မြင်းမူ – ၂၀၂၃ ဖေဖော်ဝါရီ ၂၇ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်က တော်လှန်ရေးတပ်ဖွဲ့စခန်းတစ်ခုကို ဝင်ရောက်စီးနင်းတိုက်ခိုက်ဖို့ အာဏာသိမ်းစစ်တပ်ဟာ ကလေးသူငယ်နှစ်ဦးကို ဖမ်းဆီးကာ လမ်းပြခိုင်းပြီးတဲ့နောက်မှာ ခေါင်းဖြတ်သတ်ပစ်ခဲ့တယ်လို့ Zeroပြောက်ကျားတပ်ဖွဲ့တာဝန်ရှိသူက မော်ကွန်းကိုပြောပါတယ်။
ဖေဖော်ဝါရီ ၂၅ရက်မှာ ညောင်ပင်ကန်ရွာနေ ကလေးနှစ်ဦးကိုဖမ်းဆီးပြီးနောက် မနေ့က Zero ပြောက်ကျားတပ်ဖွဲ့ရဲ့ယာယီစခန်းနေရာကိုလိုက်ပြခိုင်းခဲ့တယ်လို့ သူကပြောပါတယ်။
“တမြန်နေ့ကဖမ်းသွားတာ၊မနေ့က စခန်းလိုက်ပြခိုင်းပြီး ညောင်ပင်ကန်ဘုန်းကြီးကျောင်းမှာ ကလေးနှစ်ယောက်လုံးကိုခေါင်းဖြတ်သတ်သွားတယ်၊ စခန်းကိုလည်းမီးရှို့သွားတယ်၊ လက်နက်ခဲယမ်းတွေတော့မပါသွားဘူး၊ဖောက်ခွဲရေးပစ္စည်းတွေနဲ့ စားနပ်ရိက္ခာအဝတ်အစားတွေပါသွားတယ်”လို့ Zero ပြောက်ကျားတပ်ဖွဲ့တာဝန်ရှိသူကပြောပါတယ်။
အသတ်ခံလိုက်ရတဲ့ ကလေးသူငယ်နှစ်ဦးဟာ ၁၀ နှစ်ဝန်းကျင်အရွယ်တွေဖြစ်တယ်လို့ သူကဆိုပါတယ်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စောင့်ကြည့်တွက်ချက်မှုတွေအရ အာဏာသိမ်းစစ်တပ်လက်ချက်နဲ့ နွေဦးတော်လှန်ရေးမှာ ကျဆုံးရသူဟာ အနည်းဆုံး ၃,၀၀၀ ကျော်ရှိလာပြီး ကလေးသူငယ် ၃၀၀ နီးပါး ပါဝင်ပါတယ်။
စခန်းကို တိုက်ခိုက်ဖျက်ဆီးခံရလို့ ကျပ်သိန်း ၃၀၀ ကျော်တန်ဖိုးရှိ ပစ္စည်းတွေ ဆုံးရှုံးသွားခဲ့ရတယ်လို့ Zero ပြောက်ကျားတပ်ဖွဲ့တာဝန်ရှိသူကပြောပါတယ်။
Zero ပြောက်ကျားတပ်ဖွဲ့စခန်းကို လာတိုက်ခိုက်တဲ့ အာဏာသိမ်းစစ်တပ်ကို တော်လှန်ရေးတပ်ဖွဲ့တွေက ပြန်လည်တိုက်ခိုက်တာကြောင့် တိုက်ပွဲအပြင်းအထန်တစ်နေကုန်ဖြစ်ပွားခဲ့ပြီး နှစ်ဘက်ထိခိုက်သေဆုံးမှုတွေလည်းရှိခဲ့ပါတယ်။
အာဏာသိမ်းစစ်အုပ်စုနဲ့ အပြန်အလှန်တိုက်ပွဲ ဖြစ်ပွားပြီးနောက် မဟာမိတ်တပ်ဖွဲ့ဖြစ်တဲ့ ဆားတောင်မိုးကြိုးအဖွဲ့က ရဲဘော်နှစ်ဦးကျဆုံးခဲ့တယ်လို့ Zero ပြောက်ကျားတပ်ဖွဲ့တာဝန်ရှိသူက ပြောပါတယ်။
#Dailynews

