ကန့်ဘလူ – ၂၀၂၃ မတ် ၂၄ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ထန်းကုန်းတိုက်နယ် ညောင်ဇင်ကြီးရွာကို အာဏာသိမ်းစစ်တပ်က မနေ့ညနေပိုင်းမှာ မီးရှို့ခဲ့ပြီး စိတ်ကျန်းမာရေးချို့တဲ့သူအမျိုးသားတစ်ဦး အဲဒီမီးထဲမှာ သေဆုံးခဲ့တယ်လို့ စစ်ရှောင်တွေကိုကူညီပေးနေသူ ကိုတက်တိုးက မော်ကွန်းကိုပြောပါတယ်။
နေအိမ်တွေကို မီးရှို့ခဲ့တဲ့ အာဏာသိမ်းစစ်တပ်စစ်ကြောင်းမှာ အင်အား ၁၅၀ ဝန်းကျင်ပါရှိပြီး မီးလောင်နေတဲ့နေအိမ်ထဲမှာ သေဆုံးခဲ့တဲ့ စိတ်ကျန်းမာရေးချို့တဲ့သူဟာ အသက် ၂၀ အရွယ်ရှိတဲ့ အမျိုးသားတစ်ဦးဖြစ်ပါတယ်။
” သူကစိတ်မနှံ့တဲ့သူဆိုတော့ စစ်ကြောင်းလာတာကို သူ့အိမ်ထဲ ပြန်ဝင်သွားတာ၊ စစ်သားတွေက အိမ်တွေရှို့တော့ သူပါရှို့ခံလိုက်ရတာ၊ ဒီနေ့မနက်တော့အရိုးပြာရခဲ့ပြီ”လို့ ကိုတက်တိုးကပြောပါတယ်။
အာဏာသိမ်းစစ်တပ်မီးရှို့တာကြောင့်ညောင်ဇင်ကြီးရွာက နေအိမ်အများပြား ပျက်စီးဆုံးရှုံးခဲ့ရပြီး နေအိမ်စာရင်းအတိအကျကိုမသိရသေးပါဘူး။
အာဏာသိမ်းစစ်တပ်ဟာ မတ် ၂၂ရက်မှာ ဆူးပုတ်ကုန်းရွာကိုဝင်ရောက်ခဲ့ပြီး ကျေးရွာဘုန်းကြီးကျောင်းကမပြေးနိုင်တဲ့ သက်ကြီးရွယ်အိုတွေဆီက ရွှေ၊ ငွေနဲ့ပိုက်ဆံတွေကို အတင်းအကျပ်ယူတဲ့အပြင် ရွာထဲကဆိုင်ကယ်နဲ့နွားအကောင်ရေ ၄၀ ဝန်းကျင်ကိုလည်း ယူသွားကြပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ဆူးပုတ်ကုန်းရွာကတဆင့် ညောင်ဇင်လေးရွာကိုဝင်ရောက်ပြီးနောက် ပျူစောထီးတွေနဲ့ပူးပေါင်းကာ ညောင်ဇင်ကြီးရွာကိုဝင်ရောက်မီးရှို့ခဲ့တာပါ။
အာဏာသိမ်းစစ်တပ်စစ်ကြောင်းဝင်ရောက်လာတာကြောင့် ဆူးပုတ်ကုန်း၊ ဗိုလ်ကုန်း၊ ဗိုလ်တဲကုန်း၊ မကုန်း၊ ညောင်ဇင်ကြီး၊ ပေလည်နှင့် သရက်ခေါင်းရွာမှ အပြစ်မဲ့ပြည်သူ တစ်သောင်းခန့် အိုးအိမ်စွန့်ခွါပြီး ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ စစ်ရှောင်ကူညီနေသူတွေကဆိုပါတယ်။
#Dailynews

