အင်းလေးကန်ရေပြင် ငါးပေခန့်ကျဆင်းသွားပေမယ့် တောင်ဘက်ပိုင်းမှာနစ်မြုပ်နေဆဲဖြစ်

အင်းလေးကန်ရေပြင် ငါးပေခန့်ကျဆင်းသွားပေမယ့် တောင်ဘက်ပိုင်းမှာနစ်မြုပ်နေဆဲဖြစ်

ရန်ကုန် – ၂၀၂၄ အောက်တိုဘာ ၉ (မော်ကွန်း)

ပြီးခဲ့တဲ့လပိုင်းက ရေကြီးနစ်မြုပ်ခဲ့တဲ့ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်က အင်းလေးကန်မှာ ပြီးခဲ့တဲ့လကထက် ကန်ရေမျက်နှာပြင်ဟာ ငါးပေခန့်ကျဆင်းသွားပေမယ့် အင်းလေးကန်တောင်ပိုင်းက အနိမ့်ပိုင်းကျေးရွာအများအပြား ရေနစ်မြုပ်နေသေးတယ်လို့ အင်းလေးဒေသခံတချို့က ပြောပါတယ်။

အင်းလေးကန်မှာ နေထိုင်တဲ့ လူဦးရေနှစ်သောင်းကျော်ဟာလည်း ရေဘေးရှောင်စခန်းတွေမှာ တစ်လနီးပါးကြာတဲ့ထိ ဆက်လက်နေထိုင်ရဆဲဖြစ်ပြီး အကူအညီတွေ ဆက်လက်လိုအပ်နေတာပါ။

အင်းသားတွေနဲ့ ဒေသခံလူမျိုးစု ခုနစ်သောင်းနီးပါးနေထိုင်တဲ့ အင်းလေကန်မှာ ပြီးခဲ့တဲ့လ ၁၂ ရက်ကစပြီး အဆက်မပြတ်ရွာခဲ့တဲ့မိုးကြောင့် ကန်ရဲ့ရေဝင်ပေါက်တွေကနေတစ်ဆင့် တောင်ကျရေတွေ ဝင်ရောက်ခဲ့ရာက ကန်ရေပြင်မြင့်တက်ခဲ့ပြီး အင်းထဲက ကျေးရွာ ၁၀၀ ကျော် ရေနစ်မြုပ်ခဲ့ပါတယ်။

“မိုးကလည်း ဒီရက်ပိုင်းထိ မရပ်သေးဘူး။ ရေက တစ်နေ့ကို တစ်လက်မလောက်ကျလိုက်၊ မကျလိုက်နဲ့ အိမ်တွေက အခုထိ ခေါင်မိုးမြုပ်နေသေးပါတယ်” လို့ ၎င်းအင်းလေးဒေသခံက ပြောပါတယ်။

အင်းလေးကန် ရေနစ်မြုပ်မှုမှာ အင်းလေးတောင်ပိုင်းက အဆိုးဝါးဆုံးအခြေအနေဖြစ်နေပြီး ဒီနေ့ထိ ကျေးရွာပေါင်း ၁၀၀ ကျော်ဟာ ရေမကျသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ရေပြန်ကျသွားရင်တောင် ပြန်လည်ထူထောင်ရေးအတွက် နေအိမ်တွေပြန်တည်ဆောက်ပေးဖို့နဲ့ ပြန်လည်နေရာချထားဖို့က နှစ်လကနေ သုံးလထိကြာမြင့်နိုင်တယ်လို့ အင်းလေးကန်မှာ ကူညီကယ်ဆယ်ရေး လုပ်ကိုင်နေသူတွေက ခန့်မှန်းထားကြပါတယ်။

အထူးသဖြင့် အခုရေကြီးနစ်မြုပ်မှုမှာ အင်းသားတွေရဲ့နေအိမ်ပေါင်း သုံးထောင်ကျော်ဟာ လုံးဝပျက်စီးသွားခဲ့တယ်လို့ ကူညီကယ်ဆယ်ရေး လုပ်ကိုင်နေသူတွေဆီက သိရပါတယ်။

လက်ရှိမှာ ရေဘေးသင့်မိသားစုတွေအတွက် သောက်သုံးရေနဲ့ စားနပ်ရိက္ခာ အခက်အခဲရှိနေပြီး ရေကျဆင်းတာ ကြာမြင့်အုံးမှာဖြစ်လို့ ရေရှည်အတွက် ကူညီထောက်ပံ့မှုတွေ လိုအပ်နေတယ်လို့ အင်းလေးရေဘေးသင့်ဒေသခံတွေကို ကူညီနေတဲ့ အာရုဏ်ဦးပရဟိတအဖွဲ့က စေတနာ့ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

“အခုက ဆန်တော့ တစ်လစာလောက် လှူတာရှိပြီးပြီပေါ့။ တခြားလိုအပ်တာတွေတော့ အများကြီးရှိသေးတယ်။ ရေကျသွားရင်တောင် သူတို့အိမ်တွေက ပြန်ပြီးနေထိုင်ဖို့ မဖြစ်နိုင်လောက်အောင် ပျက်စီးသွားပြီလေ။ ဝါးအိမ်လေးတွေဆို မရှိတော့ဘူး။ ပြန်လည်နေရာချထားဖို့က ငွေကြေးတွေလည်း လိုအပ်တယ်” လို့ ၎င်းက ပြောပါတယ်။

အင်းလေးကန်က ဒေသခံတွေဟာ ရေဘေးလွတ်ရာရာကို ကိုယ်လွတ်ရုန်းထွက်လာရတာကြောင့် နေအိမ်တွေ၊ စက်လှေတွေ၊ စိုက်ခင်းတွေနဲ့ ပိုင်ဆိုင်မှုတွေ အားလုံးရေနစ်မြုပ်ပျက်စီးခဲ့ပြီး စိုက်ပျိုးရေးနဲ့ ငါးဖမ်းလုပ်ငန်းတွေကိုလည်း ပြန်မစတင်နိုင်သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိမှာ အင်းလေးဒေသက ရေဘေးရှောင်နှစ်သောင်းကျော်ဟာ ရေလွတ်ရာကုန်းမြေတွေနဲ့ အိမ်အမြင့်တွေ၊ ဘုန်းကြီးကျောင်းတွေမှာ နီးစပ်ရာ စုဝေးပြီး နေကြရတာပါ။

အင်းလေးဒေသအပါအဝင် ညောင်ရွှေမြို့နယ်တစ်ခုလုံးမှာ မနေ့ကထိ ရေကြီးမှုကြောင့် ရေထဲမျောပါသေဆုံးသူ ခြောက်ဦးထိ ရှိခဲ့ပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်းမြိုတွေမှာ ပြီးခဲ့တဲ့လပိုင်းက အဆက်မပြတ်ရွာသွန်းခဲ့တဲ့မိုးကြောင့် ကလော၊ တောင်ကြီး၊ အောင်ပန်း၊ ဟိုပုံး၊ ညောင်ရွှေ၊ ရွှေညောင်၊ ရပ်စောက်နဲ့ ရွာငံ အစရှိတဲ့မြိုတွေက မြိုပေါ်ရပ်ကွက်တွေနဲ့ ကျေးရွာတွေမှာ ရေဘေးသင့်ခဲ့ပါတယ်။

ပုံစာ – အင်းလေးက ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုရဲ့မြင်ကွင်း

ဓာတ်ပုံ – MN


🌐 Telegram

https://t.me/MawkunMM

🌐 Facebook

https://facebook.com/mawkunmagazine

🌐 Youtube

https://youtube.com/@mawkunmagazine494/community

🌐 TikTok

https://tiktok.com/@mawkun.magazine

🌐 X

https://x.com/MawKunMM

🌐 Substack

MawKun Magazine

မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး In-depth & Investigative မဂ္ဂဇင်း

🌐 Linktree

https://linktr.ee/MawKunMagazine

Mawkun Magazine #Chronicle #dailynews

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."