ချောင်းဦး – ၂၀၂၁ နိုဝင်ဘာ ၂၁ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ မနေ့က အမျိုးသားနှစ်ဦးစီးလာတဲ့ဆိုင်ကယ်ကို စစ်ကောင်စီတပ်တွေကပစ်ခတ်ခဲ့လို့ တစ်ဦးကျည်ထိမှန်သေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
မနေ့ မွန်းလွဲပိုင်းက ချောင်းဦးမြို့နယ်၊ ခင်မွန်ရွာဘောလုံးကွင်းအနီးမှာ အမျိုးသားနှစ်ဦးစီးနင်းလာတဲ့ဆိုင်ကယ်ကို စစ်ကောင်စီတပ်တွေက လိုက်လံပစ်ခတ်ခဲ့လို့ နောက်မှာထိုင်လိုက်လာတဲ့ အမျိုးသား ကျည်ထိမှန်သေဆုံးသွားတာပါ။
“ပစ်ခံရတဲ့လူရဲ့အလောင်းကို စစ်ကားပေါ်တင်သွားတယ်။ ခုထိအလောင်းပြန်မရသေးဘူးပြောတယ်”လို့ ချောင်းဦးဒေသခံတစ်ဦးက ပြောပါတယ်။
သေဆုံးသူဟာ ချောင်းဦးမြို့နယ်၊ ကျီကုန်းရွာသားတစ်ဦးဖြစ်ပြီး ညနေပိုင်းမှာ သူ့နေအိမ်ကို စစ်ကောင်စီတပ်သားတွေ ဝင်ရောက်ရှာဖွေသွားကြောင်း ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီဟာ ဒေသအချို့မှာ အမျိုးသားနှစ်ဦးဆိုင်ကယ်အတူစီးနင်းမှုကို လိုက်လံတားဆီးပိတ်ပင်နေပါတယ်။
#Dailynews

