဲ မျက်လုံးကန်းသွားတယ်
မသေဘဲ နားကန်းသွားတယ်
တချို့ လူမသေဘဲ စိတ်သေသွားတယ်
ထောင်သောင်းချီတဲ့လူအများစုကြီးကတော့
နေရပ်ရင်းကို စွန့်ခွာထွက်ပြေးကြရ
မိသားစုတွေ ကွဲကွာပျောက်ရှ ဝေးကြရ
ကျောင်းနေအရွယ် ကလေးငယ်တွေ
စာသင်ကျောင်းကိုသွားပြီး စာမသင်ကြားကြရ
သက်ကြီးရွယ်အိုနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေ
လိုအပ်တဲ့ကျန်းမာရေးစောင့်ရှောက်မှုကို မခံယူကြရ
ဒုက္ခသည်တွေဟာ
ဒုက္ခသည်စခန်းတွေမှာ
ဒုက္ခအမျိုးမျိုးနဲ့ ရင်ဆိုင်ကြုံတွေ့နေရပေါ့။
ဟိုဘက်စစ်တပ်နဲ့ ဒီဘက်စစ်တပ်
စစ်တပ်ကြီးနှစ်တပ် စစ်တိုက်ကြတယ်
နေ့စဉ်ဆိုသလို
ခဏခဏဆိုသလို
ဟိုနေရာ ဒီနေရာတွေမှာ စစ်ပွဲငယ်တွေတိုက်ကြတယ်။
စစ်ပွဲငယ်တွေဟာ
အရေအတွက်အားဖြင့် ရာချီထောင်ချီများပြားလာ
အချိန်ကာလအားဖြင့်လည်း လချီ နှစ်ချီကြာညောင်းလာတော့
အလွန်အင်မတန်ကြောက်မက်ဖွယ်ကောင်းတဲ့
ရေရှည်စစ်ပွဲကြီးအသွင်ပြောင်းလာတယ်
နှစ်ဖက်ကြားမှာ
တားမနိုင် ဆီးမရတဲ့
မုန်းတီးမှုနဲ့ အာဃာတတွေလည်း
ချေဖျက်လို့မရနိုင်တော့လောက်အောင်
ကြီးမားသထက် ကြီးမားလာကြ
တစ်ဖက်နဲ့ တစ်ဖက်
ဘာကိုမှ မယုံကြည်ကြတော့ဘူး
အရာရာအပေါ် သံသယစိတ်တွေ တရွရွနဲ့
ရန်သူကို အမြစ်ပြတ်ချေမှုန်းရေးအတွက်
ဒေါသသင့် စစ်သွေးစစ်မာန်တွေသာ နိုးကြွ
ဒါကြောင့်လည်း
နောက်ထပ်စစ်ပွဲ အသစ်အသစ်တွေ
မပြီးနိုင်မစီးနိုင် ဆက်လက်ဆင်နွှဲကြဖို့
အာဂသတ္တိတွေ မွေးမြူပြင်ဆင်
ငြိမ်းချမ်းရေးကို မမြင်နိုင်ကြတော့ဘူးပေါ့။
ဟိုဘက်စစ်တပ်နဲ့ ဒီဘက်စစ်တပ်
စစ်တပ်ကြီးနှစ်တပ် စစ်တိုက်ကြတယ်
တိုက်နေကြတယ်၊ တိုက်နေကြဆဲ
အခုဆိုရင်
သူတို့စစ်တိုက်နေခဲ့ကြတဲ့ အချိန်ကာလဟာ
အတော်ကြီးကြာမြင့်ခဲ့ပြီ
အတော်ကြီးကြာသမို့
နှစ်ဖက်စလုံးက စစ်သည်တွေလည်း ပန်းကုန်ကြပြီ
စစ်နယ်မြေ တစ်ဝှမ်းလုံးလည်း နွမ်းကြေခဲ့ပြီ
ဒါပေမဲ့ တိုက်နေတဲ့ စစ်မုန်တိုင်းကြီးကတော့
အရိုင်းဆန်လှစွာကြမ်းလို့ရမ်းလို့ မပြီးဆုံးသေး
မပြီးဆုံးသေးတဲ့ ဒီစစ်ပွဲမှာ
သေဆုံးဒဏ်ရာရသူတွေ ဘယ်လောက်
စစ်ပြေးဒုက္ခသည်တွေ ဘယ်လောက်
ပျက်စီးဆုံးရှုံးမှုတွေ ဘယ်လောက်
စစ်အသုံးစရိတ်တွေ ဘယ်လောက်
ကြားထဲကအမြတ်ထွက်သူတွေ ဘယ်လောက်
အဲဒီဘယ်လောက်တွေ ခဏထားလို့
သူတို့ဘာ့ကြောင့် စစ်တိုက်ခဲ့ကြသလဲဆို
စားပွဲမှာမျက်နှာချင်းဆိုင်ပြီး
သံတမန်နည်းနဲ့ဖြေရှင်းရမယ့်ကိစ္စကို
အောင်မြင်အောင်မဆောင်ရွက်နိုင်ခဲ့ကြလို့
စစ်တိုက်ခဲ့ကြတာပဲ မဟုတ်လား
စစ်တပ်ကြီးနှစ်တပ် စစ်တိုက်အောင်
အမိန့်ပေးခဲ့ကြသူတွေကတော့
စစ်သားနဲ့ စစ်ဗိုလ်ငယ်တွေမဟုတ်ကြဘဲ
အနည်းငယ်မျှသော စစ်ဗိုလ်ချုပ်ကြီးတွေပဲပေါ့။ ။