“အရင်ဆုံး စစ်ကောင်စီ ကင်းစင်အောင် လုပ်နိုင်တဲ့အဖွဲ့ကို ပြည်သူက ထောက်ခံမှာပဲ၊ ပြည်သူက လေးစားမှာပါပဲ”

“အရင်ဆုံး စစ်ကောင်စီ ကင်းစင်အောင် လုပ်နိုင်တဲ့အဖွဲ့ကို ပြည်သူက ထောက်ခံမှာပဲ၊ ပြည်သူက လေးစားမှာပါပဲ”

ရန်ကုန် – ၂၀၂၄ စက်တင်ဘာ ၁၀ (မော်ကွန်း)

ချင်းပြည်နယ်တော်လှန်ရေးမှာ ၁၉၈၈ လူထုအရေးတော်ပုံကတစ်ဆင့် မွေးဖွားခဲ့တဲ့ ချင်းအမျိုးသားတပ်ဦး/ ချင်းအမျိုးသား တပ်မတော် (Chin National Front/ Chin National Army- CNF/CNA ) နဲ့ ၂၀၂၁ နွေဦးအရေးအခင်းကနေ ပေါက်ဖွားလာတဲ့ ချင်းကာကွယ်ရေးတပ်(Chin Defense Force – CDF) အင်အားစုတွေကြား နိုင်ငံရေး၊ စစ်ရေး အကွဲအပြဲတွေရှိနေပါတယ်။

၁၉၈၈ ကတည်းက CNF/CNA တိုက်လာပေမယ့် တုတ်တုတ်တောင် မလှုပ်ခဲ့တဲ့ ချင်းပြည်နယ်က စစ်အာဏာရှင်တပ်ဖွဲ့တွေကို နွေဦးအရေးအခင်းမှာပေါ်လာပြီး ချင်းလူငယ်တွေဦးဆောင်ကြတဲ့ CDF တွေက အချိန်တိုအတွင်း ပြားပြားဝပ်သွားအောင် ဦးချိုးထားနိုင်ခဲ့သလို အခုဆိုချင်းပြည်နယ်မှာ စစ်ကောင်စီတပ်တွေဟာ တပ်တွင်းကနေအပြင်မထွက်ရဲဘဲ ကျီးလန့်စာစား ဖြစ်နေရတဲ့အခြေအနေပါ။

ချင်းပြည်တော်လှန်ရေး၊ ချင်းအင်အားစုတွေကြားကအကွဲအပြဲနဲ့ ဘာကြောင့်ဒီလိုအခြေအနေအထိ ရောက်ခဲ့ရသလဲဆိုတာ တွေကို လက်ရှိ ချင်းပြည်နယ်မှာ နယ်မြေအများစုလွှမ်းမိုးထားတဲ့ ချင်းညီနောင်တပ်ဖွဲ့(Chin Brotherhood-CB) ရဲ့ ပြောခွင့် ရသူ ဆလိုင်းယောမာန်ကို မော်ကွန်းက ဆက်သွယ်မေးမြန်းထားတာတွေထဲက တချို့ကို ကောက်နှုတ်ဖော်ပြလိုက်ပါတယ်။

ဆလိုင်းယောမာန်- CDF-Mindat/ ချင်းညီနောင်တပ်ဖွဲ့၊ ပြောခွင့်ရပုဂ္ဂိုလ်။

မော်ကွန်း။ ။ ချင်းညီနောင်တပ်ဖွဲ့ကို ဘယ်လိုဖန်တီးလိုက်သလဲဆိုတာနဲ့ ဘယ်လိုစုဖွဲ့ထားသလဲဆိုတာ ပြောပြပေးပါ။
ဆလိုင်းယောမာန်။ ။ တော်လှန်ရေးကာလမှာ ချင်းပြည်နယ်မှာ ချင်းကာကွယ်ရေးတပ် (CDF) တွေ ပေါ်လာတယ်။ ကိုယ့်မြို့နယ်မှာ ကိုယ်ဖွဲ့ကြတယ်။ မြို့နယ်အခြေပြု CDF တွေ ရှိတယ်။ ပြီးတော့ မျိုးနွယ်စုအခြေပြု CDF တွေလည်း ရှိတယ်။ ဥပမာ- မြို့နယ်အခြေပြုအဖွဲ့ဆိုရင် CDF- မင်းတပ်တို့၊ CDF- ကန်ပက်လက်တို့၊ CDF-ဟားခါးတို့ စသဖြင့်ပေါ့။ ပြီးတော့ CDF- ဇိုဖေတို့၊ CDF- ဇိုတုန်တို့ အဲဒါမျိုးတွေကြတော့ မျိုးနွယ်စု အခြေပြုအဖွဲ့တွေပေါ့။

အဲဒီလိုထွက်ပေါ်လာပြီးနောက်ပိုင်း တော်လှန်ရေးကိုရှေ့ဆက်ကြမယ်ဆိုတဲ့အချိန်မှာ ကျွန်တော်တို့အနေနဲ့ မလုပ်တတ်၊ မကိုင်တတ်တာ၊ အတွေ့အကြုံအားနည်းတာတွေကြောင့် အကုန်လုံးကတော့ CNF/CNA ကို အားကိုးကြတာချည်းပဲ။ အားကိုး တယ်၊ တိုင်ပင်တယ်၊ အကူအညီအကြံဉာဏ်တွေ တောင်းတယ်ပေါ့လေ။ ဒါပေမဲ့ အဆင်မပြေတာတွေ၊ အကူအညီမရတာတွေ ရှိတယ်။

မရတာလည်းတစ်ကြောင်း၊ အာဏာရှင်တော်လှန်ရေး တကယ်ထိရောက်အောင်လုပ်ချင်တာကြောင့်လည်း ကျွန်တော်တို့ အခုလို ညီနောင်စဖွဲ့ခဲ့တာပေါ့။ စဖွဲ့တုန်းက ဖလမ်းပါတယ်၊ တီးတိန် ပါတယ်၊ မင်းတပ် ပါတယ်၊ သုံးဖွဲ့နဲ့ ဒီညီနောင်အဖွဲ့ကို စခဲ့ကြတာပေါ့လေ။ ချင်းအမျိုးသားအဖွဲ့ချုပ်(CNO/CNDF) ရယ်၊ ချင်းကာကွယ်ရေးတပ်(မင်းတပ်)ရယ် ၊ ဇိုမီးဖက်ဒရယ် အစည်းအရုံးပေါ့နော်၊ သုံးဖွဲ့နဲ့ စခဲ့ကြတယ်။

ဒါက အခုမှစကြတာတော့ မဟုတ်ပါဘူး။ ၂၀၂၁ ကတည်းက ကျွန်တော်တို့အချင်းချင်းကြား မဟာမိတ်လုပ်ကြမယ်ဆိုပြီး မင်းတပ်ရယ်၊ ကန်ပက်လက်ရယ်၊ ဖလမ်းရယ်၊ တီးတိန်နဲ့ တွန်းဇံရယ်က အရင်ကတည်းကပြောထား၊ လုပ်ထားခဲ့တာ ရှိပါ တယ်။ ဒါပေမဲ့ အဲဒီ ၂၀၂၁ တုန်းကတော့ လက်တွေ့အရ၊ စစ်ရေးအရ အကူအညီပေးကြတာမျိုး မရှိသေးဘူးပေါ့လေ။ ကိုယ့်အဖွဲ့ နဲ့ကိုယ် အလုပ်ရှုပ်လုပ်နေခဲ့ကြတာပေါ့။

CB ပေါ်လာရတဲ့အကြောင်းအရင်းကလည်း ချင်းလဲန်းကောင်စီ (Chinland Council- CC) ဖွဲ့ဖို့ ပဏာမလုပ်တဲ့ ညီလာခံကို တက်ခဲ့ကြပါတယ်။ တက်ပြီးတဲ့နောက်ပိုင်းမှာ ဆွေးနွေးတာတွေ အဆင်မပြေဖြစ်ကြတယ်။ အဆင်မပြေတာက အကုန်လုံး တော့ မဟုတ်ပါဘူး။ အဓိက နှစ်ချက်၊ သုံးချက်လောက်ပါပဲ။

CC ရဲ့ အခြေခံဥပဒေနဲ့ ပတ်သက်လို့၊ စုဖွဲ့မှုပုံစံနဲ့ပတ်သက်လို့၊ ရာခိုင်နှုန်းအချိုးတွေနဲ့ပတ်သက်လို့ စသဖြင့် တချို့အချက် လေးတွေမှာ အဆင်မပြေဖြစ်ကြတာပါ။ အဲဒီကိစ္စတွေကို ဆက်ဆွေးနွေးကြမယ်ဆိုတဲ့အခြေအနေမှာ တစ်ဖက်က မဆွေးနွေး တော့ဘဲ ချင်းပြည်အစိုးရဖွဲ့မယ်၊ မပါတဲ့အဖွဲ့တွေ ကန်ထုတ်မယ် ဘာညာဆိုတဲ့ပုံစံတွေ များလာတဲ့အတွက်ကြောင့် ကျွန်တော်တို့လည်း ပါဖို့အဆင်မပြေဘူးဆိုတော့ မပါကြတော့ဘူး။

အဆင်မပြေတာကတော့ တော်လှန်ရေးလုပ်ရခြင်း ရည်ရွယ်ချက်၊ တော်လှန်ရေးပန်းတိုင်၊ ကျွန်တော်တို့ယုံကြည်တဲ့ တရားမျှတမှု၊ အပြန်အလှန်လေးစားတန်ဖိုးထားမှု၊ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ဆိုတဲ့ဟာတွေကို လုံးဝပစ်ပယ်ခံလိုက်ရသလို ဖြစ်နေတယ်။ အဲဒီလိုဆိုရင်တော့ မရဘူး။ အာဏာရှင်ဆို ဗမာဖြစ်ဖြစ်၊ ချင်းဖြစ်ဖြစ်၊ ရခိုင်ဖြစ်ဖြစ်ပေါ့လေ၊ ကျွန်တော်တို့က ချင်းတွေမို့လို့ ချင်းအာဏာရှင်ဆိုရင်တော့ လက်ခံမယ်၊ ဗမာအာဏာရှင်တော့ လက်မခံဘူးဆိုတဲ့ ပုံစံမျိုးမရဘူး။

ကျွန်တော်တို့က ဗမာနဲ့ရော၊ ရခိုင်နဲ့ရော၊ ယောတွေနဲ့ရော၊ ကချင်တွေနဲ့ရော၊ ချင်းတွေအချင်းချင်းရော ရောနှောပြီး သဟဇာတ ရှိရှိ မျှမျှတတနေထိုင်လိုတဲ့သူတွေဆိုတော့ အဲဒီအပိုင်းတွေမှာ (ချင်းလဲန်းကောင်စီနဲ့) အဆင်မပြေတာတွေရှိတယ်။ ပြီးတော့ CC ကနေ ကျွန်တော်တို့ကို အရမ်းဖိအားပေးလာတဲ့အတွက်ကြောင့် ကျွန်တော်တို့ CB ကို စဉ်းစားလာခဲ့ကြရတယ်။

CC မဖြစ်လာသေးခင်ကတည်းက တစ်ဖက်မှာ ကျွန်တော်တို့က အာရက္ခတပ်တော် (AA) နဲ့ သင်တန်းတွေဘာတွေ ယူထားပြီး သား။ ဒီလိုလုပ်ခဲ့ရတာကလည်း ချင်းတော်လှန်ရေးရဲ့ သုံးနှစ်တာကာလသည် ဇာတ်မျောကြီးလို ဖြစ်နေပြီ။

၂၀၂၁ မှာဆိုရင် CDF-မင်းတပ် လို့သာ ခေါ်ခဲ့ကြတာ တကယ်တော့ ပြောက်ကျားအဖွဲ့ပါပဲ။ ၂၀၂၂ မှာလည်း ဒီအဆင့်မှာပါပဲ။ ၂၀၂၃ လည်း ဒီအဆင့်ပဲ။ CDF-မင်းတပ် တင်ပဲလားဆိုတော့လည်း မဟုတ်ဘူး။ ကျန်တဲ့ CDF တွေလည်း ကျွန်တော်တို့လိုပဲ သူမသာ၊ ကိုယ်မသာ အခြေအနေချည်းပဲ။

ဒီလိုပုံစံနဲ့သာဆက်သွားနေကြရင် ဘယ်တော့မှ မြို့သိမ်းတိုက်ပွဲတွေ လုပ်နိုင်မှာမဟုတ်ဘူး။ ဒီပုံစံနဲ့တော့ ဘယ်တော့မှ အာဏာရှင်ပြုတ်ကျမှာ မဟုတ်ဘူး။ ဆိုတော့ တကယ်ထိရောက်တဲ့ တော်လှန်ရေးဖြစ်အောင်၊ ကျစ်လျစ်တဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေ ဖြစ်လာအောင်လုပ်ဖို့လိုတယ်။ မဟုတ်ရင် လုံးပါးပါးပြီးမှ သေနတ်ကိုင် ယူနီဖောင်းဝတ်ထားပြီးမှ၊ ဟိုယောင်ယောင်ဒီယောင်ယောင်ဖြစ်လာမယ်၊ လက်နက်ကိုင်ထားတဲ့ လက်နက်ကိုင်အဖွဲ့ကနေ နောက်ဆုံး အခြေအနေ အကြောင်းအမျိုးမျိုးကြောင့် လက်နက်ကိုင် သောင်းကျန်းသူအဆင့်အထိပါ ရောက်သွားနိုင်တဲ့အခြေအနေမျိုးတွေ ဖြစ်လာ နိုင်တယ်။

ဒါကြောင့် ကျွန်တော်တို့က တော်လှန်ရေးကို တော်လှန်ရေးနဲ့တူအောင်လုပ်ကြမယ်။ မြို့တွေကို လွတ်လပ်အောင် ပြန်တိုက် ယူမယ်။ အကုန်လုံးကျစ်လျစ်အောင် အဖွဲ့အစည်းကို ပြန်ပြုပြင်မယ်ဆိုပြီးပေါ့လေ။ ပြောချင်တာကတော့ တော်လှန်ရေးကို အရှိန်မြှင့်မယ်ပေါ့။

တော်လှန်ရေးဇာတ်မျောထဲ ငါတို့ပါသွားလို့ မဖြစ်ဘူး။ ဝါးလုံးခေါင်းထဲ လသာနေလို့ မရဘူးဆိုတဲ့ အတွေးတွေကြောင့်ရော၊ CC ကလည်း အတင်းဖိအားပေးလာတဲ့ Agenda (အစီအစဉ်)တွေပေါ့၊ ကျွန်တော်တို့ လက်မခံနိုင်တဲ့အချက်တွေအတွက်ကြောင့် ရော အကုန်လုံးကို စဉ်းစားပြီးတော့မှ အခု CB ကို စတင်ဖွဲ့စည်းရခြင်း ဖြစ်ပါတယ်။

မော်ကွန်း။ ။ CB ကို ဒီနှစ်ထဲမှာမှ ကျစ်ကျစ်လျစ်လျစ် ပြန်စုဖွဲ့ခဲ့တာပေါ့။
ဆလိုင်းယောမာန်။ ။ ကျွန်တော်တို့ ၂၀၂၃၊ ဒီဇင်ဘာ ၃၀ မှာ စတင်ဖွဲ့စည်းကြတာပါ။

မော်ကွန်း။ ။ ဒီလိုကျစ်လျစ်တဲ့စုဖွဲ့မှု၊ တော်လှန်ရေးရည်မှန်းချက်တွေအကောင်အထည်ဖော်ဖို့ အဓိက သင်တန်းတွေ ယူခဲ့တာက CNF/CNA မဟုတ်ဘဲ AA ဆီက ရခဲ့တာပေါ့။
ဆလိုင်းယောမာန်။ ။ AA ဆီက လောလောဆယ် CDF-မင်းတပ် တစ်ခုပဲ ဒီလိုသင်တန်းတွေယူခဲ့တာပါ။ အရှေ့မှာ လည်း ကိုယ့်နည်းကိုယ်ဟန်သင်တန်းတွေ ရှိခဲ့ပါတယ်။ ကျွန်တော်တို့ထဲမှာလည်း CNF ဆီမှာ သင်တန်းသွားတက်ဖူးတဲ့ သူတွေ ရှိပါတယ်။ ကချင်မှာ သင်တန်းသွားတက်ဖူးတဲ့သူတွေ ရှိပါတယ်။

ဒါပေမဲ့ အရေအတွက်အရရော၊ ကျွန်တော်တို့ CDF-မင်းတပ် တစ်ခုလုံးကို ပြောင်းလဲသွားစေမယ့်၊ ကျစ်လျစ်သွားစေမယ့် သင်တန်းမျိုးတွေတော့ မဟုတ်ဘူး။ အရင်ကတည်းက နှစ်ပတ်သင်တန်း၊ တစ်လသင်တန်းတွေ ရှိပါတယ်။ ဒါပေမဲ့ အားရစရာတော့ မဟုတ်ဘူးပေါ့။ ကျွန်တော်တို့အကုန်လုံး တပြေးညီသွားမယ့် သင်တန်းမျိုးကိုတော့ အာရက္ခတပ်တော်ရဲ့ အကူအညီနဲ့ အတိုင်းအတာတစ်ခုအထိ သွားနိုင်ကြပြီ။

မော်ကွန်း။ ။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ CB ကြားထဲမှာရော ဆက်ဆံရေး ဘယ်လိုရှိပါသလဲ။ ကြားရ သလောက် NUG ဟာ CB ကို အားမပေးဘူး၊ CNF/CNA ဦးဆောင်တဲ့ ချင်းလန်းဒ်ကောင်စီနဲ့တော့ MoU ထိုးပြီးတော့ကို ကူညီနေ တယ်လို့ ကြားရပါတယ်။ ဒီအပိုင်းကရော မှန်သလား၊ ရှင်းပြပေးနိုင်မလား။
ဆလိုင်းယောမာန်။ ။ ပြောရမယ်ဆိုရင် NUG က အသေအချာ အားပေးကူညီတာမျိုးမရှိဘူးလို့တော့ ပြောလို့ရနိုင် တယ်ပေါ့လေ။ ပိတ်ပင်နှောက်ယှက်တာမျိုးတော့ မရှိပါဘူး။ ဒါပေမဲ့ တစ်ဖက်မှာလည်း ကျွန်တော်တို့နဲ့ NUG ကြား အချိတ် အဆက်ရှိပါတယ်။

CB ရဲ့ နိုင်ငံရေးဦးဆောင်မှုဆိုရင် ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC – The Interim Chin National Consultative Council) ရှိတာကိုး။ ICNCC ဟာ NUG နဲ့ ချိတ်ဆက် လုပ်ဆောင်နေတဲ့ အဖွဲ့ပဲလေ။ ဥပမာ- ချင်းလဲန်းကောင်စီမှာဆိုရင် CNF/CNA တစ်ဖွဲ့တည်းနဲ့ပဲ NUG နဲ့ ချိတ်ထားတာကိုး။ အဲဒီအထဲပါတဲ့ ကျန်တဲ့အဖွဲ့တွေအကုန်လုံးဟာ NUG နဲ့ ချိတ်ဆက်မနေဘူး။

ကျွန်တော်တို့ရဲ့ ICNCC ကတော့ NUG ရဲ့ mandate (ထောက်ခံမှုအင်အား)ရတဲ့ အဖွဲ့လည်းဖြစ်တဲ့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC – National Unity Consultative Council) နဲ့လည်း ချိတ်ဆက်သွားနေကြတာတော့ ရှိပါတယ်။ ဒါပေမဲ့ CNF ကတော့ NUG နဲ့ လုံးဝ ချိတ်ဆက်ထားတယ်၊ စာချုပ် ချုပ်ထားတာတွေရှိတယ်။

နောက်ပိုင်းကျတော့ CNF/CNA ကစားလာတဲ့အကွက်က အစက သူတို့ကထန်တလန်(မြို့နယ်) အခြေစိုက်ပေါ့။ ထန်တလန် မှာမှ သူတို့က အဲဒီ Camp Victoria လို့ခေါ်တဲ့ ဒေသလေးမှာ အခြေစိုက်လောက်ပဲ ရှိတာကိုး။ လက်နက်အင်အား၊ လူအင်အား၊ ပြည်သူလူထု ထောက်ခံမှု၊ တိုက်ပွဲဖော်ဆောင်မှု၊ ဘာမှလောက်လောက်လားလား ရှိခဲ့တာ မဟုတ်ဘူး။

ဒါပေမဲ့ NUG နဲ့ သူတို့နဲ့ စာချုပ်ချုပ်တုန်းက NUG ကိုယ်တိုင်က ချင်းပြည်နယ်မှာ ချင်းအမျိုးသားတပ်(CNA) ကလွဲလို့ အခြား မည်သည့်လက်နက်ကိုင်အဖွဲ့မှမရှိရ ဆိုတဲ့ဟာကို NUG ကိုယ်တိုင်က သူတို့ကို Authorize (လုပ်ပိုင်ခွင့်) ပေးတဲ့ပုံစံ၊ လုံးဝ အသိအမှတ်ပြုတဲ့ပုံစံမျိုး လုပ်ခဲ့တဲ့အတွက်ကြောင့် အဲဒီအချက်ကို ကိုးကားပြီးမှ ချင်းပြည်နယ်မှာ တစ်ခြား ဘယ် CDF မှ မရှိရ၊ တစ်ခြား ဘာလက်နက်ကိုင်မှ မရှိရ၊ CNA သာရှိရမယ်ဆိုပြီး လုပ်လာတယ်။

အဲဒီလို NUG ကိုယ်တိုင်က လုပ်ခဲ့တာက NUG က CNF ကို ဘိသိက်လောင်းသလို လုပ်ပေးခဲ့တာ။ အဲဒီတော့ CNF/CNA က ကျန်တဲ့ CDF တွေကို ဖျက်သိမ်းဖို့၊ လက်ဝါးကြီးအုပ်ဖို့၊ အနိုင်ကျင့်ဖို့ လုပ်တာတွေ ဖြစ်လာတာပေါ့လေ။

ဆိုတော့ တကယ်ကြည့်မယ်ဆိုရင် CNF/CNA ဟာလည်း NUG ကို တော်လှန်ရေးအရ တကယ်အထောက်အပံ့ဖြစ်စေတာမျိုး၊ အကူအညီရစေတာမျိုး ဥပမာ KNU (ကရင်အမျိုးသားအစည်းအရုံး)၊ KIA (ကချင်လွတ်မြောက်ရေးတပ်မတော်) တို့လိုလည်း မရှိပါဘူး။ တိုက်ပွဲတွေလည်း ထိထိရောက်ရောက် မဖော်ဆောင်နိုင်ဘူး။ တော်လှန်ရေးအဖွဲ့တွေကို သေချာလေ့ကျင့်သင်ကြား ပေးနိုင်တာမျိုးလည်း ကောင်းကောင်းမရှိဘူး။

CNF/CNA ကလည်း NUG နာမည်နဲ့ဂုဏ်ပေါ့လေ၊ အဲဒီအရှိန်အဝါနဲ့ ဒီချင်းပြည်နယ်မှာ နိုင်ငံရေးလုပ်စားကြတာတွေရှိတယ်။ တစ်ဖက်မှာလည်း NUG ကိုယ်နှိုက်က သူ့တို့ကို လူသိရှင်ကြားလက်မှတ်ထိုးထားတယ်လေ။ NUG က အဲဒီအချိန်တုန်းက ရနိုင်သမျှ အကူအညီယူရမယ့် အခြေအနေရှိနေချိန်ဆိုတော့လေ၊ အဲဒီလို လုပ်ခဲ့ရဟန်တူပါတယ်။

ဒါပေမဲ့ NUG ဟာ ကျွန်တော်တို့ကြားမှာ လောလောဆယ် ကြားနေပုံစံမျိုးဖြစ်ပါတယ်။ ကျွန်တော်တို့ကို အားမပေးသလို ဖြစ်နေပေမဲ့ ပိတ်ပင်တယ်ဆိုတဲ့ အခြေအနေမျိုးတော့မဟုတ်ဘူး။ ICNCC ကတစ်ဆင့် NUG နဲ့ ကျွန်တော်တို့ ချိတ်ဆက် ထားတာရှိတယ်။ ထိတွေ့ဆက်ဆံမှု နည်းနည်းပါးပါးရှိတယ်လို့ ပြောလို့ရပါတယ်။

မော်ကွန်း။ ။ NUG ပေးတဲ့ mandate နဲ့ ချင်းနိုင်ငံရေးမှာ CNF/CNA က လက်ဝါးကြီးအုပ်နေတယ်လို့ ဆိုလိုချင်တာလား။
ဆလိုင်းယောမာန်။ ။ အဲဒီလိုမျိုးသက်ရောက်နေတာပေါ့။ အဲဒီလိုမျိုး ပြောလို့ရပါတယ်။

မော်ကွန်း။ ။ CNF/CNA က အရင်ကတည်းကသိတဲ့ ချင်းအဖွဲ့အစည်းပေါ့လေ။ စစ်တပ်နဲ့ NCA ထိုးပြီးတော့ နေပြည်တော်ကိုလည်း အကြိမ်ပေါင်းများစွာ လာနေတဲ့အဖွဲ့ပါ။ အခုနောက်ပိုင်း ချင်းလဲန်းကောင်စီ(CC)ကို ဖွဲ့ကြတယ်ပေါ့လေ။ အဲဒီအထဲမှာ CNF/CNA ပါ လာတယ်ပေါ့။ ဆိုတော့ ဒီ CC ကို ဘယ်လို ဖွဲ့ခဲ့ကြတာလဲ။ CC ထဲမှာ CB မပါဝင်ခဲ့ရတဲ့ နောက်ကွယ်က အကြောင်းတွေပေါ့လေ၊ CB က CC ဖွဲ့စည်းမှုမှာ ဘာကြောင့်မပါဝင်နိုင်ခဲ့သလဲ။

ဆလိုင်းယောမာန်။ ။ ပြောရမယ်ဆိုရင် ချင်းပြည်အရေးမှာက NUG တို့၊ CRPH (Committee Representing Pyidaungsu Hluttaw) တို့ပေါ့၊ ချင်း CRPH က အရင် ဖြစ်လာတာပေါ့လေ။ CRPH ကနေ NUG ဖြစ်တယ်။ နောက်ပိုင်းမှာ ICNCC ဆိုတာတွေအထိ ဖြစ်လာတယ်ပေါ့လေ။ ကြားကာလချင်းအမျိုးသားကောင်စီ (ICNCC) ကို အစုအဖွဲ့လေးခုနဲ့ စခဲ့တာပါ။ ဒါတွေကတော့ ၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်တွေကတစ်စု၊ ၂၅ ရာခိုင်နှုန်းပေါ့နော်။ CNF/CNA က ၂၅ ရာခိုင်နှုန်းရှိမယ်။ နိုင်ငံရေးပါတီအစုအဖွဲ့မှာ ကြံ့ဖွံ့ပါတီ( ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ) ကလွဲလို့ ဇိုမီးတို့၊ NLD တို့၊ CNLD တို့ စသဖြင့် နိုင်ငံရေးပါတီအစုက ၂၅ ရာခိုင်နှုန်းရှိမယ်။ ပြီးတော့ တက်ကြလှုပ်ရှားသူတွေ၊ အမျိုးသမီးအရေး၊ ကလေးသူငယ်အရေး၊ သပိတ်ကော်မတီတွေ၊ ကျောင်းသားတွေ၊ လူငယ်အဖွဲ့တွေ စသဖြင့် အဲဒီလို CSOs (အရပ်ဖက်အဖွဲ့အစည်းများ) တွေက ၂၅ ရာခိုင်နှုန်းပေါ့။ အဲဒီလို အစုအဖွဲ့လေးခုနဲ့ ICNCC ကို ဖွဲ့ခဲ့ကြတယ်။

အဲဒီမှာကတည်းက ရွေးကောက်ခံအမတ်တွေနဲ့ CNF/CNA က လုံးဝထိပ်တိုက်တွေ့ခဲ့ကြတာ။ တစ်ဖွဲ့နဲ့တစ်ဖွဲ့က ဒီ ICNCC တစ်ခုလုံးကို လွှမ်းမိုးနိုင်ဖို့ ကြိုးစားကြတာပေါ့။ ရွေးကောက်ခံအမတ်တွေကလည်း ပါတီအစုအဖွဲ့ဝင်တွေကို_ပါတီထဲမှာ NLD ကလည်းပြန်ပါနေသေးတာကိုး_ တခြား CSOs အစုအဖွဲ့ထဲက တက်ကြွလှုပ်ရှားသူတွေကို ရွေးကောက်ခံအမတ် အစုအဖွဲ့က လည်း စည်းရုံးအသုံးချ ချင်ကြတယ်။ CNF/CNA ကလည်း သူတို့အစုရယ်၊ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(CNLD) ထဲမှာလည်း သူတို့ကို အားပေးတဲ့သူတွေများတာကိုး၊ အဲဒီမှာပေါ့၊ သူတို့အစုနှစ်ဖွဲ့ဟာ ICNCC ထဲမှာ ပြိုင်ဆိုင်လာကြတယ်။

အလှည့်ကျသဘာပတိစနစ်နဲ့ ICNCC အစည်းအဝေးတွေကို လုပ်ကြတယ်။ ပြီးတော့ အားလုံးပါဝင်မှုနဲ့ သွားကြတယ်။ အစု တစ်စုက မတက်ရောက်လာဘူးဆိုရင် အစည်းအဝေးဟာ အထမမြောက်တော့ဘူး။ တစ်စုက အလှည့်ကျသဘာပတိဖြစ်နေချိန် မှာ အစည်းအဝေးမခေါ်ဘူးဆိုရင်လည်း အစည်းအဝေးဟာ မရှိပြန်တော့ဘူး။ အဲဒီလိုမျိုးနဲ့ ICNCC ဟာ သူတို့အစုနှစ်ဖွဲ့ရဲ့ နိုင်ငံရေးကစားကွင်းလို့ ဖြစ်နေတာပေါ့။
အဲဒီနောက်ပိုင်း ချင်းတော်လှန်ရေးမှာ CDF တွေ များသထက်များလာတာပေါ့။ အဲဒီအခါ Joint Military Council ဆိုတဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်မှုကောင်စီ(JMC) ကို ကျွန်တော်တို့ စဖွဲ့ကြတယ်။ ဒီဟာကို CNF/CNA က ကမကထလုပ်ပြီး ဖွဲ့ကြတာပါ။ အဲဒီမှာ CDF တွေ အများကြီးပေါ်လာခဲ့တယ်။ အဲဒီတုန်းကဆို ၁၅ ဖွဲ့လောက်ကို ရှိလိမ့်မယ်။ အဲဒီအထဲက ၁၀ ဖွဲ့လောက်ကို အရင်စုလိုက်ကြတယ်။ စုစည်းပြီးတော့မှ ချင်းပြည်အရေးကို အားလုံးတစ်စုတစ်စည်းတည်း သွားကြမယ်ဆိုပြီး အဲဒီဟာကို ချင်းဒေသပူးပေါင်းကာကွယ်ရေးကော်မတီ(Chinland Joint Defense Committee -CJDC)ကရော၊ NUG ကရော အကုန်လုံးစုပေါင်းကြမယ်ဆိုတာကို ထောက်ခံခဲ့ကြတယ်။ အဲဒီမှာ JMC ကို ဖျက်ပြီး CJDC ကို စဖွဲ့လိုက်ကြတယ်။

CJDC ဆိုတာက ကာကွယ်ရေးအဖွဲ့ပဲ၊ လက်နက်ကိုင်အဖွဲ့သက်သက်ပဲ။ ဒါပေမဲ့ နောက်ပိုင်းကျတော့ အဲဒီ CJDC ကနေ ပြည်နယ်အခြေခံဥပဒေတွေပါ ထဆွဲလာရော။ တကယ်က ICNCC ရဲ့ တကယ့်အလုပ်က ဒါပဲ။ ချင်းပြည်အခြေခံဥပဒေ ဆွဲရ မှာလေ။ အဲဒီအခြေခံဥပဒေအရ ICNCC သည် ချင်းပြည်အစိုးရကို ဖွဲ့စည်းပေးရမှာလေ။ အဲဒီလိုလုပ်ပြီးတာနဲ့ ICNCC သည် သူရဲ့ နိုင်ငံရေးအရ အရေးပါမှုအခန်းကဏ္ဏက အလိုအလျောက်ပျောက်ကွယ်သွားမှာ။

အဲဒီ ICNCC ထဲမှာပါတဲ့ အစုအဖွဲ့တွေထဲက တချို့သော ရွေးကောက်ခံအမတ်တွေသည် လွှတ်တော်ထဲ ပြန်သွားကြမယ်။ ချင်းပြည်အစိုးရတစ်ရပ်ပေါ်လာမယ်။ ချင်းပြည်လွှတ်တော်ပေါ်လာမယ်။ တရားစီရင်ရေးစနစ်ပေါ်လာမယ်။ မဏ္ဏိုင်သုံးရပ်နဲ့ သွားကြမယ်ပေါ့။ အဲဒီလို မဏ္ဏိုင်သုံးရပ်ပေါ်လာဖို့အတွက် အခြေခံဥပဒေရေးဆွဲရေးတာဝန်က ICNCC လုပ်ပေးရမှာ။

ဒါပေမဲ့ ICNCC ယန္တရားက အလုပ်မဖြစ်ဘူးဆိုပြီး ကာကွယ်ရေးတာဝန်ပဲရှိတဲ့ CJDC က အခြေခံဥပဒေ ထဆွဲလာရော။ CJDC က အခြေခံဥပဒေဆွဲသလို CNF/CNA ကလည်း သူ့ကိုယ်ပိုင် ချင်းလဲန်းအခြေခံဥပဒေဆိုပြီး ဆွဲပြန်ရော။ ဆိုတော့ အခြေခံ ဥပ‌ဒေတွေ အများကြီးဖြစ်လာတာပေါ့လေ။

ကျွန်တော်တို့ဘက်ကလည်း လက်နက်ကိုင်ဟာ လက်နက်ကိုင်အလုပ်ပဲ လုပ်သင့်တယ်။ ဘာလို့များ လက်နက်ကိုင်က အခြေခံ ဥပဒေတွေ ဝင်ဆွဲနေရတာတုန်းဆိုပြီး CJDC အဲဒီလိုလုပ်တာတွေကို ကျွန်တော်တို့ဘက်က လက်မခံဘူး။ ဒါပေမဲ့ တစ်ဖက်မှာ CJDC ရဲ့ အရေးပါမှုကို ကျွန်တော်တို့က သဘောပေါက်တဲ့အတွက် ဘယ်လိုလုပ်ခဲ့ရသလဲဆိုတော့ ဟုတ်ပြီ၊ CJDC ရဲ့ ဥပဒေနဲ့ ICNCC ရဲ့ ဥပဒေ ၊ အဲဒီနှစ်ခုကို ပေါင်းလိုက်ပေါ့။

အဲဒီ CJDC မှာလည်း လောလောဆယ်ဥက္ကဌက CNF/CAN ပဲလေ။ ဟိုဘက် ICNCC မှာလည်း သူက ၂၅ ရာခိုင်နှုန်း ယူပြီး ပါတယ်။ နောက်ဆုံးကျတော့ CNF/CNA က ICNCC ကနေ ထွက်သွားရော။ ထွက်တဲ့အခါ ပါတီအစုအဖွဲ့ထဲမှာရှိတဲ့ CNLD ထဲက လူတချို့ကိုပါ ဆွဲခေါ်သွားပါလေရော။ အဲဒီလိုမျိုးတွေ CNF/CNA က လုပ်ခဲ့တယ်။

အဲဒီမှာ ICNCC ဟာ လုံးဝပျက်မတတ်ဖြစ်သွားခဲ့ပြီးမှ အစည်းအဝေးထိုင်မရ၊ ရှေ့ဆက်မရ၊ ညီလာခံတွေခေါ်မရ ဖြစ်ကုန်ပါရော။ အဲဒီလိုဖြစ်နေချိန်မှာ CJDC နဲ့ ICNCC က သူတို့ဆွဲထားတဲ့ အခြေခံဥပဒေအချင်းချင်းပေါင်းလိုက်ကြမယ်ဆိုပြီး သူတို့က Joint committee (ပူးပေါင်းကော်မတီ) လေး ဖွဲ့လိုက်ကြတယ်။

မှတ်မိသလောက် CJDC ဘက်က ရှစ်ဦး၊ ICNCC ဘက်က ရှစ်ဦး။ အဲဒီ ၁၆ ဦးကော်မတီကနေ သူ့အခြေခံဥပဒေ ကိုယ့် အခြေခံဥပဒေ နှစ်ခုစလုံးကိုပေါင်းပြီး ရေးလိုက်ကြမယ်။ အဲဒီလိုရေးလိုက်ပြီးမှ နောက်ဆုံးဟာ ထွက်လာမယ်ပေါ့။ အဲဒီလို လုပ်မယ့်ဟာကို ချင်းတစ်ပြည်နယ်လုံးက လက်ခံဖို့ အလားအလာရှိတယ်။

လက်ခံတယ်လို့ပြောရတာ ချင်းပြည်နယ်မှာ mandate ရတဲ့ De facto/De Jury အဖွဲ့က ICNCC နဲ့ CJDC ပဲ ရှိတယ်။ အဲဒီ အဖွဲ့နှစ်ခုပေါင်းပြီးရေးဆွဲတာကို ကျန်သူတွေအကုန်လုံး လက်ခံရမယ်ဆိုတဲ့ဟာနဲ့ စလုပ်ကြရအောင်ပေါ့။

အဲဒီ နှစ်ဖွဲ့ပေါင်းပြီး အခြေခံဥပဒေတစ်ခုကို အကောင်အထည်ဖော်ခါနီးခါကျမှ CNF/CNA ဘက်က ဒီသဘောတူညီမှု အကုန်လုံးကို ဖျက်လိုက်ပြီးမှ CC ( ချင်းလန်းကောင်စီ) ဆိုပြီး ICNCC က အမတ်တချို့၊ ဘာတချို့၊ ညာတချို့နဲ့အတူ CJDC ကနေ လုံးဝထွက်သွားပြီးတော့ အဲဒီ CC ကို စလုပ်ပြန်ရော။
ပြောချင်တာက နိုင်ငံရေးအခြေခံအရကြည့်မယ်ဆိုရင် ICNCC က လုပ်ထားတဲ့ နိုင်ငံရေးဆိုင်ရာစုဖွဲ့မှုပုံစံတွေကို CNF/CNAက သူတို့လိုသလို ကစားလို့ မရတော့ဘူးဆိုတဲ့ အခြေအနေမှာ နုတ်ထွက်သွားတာပေါ့။ CJDC ဆိုတာကို သူအဆိုပြုပြီး CJDC ထဲမှာ ဝင်ကစားတယ်။ အဲဒီမှာလည်း သူလိုသလိုလုပ်လို့မရတော့ဘဲ CJDC နဲ့ ICNCC ပြန်ပေါင်းတော့မယ်ဆိုတဲ့အခါ ထပ်ပြီး သူနုတ်ထွက်ပြီးတော့မှ CC ဆိုတဲ့ အခင်းအကျင်းကနေ ထပ်ပြီးကစားနေပြန်တာပေါ့။

ဒီလိုတွေ သူကစားလာတာများတဲ့အခါ ကျွန်တော်တို့ဘက်မှာက ယုံကြည်မှုက ပျောက်သွားတာပေါ့။ ပျောက်သွားတယ် ဆိုတာက သူလိုချင်သလို မဖြစ်သရွေ့ပေါ့၊ အခုဖွဲ့လိုက်တဲ့ CC ဟာလည်း သူတို့လက်ဝါးကြီးအုပ်လို့ မရတော့တဲ့အဖွဲ့ဆိုရင် နောက်ထပ် အခင်းအကျင်းတစ်ခုကို ထပ်မိတ်ဆက်ဦးမှာပဲ။ နောက်တစ်ဖွဲ့ထပ်လာဦးမယ်ပေါ့။

ဒီကြားထဲ CNF/CNA အနေနဲ့ သူပဲအသုံးပြုမယ့် လက်နက်သယ်ဖို့အတွက် ကျန်တဲ့ CJDC အဖွဲ့ဝင်တွေအကုန်လုံးကို အသုံးချ သွားတာတွေ၊ ကျွန်တော်တို့ CDF ရဲဘော်တွေကို ကချင်ကနေ သူ့တို့ရဲ့လက်နက်သယ်ဖို့အတွက် ခေါ်သွားခဲ့တာတွေ ရှိတယ်။ သူတို့က အစကခေါ်တော့ NUG ရဲ့ ဖက်ဒရယ်အာမီ အမှတ်(၁) ဒေသ စစ်ဆင်ရေးခေါင်းစဉ်အောက်ကနေ CJDC က ကျွန်တော်တို့ ရဲဘော်တွေကို ခေါ်တာ။ လမ်းမှာ CJDC တစ်ခုလုံးအနေနဲ့ရထားတဲ့ ရန်ပုံငွေကိုလည်း သူတို့ CNF/CNA အတွက်ပဲ အကုန်သုံးသွားကြတယ်။

တကယ်တော့ သူတို့က အဲဒီလက်နက်တွေကို အရင်ကတည်းက ငွေလည်းချေပြီးသား၊ သွားမယူနိုင်သေးခဲ့တာ။ အခုကျမှ ဒီ CDF တွေ အကုန်လုံးကို ပါးလှည့်နားလှည့် လှည့်ခေါ်သွားပြီးတော့မှ သူ့ရဲ့လက်နက်တွေသယ်ဖို့ အသုံးချသွားခဲ့တာ။ အဲဒီခရီးမှာ ကျွန်တော်တို့ ရဲဘော်တွေ သေသွားခဲ့ရတာတွေ ရှိတယ်။ ၂၀၂၂ ထဲမှာ ကချင်မှာ လက်နက်သွားသယ်ပြီး ပြန်လာတဲ့ရဲဘော်တွေ စစ်ကိုင်းတိုင်းထဲမှာ လေယာဉ်နဲ့ အပစ်ခံခဲ့ရတာ။ မုံရွာ (နမခ)နဲ့ မလှမ်းမကမ်းနားက ရင်ပေါင်တိုင်ရွာမှာ ဖြစ်တာ။ အဲဒါလည်း လိုင်းပေါ်မှာ အတော်လေးပျံ့နှံ့ခဲ့တဲ့ကိစ္စပါ။

ပြီးတော့ နယ်မြေတွေအသစ်ပြန်ဆွဲမယ်ဆိုတဲ့ကိစ္စ။ မျိုးနွယ်စုတွေအကုန်လုံးကို လူမျိုးရေးဆန်ဆန် သွားခိုင်းတာပေါ့။ မျိုးနွယ်စုတွေအကုန်လုံးကို ခွဲခိုင်းမယ်။ မညီညွတ်ကြလို့ သူ့နည်းသူ့ဟန်နဲ့ ရပ်တည်တဲ့မျိုးနွယ်စုတွေကို မပြောလိုပါဘူး။ ဥပမာ- CDF-ဇိုဖေ ၊ CDF-လောက်တူတို့က သူတို့နယ်တစ်ခုလုံးကို ကိုယ်ဘာသာစုစည်းပြီးမှ ရပ်တည်တဲ့ဟာက ကိစ္စမရှိဘူး။

တကယ်လို့ မရာတွေရော၊ ဇိုတုန်တွေရော၊ မတူတွေရော စသဖြင့် အကုန်လုံးက CDF-မတူပီ ဆိုပြီးမှ ညီညီညွတ်ညွတ် လုပ်လာ ကြပြီ၊ မတူပီမြို့နယ်တစ်ခုလုံးကို သူတို့ ကောင်းကောင်းလေး ကိုင်တွယ်ကြပြီ၊ ကောင်းကောင်းလေး ရှေးရှုလုပ်ကြပြီဆိုရင် အဲဒီလို စုစည်းညီညွတ်ပြီးသား အခြေအနေကို ထပ်ပြီးမခွဲနဲ့တော့လေ။

ဒါပေမဲ့ CNF/CNA က ရှိသမျှ မျိုးနွယ်စုအကုန်လုံးကို ကွဲစေချင်တော့တာ။ ဥပမာဆိုပါစို့၊ မကွေးတိုင်းဆိုပြီးမှ စုစည်း ထွက်လာမယ်ပေါ့။ အဲဒီလိုဆိုရင် မကွေးတိုင်းဆိုပြီးမဖွဲ့နဲ့၊ မင်းတို့က ဒီဘက်က ရေစကြိုဆိုပြီးထွက်၊ ဒီဘက်က ပခုက္ကူဆိုပြီးမှထွက်၊ ဒီဘက်က ဂန့်ဂေါလို့ထွက်၊ ဒီကမြိုင်လို့ထွက် စသဖြင့် စုစည်းနေတဲ့ဒေသကို လိုက်ခွဲထုတ်ပြီးတော့မှ အဖွဲ့ သေးသေးလေးတွေ အများကြီးထွက်ပေါ်လာအောင်လုပ်ပေးပြီးမှ အဲဒီအဖွဲ့သေးလေးတွေအချင်းချင်း တစ်ဖွဲ့နဲ့တစ်ဖွဲ့ကြား မတည့်တော့တဲ့အခါ သူ့ဆီလာပူးပေါင်းအောင် လိုက်ပြီးမှမြူဆွယ်တဲ့ ပုံစံမျိုးလုပ်တာကိုး။

ပြီးတော့လည်း အခုလို တော်လှန်ရေးကာလာမှာ လမ်းဖောက်ပေးမယ်၊ ဆေးခန်းဆောက်ပေးမယ်၊ CDM တွေကို လစာပေးမယ် ဆိုတာမျိုးတွေနဲ့ CDF အဖွဲ့တွေ ပြိုကွဲအောင်လုပ်တာတွေ၊ မက်လုံးပေးတာတွေ ရှိတယ်။

ဥပမာ – ကျွန်တော်တို့ CDF-မင်းတပ်ဆိုရင် မျိုးနွယ်စုအကုန်လုံးစုပြီးတော့မှ မင်းတပ်မြို့နယ်ဆိုတဲ့ ဒေသအခြေပြုနဲ့ သွားတဲ့အဖွဲ့၊ အားလုံးသာတူညီမျှ စကစ ကို တော်လှန်ကြ၊ လက်တွဲညီကြတဲ့အဖွဲ့။ အဲဒီလို မျိုးနွယ်စုတွေ စုစုစည်းစည်း၊ စုစည်းထားတာကိုမှ ဟိုမျိုးနွယ်စုကို ခွဲထွက်ပြီး သီးသန့် CDF ဖွဲ့၊ လက်နက်ကိုင်ဖို့ မြှောက်ပင့်လိုက်။ ဒီမျိုးနွယ်စုကို သီးသန့် CDF ဖွဲ့ခိုင်းလိုက်နဲ့ မျိုးနွယ်စုအခွင့်အရေးပြောသလို၊ ဖက်ဒရယ်အခွင့်အရေးပြောသလိုနဲ့ အာဏာရှင်တော်လှန်ရေးမှာ စုစည်းညီညွတ်ပြီးသား တော်လှန်ရေးအဖွဲ့အစည်းတွေကို ပြိုကွဲသွားအောင် နောက်ကလိုက်ခွဲတာတွေရှိတယ်။

နယ်နမိတ်တွေ ခွဲခြားသတ်မှတ်မယ်ဆိုတဲ့အပိုင်းတွေလည်းပါတယ်။ မျိုးနွယ်စုအရရော၊ လူဦးရေအရရောပေါ့။ တစ်ပြည်နယ် လုံးကို ခွဲမှာပေါ့လေ။ CC ရဲ့ အခြေခံဥပဒေထဲမှာ ပါပါတယ်။ အဲဒီလိုမျိုးတွေခွဲမယ်ဆိုတာရော။ ဒါက ရှင်းရှင်းပြောရရင် အားလုံး ပြန်စုစည်းကြမယ်ဆိုရင် CNF/CNA ရော CDF တွေရော အကုန်လုံးက ကိုယ့်ရဲ့အဖွဲ့ကို ထားခဲ့ရမှာလေ။ ထားခဲ့ပြီးမှ ဒီမှာ လာပေါင်းကြဆိုရင် နာမည်အသစ်နဲ့ပေါင်းရမယ်လေ။ ဆိုပါစို့၊ CNF/CNAလည်းထားခဲ့၊ CDF တွေလည်း အကုန်လုံးထားခဲ့။ လွှတ်တော်အမတ်တွေလည်းထားခဲ့ကြပြီးမှ ကျွန်တော်တို့တွေ ဒီလိုပြန်လည်စုစည်းကြမယ်၊ သွားကြမယ်ဆိုရင်လည်း အဆင် ပြေတာပဲ။ ဒါပေမဲ့ အဲဒီလိုလည်း မဟုတ်ပြန်ဘူး။

အကုန်လုံးကို ချင်းလဲန်းကောင်စီ(CC)က မိုးထားမယ်။ မဏ္ဏိုင်သုံးရပ်သည် ကောင်စီရဲ့အောက်မှာပဲ ရှိရမယ်။ ဒီကောင်စီမှာ လည်း ကာကွယ်ရေးနဲ့လုံခြုံရေးကော်မတီ(ကာ/လုံ) ရှိမယ်။ အဲဒီကာ/လုံ ဥက္ကဌသည်လည်း CNF/CNA ပဲ ဖြစ်ရမယ်။ ပြီးတော့ ကောင်စီဥက္ကဌသည်လည်း CNF/CNA ပဲ ဖြစ်မယ်။ နောက်ဆုံးကျတော့ ဒီ CC တစ်ခုလုံးဖွဲ့စည်းပုံကို CNF/CNA တစ်ဖွဲ့ထဲကပဲ ပြန်ပြီး ချုပ်ကိုင်ထားမယ့်ပုံစံ ဖန်တီးထားတာပေါ့။ အဲဒီလိုမဖြစ်လာခင်ကတည်းက အဲဒီလိုဖြစ်လာမယ်ဆိုတာ ကျွန်တော်တို့ မြင်တယ်။ ဒါမျိုးလုပ်ထားတာကို ကျွန်တော်တို့က သဘောမတူနိုင်တာ။

နောက်ဆုံးပြောရရင် တော်လှန်ရေးလုပ်ဖို့ ကျွန်တော်တို့လက်နက်ဝယ်မယ်။ ကချင်ဘက်က လက်နက်ကိုဝယ်မယ်ပေါ့။ အဲဒါမျိုးဆိုရင် သူတို့က(CNF/CNA) လိုက်ပြီး ပိတ်ပင်တာရှိတယ်။ NUG ဆီက လက်နက်ဝယ်မယ်ဆိုရင်လည်း လိုက်ပိတ် တယ်။ သူတို့က ကျွန်တော်တို့ CDF တွေ အကုန်လုံးကို ဘယ်လိုပြောမလဲ၊ သင်းသတ်သလိုပေါ့။ ရေရှည်မရပ်တည် နိုင်အောင်ပေါ့။ အချိန်ကြာလာတာနဲ့အမျှ ဒီကောင်တွေလက်ပန်းကျလာမယ်၊ နောက်တော့ ငါတို့နဲ့ပဲ လာပေါင်းရမယ်၊ ဒီကောင် တွေကို ငါတို့ ဒီလိုသင်းသတ်ထားမယ်၊ ဖြတ်လေးဖြတ်လုပ်ရမယ်ဆိုတဲ့ဗျူဟာပုံစံကို မြေပြင်မှာ CNF/CNA က ကိုင်တွယ် လာခဲ့တာ။ အခုလိုမျိုး ယုံကြည်မှုတွေ အကြိမ်ကြိမ်ပျက်ပြားခဲ့တာ၊ အမျိုးမျိုးတိုက်ခိုက်ခံရတာ၊ လက်ဝါးကြီးအုပ်ချင်တဲ့ ကိစ္စ အမျိုးမျိုးကြောင့် CC မှာ ပါဝင်ဖို့ ခက်ခဲတာပါ။

မော်ကွန်း။ ။ နွေဦးအစပိုင်း ချင်းလူငယ်တွေ တူမီးကိုင်စွဲပြီး တော်လှန်မှရတော့မယ်လို့ သဘောပေါက်သွားချိန် CNF/CNAပေါ့လေ၊ သူတို့ဆီက တော်လှန်ရေးစတင်ဖို့ အကူအညီပေးတာ ရဖူးခဲ့ကြလား။ နွေဦးအစပိုင်း ချင်းလူငယ်တွေရဲ့ တော်လှန်ရေး အစမှာ ပေါ့လေ။
ဆလိုင်းယောမာန်။ ။ မရဖူးပါဘူးခင်ဗျ။ တာဟန်း(ကလေးမြို့)မှာ ခံတပ်စတယ်၊ တာဟန်းမှာ ပစ်ကြခတ်ကြဖြစ်ခဲ့ ကြတယ်။ ဒါဟာ ပထမဆုံးအကြိမ် တူမီးသေနတ်ပေါက်ခဲ့တယ်လို့ ပြောရမှာပေါ့နော်။

ကျွန်တော်တို့ မင်းတပ်ဘက်မှာကျတော့ ဆန္ဒပြလူငယ်တွေကို ဖမ်းသွားတာကြောင့် အဲဒီဟာကို ကိုယ်နည်းကိုယ့်ဟန်နဲ့ တော်လှန်ခဲ့ကြတယ်။ ပစ်ကြခတ်ကြတွေ ဖြစ်သွားတယ်။ နောက်ဆုံး စကစဗျူဟာမှူးကိုပါ ဝိုင်းမိခဲ့တာရှိတယ်။ အဲဒီမှာ သူတို့(စကစ)က ဆန္ဒပြအဖမ်းခံရသူခုနစ်ဦးနဲ့ အဲဒီဗျူဟာမှူးကို ပြန်ပြီးအလဲအလှယ်လုပ်လာတာကြောင့် ကျွန်တော်တို့ ဗျူဟာမှူကို သွားခွင့်ပေးခဲ့ကြတယ်။ အဲဒါ ၂၀၂၁ ဧပြီလ ၂၄၊ ၂၅၊ ၂၆၊ ၂၇ ရက်တွေမှာ ဖြစ်ခဲ့တာ။ အဲဒီရက်တွေမှာ တိုက်ပွဲ တောက်လျှောက်ကို ဖြစ်ခဲ့တာ။ အဲဒီလိုနဲ့ မေလမှာတိုက်ပွဲထပ်ဖြစ်တော့ အဲဒီမှာလည်း တူမီး၊ ခါးချိုးတွေနဲ့ပဲ စစ်ကားခြောက်စီးလုံးကို မီးရှို့သိမ်းနိုင်တဲ့အထိ တိုက်ခဲ့ကြတယ်။ အဲဒါ မေလ ၁၂၊ ၁၃၊ ၁၄ ရက်တွေမှာပေါ့။

အဲဒီလိုတွေမတိုင်ခင်ကတည်းက ကျွန်တော်တို့က သေနတ်ကိုင်မှရမယ်၊ စကစကို လက်နက်နဲ့တိုက်မှသာ ရမယ်ဆိုပြီး ‘ ကျွန်တော်တို့ တိုက်တော့မယ်။ ပစ်တော့မယ်’ လို့ CNF/CNA ကို ပြောတဲ့အခါ သူတို့တွေက ‘ ငါတို့က NCA (တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေစာချုပ်) နဲ့ပဲသွားမယ်။ မင်းတို့လူငယ်တွေ မသိနားမလည်းဘဲ လျှောက်မလုပ်ကြနဲ့’ ဘာညာ ဘာညာ ပေါ့လေ၊ အဲဒီလိုတားခဲ့ကြတာ။ ဒါဆိုလည်း ကျွန်တော်တို့ကို လက်နက်သာပေးပါ၊ ထပ်တောင်းကြတော့လည်း သူတို့မပေးခဲ့ဘူး။ အဲဒီတုန်းက သူတို့လက်နက်မပေးတာ မှန်ပါတယ်။ ဘာမှ ဘုမသိဘမသိ ကောင်လေးတွေ လက်ထဲကို သေနတ်တွေ ထည့်ပေးလိုက်လို့မှ မရဘဲကိုး။ သူတို့မှာ မရှိတာလည်း ပါတာပေါ့လေ။

နောက်ဆုံး လက်နက်မပေးနိုင်ရင်လည်း စစ်သင်တန်းတော့ပေးပါ ဆိုပြန်တော့လည်း သူတို့က NCA အကြောင်းပဲ ပြောနေ ခဲ့တာ။ စစ်သင်တန်းလည်း လာမပေးခဲ့ကြဘူး။ ကျွန်တော်တို့က ကိုယ့်ဆန်ကိုယ်ထမ်းသွားပြီး ကိုယ့်တဲကိုယ်ထိုးပြီး စစ်သင်တန်းလာတက်ပါရစေ ဆိုတော့လည်း မပေးနိုင်ဘူး၊ မလာခဲ့နဲ့တဲ့။

အဲဒီလိုပုံစံတွေ ဖြစ်ခဲ့တာကြောင့် အဲဒီကတည်းကိုက CNF ကို ကျွန်တော်တို့က သံယောဇဉ် ဖြတ်ခဲ့လိုက်တယ်။ အကူအညီ တောင်းရမယ့်စာရင်းထဲမှာ ထည့်ကိုမနေတော့ဘူး။ ကိုယ့်အားကိုယ်ကိုးကြမယ်။ ကိုယ့်ဘာသာ ရုန်းကန်ကြမယ်ဆိုတဲ့ စိတ်နဲ့ လုပ်ခဲ့ကြရတာ။

မော်ကွန်း။ ။ CB နဲ့ CC ကြား နယ်မြေထပ်နေတဲ့ဒေသတွေ ရှိသလား။ နှစ်ဖွဲ့ကြားထဲမှာ ပြဿနာတွေ ရှိဖူးလား။ အချင်းချင်းကြား စိတ်ထိခိုက်စရာကောင်းတဲ့ အမှတ်တရတွေရှိဖူးလား။ တစ်ဖက်နဲ့တစ်ဖက် သေကြေတာမျိုးတွေပေါ့လေ။
ဆလိုင်းယောမာန်။ ။ CB နဲ့ CC နယ်မြေကတော့ မထပ်ပါဘူး၊ မထပ်သော်ငြားလည်း ဥပမာ- မရာမျိုးနွယ်စုဆိုပါစို့၊ မရာဆိုရင် နှစ်ခြမ်းကွဲသွားပြီ။ CDF-မရာနဲ့ မရာနယ်မြေကာကွယ်ရေးအဖွဲ့(MDF) ဆိုပြီး ဖြစ်သွားတယ်။

မရာတွေမှာက ၂၀၀၀ ခုနှစ်ဝန်းကျင်ကတည်းက Mara Army (မရာတပ်တော်) ဆိုတာ ရှိခဲ့ပါတယ်။ သိပ်တက်တက်ကြွကြွတော့ မဖြစ်ခဲ့ဖူးပေမယ် သူတို့ဖွဲ့ခဲ့တာရှိတယ်။ အခု နွေဦးတော်လှန်ရေးဖြစ်လာတော့ Mara Army ထဲကို လူငယ်တွေ ဝင်ကြတယ်။ တစ်ဖက်မှာ CDF-မရာ ဆိုပြီးလည်း ထောင်ခဲ့ကြတယ်။

အဲဒီမှာ CNF/CNA က ခေါင်းဆောင်တွေကပဲ ခင်ဗျားတို့ လူမျိုးတစ်ခုထဲကို နှစ်ဖွဲ့ဖြစ်နေတာမကောင်းဘူး။ CDF-မရာနဲ့ Mara Army ကို ပေါင်းလိုက်ကြ။ ပေါင်းပြီးလို့ နာမည်တစ်ခုထွက်လာတဲ့အခါ CJDC ကို လာပူးပေါင်းကြဆိုပြီး ပြောခဲ့ကြတယ်။

CNF/CNA ရဲ့ ညွှန်ကြားချက်အတိုင်းပဲ သူတို့ကလည်း ပူးပေါင်းကြပါတယ်။ CDF-မရာရော၊ Mara Army ရော ပေါင်းလိုက်ကြပြီး Maraland Defence Force -MDF (မရာနယ်မြေကာကွယ်ရေးအဖွဲ့) ဆိုပြီးပေါ့။ MDF က လက်နက်ကိုင်အဖွဲ့ဖြစ်ပြီးတော့ နိုင်ငံရေးပိုင်းကြတော့ MTC- Maraland Territory Council (မရာနယ်ကောင်စီ) ပေါ့၊ အဲဒီလိုဖွဲ့လိုက်ကြတယ်။ မရာ ညီလာခံ လုပ်ကြတယ်၊ ရွေးကောက်ပွဲတွေလုပ်ကြတယ်။ အဲဒီမှာ တချို့သောခေါင်းဆောင်တွေက နေရာပြန်မရကြတော့ဘူး။ အကုန်လုံး ပေါင်းပြီးမှ အသစ်ပြန်ရွေးကြတာကိုး။ မဲပေးရွေးကြတာဆိုတော့ အရွေးမခံရတော့တဲ့ လူတွေရှိတယ်။ အဲဒီ အရွေးမခံရတဲ့ လူတွေက ဦးဆောင်ပြီး ဖျက်သိမ်းခဲ့ပြီးသားဖြစ်တဲ့ CDF-မရာဆိုတာကို ပြန်အသက်သွင်းကြပြန်ရော။ ပြီးတော့ သူတို့က CNF /CAN နဲ့ သွားပေါင်းကြတယ်။

CNF/CNA အနေနဲ့လည်း MDF ကို လိုသလို ကြိုးကိုင်လို့ မရပြန်ဘူး။ ဘာကြောင့်ဆိုရင် MDF က သူတို့ မရာ အကျိုးအတွက်ပဲ လုပ်ကြမှာ။ CNF/CNA အလိုကျ လိုက်လုပ်မယ့်အဖွဲ့ မဟုတ်ဘူး။ အဲဒီတော့ CNF/CNA က (သူဖျက်သိမ်းခိုင်းခဲ့တဲ့) CDF- မရာကို ပြန်ပြီး လက်ခံလိုက်ပြန်ရော။ အဲဒီမှာ MDF-မရာ နဲ့ CDF- မရာ ဆိုပြီး နှစ်ဖွဲ့ပြန်ကွဲသွားရော။

၂၀၂၄ အစပိုင်းတုန်းကဆိုရင် CNF/CAN က ဦးဆောင်ပြီးမှ MDF-မရာတွေကို တောက်လျှောက်ထိုးစစ်ဆင်တော့တာ။ အဲဒီမှာ တိုက်ပွဲတွေ ဖြစ်လာခဲ့တယ်။ CNF/CNAနဲ့ CDF-မရာက တစ်ဖက်ပေါ့လေ။ အဲဒီတိုက်ပွဲတွေကြောင့် မရာ အချင်းချင်း၊ ချင်း အချင်းချင်း ကျဆုံးတာလိုမျိုးတွေ ရှိခဲ့တယ်။

အခုတော့ CDF-မရာက မရာတပ်မဟုတ်တော့ဘဲ CNF/CNA တပ်မဟာတစ်ခုရဲ့ လက်အောက်အဖွဲ့အဖြစ် အခုနေနေတယ်။ CDF-မရာ မလုပ်တော့ဘူး။ နာမည်ပျောက်သွားပြီ။

ပြီးတော့ ကျွန်တော်တို့ ချင်းညီနောင်နဲ့မဟာမိတ်တွေ မတူပီ၊ ခလရ (၃၀၄)ကို တိုက်ကြတယ်။ အဲဒီဟာကိုတိုက်ပြီးမှ ခလရ (၁၄၀)နဲ့ စစ်ဗျူဟာကို ဝိုင်းခဲ့ကြတယ်။ ဒီအချိန်မှာ ကျွန်တော်တို့ကို အနောက်ကနေ CNF/CNA က အလစ်ငိုက် ဝင်တိုက်ခဲ့ တာတွေ ရှိတယ်။

မတူပီမြို့နယ်အတွင်းကို ကြည့်မယ်ဆိုရင်လည်း သုံးဖွဲ့ရှိတယ်။ မတူပီမြို့နယ်ထဲမှာ MDF မရာက တစ်ဖွဲ့ရှိတယ်။ CDF-ဇိုတုန်က တစ်ဖွဲ့ရှိတယ်။ CDF -မတူပီက တစ်ဖွဲ့ရှိတယ်။ အဲဒီ CDF-မတူပီမှာဆိုရင်လည်း တပ်မဟာ(၁)နဲ့ တပ်မဟာ(၂) ဆိုပြီး နှစ်ဖွဲ့ ကွဲသွားပြန်တယ်။

မတူပီ တပ်မဟာ(၁)က ချင်းညီနောင်နဲ့ပေါင်းတယ်။ ညီနောင်နဲ့ပေါင်းပြီးမှ တပ်မဟာ(၁)က မြို့ကို ထိုးစစ်ဆင်နေချိန်မှာ CNF/CNA စုပေါင်းတပ်ဖွဲ့ (CC-တပ်ဖွဲ့) က နောက်ကနေ ဝင်ပစ်တယ်။ အဲဒီမှာ CB နဲ့ CC တိုက်ပွဲ ဖြစ်ခဲ့ကြတယ်။ သူတို့က နောက်က ဝင်တိုက်တော့ ရှေ့က စစ်ကောင်စီကို မတိုက်အားတော့ဘဲ သူတို့နဲ့ပဲ ကျွန်တော်တို့ ပြန်ပြီး တောက်လျှောက်တိုက်ပွဲ ဖြစ်ခဲ့ရတယ်။

နောက်ဆုံး CNF/CNA ဉီးဆောင်တဲ့ CC (ချင်းလဲန်းကောင်စီ) ပူးပေါင်းတပ်တွေက စစ်ကောင်စီနဲ့ပါ ပူးပေါင်းတာမျိုး ရှိခဲ့တယ်။ အဲဒီ မတူပီ၊ ခလရ(၁၄၀)က တပ်ရင်းမှူးနဲ့ ချိတ်ဆက်ပြီးတော့မှ သူတို့ကို ဒရုန်းနဲ့ အိုင်ကွန်(စကားပြောစက်)တွေချပေး၊ လက်နက်ကြီး ပစ်ကူတွေတောင်း၊ လေယာဉ်ပစ်ကူတွေတောင်းပြီးမှ ကျွန်တော်တို့ ညီနောင်အဖွဲ့တွေကို ဗုံးကြဲတာတွေပေါ့၊ အကုန်ဝိုင်းပြီး ကျွန်တော်တို့ကို တိုက်ခိုက်ခဲ့ကြတာပေါ့။

အဲဒီအခြေအနေကို အစတုန်းက ညီနောင်တပ်ဖွဲ့တွေ သေချာတပ်အပ်မသိခဲ့ဘူး။ အိုင်ကွန်ထဲမှာ သူတို့ချင်းပြောတာ၊ ကြားရတာတွေပဲ ရှိတယ်။ နောက်ပိုင်းကျမှ မတူပီတစ်မြို့လုံးကို သိမ်းလိုက်တဲ့အခါ ထွက်ပြေးလာကြတဲ့ စစ်ကောင်စီက ဗိုလ်မှူးတွေ၊ တပ်ရင်းမှူးတွေ၊ အရာရှိကြီးတွေကို အိုင်ကွန်တွေမှာကြားခဲ့ရတာတွေကို စစ်ဆေးတဲ့အခါမှ အဲဒီလူတွေ ဝန်ခံလို့ သိရတာ။ သူတို့နဲ့ CNF/CNA ဦးဆောင်တဲ့ CC တပ်တွေ ဘယ်လိုချိတ်ဆက်လုပ်ဆောင်ပါတယ်ဆိုတာ အဲဒီမှာ သက်သေနဲ့တကွ ရတာပေါ့။ CC နဲ့ CB ကြား အဲဒီလို အဆင်မပြေတာတွေတော့ ရှိပါတယ်။

အချင်းချင်းပစ်ခံရလို့ ရဲဘော်တချို့ ကျဆုံးရတာတွေလည်း ရှိပါတယ်။ မတူပီမှာမြို့ကို သိမ်းပြီးသွားပြီ။ CC နဲ့လည်း ကျွန်တော်တို့ မချတော့ဘူး။ သိမ်းပြီးလို့ အေးအေးဆေးဆေးနေတဲ့အချိန်ကျမှ မတူပီမြို့အထွက်မှာ ဂိတ်စောင့်နေတဲ့ ကျွန်တော်တို့ ရဲဘော်တွေကို သူတို့ဘက်က ဒရုန်းနဲ့လာချခဲ့တယ်။ စနိုက်ပါနဲ့ လာပစ်ခဲ့ကြတယ်။ အဲဒီဖြစ်စဉ်ကြောင့် ရဲဘော် တချို့ သေသွားတာ ရှိတယ်။

မော်ကွန်း။ ။ CB က ချင်းပြည်နယ်မှာ စစ်ကောင်စီ ကင်းစင်အောင် အမြန်ဆုံး ဖော်ဆောင်မယ်လို့ သိထားပါတယ်။ ပွဲအမြန်ဖြတ်ချင်တယ်ပေါ့လေ။ ဒါပေမဲ့ CC နဲ့ အခုလို ပြဿနာတွေ ဖြစ်လာကြတော့ စစ်ကောင်စီအမြန်ဆုံးကင်းစင်ရေးဆိုတဲ့ CB ရဲ့ တော်လှန်ရေးမျှော်မှန်းချက်အတွက် ဘယ်လို အခက်အခဲတွေ ဖြစ်နေပါသလဲ။
ဆလိုင်းယောမာန်။ ။ အထက်မှာပြောခဲ့သလိုပေါ့။ ကျွန်တော်တို့အနေနဲ့ စစ်ကောင်စီကင်းစင်အောင် လုပ်ဆောင် နေချိန်မှာ နောက်ကျောကို အပစ်ခံရတာမျိုး။ ပြီးတော့ စစ်ကောင်စီနဲ့တောင် ပူးပေါင်းပြီးမှ လက်နက်ကြီးပစ်တာ၊ ဗုံးကြဲ တာတွေ လုပ်တာပေါ့။ ဘယ်နေရာတွေမှာ ကျွန်တော်တို့ရှိတယ်ဆိုတာမျိုး စစ်ကောင်စီကို သတင်းပေးပြီး လေယာဉ်နဲ့ ဗုံးကြဲ ခိုင်းတာကိုး။

ဒါပေမဲ့ ညီနောင်တပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့နယ်မြေတွေမှာတော့ လုံးဝ စစ်ကောင်စီကင်းစင်သွားအောင် လုပ်မှာပါပဲ။ CB ရော CC မှာပါ ထောက်ခံသူရှိတယ်၊ မထောက်ခံသူရှိတယ်။ ဒါဟာ သဘာဝပါပဲ။

ဒါပေမဲ့ တစ်နိုင်ငံလုံးအတိုင်းအတာ ပြည်သူတွေရဲ့ဆန္ဒကတော့ စစ်ကောင်စီလက်အောက်က လွတ်မြောက်ချင်ကြတာ။ ဆိုတော့ စစ်ကောင်စီ လက်အောက်ကနေ လွတ်မြောက်အောင် လုပ်နိုင်တဲ့အဖွဲ့၊ အရင်ဆုံး စစ်ကောင်စီ ကင်းစင်အောင် လုပ်နိုင်တဲ့အဖွဲ့ကို ပြည်သူက ထောက်ခံမှာပဲ၊ ပြည်သူက လေးစားမှာပါပဲ။ ကျွန်တော်တို့က အဲဒီဘက်ကိုပဲ သွားပါတယ်။ အင်အားဘယ်လိုကြီးတယ်၊ ဘာဖြစ်တယ်တွေ ပြောမနေချင်ပါဘူး။ အရင်ဆုံး ညီနောင်တပ်တွေထိန်းချုပ်တဲ့ မြို့နယ်တွေကို စစ်ကောင်စီ ကင်းစင်အောင်လုပ်မယ်။ အဲဒီအခါ ပြည်သူလူထုက ဆုံးဖြတ်ပါလိမ့်မယ်။

မော်ကွန်း။ ။ CB နဲ့ CC ကြားထဲမှာရော ချင်းတော်လှန်ရေးတပ်တွေအချင်းချင်း စစ်ပြန်ခင်းရမယ့်အခြေအနေတွေ ဖြစ်လာနိုင်သလား။
ဆလိုင်းယောမာန်။ ။တကယ်လို့ ရှိရင်းစွဲပြဿနာတွေကို မဖြေရှင်းနိုင်ကြဘူးဆိုရင်တော့ အဲဒီလိုမျိုးအခြေအနေ ဖြစ်သွားနိုင်ပါတယ်။ CC က စစ်ကောင်စီနဲ့တောင် ပူးပေါင်းပြီးမှ ကျွန်တော်တို့ကို ပြန်တိုက်နေတဲ့ အခြေအနေတွေ ရှိနေပြီလေ။

ဒါပေမဲ့ ကျွန်တော်တို့ရဲ့ နံပတ်တစ်ကတော့ အချင်းချင်းပဋိပက္ခမဖြစ်ကြအောင် နေကြမယ်။ သူ့စည်းကိုယ့်စည်းနဲ့ နေကြမယ်။ သူစိမ်းဆန်ဆန် မင်းလည်းငါ့လာမထိနဲ့၊ ငါလည်းမင်းမထိဘူးဆိုသလို နေကြမယ်။ အဲဒီလို အချင်းချင်း ပဋိပက္ခမဖြစ်တဲ့ အဆင့်ကနေမှ တဖြည်းဖြည်း ရှေ့ဆက်ညှိနှိုင်းကြရမယ်။
ဒါပေမဲ့ လက်ရှိအခြေအနေမှာ ကျွန်တော်တို့ညီနောင်တွေကို ဒီကောင်တွေဟာ နောက်မှပေါက်တဲ့ ရွှေကြာပင်တွေ။ နောက် ပေါက်ကလေးတွေ။ ဒီကောင်တွေ ဘာသိ၊ ဘာတတ်လို့လဲ၊ ငါတို့ ဘယ်လိုလုပ်လိုက်ရင် ပျောက်ကွယ်သွားမှာ၊ ဘာဖြစ်မှာ၊ ညာဖြစ်မှာဆိုတဲ့ ဘဝင်လေဟပ်နေတဲ့၊ တော်လှန်ရေးကို မောင်ပိုင်စီးချင်တဲ့ပုံစံနဲ့ တောက်လျှောက်လုပ်နေတာတွေ တွေ့ရ တာပေါ့လေ။ ကျွန်တော်တို့ကတော့ ကိုယ့်အလုပ်ကိုယ် ဆက်လုပ်နေဦးမယ်။ စစ်ကောင်စီကင်းစင်အောင် လုပ်မယ်။ အလုပ်လုပ်တဲ့အဖွဲ့က အချိန်တန်ရင် ကွဲပြားလာမှာပါ။

သူတို့ကို ကျွန်တော်တို့ဘက်က စပြီးတိုက်ခိုက်တာမျိုးတော့ မရှိပါဘူး။ ဒါပေမဲ့ လွန်ခဲ့တဲ့ လေး၊ ငါးလတုန်းကနဲ့ အခု ကျွန်တော် တို့ အခြေအနေဟာ မတူတော့ပါဘူး။ တကယ်တော့ ကျွန်တော်တို့ အခုလို အင်အားကောင်းလာတာ၊ နိုင်ငံရေးအမြင်တွေ ပွင့်လာတာတွေက CNF/CNA ရဲ့ လူလည်ကျမှု၊ ဖျံကျမှု၊ ဖိနှိပ်မှုတွေကြောင့်ပဲလို့ ပြောရမယ်။ ရှေ့ဆက် စောင့်ကြည့်ရမယ့် အခြေအနေပါ။

မော်ကွန်း။ ။ ပြောကြတာက CB နဲ့ အာရက္ခတပ်တော်(AA) ဟာ ပါတနာပေါ့လေ။ ရေးသားနေကြတာက CB ဟာ ချင်းပြည်နယ်မှာ မြို့သိမ်းတိုက်ပွဲတွေဆင်နွှဲပြီးတဲ့အခါ ဒီမြို့တွေရဲ့ အုပ်ချုပ်ရေးကို AA ဟာ နှစ်အကန့်အသတ်နဲ့ စီမံသွား မယ်ဆိုတဲ့ သဘောတူညီချက်တွေ CB နဲ့ AA ကြား ရှိနေတယ်ဆိုတဲ့ ပြောဆိုမှုတွေပါ။ တကယ့်အဖြစ်မှန်က ဘာပါလဲ။
ဆလိုင်းယောမာန်။ ။ ဒီလိုပြောဆိုမှုတွေက ရယ်စရာလည်းကောင်းသလို စိတ်ညစ်စရာလည်း ကောင်းပါတယ်။ ဥပမာဆိုရင် သံထောင်စခန်း(ပလက်ဝမြို့နယ်)ကို CDF-မင်းတပ်က လက်နက် ၁၀၀ နဲ့ ရောင်းလိုက်တယ်ဆိုတာမျိုးပေါ့။ ၂၀၂၂ နှစ်ကုန်ပိုင်းလောက်မှာ ကောလာဟလ ဖြစ်ခဲ့တာမျိုးပေါ့။ ပလက်ဝက သံထောင်ဆိုတာ ဘယ်နားမှာလဲဆိုတာတောင် ကျွန်တော်တို့ မသိဘူး၊ ကြားတောင် မကြားဖူးခဲ့ဘူး။ နေရာလည်းမသိပါဘူး။ ဒါပေမဲ့ ဒီလိုကောလာဟလတွေကို ယုံကြတဲ့ လူတွေလည်း ရှိသေးတယ်။ ဒါလည်း ဒီလိုဆင်ဆင် ကောလာဟလပါပဲ။

ကျွန်တော်တို့ ကျင်ဒွေးမြို့ကို သိမ်းကြတယ်။ အဲဒီမှာ ကျင်ဒွေးကို AA က အုပ်ချုပ်တော့မယ်၊ နယ်ချဲ့တော့မယ်နဲ့ ဘာညာ၊ ဘာညာ ပြောကြတာပါပဲ။ ဒါပေမဲ့ ကျင်ဒွေးကိုသွားကြည့်ကြပါ။ အဲဒီမှာ အခု AA ရှိလားလို့။ ကျင်ဒွေးအုပ်ချုပ်ရေးမှာ AA မပါပါဘူး။

မတူပီကို အခုသိမ်းပြီးပါပြီ။ မတူပီအုပ်ချုပ်ရေးလုပ်ဖို့၊ စည်ပင်သာယာရေးလုပ်ဖို့ AA တစ်ယောက်မှကို မပါပါဘူး။ မတူပီ မြို့နယ်ထဲမှာ AA တွေဖြတ်သန်း သွားလာတာမျိုးတော့ ရှိတာပေါ့။

မင်းတပ်မြို့ကို သိမ်းမယ်၊ ပြီးရင် မင်းတပ်ရဲ့အုပ်ချုပ်ရေးမှာ AA ပါမှာ မဟုတ်ပါဘူး။ ဘာသဘောတူညီချက်မှလည်း မရှိပါဘူး။ ဘာအပေးအယူမှမရှိပါဘူး။

တစ်ဖက်ကပြန်ကြည့်ရင်တော့ အာရက္ခတပ်တော်အနေနဲ့ သူတို့ ရခိုင်တစ်ပြည်လုံး လွတ်မြောက်အောင်လုပ်ကြမှာ၊ ‘ဝ’ ထက် မနိမ့်တဲ့ ကွန်ဖက်ဒရိတ်မျိုးသွားချင်တာ။ သူတို့တွေက ဝေးဝေးကြည့်ပြီး ရေရှည်စဉ်းစားကြတဲ့လူတွေကိုး။ သူတို့ရဲ့ အိမ်နီးချင်း အကုန်လုံးသည် သူတို့နဲ့ အဆင်ပြေတယ်၊ သူတို့အိမ်နီးချင်းအကုန်လုံးသည်လည်း စစ်ကောင်စီအောက်က လွတ်မြောက်တာ မျိုး သူတို့လိုချင်တယ်။ သူတို့တွေက အဲဒီလို ရှည်ရှည်ဝေးဝေးစဉ်းစားတယ်၊ ကျယ်ကျယ်ပြန့်ပြန့် တွေးတောတဲ့အတွက် ကြောင့်ပါ။

တကယ်ဆို သူတို့လည်း လက်နက်တွေ၊ ငွေတွေ၊ အသက်တွေပေါလွန်းလို့ ဒီမှာလာပြီးတိုက်နေတာ မဟုတ်ဘူးလေ။ သူတို့ တည်ဆောက်ချင်တဲ့ အနာဂတ်အတွက် ဝေးဝေးကြည့်၊ ကျယ်ကျယ်တွေးပြီးမှ ပေးဆပ်ရင်းနှီးထားတာပေါ့။ ရင်းနှီးမြုပ်နှံတဲ့ သဘောပါပဲ။

ဥပမာ- ကျွန်တော်တို့ ချင်းတွေလွတ်မြောက်သွားခြင်းအားဖြင့် ရခိုင်တစ်ကျော ကုန်စည်ကူးသန်းမှု အဆင်ပြေသွားမယ်။ ကျွန်တော်တို့ အပြန်အလှန် အကျိုးစီးပွားဖြစ်ထွန်းမယ်။ ဒါက အကျိုးကျေးဇူးတစ်ခုပေါ့။ နောက်ပိုင်း စစ်ကောင်စီက သူတို့ကို စစ်ကြောင်းထိုးချင်ရင် ကျွန်တော်တို့ကို အရင်ဖြတ်သန်းရမယ်လေ။ ကျွန်တော်တို့လွတ်မြောက်အောင် ကူပေးခြင်းအားဖြင့်၊ အားရှိအောင် ကူပေးခြင်းအားဖြင့်၊ ကျွန်တော်တို့ ကိုယ့်ကိုယ်ကို ကာကွယ်နိုင်မယ်။ ဒါဆိုရင် စကစကို ကျွန်တော်တို့ ကာကွယ်နိုင်မယ်လေ။ အဲဒီအခါ ရခိုင်ပြည်ဟာ သူတို့ကိုယ်သူတို့ ကြိုတင်ကာကွယ်ပြီးသား ဖြစ်တာမျိုးပေါ့။ နောက်နောင် ကိုလည်း အာရက္ခတပ်တော်နဲ့ ချင်းလက်နက်ကိုင်တပ်ဖွဲ့တွေရော၊ အဖွဲ့အစည်းတွေရော အကျိုးတူပူးပေါင်းလက်တွဲကြရမှာပဲ။ အဲဒီလို ရှည်ရှည်ဝေးဝေး၊ ကျယ်ကျယ်ပြန့်ပြန့်တွေးတော လုပ်ကိုင်ကြတာပေါ့လေ။ အဲဒီလိုမျိုးနဲ့ ကူညီနေကြတာပါ။ တခြား ဒီကြားထဲ ဘာအပေးအယူမှမရှိဘူး၊ ပေးစရာလည်း မရှိပါဘူး။

အမျိုးအစား - အင်တာဗျူး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."