အောင်ထူးနိုင်
ရန်ကုန်-၂၀၂၀ နိုဝင်ဘာ ၂၆ (မော်ကွန်း)
အစိုးရသစ်တရားဝင်မဖွဲ့စည်းမီ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့်ပတ်သက်၍ အလွတ်သဘောတွေ့ဆုံညှိနှိုင်း နိုင်ရေးအတွက် ညှိနှိုင်းရေးအဖွဲ့ကို ဖွဲ့စည်းလိုက်သည်ဟု ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ဒုဥက္ကဋ္ဌ ခွန်မြင့်ထွန်းက ပြောသည်။
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ(NCA-S EAO)၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST)အစည်းအဝေးကို နိုဝင်ဘာ ၂၅ ရက်နှင့် ၂၆ ရက်တွင် အွန်လိုင်းမှ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ညှိနှိုင်းရေးအဖွဲ့ကို ဖွဲ့စည်းလိုက်ခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။
“ဒီအစည်းအဝေးမှာတော့ ငြိမ်းချမ်းရေးဖြစ်စဉ်ဆက်ပြီးသွားနိုင်ဖို့အတွက် ကျွန်တော်တို့ဆွေးနွေးခဲ့ကြပါတယ်။ ဒီဇင်ဘာလထဲမှာ အစိုးရနဲ့ ဆွေးနွေးနိုင်ဖို့လည်း ညှိနှိုင်းရေးအဖွဲ့ကို ဖွဲ့စည်းတာဝန်ပေးဖို့ ဆွေးနွေးခဲ့ကြပါတယ်”ဟု ၎င်းက ပြောသည်။
ယင်းညှိနှိုင်းရေးအဖွဲ့တွင် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ(UPDJC) ၏ တိုင်းရင်းသားလက်နက်ကိုင်များအစုအဖွဲ့မှ အတွင်းရေးမှူးအဖွဲ့ဝင် ငါးဦး၊ NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ငါးဦး၊ စုစုပေါင်း ၁၀ ဦးဖြင့် ဖွဲ့စည်းလိုက်ခြင်းဖြစ်ပြီး ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) မှ ဗိုလ်မှူးကြီးစိုင်းငင်းကို အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ပေးအပ်ခဲ့သည်ဟု ခွန်မြင့်ထွန်းက ပြောသည်။
အစည်းအဝေးတွင် NCA-S EAO ၏စတုတ္ထအကြိမ် ညီလာခံ (ဒုတိယပိုင်း)ကို လာမည့် ၂၀၂၁ ခုနှစ် နှစ်ဆန်းပိုင်းတွင် ကျင်းပရန် လျာထားသတ်မှတ်ခဲ့ကြောင်း ၎င်းကပြောသည်။
PPST အစည်းအဝေးအား အွန်လိုင်းမှ ဆွေးနွေးနေကြစဉ် ပုံ- NCA-S EAO
#Dailynews

